Chapter 22
Viewers 345

အခန်း (၂၂) - ပြေးလွတ်ခဲ့သည့် အန္တရာယ်

 

 

 

မည်သို့ပင်ဖြစ်စေ ဤလူများသည် ချူစစ် လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် လူများပင်။ သူတို့အားလုံး စုပြုံပြီး ဆာအာ့ယန်ရှေ့၌ ကြမ်းပြင်ပေါ်သို့ ပက်လက် လဲကျသွားကြသည့်အခါ ချူစစ် သူတို့နှင့်အတူ သူပါ မျက်နှာပျက်သကဲ့သို့ ခံစားလိုက်ရသည်။

 

 

 

သူက မည်သည့် စကားမျှ မပြောနိုင်တော့ပဲ သက်ပြင်းချပြီး ပြောလိုက်သည်။

 

 

 

“ကျေးဇူးပြုပြီး ကတိပေးကြပါလား၊ နောက်တစ်ချိန် အပြင်ထွက်တဲ့အခါ မင်းတို့က အထူးလေ့ကျင့်ရေးစခန်းကလာတဲ့လူတွေလို့ မပြောကြဘူးဆိုတာကို”

 

 

 

လူသုံးယောက် : “ဟင်?”

 

 

 

“ဟင်ဆိုတာက ဘာလဲ၊ လှည့်ပြီး ထလိုက်ကြတော့” 

 

 

 

ချူစစ်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

 

 

 

လေ့ကျင့်ရေးစခန်းမှ ထွက်လာသူများသည် စစ်တပ်၌ရှိသည့် အလိုအလျောက်တုံ့ပြန်မှုများ ရှိကြသည်။ အထူးသဖြင့် ချူစစ်ကိုယ်တိုင် လေ့ကျင့်ပေးထားသူများဆိုလျှင် ပိုဆိုးသည်။ ထိုသို့သော စကားမျိုးကို ကြားလိုက်သည်နှင့် ချက်ချင်းထလာကြပြီး လူစုကြမည့်ပုံစံဖြင့် ချီတက်လုနီးပါး ပြေးလာကြသည်။

 

 

 

လူအားလုံးက သယ်ယူပို့ဆောင်ရေး ချပ်ပြားပေါ်တွင် အတူရပ်နေကြသည်။ အားလုံးသည် အဆင့်မြင့်လေ့ကျင့်ထားသော အေးဂျင့်များဖြစ်သည့်အတွက် ဤကဲ့သို့သော အရာများနှင့် မစိမ်းကြပေ။

 

 

 

သယ်ယူပို့ဆောင်ရေးချပ်ပြားကို လုံခြုံရေးအဆောက်အအုံ၏ အထပ်ခုနှစ်ဆယ်ကြား သွားလာရန်အတွက်လည်း အသုံးပြုကြသော်လည်း ၎င်းသည် ခေတ်မီဗားရှင်းဖြစ်ပြီး ဤတစ်ခုထက် ပိုမိုအဆင့်မြင့်သည်။ ဤတစ်ခုသည် ရှေးခေတ်က ဖန်ဓာတ်လှေကားများနှင့် အနည်းငယ်ဆင်တူသည်။ လူများ ဝင်ရောက်သည်နှင့် ၎င်းတို့၏ DNA များကိုစကင်ဖတ်ပြီး အဆောက်အအုံ၏ အတွင်းဖိုင်များနှင့် နှိုင်းယှဉ်စစ်ဆေးသည်။ မည်သူ့အထောက်အထားမဆို အတည်ပြုချက်ရမှသာ အောင်မြင်စွာ ပို့ဆောင်လိမ့်မည်ဖြစ်သည်။

 

 

 

အထောက်အထားမသိရသော ဧည့်သည်များကို သယ်ယူပို့ဆောင်ရေး ပလက်ဖောင်း၏အောက်ခြေရှိ တုံ့ပြန်မှုအာရုံခံကိရိယာမှ သော့ခတ်ထားပြီး ခြေထောက်များဖြတ်တောက်ခံရသည်အထိ လှုပ်ရှားခွင့်ရမည်မဟုတ်ပေ။

 

 

 

ချူစစ် ဤကိရိယာကို နေ့စဉ်အပေါ်အောက်သွားလာရာတွင် အသုံးပြုနေကျဖြစ်ပြီး ကြာရှည်စွာ ကျင့်သားရနေခဲ့သည်။

 

 

 

