Chapter 17
Viewers 1k

အပိုင်း (၁၇) - သံသယဖြစ်ခြင်း

 

 

 

အိမ်တော်ထိန်းသည် သူ၏အိတ်ကပ်အတွင်းသို့ သဘာဝအလျောက် နှိုက်ကြည့်မိသွားသည်။ လက်ထိပ်သော့သည် ထိုနေရာ၌ ရှိနေဆဲပင်။

 

ပုံမှန်အားဖြင့် စုကျီဆွေ့ အဝတ်စားလဲနိုင်ရန် အိပ်ယာဝင်ချိန်တိုင်းတွင် ကောင်လေးထံ သော့ပေးလေ့ရှိပြီး  သို့သော် နောက်တစ်နေ့မနက်တွင် အစဥ်အမြဲ ပြန်ယူလေ့ရှိ၏ ။

 

တစ်ခါတစ်ရံ၌ ကောင်လေး ချုပ်နှောင်ခံထားရသည်ဟု ခံစားရမည်ဆိုး၍ ‌ခေတ္တမျှ အပြင်ထွက် ကစားခိုင်းတတ်သည် — ယခုနေ့လည်ခင်းတွင် လုပ်သကဲ့သို့ပင် ဖြစ်သည်။

.

သို့သော်ငြားလည်း နေ့လည်၌ သူသည် စုကျီဆွေ့အား သူ၏အခန်းသို့ လိုက်ပို့ကာ ထိုနောက်ပိုင်းတွင်လည်း မသွားဖြစ်ခဲ့သည်ဆိုလျှင် သေချာပေါက် ကောင်လေးအား ဒုတိယထပ်တွင် လွတ်လပ်စွာ သွားလာနိုင်ရန် လွှတ်ပေးလိုက်သူမှာ သူမဟုတ်ချေ။

 

ထို့သို့ဆိုလျှင် စုကျီဆွေ့သည်  လက်ထိပ်ခတ်ထားခြင်းမှ မည်ကဲ့သို့ သူ့ဘာသာ လွတ်မြောက်နေရသနည်း။

 

အိမ်တော်ထိန်းသည် အဖြေထွက်ရန် သူ၏ဦးနှောက်ကို အသည်းသန် စဉ်းစားခိုင်းနေစဉ်မှာပင် ကုယီလန် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

 

ထိုလူ၏ နက်ရှိုင်းကာမည်း​မှောင်နေသော မျက်ဝန်းတို့တွင် သွေးနီရောင်ဖျော့ဖျော့ကား  မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။သူ၏မေးရိုးကိုလည်း တင်းနေအောင် အံကြိတ်ထားလျက် သူ၏တစ်ကိုယ်လုံးမှ ကြမ်းတမ်းခက်ထန်သော အရှိန်အဝါများ စိမ့်ထွက်နေသည်။ ဝိညာဥ်ကို သိမ်းဆည်းရန် ငရဲမှ ဆင့်ခေါ်လိုက်သော နတ်ဆိုးတစ်​ကောင်ကဲ့သို့ဖြစ်နေလျက် တံခါးနားသို့ တိုးကပ်သွားသည်။

 

အိမ်တော်ထိန်း၏မျက်နှာသည် ဖြူဖျော့နေတော့သည်။ သူသည် နောက်မှလိုက်မှီ‌စေရန် သုတ်ခြေတင်ပြေးလိုက်လာသည်။

 

ကုယီလန်ထံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသည့် အတွေ့အကြုံအရ ထိုလူ၏ စိတ်နေသဘောထားနှင့် သည်းခံနိုင်စွမ်းအတိုင်းအတာကိုလည်း သိခဲ့ရသည်။

 

ကုယီလန်အတွက် တစ်လောကလုံးတွင် သည်းမခံနိုင်ဆုံးအရာမှာ ထိန်းချုပ်မှုမှကင်းမဲ့နေသော လူများနှင့် အခြေအနေကိစ္စရပ်များပင်ဖြစ်သည်။ အရာအားလုံး သူ၏လက်ထဲသို့ မရောက်မချင်း ရပ်တန့်မည်မဟုတ်သကဲ့သို့ သူ၏ပန်းတိုင်ကိုရောက်ရန် နည်းမျိုးစုံဖြင့် ရအောင် လုပ်မည်ဖြစ်သည်။

 

ယခင်ကိစ္စတွင်လည်း ကုယီလန်သည် အခြေအနေတစ်ခုလုံးကို အော်ဟစ်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ရူးသွပ်ခြင်း​​များဖြင့်  ပွက်လောရိုက်စေခဲ့သည်။ လေထုသည်ပင် သွေးနံ့တို့နှင့် ပြညွနှက်နေလျက် အသက်ရှူကြပ်ခဲ့ရသည့်အတွက် မေ့ပစ်ရန် မဖြစ်နိုင်ပေ။

 

ကုယီလန်၏ မတုန်မလှုပ် တည်ငြိမ်နေသော အမူအရာနှင့် အလွန်ကွဲထွက်နေ၍ အလွန်ဆိုးရွားသော မြင်ကွင်းတစ်ခုဖြစ်ခဲ့သည်။

 

၎င်းသည် အိမ်တော်ထိန်း၏ အသက်ရှင်စဉ်ကာလပတ်လုံး ပြန်မမက်လိုသော အိမ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။

 

အိမ်တော်ထိန်းသည် စုကျီဆွေ့အတွက်ပင် ချွေးစေးပြန်မိ၍ ကောင်လေးဘက်မှ ဖြောင့်ချက်ပေးနေခြင်းကို ရပ်တန့်မရဖြစ်နေသည်။

“ သခင်လေးကု၊ ဒီကိစ္စက နားလည်မှုလွဲနေတယ်လို့ ကျွန်တော်ထင်တယ်ဗျ…”

 

ကုယီလန်သည် တစ်ခွန်းမျှမတုံ့ပြန်ပေ။ ဘေးအိပ်ခန်း၏တံခါးရှေ့တွင် မတ်တပ်ရပ်လျက် သူ၏လက်ဗွေရာကို ဖိနှိပ်နေ၍ လျှို့ဝှက်နံပါတ်ပင် ရိုက်မထည့်‌တော့ဘဲ တံခါးကို အားဖြင့် တွန်းဖွင့်လိုက်တော့သည်။

 

ထိုအချိန်တွင် စုကျီဆွေ့သည် စာကြည့်စားပွဲ၌ နေရာယူ၍ ဖုန်းထဲသို့ အသည်းသန် စာရိုက်ထည့်နေလျက်ဖြစ်သည်။

 

ကောင်းကင်မှ ကပ်ဆိုးကျနေချိန်တွင် သူသည် ဘာသာပြန် app များကို လေ့လာရင်း အလုပ်ရှုပ်နေသည်။ သူ၏အစ်ကိုသည် မနက်ဖြန်တွင် “ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ” ဟူသည့် စာဖိုင်နှင့်အတူ ကျောင်းပြိုင်ပွဲကော်မတီမှ လူတစ်ဦး ရောက်လာမည်ကို သတင်းပေးထားသည်။ သူသည် ထိုစာဖိုင်အား သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

.

သူသည် ၎င်းအတွက် အားသွန်ခွန်စိုက် ငြင်းပယ်နေခြင်းဖြစ်သည်။

 

တံခါးဖွင့်သံကို ကြား၍ အသံလာရာဘက်သို့ လှည့်ကြည့်လျက် သူ၏မျက်နှာတွင်လည်း စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။

.

