Chapter 16
Viewers 1k

အပိုင်း ၁၆

 

 

 

ညနေ ခြောက်နာရီတွင် ကုယီလန်သည် ညစာစားရန် အချိန်မှန် ရောက်ချလာသည်။

 

 

ယခုတစ်ကြိမ်တွင် ကောင်လေး၏ ကြားဝင်စွက်ဖက်မှုမရှိသဖြင့် စားပွဲပေါ်မှ ဟင်းလျာများသည် ပုံမှန်အတိုင်း စားချင်စဖွယ်ဖြစ်နေ၏။

 

 

သို့သော်ငြားလည်း ခမ်းနားလှသည့် ထမင်းစားပွဲခုံကြီးသည် ကျယ်ဝန်းသော ဧည့်ခန်းအပြည့်ပင် နေရာယူထားရာ အထီးကျန်မှုနှင့် ဟာလာဟင်းလင်းဖြစ်စေမှုတို့အား ပေးစွမ်းနေသည်။

 

 

မြို့တော် A ၏ ဈေးအကြီးဆုံး နေရာတစ်ဝိုက်မှ တစ်နေရာ၌ တည်ရှိနေသော အထက်တန်းစားစံအိမ်ကြီးအတွက် စားသောက်ခန်းကိုလည်း အထင်ကြီးဖွယ် ပြင်ဆင်ထားပေသည်။ ရှည်လျားသော အလယ်ဗဟိုရှိ စားပွဲခုံကြီးဝယ် အနုစိတ်ကျကျ ရွှေကွတ်ထားပြီး ဥရောပဂန္တဝင်ဒီဇိုင်းများပါရှိနေသောကြောင့် တစ်ခန်းလုံးကို ပို၍ပင် အထက်တန်းကျသည်ကို ခံစားရစေသည်။

 

 

ထိုကဲ့သို့ပင် ဧည့်သည် အရောက်အပေါက်လည်း အလွန်ရှားပါးသည်။ ထမင်းစားချိန်တိုင်းလည်း ကုယီလန်တစ်ယောက်တည်းသာ စားပွဲထိပ်တွင်  သူ့ခန္ဓာကိုယ်အနေအထား တောင့်တောင့်ဖြောင့်ဖြောင့်နှင့် နေရာယူလျက် ဘေးခုံများ၌မူ လူသူကင်းမဲ့နေလေ့ရှိသည်။

 

 

 

ယနေ့အစောပိုင်းမှလွဲ၍၊ နေ့လည်စာစားချိန်၌ ငယ်ရွယ်လှပသော ကောင်လေးသည် သူ့ဘေးဘက်တွင်ထိုင်လျက် ခေါင်းလေးငုံ့ကာ စားသောက်နေခဲ့သည်၊ သူ၏ဖြူတော့တော့ ခြေထောက်လေးများအား လှုပ်ယမ်းနေပြီး တစ်ချက်တစ်ချက် သူ့အား ချောင်းကြည့်နေခဲ့ပြီး ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှု နှစ်ခုစလုံး ရောနှောနေဟန်ရှိသည်။

 

 

သူ့အထက်လူကြီးသည် စားပွဲ၏ အဓိကထိပ်ဆုံးခုံတွင် နေရာယူထားသည်ကို သတိထားမိကာ အလိုက်တသိဖြင့် အိမ်တော်ထိန်းက သတိပေးလိုက်သည်။

"သခင်လေးက သူ့အခန်းထဲမှာပဲ ရှိနေသေးတယ်၊ ညစာစားချိန်လည်း ရောက်တော့မှာဆိုတော့ အိမ်အကူတစ်ယောက်ကို စားဖို့ သွားခေါ်ခိုင်းထားပါတယ်"

 

 

သူတင်ပြနေစဥ်တွင် ကုယီလန်၏ မျက်နှာထားအား ဂရုတစိုက်ဖြင့် အကဲခတ်နေလေသည်။ ခံစားချက်တစ်စုံတစ်ရာအား ဖမ်းမိရန် ကြိုးစားနေသည်ပင်။

 

 

သို့သော် ကုယီလန်၏ နက်မှောင်သောမျက်လုံးများသည် ထုံးစံအတိုင်းပင် ဖတ်ရန်မလွယ်ကူ— နက်ရှိုင်းစွာ အေးစက်နေ၍ နွေးထွေးမှုကင်းမဲ့နေလျက် — သူ၏မျက်ခုံးကို ပင့်တင်လိုက်လျှင်တောင်မှ စိတ်ဝင်စားသွားသည်လား၊ ရွဲ့နေခြင်းလားဆိုသည်အား အတိအကျပြောနိုင်ရန်ပင် ခက်ခဲလှသည်။ သူ့စိတ်အား သိရန် လုံးဝမဖြစ်နိုင်ချေ။

 

 

"ကျွန်တော်..." အိမ်တော်ထိန်းသည် ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။ "...ကိုယ်တိုင် သခင်လေးကို တူတူလာစားဖို့ သွားပြောလိုက်ရမလား?"