သူသည် မသိစိတ်မှပင် လက်ကိုမြှောက်ကာ စကင်ဖတ်ရန် စတင်သည့်နေရာကို အလိုအလျောက် ဖွင့်လိုက်သည်။

 

 

 

အနီရောင်အလင်းရောင်က သူ့လက်ဝါးကို ဖြတ်သန်းသွားသည့်အခိုက် သူ ရုတ်တရက်သတိထားမိပြီး လက်ကိုပြန်ရုပ်သိမ်းလိုက်သည်။

 

 

 

“…”

 

 

 

သူသည် မတော်တဆပင် ဤနေရာကို လုံခြုံရေးအဆောက်အအုံအဖြစ် မှတ်ယူလိုက်မိသည်။ ထိုနေရာတွင် သူ၏အခွင့်အာဏာသည် အဆင့်အမြင့်ဆုံး ဖြစ်သောကြောင့် သူ၏လက်ဖဝါးမှ DNA ကို စကင်ဖတ်ရန် စတင်ခလုတ်ကို နှိပ်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အတည်ပြုချက်ရရန် ပျက်ကွက်မည်ကို လုံးဝစိုးရိမ်ရန် မလိုသောကြောင့် ဖြစ်သည်။ သို့သော် ဤနေရာသည် ကွဲပြားခြားနားသည်။ ဤနေရာကား ဘာနီခံတပ် ဖြစ်၏ ။

 

 

 

ဤသယ်ယူပို့ဆောင်ရေး ပလက်ဖောင်း၏ ဗားရှင်းဟောင်းသည် စတင်သူ၏ အထောက်အထားကိုသာ စစ်ဆေးသည့်ပုံရသော်လည်း ၎င်း၏အသုံးပြုခွင့်အဆင့်သည် မြင့်မားလှသည် မဟုတ်ပေ။ သို့သော်...

 

 

 

သူ အသက် ၁၄ နှစ်သာရှိစဉ်ကတည်းက တားမြစ်ခံထားရသော နေရာတစ်ခုအတွက် သူ့တွင် ခွင့်ပြုချက်ကို မည်သို့ရရှိနိုင်မည်နည်း။

 

 

 

အရူးသုံးယောက် မတုံ့ပြန်နိုင်မီတွင် ဆာအာ့ယန်သည် ပြက်ရယ်သံဖြင့် ပြောလိုက်သည်။

 

 

 

“ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးမှူးကြီးလည်း မကြာခဏ မေ့တတ်တာပဲ၊ ဒါပေမယ့် ပြဿနာမရှိပါဘူး”

 

 

 

သူသည် ခွဲထုတ်ပြီးသော SkyEye စနစ်၏ အာမခံ ချပ်ပြားကို ထုတ်ယူကာ ချူစစ်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ 

 

 

 

“ကျွန်တော်က တခြားသူတွေရဲ့ အရှုပ်အထွေးတွေကို ရှင်းရတာ မကြိုက်ပေမဲ့ အုပ်ချုပ်ရေးမှူးကြီးဆိုရင်တော့ မပျင်းမရိဘဲ ကူညီပေးလို့ရပါတယ်—“

 

 

 

သူ၏စကား မပြီးဆုံးမီ မရင်းနှီးသော လျှပ်စစ်အသံတစ်ခုက သူ့စကားကို ကြားဖြတ်လိုက်သည်။ 

 

 

 

“ကိုယ်ရေးကိုယ်တာ အတည်ပြုချက် အောင်မြင်ပါသည်၊ သယ်ယူပို့ဆောင်ရေး ပလက်ဖောင်း စတင်အသက်ဝင်ပါသည်”

 

 

 

ဘီ—

 

 

 

ထိုအသံတစ်ချက်နှင့်အတူ သယ်ယူပို့ဆောင်ရေး ပလက်ဖောင်းတစ်ခုလုံး တဆတ်ဆတ် တုန်ခါသွားပြီး နောက်ထပ်အဆင့်သို့ ဖြည်းဖြည်းချင်း ဆင်းသက်သွားသည်။

 

 

 

ဆာအာ့ယန် : “...”

 

 

 

အရူးသုံးယောက် : “...”

 

 

 

ချူစစ်ပင်လျှင် သူ၏လက်ဝါးကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

 

 

 

“အတည်ပြုချက် အောင်မြင်သွားတာလား?”