သူလှည့်ကြည့်ခိုက်တွင် သူ၏ ဖျော့တော့သော လက်ကောက်ဝတ်အား လုံးလုံးဖော်ပြထားသ‌ည်။ ယင်းတို့သည် လစ်ဟာနေလျက် နှလုံးခုန်နှုန်းတိုင်းသည့် လက်ပတ်သာ ကျန်ရှိသည်။ အေးစက်ကျစ်လျစ်သော သံချိန်းကွင်းများကို မည်သည့်နေရာမျှ ရှာမတွေ့ခဲ့ပေ။

 

အိမ်တော်ထိန်း၏ နှလုံးသားသည် ရေနစ်သွားသကဲ့သို့ လေးလံလာသည်။

 

သူသည် တစ်ခန်းလုံးကို ကဗျာကယာ လိုက်ကြည့်လိုက်ရာ လျင်မြန်စွာဖြင့် အိပ်ယာအလည်မှ အစိုင်အခဲကို တွေ့ရှိသွားသည်။ ပျောက်နေသည့် လက်ထိပ်သည် စောင်ပေါ်တွင် လွှင့်ပစ်ထားဟန်ဖြစ်နေသည်။ နောက်တစ်ကြိမ်ပင် ပြန်မစဉ်းစားဘဲ လွှင့်ပစ်ထားသကဲ့သို့ပင်။

 

ကောင်လေးက သူတို့ရှေ့တွင် အမိန့်နာခံဟန်ဆောင်၍ သူတို့နောက်ကွယ်၌ လွတ်လပ်စွာ နေထိုင်နေခြင်း ဖြစ်နိုင်ပါသလား။

 

ယခုကဲ့သို့ သံသယဝင်နေချိန်၌ပင် ကုယီလန်၏မျက်နှာသည် တည်ငြိမ်နေ၍ စိတ်ဖတ်မရ ဖြစ်နေလျက်ရှိသည်။ ကောင်လေးထံသို့ လျှောက်သွား၍ အပေါ်စီးမှ ငုံ့ကြည့်ကာ မမြင်သာသော ဖိအားများ တစ်ခန်းလုံးအပြည့် လွှမ်းမိုးနေခဲ့သည်။

 

 

သူ၏ အုပ်မှိုင်းနေသော အကြည့်တို့သည် စုကျီဆွေ့၏ လက်ကောက်ဝတ်အား ဖြတ်ခနဲ ကြည့်လိုက်၍ ခပ်ပြတ်ပြတ် မေးလိုက်သည်။

“မင်းဘာလို့ လက်ထိပ်မခတ်ထားတာလဲ?”

 

ထိုသူကို ကြောင်အစွာ ကြည့်နေလျက် စုကျီဆွေ့ မျက်တောင်ခတ်လိုက်သည်။ သူပထမဆုံးလုပ်လိုက်မိသည်မှာ သူ၏လက်ကောက်ဝတ်သို့ ငုံ့ကြည့်မိခြင်းပင်ဖြစ်သည်။

—.

သူတို့သည် စင်စစ်ပင် လက်ထိပ်မခတ်ထားပေ။

 

“အိမ်စာ” စုကျီဆွေ့သည် သေးနုပ်သော အသံဖြင့် ပြန်ဖြေလေသည်။

 

“ကျွန်တော် မေ့သွားလို့”

 

 ရူပဗေဒပြိုင်ပွဲနှင့် နောက်ပိုင်းတွင် ကောလိပ်ပညာရေးလမ်း‌ကြောင်းကို လျှောက်လှမ်းကတည်းက စုကျီဆွေ့သည် ဇွဲ၊လုံ့လနှင့် သင်ယူရသည်ကို အထူးနှစ်သက်သော ကိုယ်ရေးကိုယ်သွေးတစ်ခု ဖွံ့ဖြိုးလာခဲ့သည်။သူသည် တစ်ခုခုကို နားမလည်ချိန်၌ ထိုအရာအား အဖြေထွက်ရန် မည်သည့်အရာမဆို လုပ်လိမ့်မည်ဖြစ်သည်။

 

မနက်ခင်းတွင် ကုယီလန်မျှဝေလိုက်သော ရူပဗေဒစာရွက်ကို ကြည့်ပြီးနောက် သူသည်လုံးဝညှို့ယူခံလိုက်ရ၍ သူ၏အခန်းအတွင်းသို့ ရောက်စဉ်ကတည်းက ထမင်းမေ့၊ဟင်းမေ့ ထိုအကြောင်းအရာထဲ၌ နစ်မြုပ်နေခဲ့သည်။ထို့ကြောင့် လက်ထိပ်ပြန်ခတ်ရန် မေ့နေခဲ့ခြင်းပင်ဖြစ်သည်။

 

ထိုရှင်းပြချက်ကိုကြားပြီးနောက် အိမ်တော်ထိန်းသည်လည်း ယခုအချိန်မှ သက်ပြင်းချနိုင်ခဲ့သည်။

 

ထို့ကြောင့် သူသည် အိမ်စာလုပ်နေရင်း မေ့သွားခဲ့ခြင်းသာဖြစ်သည်။ သူ၏ခေါင်းအုံးအောက်၌ သော့ကို ခိုးကြောင်ခိုးဝှက် ဖွက်ထားခဲ့ခြင်းမဟုတ်ပေ။

 

ကုယီလန်၏ ကျုံ့နေသော မျက်ခုံးသည် ယခုမှ အနည်းငယ် ပြေလျော့သွားသည်။သူသည် မေးငေါ့ပြကာ ကောင်လေးအား လက်ထိပ်ပြန်ခတ်ထားရန် အချက်ပြလိုက်သည်။

 

စုကျီဆွေ့ မတ်တပ်ထရပ်လိုက်ပြီး အိပ်ယာထံသို့ အပြေးသွားလိုက်ကာ နေ့လည်ကမှ လွှင့်ပစ်ထားသော လက်ထိပ်အား ကောက်ယူလိုက်သည်။ 

 

ထိုအချိန်၌ပင် သူသည် အစောအလျင် ကပျာကယာလုပ်လိုက်မိ၍ လက်ထိပ်ကို မတော်တဆ ပိတ်လိုက်မိသည်။‌ လော့ခတ်လိုက်မိ၍ သော့မရှိလျှင် ၎င်းကို ပြန်မဖွင့်နိုင်ဖြစ်နေသည်။ 

 

လက်ထိပ်ကို ကို့ယိုးကားရားကိုင်ထားလျက် စုကျီဆွေ့သည် ထိုနေရာ၌ ရပ်လျက်သား သူ၏စိတ်သည် ကယောင်ခြောက်ခြားဖြစ်နေသည်။

 

အနီးအနားမှ ကုယီလန်၏ စေ့စပ်စွာ စူးစိုက်ကြည့်နေသော အကြည့်နှင့် အိမ်တော်ထိန်း၏ မျှော်လင့်ယောင်သန်းနေသော အကြည့်တို့နှင့် စုံမိသွားသည်။

 

မဝံ့မရဲဖြင့် စုကျီဆွေ့သည် လက်ထိတ်ကိုမ၍ ချိန်းကွင်းထဲသို့ လက်တစ်ဖက်ကို လျှိုထည့်လိုက်သည်။ သူ၏ အသားအရေသည် နူးညံ့ပျော့ပြောင်း၍ သူ၏လက်ကောက်ဝတ်သည်လည်း သဘာဝကျကျ သွယ်လျနေသည်။

 

လွန်စွာပင်  အားမထုတ်လိုက်ရဘဲ သူ၏လက်သည် ချိန်းကွင်းထဲသို့ အလွယ်တကူရောက်သွားသည်။

 

ချိန်းကွင်း၏ခိုင်ခံ့မှုအား စစ်ကြည့်ပြီးနောက် တံခါးဝတွင် ရပ်ကြည့်နေသူနှစ်ဦးအားမော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်လာသည် ။

 

ကုယီလန် : …

 

အိမ်တော်ထိန်း : !!!?

 

'မင်း...

ဒါက သော့ကို မင်းခေါင်းအုံးအောက်မှာ ဖွက်ထားတာထက် ပိုပြီးဆိုးနေပြီ! '

 

အိမ်တော်ထိန်းသည် သူ၏အထက်လူကြီးအား စိတ်လှုပ်ရှားစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ရာ စုကျီဆွေ့၏ လက်ကောက်ဝတ်တွင် ခတ်ထားသော လက်ထိပ်ပေါ်တွင်သာ စိုက်ကြည့်နေသော ကုယီလန်၏ နက်မှောင်သော မျက်လုံးများကို တွေ့လိုက်ရသည်။ သူ၏ လက်‌ချောင်းများသည် လက်မကို ဖြည်းညှင်းစွာ ကုတ်ခြစ်နေလျက် အတွေးထဲတွင် နစ်မြောနေသည်။

 

ခေတ္တမျှကြာပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ ကုယီလန်သည် ရုတ်တရက် အခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။

 

စုကျီဆွေ့နှင့် အိမ်တော်ထိန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြောင်စီစီဖြင့် စိုက်ကြည့်လျက် ကျန်ခဲ့‌လေသည်။ ဝေဝါးနေဟန်ရှိကြသည် ။

 

အိပ်ခန်းအတွင်း၌ ကသိကအောက်ဖြစ်လှသော တိတ်ဆိတ်မှုတစ်ခု လွှမ်းခြုံသွားသည်။ အိမ်တော်ထိန်း၏ ပါးစပ်သည် စကားပြောရန်ပြင်လိုက်သော်လည်း မည်သည့်စကားကိုပြောရမည်အား မသိခဲ့ပေ။သူ၏ အထက်လူကြီးနောက်သို့ ပြေးလိုက်ရမည်လော သို့မဟုတ် ထိုနေရာတွင် ရပ်ကျန်နေခဲ့သောကောင်လေးအား နှစ်သိမ့်ရမည်လော ဝေခွဲမရဖြစ်နေခဲ့သည်။

 

ကသိကအောက်ဖြစ်စွာဖြင့် နှစ်မိနစ်ခန့်ကုန်ဆုံးသွားပြီးနောက် ကုယီလန် ပြန်လာခဲ့သည်။

 

သူသည် စားပွဲပေါ်သို့ ရေခွက်တစ်ခွက်ကို ဆောင့်ချလိုက်၍ ကောင်လေးဘက်သို့ မေးငေါ့ပြကာ "သောက်လိုက်" ဟု အမိန့်ပေးလိုက်သည်။

 

ဖန်ခွက်ဖြစ်သဖြင့် ထုတ်ချင်းပေါက် ဖောက်ထွင်းမြင်နေရသည်။ အထဲ၌ ကျဲလည်းမကျဲ၊ နို့ကဲ့သို့‌လဲ မပျစ်သော အဖြူရောင်အရည် ထည့်ထားသည်။အဖြူရောင်အမှုန့်ကိုရေထဲ၌ ရောမွှေထား၍ ပျော်ဝင်ထားပုံနှင့် ပို၍ဆင်တူသည်။

 

"ဒါ....ဒါဘာတွေလဲ?"  ကောင်လေးအတွက် စိုးရိမ်စိတ်ဝင်လျက် အိမ်တော်ထိန်းသည် တုန်ရီစွာမေးလိုက်သည် ။

 

"ထိန်းချုပ်ဆေးလေ"  ကုယီလန်သည် အေးဆေးစွာ ပြန်ဖြေလိုက်သည်။ မနက်ခင်းတွင် နှုတ်ဆက်စကားဆိုသကဲ့သို့ အလွန်အေးဆေးစွာ ပြောနေခဲ့သည် ။

 

အိမ်တော်ထိန်း၏ ကျောရိုးတစ်လျှောက် ကြက်သီးမွှေးညှင်းများထသွားခဲ့သည်။ သူသည် ခွန်းတုံ့ပြန်ရန်ပြင်လိုက်စဉ်တွင် ကုယီလန်သည် ရေခဲတမျှအေးစက်သောအကြည့်ကို သူ့ထံသို့ စောင်းငဲ့ကြည့်လိုက်သည်။

 

 

အိမ်တော်ထိန်းသည် တွန့်ဆုတ်သွား၍ မျက်နှာလွှဲလိုက်သည်။ သူသည် ကောင်လေး၏ ပါးစပ်မှ အမြှုပ်များထွက်လာလျှင် ဆေးရုံကားခေါ်ရန်သာ အသင့်ပြင်ထားလိုက်သည် ။

 

ထူးဆန်းသောအရောင်နှင့် ပို၍ပင်ထူးဆန်းလှသော နာမည်တို့သည် လူတစ်ယောက်အား ကယောင်ခြောက်ခြား လျှောက်တွေးမိစေနိုင်သည်။

 

မိမိရှင်သန်ရေးအတွက် သတိထားနေထိုင်သောလူတိုင်းသည် ထိုခွက်အား ချိန်ကိုက်ဗုံးကဲ့သို့ယူဆကြလိမ့်မည် ၊ တင်းမာစွာ သဘောထားကြမည်။သံသယများစွာဖြင့် အနားတောင်မကပ်လိုပေ။လေထုတစ်ခုလုံးသည် ပြင်းထန်၍ ဒေါသ အနည်းငယ်ထွက်လျှင်ပင် ပေါက်ကွဲသွားရန် အသင့်ဖြစ်နေပေသည်။

 

သို့ရာတွင် စုကျီဆွေ့သည် မျက်တောင်ပင်မခတ်ချေ။

 

သူ၏စိတ်ထဲ၌ ထိုလုပ်ရပ်သည် အဓိပ္ပါယ် ရှိလှသည်။ ထိုသူသည် သူ့အား ထိန်းချုပ်လိုသောကြောင့် သူ့ကိုထိန်းချုပ်နိုင်မည့် သောက်စရာတစ်ခွက်ယူလာခဲ့သည်။ ဤကား ယုတ္တိရှိလှသည်။

 

သူသည် တစ်ခြားသူများနှင့် ထိတွေ့ဆက်ဆံခဲ၍ ပြင်ပလောကကို နားလည်ရန် ဝတ္ထုများကိုသာ မှီမြန်းနေခဲ့ရသည်။ သူလေ့လာရသမျှနှင့် ကြည့်လျှင် တစ်စုံတစ်ဦးကို ထိန်းချုပ်ထားလိုသော ပြင်းထန်သည့် စိတ်ဆန္ဒရှိခြင်းသည် ပုံမှန်ပင်ဖြစ်သည်။