 

 

 

ဆာအာ့ယန်၏ မျက်လုံးများက ချူစစ်ကို အပေါ်အောက် စစ်ဆေးကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ချူစစ်၏ မျက်လုံးများထဲသို့ စူးစိုက်ကြည့်လိုက်သည်မှာ အနီးအနားရှိ သားကောင်တစ်ကောင်ကို စူးစူးစိုက်စိုက် ကြည့်နေသကဲ့သို့ပင် ဖြစ်နေသည်။

 

 

 

ချူစစ် ဤသို့ကြည့်ရှုခံရခြင်းကို မနှစ်သက်ပေ။ သူ၏ကြည့်ရှုမှုသည် စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ မလေးနက်သော ဖိအားပေးမှုတစ်မျိုးသာ ဖြစ်နေသည်။ အုပ်ချုပ်ရေးမှုးချူစစ်သည် ဤသို့သော “ဖိအားပေးမှုခံစားချက်” ကို အလွန်စိတ်မချမ်းသာဆုံး ဖြစ်သည်။

 

 

 

 

သူ အနည်းငယ် စိတ်မချမ်းသာဖြစ်နေချိန်တွင် ဆာအာ့ယန်က ရုတ်တရက် သူ၏ကြည့်ရှုမှုကို ရွေ့သွားစေကာ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ပြီး… သယ်ယူပို့ဆောင်ရေး ပလက်ဖောင်းရှိ စတင်ခလုတ်ကို ထိကြည့်လိုက်သည်။

 

 

 

အနီရောင်အလင်းရောင်သည် သူ၏လက်ဝါးအောက်တွင် ဖြတ်သန်းသွားသည်။

 

 

 

လျှပ်စစ်အသံကို ထပ်မံပြီး ကြားလိုက်ရသည်။ 

 

 

 

“ကိုယ်ရေးကိုယ်တာ အတည်ပြုချက် အောင်မြင်ပါသည်”

 

 

 

ဆာအာ့ယန်က ဟက်ဟက်ပက်ပက်ရယ်ကာ ပြောလိုက်သည်။ 

 

 

 

“ငါ သိနေတယ်၊ ဒီစနစ်က နှစ်ငါးဆယ်လောက် အပ်ဒိတ်မလုပ်ရသေးတာဆိုတော့ ခွေးတစ်ကောင်တောင် အတည်ပြုချက်ကို ဖြတ်သန်းနိုင်မှာပဲ၊ အင်း? မင်းတို့အားလုံး စမ်းကြည့်ချင်ကြလား?”

 

 

 

အရူးသုံးယောက် : “...” 

 

 

 

‘ဘာကိုဆိုလိုတာလဲ?!’

 

 

 

စိတ်အားထက်သန်လွန်းသည့် ထန်သည် ချက်ချင်းပင် အင်္ကျီလက်ကို မြှောက်ပြီး ရန်စရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ လှုပ်ရှားနေစဉ်အတွင်း ရုတ်တရက် ဤလူဆိုးသည် မည်သူမည်ဝါဖြစ်ကြောင်း သတိရသွားပြီး ထပ်မံတုန်လှုပ်သွားကာ မျက်နှာပေါ်တွင် အဆိပ်သင့်နေသော အမူအရာဖြင့် လက်ကို ကိုယ်တိုင်ပင် ပြန်လည်ချလိုက်သည်။

 

 

 

ချူစစ်က မျက်မှောင်ကြုတ်ကာ ဆာအာ့ယန်ကို ကြည့်ရှုလိုက်သည်။

 

 

 

“...တစ်နေ့တစ်ကြိမ် ရန်မဖြစ်ရရင် မင်းရဲ့အရိုးတွေက ယားနေမှာလား” 

 

 

 

ဆာအာ့ယန်က သူ့ကို ပြုံးပြလိုက်သည်။

 

 

 

“အချစ်ရေ မင်းက ငါ့ကို မတရားစွပ်စွဲနေတာ၊ ငါက အချက်အလက်တွေကိုပြောပြရုံပဲ”

 

 

 

“အင်း၊ မင်းပြောတာလည်း မှန်တယ်”  

 

 

 

ချူစစ်က ဆိုလိုက်သည်။

 

 

 

ထန်သည် ရုတ်တရက် လှည့်ပြီး လဲ့ဖန်ကို ထူးဆန်းသောမျက်နှာဖြင့် ကြည့်လိုက်သည်။ လဲ့ဖန်ကလည်း ထိုနည်းတူစွာ လျိုကို ထူးဆန်းသောမျက်နှာဖြင့် ကြည့်လိုက်ပြီး လျိုမှာမူ လှည့်ကြည့်ရန် မရှိတော့ပေ။ 

 

 

 

“…”

 

 

 

‘ငါ့ကိုမကြည့်နဲ့၊ ငါလည်း သူတို့ကို နားမလည်ဘူး’

 

 

 

ဗဟိုခံတပ်၏ အရှေ့ဘက်မြေအောက် ဒုတိယထပ်သည် အမြင့် ၄၀ မီတာကျော်ရှိပြီး ဗဟိုခံတပ်တစ်ခုလုံးတွင် အကြီးမားဆုံး နေရာများထဲမှ တစ်ခုဖြစ်ကာ ကျန်တစ်ခုမှာ အနောက်ဘက် မြေအောက် ဒုတိယထပ် ဖြစ်သည်။ ကြီးမားရှုပ်ထွေးသော ကိရိယာများကို နံရံအောက်ခြေမှ အမိုးအထိ တစ်လျှောက် စီထားပြီး အေးစက်တင့်တယ်လှသည်။

 

 

 

သယ်ယူပို့ဆောင်ရေးပလက်ဖောင်း အောက်ခြေသို့ ရောက်ရှိသွားသောအခါ အပေါ်ဘက်ရှိ အပေါက်သည် ပိတ်သွားပြီး သတ္ထုနံရံတစ်ခုက မြေအောက်ဒုတိယထပ်ရှိ နေရာလပ်ကို အလုံပိတ်လိုက်သည်။

 

 

 

သို့သော် သယ်ယူပို့ဆောင်ရေးပလက်ဖောင်း၏ တံခါးသည် သေနေသကဲ့သို့ ဖြစ်နေပြီး လှုပ်ရှားမှုမရှိချေ။

 

 

 

“ဟင်?” 

 

 

 

ထန်က လက်မြှောက်ကာ ဖန်တံခါးကို တဖြည်းဖြည်းခေါက်ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 

 

 

 

“ဒီတံခါးလည်း ပျက်စီးသွားပြီလား? ဘာလို့ ဒီလိုမျိုး တုံ့ပြန်မှု နှေးကွေးနေတာလဲ?”

 

 

 

သူ ဤသို့ပြောလိုက်ချိန်၌ပင် စတင်ခလုတ်ထဲမှ နောက်ထပ် လျှပ်စစ်အသံတစ်ခု ထွက်ပေါ်လာသည်။

 

 

 

“အမိန့်ပေးအရင်းအမြစ် စတင်အတည်ပြုသည်”

 

 

 

“အမိန့်ပေးအရင်းအမြစ်? ဘာအမိန့်ပေးအရင်းအမြစ်လဲ?” 

 

 

 

လဲ့ဖန်က နေရာတကျ လှည့်ပတ်လျက် ပြောလိုက်သည်။ 

 

 

 

“ဒါက နည်းနည်းတော့ ရင်းနှီးနေသလိုပဲ”

 

 

 

ဘီ—

 

 

 

“အမိန့်ပေးအရင်းအမြစ် S001 ကို မတွေ့ရှိပါ” 

 

 

 

လျှပ်စစ်အသံက ထပ်မံ၍ စိတ်ခံစားမှုမဲ့စွာ မြည်လာသည်။

 

 

 

လဲ့ဖန်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။

 

 

 

“သေစမ်း… S001? ဒီတစ်ကြိမ်တော့ အဲဒီမက်ဆေ့ချ်က ဒီကနေ တကယ်ပဲလာခဲ့တာပဲ!”

 

 

 

သူတို့သည် မသိစိတ်ဖြင့် ၎င်းတို့၏ ဆက်သွယ်ရေးကိရိယာများကို ထုတ်ယူကြသော်လည်း ဤအကြိမ်တွင် မည်သည့်မက်ဆေ့ချ်မှ မရရှိခဲ့ပေ။ ထို့နောက် လျှပ်စစ်အသံက ဆိုလိုက်သည်။ 

 

 

 

“မှားယွင်းသော ကိုယ်ရေးကိုယ်တာ၊ မိမိဘာသာဖျက်စီးမှုအစဉ်ကို စတင်သည်၊ နောက်ပြန်ရေတွက်ခြင်း- ၅—“

 

 

 

“၅” ဆိုသော နံပါတ်ကို ပြောလိုက်သည့်အချိန်တွင် သယ်ယူပို့ဆောင်ရေး ပလက်ဖောင်း၏ လေလုံဖန်သားအမိုးအပေါ်ဘက်မှ အနက်ရောင်ဂျက်လေယာဉ်များ တန်းစီထွက်လာသည်။