 

ထိုနောက် သူသည် ထိန်းချုပ်ခံရခြင်းကို စိတ်မရှိပေ။ သူ၏အခန်းမှ အပြင်သို့ ခြေတစ်လှမ်းမျှ မလှမ်းခိုင်းသည်အထိ ထိန်းချုပ်ခံရလိုသည်။

 

သူ့တွင် မသေချာ၊မရေရာဖြစ်နေသည့် အရာတစ်ခုမှာ ထိုသို့ အကြည့်တွင် ထူးဆန်းနေသော အရည်သည် ကောင်းသလော သို့မဟုတ် ဆိုးသလောပင်ဖြစ်သည်။

 

စုကျီဆွေ့သည် သူ၏ချိန်းကြိုးကို တစ်ရွတ်တိုက် ဆွဲလာလျက် ကုယီလန်၏ အကြည့်အောက်ရှိ စားပွဲဆီသို့ ဖြေးညှင်းစွာလှမ်းလာနေသည်။ သူသည် လက်နှစ်ဖက်ဖြင့် ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။ နာခံစွာဖြင့် မျက်တောင်ချကာ ထူးခြားဆန်းကြယ်သည့် အရည်ကို တစ်ငုံချင်းသောက်လျက် တစ်ခါတစ်ရံ ကုယီလန်အား လှမ်း၍ ကြည့်သည် —

'ဒါဆိုရပြီလား? ထပ်သောက်ရဦးမှာလား' ဟု တိတ်တဆိတ်မေးမြန်းနေသကဲ့သို့ပင်။

 

ဤကဲ့သို့ဖြင့် တင်းမာနေသော လေထုသည် ထူးခြားစွာ ကြည်နူးဖွယ်မြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် လိမ္မာရေးခြားရှိသော ကလေးတစ်ယောက် ရေသောက်နေပုံနှင့် ဆင်တူသည်။

 

ကုယီလန် : …

 

တစ်ခါတစ်ရံ သူသည် သခင်ငယ်လေး၏ စိတ်အခြေအနေပြောင်းလဲပေးနိုင်သောစွမ်းရည်ကို အထင်ကြီးမိသည်။ သူသည် အခန်း၏အငွေ့အသက်ကို ထိန်းချုပ်ရန်အတွက် သခင်လေးကုနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည်။သူတို့နှစ်ဦးသည် ပွဲတစ်ခု၏အနေအထားကို ဂိမ်းတစ်ခုကဲ့သို့ ပြောင်းပြန်လှန်ပစ်နိုင်သည်။

 

ဖန်ခွက်ထဲမှ အရည်သည် မည်သည့်အရသာမျှမရှိ။ ရေတစ်ခွက်သောက်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ ကောင်းလွန်းသည်မဟုတ်၊ သို့သော် သောက်ရန်သင့်ပေသည်။

 

သို့ရာတွင် စုကျီဆွေ့သည် ယနေ့ညနေခင်း၌ နံရိုးချိုချဉ် ပန်းကန်၏ တစ်ဝက်နီးပါးစားထားသဖြင့် ဗိုက်ပြည့်နေပြီးဖြစ်သည်။ သူသည် သူ၏အစာအိမ်မှ အချက်မပြသေးလျှင်ပင် ခွက်တစ်ဝက်ကို အကုန်မသောက်နိုင်ပေ။

 

သူသည် ဖန်ခွက်ကို ချလိုက်ကာ အနည်းငယ်ပြည့်ကားလာသော သူ၏ဗိုက်ပေါ်သို့ လက်တင်လိုက်သည်။ ပြီးနောက် သူ၏သွားစွယ်ကို သပ်လိုက်ချိန်၌ နို့အရသာဖျော့ဖျော့ကို အရသာခံမိလိုက်သည်။

 

စုကျီဆွေ့သည် ကုယီလန်အား ကြည့်လိုက်၍

"ဒါကို ကျွန်တော် အကုန်မသောက်နိုင်ဘူး" ဟု ပြောလိုက်သည်။

 

သူပင် စကားပြောခြင်းကို အပြီးမသတ်နိုင်မီ ထိုလူသည် ရုတ်တရက် သူ့ထံသို့ ခြေလှမ်းလာသည်။

 

သူတို့နှစ်ယောက်ကြားအကွာအဝေးသည် အလိုလိုနီးကပ်သွားသည်။

 

စုကျီဆွေ့ ထိုလူ၏ ခန္ဓာကိုယ်မှ ကိုယ်ငွေ့ကိုပင် ခံစားမိသည်အထိ နီးကပ်သွား၍ သူ၏ ခက်ထန်သော အကြည့်အောက်တွင် ပြားပြားဝပ်နေမိသည် ။

 

သူသည် ခေတ္တမျှတောင့်ခဲသွားကာ ရုတ်တရက် နောက်ပြန်ဆုတ်မိသွားသည်။

 

ထို့နောက်တွင် သူသည် တင်းမာသောအသံဖြင့် ထိုလူ၏စကားဆိုသံကို ကြားလိုက်သည် :

"မင်း ငါ့ကိုမယုံဘူးလား"

 

စုကျီဆွေ့ နားမလည်ဖြစ်သွားသည်။ သူသည် ယခုအချိန်ထိ သူ၏အခန်းထဲသို့ ထိုသူလာရသည့် အကြောင်းအရင်းအား စဉ်းစားမရသေးပေ။

 

သူ့ကို လက်ထပ်ချင်သည်ဟူသော ကမ်းလှမ်းချက်ကို ဆုံးဖြတ်နိုင်ခဲ့၍ ယခု၌ သူ့အားတရားဝင် ထိန်းချုပ်နေခြင်းလော?

 

"ငါမင်းကို တကယ်မထိန်းချုပ်ဘူးလို့ ထင်နေတာလား"

 

ကုယီလန် သူ၏မျက်လုံးကိုမှေး၍ကြည့်ကာ စကားထပ်‌ဆိုသည်။ သူ၏လေသံသည် မေးမြန်းနေခြင်းမှ အေးဆေးတည်ငြိမ်ကာ အကြွင်းမဲ့ထိန်းချုပ်ထားနိုင်ဖူးသူ၏ ယုံကြည်မှု အပြည့်အဖြစ်သို့ပြောင်းလဲသွားသည်။

 

စုကျီဆွေ့သည် သူ့ကိုမယုံကြည်ခဲ့ပေ။ စင်စစ်ပင် သူသည်ထိုအရာကို စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။

 

သူသည် မည်သို့ ပြန်ဖြေရမည်ကို မသေချာသောကြောင့် ခေါင်းခါပြလိုက်သည်။ သို့သော် ထိုသို့ပြုမူခြင်းသည် မမှန်ကန်ပေဟု ခံစားရ၍ ခေါင်းညိတ်ပြလိုက်သည်။

 

ကုယီလန် : “…”

 

“မင်း နေ့တိုင်း ဘယ်လိုနေနေလဲ ကြည့်ချင်လား?”

 

စုကျီဆွေ့ စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်ချိန်တွင် သေသပ်‌ သောအဆစ်များပါသည့် လက်ဖြင့် ဖုန်းတစ်လုံးကို သူ၏မျက်နှာရှေ့သို့ ချပြလိုက်သည်။

 

 

 ဖုန်းမျက်နှာပြင်ပေါ်တွင် အခန်းထဲတွင် ထိုင်နေလျက် အာလူးကြော်များကို ပျော်ရွှင်စွာ စားကာ အိမ်စာလုပ်နေသည့် သူ၏ဓာတ်ပုံတစ်ပုံရှိသည်။  အချိန်အတိအကျကို အောက်ခြေညာဘက်ထောင့်တွင် ရှင်းလင်းစွာ ပြသထားသည်။ စောင့်ကြည့်ရေးစနစ်မှ ss ပုံပင်ဖြစ်သည်။

 

 မျက်နှာအမူအရာပြောင်းလဲမှုမရှိဘဲ ကုယီလန်သည် ဖုန်းမျက်နှာပြင်ကို နှစ်ချက်‌တောက်၍ Gallery သို့ ပြန်သွားခဲ့သည်။

 

 ထိုအချိန်တွင်၊ စုကျီဆွေ့ သည် များပြားလှသော စောင့်ကြည့်‌ရေးကင်မရာမှ ဗီဒီယိုဖိုင်များအား တွေ့လိုက်ရသည်။

 

 လွန်ခဲ့သော ရှစ်နှစ်မှ ယခုအချိန်အထိ နှစ်စဥ်၊ လစဥ်၊ နေ့စဥ်မပျက် ရိုက်ကူးယူထားသော ဤအိမ်ရှိ အခန်းတိုင်း၏ မှတ်တမ်းများ ပါရှိနေသည်။  ဖိုင်များသည် အဆုံးမရှိသော မှတ်တမ်းတစ်ခုအဖြစ် အချိန်ကို နောက်ပြန်လှည့်ကြည့်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

 

 "ဘယ်နေ့ကို ပြန်ကြည့်ချင်လဲ"  ဟုဆိုကာ

ကုယီလန်၏အသံထဲတွင် ပျော်မြူးနေသံဖြင့် ရောနှောနေသည်။ ထိုအသံသည် ဆံပင်မွှေးထောင်လိုဖွယ် အသံမျိုးပင်ဖြစ်နေသည်။

 

စုကျီဆွေ့ ခေတ္တမျှစဉ်းစားပြီးနောက် သူ၏လက်ချောင်းလေးများကို အသုံးပြုကာ လွန်ခဲ့သည့်သုံးရက်မှ ဗီဒီယိုဖိုင်ကိုအား ကြည့်လိုက်သည်။ ဖြည်းညှင်းစွာဖြင့်ကြည့်ရင်း နောက်ဆုံးတွင် သူသည် ဓာတ်ပုံတစ်ပုံကို နှိပ်ကြည့်လိုက်သည်။ ကင်မရာအောက်တွင် ထိုင်နေလျက် စားသောက်ရင်း ပါးများမို့နေသော သူ၏ပုံပင် ဖြစ်သည်။

 

 အိမ်တော်ထိန်းသည် သူ၏နဖူးမှ ချွေး‌စေးများကို သုတ်လိုက်သည်။

 

 သူသည် ယခုအချိန်၌ နားလည်သွားခဲ့သည်။ သခင်လေးကုသည် စုကျီဆွေ့အား တမင်စမ်းသပ်နေခြင်းပင်ဖြစ်သည်။ သူသည် ဤမျှလွန်ကဲသော အတိုင်းအတာအထိ ထိန်းချုပ်မည်ကို ကောင်လေး ယုံကြည်ထား၊ မထားကို စူးစမ်းနေခြင်းသာဖြစ်သည်။

 

 သို့တိုင်၊ စုကျီဆွေ့သည် သူ၏အသက်အရွယ်နှင့် မလိုက်အောင်ပင် တုန်လှုပ်ခြင်းကင်းမဲ့နေသည်။ 

 

ကုယီလန်သည် ၎င်း၏ဖုန်းကို ပြန်ယူကာ WeChat မှတစ်ဆင့် စုကျီဆွေ့ထံ ဓာတ်ပုံပို့ပေးခဲ့သည်။

 

 စောင့်ကြည့်ရေးကင်မရာမှ ss ရိုက်ထားသည့် ပုံသည် မှောင်ပြီး အနည်းငယ် မထင်မရှားဖြစ်နေသည်။ အကယ်၍ ညဘက် တစ်ယောက်ထဲကြည့်မိလျှင် အိပ်မရပါဖြစ်နိုင်သည်အထိ ပုံပျက်နေသည်။

 

သို့သော် စုကျီဆွေ့သည် အလွန်နှစ်ခြိုက်နေဟန် ရှိသည်။

 

တစ်ယောက်ယောက်မှ သူ၏ပုံအား ပို့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။

 

မကြာသေးမှီက သူသည် များစွာသင်ယူလေ့လာခဲ့ရ၍ လက်ဆောင်တစ်ခုရယူခြင်းကို သဘောကျကြောင်း စိတ်ခံစားမှုဖြင့် ပြန်ပြပေးသင့်သည်ဟု သိထားသည်။  ယင်းကို "အပေးအယူမျှခြင်း" ဟုခေါ်သည်။

 

 သူ၏ သိမ်းဆည်းထားသော Favourite စာစုများထဲသို့ ရှာကြည့်၍ သင့်လျော်သော စာစောင်တစ်ခုကို တွေ့သဖြင့် ပို့လိုက်သည်။

 

 [(o^^o) : ကျေးဇူးပါ‌နော်၊ ဒီနေ့က နဲနဲ ပင်ပန်းနေပေမယ့် မင်းကိုတွေ့လိုက်ရတော့ ပြန်လန်းဆန်းသွားပြီ]

 

 ကုယီလန် : “……”

 

 ထိုလူသည် သူ၏ဖုန်းကို အကြိမ်အနည်းငယ် နှိပ်ပြီးနောက် စုကျီဆွေ့၏ လက်ကောက်ဝတ်ရှိ လက်ထိပ်များကို သော့ဖြင့် ဖွင့်ပေးလိုက်သည်။  သတ္တုပွတ်တိုက်သံနှင့်အတူ ပွင့်သွားကာ အနီးနားရှိ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

 

 "GPS နဲ့ စောင့်ကြည့်ကင်မရာတွေကို ပိတ်ထားလိုက်ပြီ၊ လက်ထိပ်ခတ်ထားဖို့ မလိုတော့သလို အိမ်ရှေ့တံခါးကိုလဲ သော့ဖွင့်ပေးထားတယ်၊ မင်းစမ်းကြည့်လို့ရတယ်” ဟု အေးစက်စွာပြောလိုက်သည်။  "မင်း ဒီအိမ်ကနေ တကယ်ထွက်သွားနိုင်မလား ကြည့်ကြသေးတာပေါ့"

 

 စုကျီဆွေ့သည် သူ့လက်ချောင်းများဖြင့် ရေတွက်အပြီး၌ “အင်း” ဟု နားလည်ကြောင်း ပြန်တုန့်ပြန်လိုက်သည်။

 

 သို့ရာတွင် သူသည်ထွက်သွားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူ၏အခန်းထောင့်စွန်းတွင် ခွေခွေလေးနေ၍ အာလူးကြော်များကိုသာ ပျော်ရွှင်စွာဖြင့် စားလိုသည်။

 

"မင်း ငါမရိပ်မိဘဲ သုံးရက်အတွင်း ထွက်သွားနိုင်ရင်”