 

 

 

သူတို့တစ်အုပ်စုလုံးက ထိတ်လန့်သွားကြသည်။

 

 

 

“၄—“

 

 

 

ထန်သည် ချက်ချင်းပင် အိတ်ဆောင်ဗုံးလေး တစ်လုံးကို ထုတ်ယူကာ ပစ်ထုတ်လိုက်သည်။ လျို့က ချက်ချင်းပင် ဖိထားလိုက်ပြီး အမြန်ဆုံးအော်လိုက်သည်။

 

 

 

“မင်း ရူးသွားပြီလား?! ဒီလိုသေးငယ်တဲ့ နေရာမှာ ပေါက်ကွဲရင် ငါတို့တွေပါ ပါသွားလိမ့်မယ်!”

 

 

 

“၃—“

 

 

 

ဘန်း—

 

 

 

နောက်ကျောမှ ကြားရသော ပြတ်သားသည့်အသံကြောင့် သူတို့ အံ့အားသင့်သွားကြကာ ထိုရူးသွားသည့် ဆာအာ့ယန်က ခံတပ်ကို ထပ်မံဖောက်ခွဲမည်ဟု ထင်မှတ်သွားကြသည်။ နောက်ပြန်လှည့်ကြည့်မှသာ သူသည် စတင်ခလုတ်ဘေးတွင် ရပ်နေပြီး ယင်း၏အပြင်ဘက်အခွံမှာ ကွဲအက်နေကာ အတွင်းပိုင်းရှိ ရှုပ်ထွေးသော ချပ်ပြားများနှင့် ဝိုင်ယာကြိုးများကို ထုတ်ဖော်ပြသလျက် ရှိသည်ကို သတိထားမိကြသည်။

 

 

 

“၂—“

 

 

 

“ဆက်—“ 

 

 

 

ဆာအာ့ယန်က ခေါင်းမမြှောက်ဘဲ လက်ကို ဆန့်တန်းလိုက်ပြီး သူ့စကားမဆုံးမီတွင် ချူစစ်သည် လူတိုင်း၏လက်ထဲမှ ဆက်သွယ်ရေးကိရိယာများကို ဆွဲချယူကာ သူ့ဆီသို့ ပစ်ပေးလိုက်သည်။

 

 

 

ဆာအာ့ယန်က ယင်းတို့ကို ဖမ်းယူပြီး သူ့ကို လေချွန်ပြလိုက်သည်။

 

 

 

“ငါ အရမ်းဝမ်းသာတာပဲ… ဒီနှစ်တွေအတွင်း—“

 

 

 

“နောက်မှပြော၊ အခုအရင်လုပ်” 

 

 

 

ချူစစ်က ဂျက်လေယာဥ်များ၏ ထိပ်ရှိ အနက်ရောင်အပေါက်များကို ကြည့်ရှုကာ ပြောလိုက်သည်။

 

 

 

“တစ်—“

 

 

 

ဆာအာ့ယန်သည် ကျွမ်းကျင်စွာဖြင့် ဆက်သွယ်ရေးကိရိယာများအားလုံးကို ဝိုင်ယာကြိုးများနှင့် ချိတ်ဆက်ကာ လက်ချောင်းများဖြင့် လှန်ပြီး ၎င်းတစ်ခုပေါ်တွင် စာလုံးရှည်တစ်ကြောင်းကို ရိုက်ထည့်ကာ SkyEye ၏အမာခံချပ်ပြားကို ရိုးရှင်းစွာ ချိတ်ဆက်လိုက်သည်။

 

 

 

“နိုက်ထရိုဂျင်အရည် ပြင်ဆင်ခြင်း—“

 

 

 

ချူစစ် ဤစကားကိုကြားလိုက်သည်နှင့် ချက်ချင်းပင် ဆာအာ့ယန် သူ၏ခြေထောက်နှင့် မှီထားသော ဒုံးကျည်လောင်ချာ၏ ပြွန်ချောင်းကို ကောက်ယူကာ ပခုံးပေါ်သို့ တင်လိုက်ပြီး လျို၏လက်ထဲမှ အိတ်ဆောင်ဗုံးလေးများကို ကောက်ယူကာ ဒုံးကျည်ေလာင်ချာထဲသို့ ထည့်လိုက်သည်။

 

 

 

ဘီ—

 

 

 

နိုက်ထရိုဂျင်အရည် ဖြန်းထုတ်လိုက်သည့် အချိန်တွင် ချူစစ်သည် ဒုံးကျည်လောင်ချာကို အပေါ်ဘက်ရှိ အပေါက်များသို့ ပစ်ခတ်လိုက်သည်။

 

 

 

ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် ဗဟိုခံတပ်တစ်ခုလုံး တုန်လှုပ်သွားသည်။

 

 

 

“အိုး—“ 

 

 

 

ထန်နှင့် အခြားသူများ ခုန်ပေါက်သွားကြသည်။ ဤကဲ့သို့သော အလုံပိတ်နေရာမျိုးတွင် ဤကဲ့သို့သော သေစေလောက်သည့် လက်နက်မျိုးကို မည်သည့်အချိန်မဆို ပစ်ခတ်၍မရပေ။ သင်ရူးနေသည့်တိုင် ဤကဲ့သို့သော အရာမျိုးကို မလုပ်သင့်ပေ!

 

 

 

“ဘာလို့ ခုန်နေကြတာလဲ? ခံတပ်ကို ဖောက်ခွဲဖို့ အကောင်းဆုံးအချိန်က ဒီအချိန်ပဲမလား?” 

 

 

 

ချူစစ်က မျက်လုံးများကို မှန်ပြောင်းထဲသို့ ကျဉ်းမြောင်းစွာ ကြည့်ရင်း မီးလျှံများကို စိုက်ကြည့်ကာ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

 

 

 

ဆာအာ့ယန်မှာမူ ဟက်ဟက်ပက်ပက် ရယ်မောသွားပြီး အလွန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည်ဟု ထင်နေသည်။ သူသည် လျှာထိပ်ကို ကိုက်လိုက်ပြီး မျက်ခွံများကို မြှောက်၍ ပလက်ဖောင်း၏ထိပ်ဘက်သို့ မြန်မြန်ဆန်ဆန် ကြည့်လိုက်ကာ လက်ချောင်းလှုပ်ရှားမှုများကိုလည်း လုံးဝမရပ်တန့်ခဲ့ပေ။ သူသည် အလုပ်များနေသည့်ကြားမှ လွတ်နေသော ညာဘက်လက်ဖြင့် လက်ဖြောက်တီးလိုက်သည်။

 

 

 

“ငါတို့အုပ်ချုပ်ရေးမှူးကြီးက မဆိုးဘူးပဲ”

 

 

 

“မင်းကိစ္စကိုသာ အာရုံစိုက်ပါ!” 

 

 

 

ချူစစ်က ဒုံးကျည်လောင်ချာ၏ ပြွန်ချောင်းကို ခြိမ်းခြောက်သကဲ့သို့ ရွေ့လျားလိုက်သည်။ ဆာအာ့ယန်သာ တစ်စက္ကန့်ထက်ပို၍ အချိန်ဖြုန်းနေပါက သူသည် ထိုလူဆိုး၏ ခေါင်းကို ချိန်ပစ်တော့မည်ဖြစ်သည်။

 

 

 

မီးလျှံပေါက်ကွဲသွားသောအခါ အလွန်မြင့်မားသောအပူချိန်သည် နိုက်ထရိုဂျင်အရည်ကို ချက်ချင်း အငွေ့ပျံသွားစေသည်။

 

 

 

ပူပြင်းသောအပူနှင့်အတူ ထူထပ်သော မြူမှုန်များသည် အပေါ်ဘက်မှ တစ်ခါတည်း ဖြာကျလာသည်။

 

 

 

ဒင်—

 

 

 

ရင်းနှီးကျွမ်းဝင်သော SkyEye ၏ လျှပ်စစ်အသံသည် ကောင်းကင်တမန်၏ အသံကဲ့သို့ပင် ဖြစ်နေသည်။

 

 

 

“ဒေတာအား အောင်မြင်စွာ ချိုးဖောက်နှောင့်ယှက်နိုင်ခဲ့သည်”

 

 

 

ဗဟိုခံတပ်၏ အရှေ့ဘက် ဒုတိယ မြေအောက်ထပ်ရှိ လျှပ်စစ်မျက်နှာပြင် အားလုံးသည် ရုတ်တရက် အလင်းပွင့်လာသည်မှာ ဧရာမသားရဲတစ်ကောင် မျက်စိဖွင့်လိုက်သကဲ့သို့ဖြစ်နေသည်။

 

 

 

ခွဲထုတ်ပြီးသော စတင်ခလုတ်ကား နောက်ထပ် “ဘီ” ဆိုသည့် အသံထွက်လာသည်။

 

 

 