ကုယီလန်သည် ပြတ်သားစွာ ပြောလိုက်သည်။

“မင်းကြိုက်ရာ ဆုတောင်း၊ ငါဖြည့်ပေးမယ်၊ ဘယ်လိုဆုတောင်းမျိုးဖြစ်ဖြစ်”

 

ထိုစကားကိုကြားသောအခါ စုကျီဆွေ့ သည် ထိုလူကို ရုတ်တရက် မော့ကြည့်လိုက်၍ သူ၏ နူးညံ့သော နှုတ်ခမ်းများက အနည်းငယ် ဖွင့်ဟလာကာ “ဘယ်လိုဆု‌တောင်းမျိုးမဆိုလား?”  ဟု ထပ်ခါတလဲလဲ ရေရွတ်နေသည်။

 

 ကုယီလန်သည် ကွဲပြားခြင်းမရှိသော အသံနိမ့်ဖြင့်သာ "အွန်း" ဟုပြန်ပြောလေသည်။

 

 စုကျီဆွေ့၏ နှလုံးသားသည် ထိန်းချုပ်မရနိုင်အောင်ပင် ခုန်လာသည်။  ထို့ကြောင့် သူ၏ရင်ဘတ်ကို လက်ကလေးဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

 

 ဤအိမ်မှ ထွက်ခွာရန်မှာ စင်စစ်တွင် ခက်ခဲ‌ပေမည်။ သို့သော် ပြန်ရမည့် ဆုကြေးသည် မယုံနိုင်လောက်အောင် ဆွဲ‌ဆောင်လျက်ရှိသည်။

 

 အကယ်၍ သူသည် အောင်မြင်ခဲ့လျှင်  'လူမှုရေးကျွမ်းကျင်ပိုင်နိုင်မှုအနုပညာ' ကို လေ့လာရင်း ဆက်ရုန်းကန်နေရန်ပင် မလိုအပ်တော့ဘဲ   "ကုယီလန်ကို လက်ထပ်မည်" ဟူသော ပြင်းပြသော ဆန္ဒကို တန်းဆုတောင်းလိုက်မည် ဖြစ်သည်။

 

 ကုယီလန်သည် "ငါ အလုပ်ရှုပ်နေတယ်၊ မင်းမှာ လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပဲ ရှိတယ်၊ မင်းကို ဖမ်းမိရင် အပြစ်ပေးခံရမယ်”  ခြိမ်းခြောက်လိုက်သည်။

 

 

စုကျီဆွေ့သည် အသံဖမ်းစက်ကို ရုတ်ချည်း စဉ်းစားမိလိုက်သဖြင့် အလျင်စလို ခေါင်းညိတ်လိုက်သည်။

 

သူနားလည်သည်ကိုမြင်သော် ကုယီလန်သည် စကားအဆက် ဖြတ်လိုက်ပြီး  ကောင်လေး၏ ဒူးခေါင်းကို ဆေးလိမ်းပြီးနောက် အိပ်ခန်းမှ ထွက်သွားလေသည်။

 

 အနီးနားတွင် ရပ်နေသော အိမ်တော်ထိန်းသည် သူ၏အထက်လူကြီး ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

 

 လက်ထိပ်ခတ်ခြင်း၊ ဆေးဝါးဖြင့်ထိန်းချုပ်ခြင်းနှင့် စောင့်ကြည့်ရေးဗီဒီယိုများသည် ကောင်လေးကို ခြိမ်းခြောက်ရန် မလုံလောက်သဖြင့် “ကျွန်တော် မယုံပါဘူး” ဟူသည့် လက်တွေ့မကျသော ထင်ယောင်ထင်မှားအတွေးကို ရုပ်ပိုင်းဆိုင်ရာဖြင့် ‌ချိုးဖျက်ရန် အချိန်ကျလာပြီဖြစ်သည်။

 

 ယခုကဲ့သို့ ညှာတာသနားမှု ကင်းမဲ့သော နည်းလမ်းများသည် ကောင်လေးအား စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်သွားစေမည်ကို သူ မစိုးရိမ်ပေ။

 

ဆန့်ကျင်ဘက်အနေနှင့်၊ သူတို့၏ နာကျင်ဒုက္ခရောက်ခြင်း၌ သာယာနေသော သခင်လေးသည် ၎င်းကို ကျေနပ်နှစ်ခြိုက်နိုင်မည်ဟုပင် မြင်ယောင်မိသည်။

 

. . . . .

 

နောက်တစ်နေ့တွင် သူ့အား ပို၍ ဆွဲဆောင်နေသော ပန်းတိုင်တစ်ခု ပေါ်လာ၍ စုကျီဆွေ့သည် သူ၏ ပညာရေးနှင့် ပတ်သက်သော ဝါသနာကို ပြတ်သားစွာ စွန့်လွှတ်လိုက်သည်။ ကုယီလန်၏ သုတေသနအထူးပြုချက်ဖြစ်သည့်  quantum mechanics သည် လျှို့ဝှက်ဆန်းကြယ်‌သောနယ်ပယ် ဖြစ်သည်ကို သိရှိလိုက်သည်နှင့် သူသည် ထိုသူ၏ WeChat Moment များအား နားလည်ရန် ကြိုးစားခြင်းကို လက်လျှော့လိုက်သည်။

 

 သို့သော် အချိန်ကိုက်ဖြစ်ရန် လိုအပ်သည်။

 

 ကုယီလန်၏ Moment များသည် သုံးရက်သာ မြင်နိုင်မည်ဖြစ်သည်။  ယခုအချိန် ကောမန့် မမန့်လျှင် သူသည် နောက်တစ်ကြိမ် ထိုအခွင့်အရေး ပြန်ရ‌မည်မဟုတ်။  မည်သည့်ရှုထောင့်မှမဆို၊ ၎င်းသည်  ဉာဏ်ထက်မြက်သည်ဟုထင်ရသော ကောမန့်တစ်ခုကို မန့်ထားရမည်ဖြစ်သည်။

 

ဤသို့ဖြင့် စုကျီဆွေ့သည် Ahoo အား ပြန်ဖွင့်၍ အကြံ‌ပေးချက်များကို ရှာလိုက်သည်။

 

 သို့ရာတွင် တစ်ချိန်က ရတနာများနှင့် ပြည့်နှက်နေသော ပို့စ်သည် ယခုအချိန်တွင် လုံးဝဗလာဖြစ်နေခဲ့သည်။  သူ၏ နူးညံ့သော နှုတ်ခမ်းများက မယုံကြည်နိုင်စွာဖြင့်  ပွင့်ထွက်သွားသည်။  ၎င်းကို အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ခဲ့သော်လည်း မျက်နှာပြင်သည် ဗလာဖြစ်နေဆဲပင်။

 

 စင်စစ်ပင် ပျောက်သွားခဲ့လေပြီ။ စုကျီဆွေ့ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။

 

မည်သူက ထိုကဲ့သို့ဆိုးရွားသော အရာကို လုပ်လိုက်သနည်း ။

 

 မည်သို့လုပ်ရမည်ကိုမသိသော်လည်း စုကျီဆွေ့သည် အကူအညီအသစ်တစ်ခု တင်ရန်မှလွဲ၍ ရွေးချယ်ဖွယ်ရာမရှိတော့ပေ။ သူသည် ထူထပ်သော ပညာရေးဆိုင်ရာ စာရွက်၏ ပုံတစ်ပုံကို မျှဝေ၍ ၎င်းကို “တန်ဖိုးထား” ကြောင်း မည်သို့ပြရမည်နည်းဟု အကြံဉာဏ်တောင်းလိုက်သည်။

 

သို့ရာတွင် ၎င်းသည် လူနည်းစုသာ နားလည်နိုင်‌သောနောက်ဆုံးပေါ် သုတေသန ခေါင်းစဉ်မျိုးဖြစ်သည့်အတွက် လူအများကို  မဆွဲဆောင်နိုင်ပေ။ ပြန်စာအနည်းငယ်ရ‌သော်လည်း အများအားဖြင့် အဓိပ္ပာယ်မဲ့သော ဟာသများသာဖြစ်သည်။

 

စုကျီဆွေ့သည် စိတ်ကူးယဉ် ဟာသများကို ဟာသဟု မခံစားခဲ့ရသော‌ကြောင့် အလွန်ခက်ခဲနေချိန်၌ ထင်ရာစိုင်းလုပ်ရမည်ပင်ဖြစ်သည်။ သူသည် စိတ်ဝင်စားစရာအကောင်းဆုံးဟု ထင်သည့်ပြန်စာကို ရွေးပြီး ကုယီလန်ရဲ့ moment အောက်တွင် ကော်ပီကူးထည့်လိုက်သည်။

 

[(o^^o) : အဲဒီညက အင်္ဂလိပ်စာနဲ့ ရူပဗေဒ နှစ်‌ကောင်လုံး လစ်သွားတယ်။]

 

သူသည် "ပါးနပ်၍ တွေးခေါ်မှုရှိသည့်" ပြန်စာကို တင်လိုက်ပြီးသည့်အချိန်တွင် အစ်ကိုထံမှ စာတစ်စောင် ရောက်လာသည်။

 

[Brother : ငါ ကုယီလန်ရဲ့ အိမ်လိပ်စာကို သူ့ကိုပို့ပေးထားတာ၊ အခု အောက်ထပ်မှာ ရောက်‌‌နေပြီလို့ ပြောတယ်၊ လက်မှတ်သွားထိုးလိုက်]

 

 စုကျီ‌ဆွေ့သည် ဝင်လာသောစာကို ဒေါသတကြီး စိုက်ကြည့်နေသည်။

 

ယမနိည၌ အိမ်ထောင်ရှင်ဘဝအကြောင်း စိတ်ကူးယဉ်ရင်း သူ၏အစ်ကိုဖြစ်သူနှင့် ငြင်းခုံရန် မေ့သွားခဲ့သည်။

 

 [(o^^o): မသွားဘူး]

 

[Brother : အချိန်ဖြုန်းမနေနဲ့၊ သွားလိုက် ]

 

 အစ်ကိုတစ်ယောက်၏ မွေးရာပါ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိနှိပ်မှုမျိုးပင်ဖြစ်သည်။

 

 

စုကျီဆွေ့တွင် ရွေးချယ်စရာမရှိပေ။ သူသည် မတ်တပ်ထရပ်ကာ အသက်ပြင်းပြင်းရှူ၍ တံခါးဖွင့်ပြီးနောက် စင်္ကြံထဲသို့ တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။ ထိုနေရာတွင် မည်သူမျှမရှိသည်ကို အတည်ပြုပြီးသည်နှင့် အိမ်ရှေ့တံခါးသို့ ပြေးသွားသည်။

 

သူသည် ခြေဖျား‌ထောက်ကာ ချောင်းကြည့်ပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်သည်။

 

အသေအချာကိုပင်၊ စာဖိုင်အား ကိုင်ဆောင်ကာ ရပ်စောင့်နေသောလူငယ်လေးတစ်ဦး ရှိနေသည်။

 

 စုကျီဆွေ့သည် သူ၏အစ်ကိုပေးထား‌သောဖုန်းနံပါတ်ကို ရှာလိုက်၍ စာလှမ်းပို့လိုက်သည်။

 

 စုကျီဆွေ့ : [ဦးလေး၊ အဲဒါကို တံခါးမှာထားခဲ့လိုက်ပါ၊ ကျောင်းကို ကျွန်တော်ကိုယ်တိုင် ပြန်ပို့လိုက်မယ်]

 

သူသည် သူစိမ်းများနှင့် မျက်နှာချင်းဆိုင် စကားပြောရန် သူ့ကိုယ်သူ မစွမ်းဆောင်နိုင်ပေ။

 

 

 

ချောင်းကြည့်ပေါက်မှ လှမ်းကြည့်နေရင်း စာဖိုင်ကို မြေပေါ်သို့ချရန် နေရာရှာနေသော လူတစ်ဦးကို တွေ့နေရ၏။

 

 ထိုမှသာ သက်သာရာရပြီး  စုကျီဆွေ့သည် သူ၏စိတ်ထဲမှ ငါးစက္ကန့်အတိ တိတ်တဆိတ် ရေတွက်နေလိုက်သည်။  ငါးစက္ကန့်သည် လုံလောက်သည်ဟု မခံစားရသဖြင့် နောက်ထပ် ဆယ်စက္ကန့်အား ရေတွက်ပြီးမှသာ တံခါးကို ဖွင့်လိုက်သည်။

 

ထို့နောက် အပြင်ဘက်တွင် ရပ်နေသော လူငယ်တစ်ဦးနှင့် အကြည့်ချင်းစုံသွားသည်။

 

 စုကျီဆွေ့ : !

 

 ထိုလူငယ်သည် စုကျီဆွေ့ ၏ဖခင်နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ဖူးသော မြို့တော်A ၏အမှတ် 1 အထက်တန်းကျောင်းမှ ရူပဗေဒပြိုင်ပွဲအဖွဲ့ခေါင်းဆောင်ပင်ဖြစ်နေသည်။ တစ်ခြားသူတစ်ဦးမဟုတ်ချေ။

 

 ပြိုင်ပွဲများတွင်ပါဝင်သူများသည် ဗဟုသုတအား ချစ်မြတ်နိုးစိတ်ဖြင့် လောကီရေးရာစိုးရိမ်မှုများကို လျစ်လျူရှုထားလေ့ရှိကြသည်။

 

သူယနေ့လာသည်မှာ ကျောင်းအုပ်ကြီး ၏ ညွှန်ကြားချက်အရ စာရွက်စာတမ်းများ ပေးပို့ရန် တစ်ခုတည်းအတွက်လာခဲ့ခြင်း မဟုတ်ပေ။ ပိုအရေးကြီးသည်မှာ စုကျီဆွေ့အား ကျောင်းအဆင့်ပြိုင်ပွဲမှ နုတ်ထွက်ပေး၍ အလယ်တန်းကတည်းက ပြိုင်ပွဲဝင်ခဲ့ကြရ‌သော ကျောင်းသားများအား ထိုအခွင့်အရေးပေးရန်အလို့ငှာ စုကျီ‌‌ဆွေ့ထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်စည်းရုံးလိုခြင်းဖြစ်သည်။

 

 “အဟမ်း”  ထိုလူငယ်က သူ၏လည်ချောင်းကို ရှင်းပစ်လိုက်သည်။

 