“သော့ဖွင့်ခြင်း အောင်မြင်သည်၊ ရှင်းလင်းခြင်း… ရှင်းလင်းရေးလုပ်ငန်းစဉ် စတင်သည်”

 

 

 

မြူမှုန်များ ကျဆင်းသွားသောအချိန်တွင် ဖန်တံခါးသည် ပထမဆုံးအနေဖြင့် ပွင့်သွားခဲ့သည်။

 

 

 

ပတ်ဝန်းကျင်၏ ရုတ်တရက် ဖြူဖွေးသွားမှုက ချူစစ်၏မျက်လုံးများကို မှုန်ဝါးသွားစေပြီး သူ၏အကျင့်ဟောင်းပြဿနာက အရေးကြီးအချိန်တွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကို ဆွဲငင်နေသည်ကို ခံစားရပြီး ချက်ချင်းပင် ထိုဦးတည်ရာသို့ သွားလိုက်သည်။

 

 

 

အလွန်နားစိုက်ထောင်ရခက်သော အသံတစ်ခုကို ကြားလိုက်ရကာ ချူစစ် မျက်လုံးများကို ပိတ်လိုက် ဖွင့်လိုက် လုပ်ပြီးနောက် အပေါ်ဘက်ရှိ အပေါက်သည် တဝီးဝီးအသံမြည်ကာ ဧရာမစုပ်ယူမှုတစ်ခုက ထူထပ်သောမြူမှုန်များနှင့် မီးလျှံအားလုံးကို ချက်ချင်းပင် သုတ်သင်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

 

 

 

သယ်ယူပို့ဆောင်ရေးပလက်ဖောင်း၏ ဖန်သားပေါ်တွင် မြူမှုန်အနည်းငယ်သာ ကျန်ရှိပြီး ယင်းတို့သည် လျင်မြန်စွာနှင့် သန့်ရှင်းစွာ ပျောက်ကွယ်သွားကြသည်။

 

 

 

ထန်ကျသွားသော နေရာသည် ချူစစ်နှင့် အနီးဆုံးဖြစ်သည်။ သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အံ့အားသင့်သွားသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ 

 

 

 

“သေစမ်း… ငါတို့တွေ အဆင်ပြေသွားပြီလား”

 

 

 

 

“ကျေးဇူးတင်ပါတယ်”

 

 

 

ချူစစ်က ပြောပြီး ပခုံးများကို လျှော့ချလိုက်ကာ လှိမ့်ထပြီး မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် သေနတ်ပြွန်ချောင်းကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး စစ်ဆေးကြည့်လိုက်သည်။

 

 

 

ထန် : “ဟင်?”

 

 

 

“ငါ့ကို ဆွဲထားပေးလို့” 

 

 

 

ချူစစ်က ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

 

 

 

ထန် : “ဟင်?”

 

 

 

လဲ့ဖန်နှင့် လျို့တို့သည်လည်း မြေပြင်မှ ထလာကြသောအခါ ဆာအာ့ယန်သည် ဖန်သယ်ယူပို့ဆောင်ရေးပလက်ဖောင်းထဲသို့ ထပ်မံဝင်ရောက်သွားပြီး ဆက်သွယ်ရေး ကိရိယာများကို ခဏတဖြုတ် ထိလိုက်သည်။

 

 

 

ကိရိယာများဖြင့် ပြည့်နှက်နေသော နံရံသည် ဆေးစွဲထားသကဲ့သို့ ပြောလိုက်သည်။

 

 

 

“S001 အမိန့်ပေးအရင်းအမြစ်”

 

 

 

“အမိန့်ပေးအရင်းအမြစ် ရှာဖွေတွေ့ရှိပါပြီ”

 

 

 

“S001 အသက်ဝင်ပါပြီ”

 

 

 

“အမိန့်ပေးအရင်းအမြစ်ကို နှောင့်ယှက်မှုရှိနေသည်”

 

 

 

“ပရိုဂရမ်အမှား”

 

 

 

“ဘီ...”

 

 

 

တစ်အုပ်စုလုံး : “...”