သူသည် ချမ်းသာသည့်ကလေးအများစု၌ တစ်ခြားသူများအား အထင်သေးတတ်သည့်အကျင့်ရှိသည်ဟု သိ‌ထားသောကြောင့် ပထမဆုံး အထင်ကြီးအောင် လုပ်ရန်စီစဉ်ခဲ့သည်။စုကျီဆွေ့၏ အားသာချက်ကို လျှော့ချကာ အထူးသဖြင့် ပညာရေးလောကတွင် ပိုကောင်းသည့်သူများ အမြဲရှိနေသည်အား သတိပေးရန်ဖြစ်သည်။

 

သို့ရာတွင် သူပြောရန် ပြင်ရုံပင်ရှိသေးသည်။

 

ကောင်လေးသည် ရုတ်တရက် တွန့်ဆုတ်သွားခဲ့သည်။ သူ၏ဒူးများ အနည်းငယ်ကွေးညွှတ်သွား‌၍ မတ်တပ်မရပ်နိုင်လောက်အောင်ပင် ဖြစ်သွားသည်။

 

အဖွဲ့ခေါင်းဆောင်သည် ကြောင်အသွားကာ သူ့အားထိန်းပေးရန် ချက်ချင်း လက်လှမ်းလိုက်သည်။

 

သူစိမ်းတစ်ယောက်၏ အထိအတွေ့သည် သူစိမ်းတစ်ယောက်၏ အကြည့်ထက်ပင် ပို၍ကြောက်စရာကောင်းသည်။

 

စုကျီဆွေ့ သူ၏ရှေ့မှလူကို တစ်ချိန်က သူအားဆူခဲ့‌သော ပြိုင်ပွဲအဖွဲ့ခေါင်းဆောင်အဖြစ် မှတ်မိခဲ့ပြီးဖြစ်သည်။

 

 

သူသည် ဓာတ်လိုက်ခံရသကဲ့သို့ နောက်ဆုတ်သွားကာ လက်ကို တွန်းထုတ်၍ ခြေနှစ်လှမ်း နောက်ဆုတ်သွားသည်။ သူ၏အသံသည် ထိန်းမနိုင်သိမ်းမရ တုန်ရီ‌နေသည်။

 

“မ-မလုပ်နဲ့…”

 

‘ငါ့ကို မထိနဲ့၊ ဒီထက် ပိုတိုးမလာနဲ့‌တော့’

 

 

အဖွဲ့ခေါင်းဆောင် : “…?”

 

‘မဟုတ်သေးပါဘူး ဘာလဲဟ?  ငါဘာမှမလုပ်ရသေးဘူးလေ?!’

 

 .  .  .  .  .

 

 မနီးမဝေးတွင် ဧည့်ခန်းဘေးရှိ ထောင့်တစ်ထောင့်၌…

 

အိမ်တော်ထိန်းသည် ပုန်းကွယ်ကာ ရပ်နေလျက် လက်တွေ့ မမြင်ရသော်လည်း ကောင်လေး၏ ညည်းသံကို ကြားနေရဆဲဖြစ်သည်။ စိတ်ဆင်းရဲခြင်းနှင့် ဒေါသဖြစ်ခြင်းတို့အား ထိန်းသိမ်းမရဖြစ်နေသည်။

 

 ထိုသူလေးသည် သခင်လေးကု၏ စေ့စပ်ထားသူနှင့် သူတို့၏ရတနာလေးပင်ဖြစ်သည်။ အပြင်လူတစ်ဦးမှ သူအား ယခုကဲ့သို့ ကြောက်အောင် မည်သို့များ ခွင့်ပြုထားနိုင်မည်နည်း။ 

 

 အိမ်ရှေ့တံခါးနှင့် ချိတ်ဆက်ထားသော ရွေ့လျားမှုအာရုံခံစနစ်ကြောင့် စုကျီဆွေ့ သူ့အခန်းထဲမှ ထွက်သွားသည့်အခိုက်တွင် စောင့်ကြည့်ရေးစနစ်မှ တည်ရှိရာ‌ နေရာအသစ်ကို ပြသခဲ့သည်။  ‌ဤသို့ဖြင့် သူနှင့် သခင်လေးကုပါ ကောင်လေး အောက်ထပ်ကို ဆင်းသွားသည်ကို ချက်ချင်း သိလိုက်ရသည်။

 

 သခင်ငယ်လေးသည် နောက်ဆုံးတွင် သူ၏ “ထွက်ပြေးလွတ်မြောက်ရေးမစ်ရှင်” ကို စတင်နေပြီဟု ထင်ခဲ့ကြသော်လည်း၊ သူသည် ဒလီလာပို့သည်ကို ထွက်ယူခြင်းသာဖြစ်သည်။

 

 ပြီးလျှင် "လာပို့သူ" သည် ကလေးအား ငိုလုနီးပါးဖြစ်အောင် လုပ်ရက်ခဲ့သည် ။

 

 အိမ်တော်ထိန်းသည် ၎င်း၏လက်ရှည်များကို လှန်တင်ကာ ဖြစ်ပျက်နေသည့်အရာများကို သွားစစ်ဆေးရန် အဆင်သင့်ပြင်ပြီးဖြစ်‌သော်လည်း ကံမကောင်းစွာဖြင့် သူ၏ဘေးနားမှလူသည် လုံးဝငြိမ်သက်ကာ မလှုပ်မယှက်ဖြစ်နေခဲ့သည်။  သူ၏မျက်နှာပေါ်တွင် မည့်သည့်ခံစားချက်မျှ မပေါ်ပေ။

 

ကုယီလန်သည် မြင့်မားစွာ မတ်တပ်ရပ်နေ၍ ထောင့်ကိုဖြတ်ကာ မြင်ရရုံမျှ  ရပ်နေသည်။  ခေါင်းကို အနည်းငယ် ငုံ့ထားကာ တုန်လှုပ်နေသော ကောင်လေးအား အဝေးမှ ကြည့်နေသည်။ သူ၏ နက်မှောင်နေသော မျက်လုံးများသည် လေးလံလျက် ဖတ်မရနိုင်သော ခံစားချက်များဖြင့် ဝေ့ဝဲနေသည်။

 

 အိမ်တော်ထိန်းမှ မေးမြန်းခြင်းကို မထိန်းနိုင်ဖြစ်လျက်  "သခင်လေးကု…. ဘာတွေတွေးနေတာလဲ" မေးလိုက်သည်။

 

 မင်းဘာတွေများ တွေဝေနေတာလဲ? ဘာလို့ ကိုယ်စေ့စပ်ထားတဲ့သူကို ကာကွယ်ပေးဖို့ မသွားတာလဲ?

 

 ကုယီလန် သူ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်လျက် အကြည့်ကို ပြန်ရုတ်လိုက်သည်။  သူက အောက်ကိုငုံ့ကြည့်လျက် သူ၏လက်ချောင်းများ အချင်းချင်း ပွတ်သပ်ကာ တိုးညှင်းစွာ ပြန်ပြောလိုက်သည်။ "ငါစဉ်းစားနေတာ..."

 

 

စကား၏အတိမ်အနက်ကို စဉ်းစားဟန်ဖြင့် ခေတ္တမျှ ရပ်တန့်နေလိုက်သည်။

 

 

ထို့နောက် ငြိမ်သက်နေသော ကျိန်စာတစ်ခုကို ရွတ်ဆိုလိုက်သကဲ့သို့ သူ၏ မျက်ခုံးကို ပင့်ကာ ဆက်ပြောလာသည် ။

 “သူက လူတွေကို ကြောက်တာများလား ”