 

 

 

ဆာအာ့ယန်သည် ဆက်သွယ်ရေး ကိရိယာများအားလုံးကို ထုတ်ယူပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။ သူသည် လျှပ်စစ်အသံများကြားမှ သရော်သံဖြင့် ရယ်မောကာ ဖန်တံခါးကို မှီလျက်ရပ်နေပြီး ဆက်သွယ်ရေးကိရိယာတစ်ခုကို ပေါ့ပေါ့ပါးပါး မျက်လုံးစွေကြည့်ကာ ပြောလိုက်သည်။

 

 

 

“ဒီမျက်နှာပြင်ပေါ်က ပရိုဂရမ်တွေက အမှိုက်ပုံလိုမျိုး ရှုပ်ပွနေတာပဲ—“

 

 

 

သူ၏စကားမဆုံးမီ လဲ့ဖန်က “ဟင်း” ဟူသော အသံဖြင့် လက်မြှောက်ကာ ပြောလိုက်သည်။ 

 

 

 

“အဲဒါက ကျွန်မဟာ” 

 

 

 

ဆာအာ့ယန်က လက်မြှောက်ပြီး ပစ်ပေးလိုက်ကာ နောက်တစ်ခုကို ကောက်ယူလိုက်သည်။

 

 

 

“ဒီမျက်နှာပြင်စွန်းကို ခွေးလိုကိုက်ထားတဲ့သူက ဘယ်သူလဲ?”

 

 

 

ထန်က ခြောက်ကပ်နေသောအသံဖြင့် ပြောလိုက်သည်။

 

 

 

“ငါ့ဟာ”

 

 

 

ဆာအာ့ယန်က ထပ်မံပစ်ပေးလိုက်ပြီး ကျန်ရှိသော ဆက်သွယ်ရေးကိရိယာနှစ်ခုကို ကြည့်ရှုကာ မျက်ခုံးပင့်ရင်း တစ်ခုကို ကောက်ယူကာ လျိုထံသို့ တိုက်ရိုက်ပစ်လိုက်သည်။

 

 

 

လျို : “...”

 

 

 

“အုပ်ချုပ်ရေးမှူးကြီး၊ မင်းရဲ့ ဆက်သွယ်ရေးကိရိယာကို လာယူပါ” 

 

 

 

ဆာအာ့ယန်က ပါးလွှာသော ကိရိယာကို ချူစစ်ထံသို့ ခါရမ်းပြလိုက်သည်။

 

 

 

ချူစစ် : “ပစ်လိုက်”

 

 

 

ဆာအာ့ယန်က ဆွဲဆွဲငင်ငင်ပြောလိုက်သည်။ 

 

 

 

“ခြေတံရှည်တဲ့ အုပ်ချုပ်ရေးမှူးကြီးတစ်ယောက် စောနက မျက်စိမမြင်တမြင်ဖြစ်နေချိန်မှာ ငါဆွဲတင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားနည်းနည်း ပြောသင့်တယ်မလား?”

 

 

 

သူက ခေတ္တရပ်နားလျက် မျက်လုံးမှိတ်ကာ ဆက်ပြောသည်။ 

 

 

 

“မှန်ကန်တဲ့သူဆီကိုပေါ့?”

 

 

 

“…” 

 

 

 

ချူစစ်က သူ့ကို သုံးစက္ကန့်ကြာ ကြည့်ပြီးနောက် ပြောလိုက်သည်။

 

 

 

“ကျေးဇူးတင်ပါတယ်”

 

 

 

ဆာအာ့ယန် : “ရပါတယ်”

 

 

 

ထိုသို့ပြောပြီးနောက် သူသည် ခြေကိုမြှောက်၍ လျှောက်လာကာ ချူစစ်၏လက်ထဲသို့ ဆက်သွယ်ရေးကိရိယာကို ထည့်ပေးလိုက်သည်။

 

 

 

ချူစစ် နောက်ဆုံး၌ မခံမရပ်နိုင်တော့ဘဲ ပြောလိုက်သည်။

 

 

 

“မင်းက ဒီလောက် ကလေးဆန်နေသေးတာလား?”

 

 

 

“ကျွန်တော်က အရမ်းကို ရင့်ကျက်ပါတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကြီးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်” 

 

 

 

ဆာအာ့ယန်က ပြောရင်း ချူစစ်ကို ပတ်ပြီး လမ်းလျှောက်ကာ ဗဟိုထိန်းချုပ်ရေး စင်တာထံသို့ တိုက်ရိုက်ဦးတည်သွားသည်။ 

 

 

 

“ဒီဆော့ကစားတတ်တဲ့ S001 က ဘယ်မှာရှိလဲဆိုတာ ကြည့်လိုက်ဦးမယ်”

 

 

 

ချူစစ် : “...” 

 

 

 

‘ဘယ်လိုနည်းနဲ့ပဲ ကြားကြား ဒီစကားက နည်းနည်းမှားနေသလိုပဲ’