 

 

ကုယီလန်သည် ရိုးရှင်းစွာ ပြန်ပြောလိုက်သည်။

" မလိုဘူး "

 

 

အိမ်တော်ထိန်းသည် ထိုလူ၏ စိတ်ခံစားမှုအတတ်အကျအား အာရုံခံကြည့်ရန် ကြိုးစားလိုက်ကာ 'သူက ဂရုတော့စိုက်ပေမဲ့ အဲ့လောက်လည်း မဟုတ်ပြန်ဘူး' ဟူ၍ ခန့်မှန်းမိလိုက်သည်။

 

 

ထို့ကြောင့် သူသည် စိတ်ချရအောင် ပြန်ပြောပြလိုက်သည်။ "အိမ်အကူက သခင်လေးစားဖို့ လောက်ငှအောင် ယူသွားပေးပါတယ်၊ ကျွန်တော့်အထင် သခင်လေးက အဲ့ဟင်းတွေကို ကြိုက်ပုံပဲဗျ၊ ကျွန်တော်သွားကြည့်လိုက်တိုင်း သူပျော်ပျော်ကြီးစားနေတာပဲ တွေ့တယ်"

 

 

သူမျှော်လင့်ထားသည်မှာ သူ့အထက်လူကြီးသည် ကိစ္စတိုင်းအား သေချာကိုင်တွယ်နိုင်သည့်အတွက် ကောင်းကောင်းချီးကျူးပေးမည်ပင်။ သို့ပေသည့် ချီးကျူးပေးမည့်အစား ကုယီလန်သည် မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "ပျော်ပျော်ကြီးဆိုပဲ?"

 

" သူ့အတွက် ဒီနေ့ညစာ ယူမပေးနဲ့တော့"

 

အိမ်တော်ထိန်း : ???

 

 

မှားပြန်ပြီ ဖြစ်သည်။ သူသည် လုံးလုံးရှုပ်ထွေးသွားသည်။

 

 

ထို့နောက်တွင် ကုယီလန်သည် WeChat ကို ကောက်ဖွင့်ကာ အမိန့်ပေးသံပါသည့် စာတစ်စောင်အား စုကျီဆွေ့ထံ ပို့လိုက်လေသည်။

 

[11th Dimension]: အောက်ဆင်းပြီး ငါ့နဲ့တူတူလာစား။

 

 

 

 

အိမ်တော်ထိန်းသည် ထိုအတိုင်းပင် ရပ်၍ စောင့်ကြည့်နေလိုက်သည်။   ကုယီလန် ဖုန်းကို အောက်ချလိုက်ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် အသားဖြူလျလျ ကောင်လေးတစ်ယောက်သည် လှေကားထစ်များမှ တစ်ဆင့်ပြီးတစ်ဆင့် ပျော်ပျော်ပါးပါး ပြေးဆင်းလာတော့သည်။

 

 

ကောင်လေး၏ပါးပြင်သည် ပန်းနုရောင်သန်းနေလျက် သူ၏ရှည်လျားသော မျက်တောင်များသည် လိပ်ပြာတောင်ပံလေးများ တဖျတ်ဖျတ်ခတ်နေသကဲ့သို့ပင်။

 

 

သူသည် အပြေးလေးရောက်လာပြီး သဘာဝကျကျပင် ကုယီလန်၏ နံဘေး၌ ထိုင်ချလိုက်သည်။ သူ၏ နူးနူးအိအိနှုတ်ခမ်းလေးတို့သည် စားပွဲပေါ်ရှိ စားချင်စဖွယ်ဟင်းလျာ၏ မြင်ကွင်းကြောင့် ပြုံးယောင်သန်းလာသည်။ မျက်ဝန်းလေးများသည်လည်း အရောင်‌တောက်လာသည်။

 

 

ထိုစားပွဲပေါ်‌၌ သူအကြိုက်ဆုံး နံရိုးချိုချဉ်ပန်းကန်အား တွေ့လိုက်ရသည်။

 

 

" ကျေးဇူးတင်ပါတယ်" စုကျီ‌ဆွေ့ ခေါင်းလေးငုံ့၊ ပါးစပ်လေးကို ကာလိုက်လျက် အတန်းတွင် သူငယ်ချင်းအား တိုးတိုးလေး ကပ်ပြောသကဲ့သို့ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

 

ကုယီလန် : “……”

 

 

ကုယီလန်အကြည့်ထဲမှ ရုတ်တရက်ထွက်ပေါ်လာသော အရိပ်ယောင်အား သဘောပေါက်သွားပြီး အိမ်တော်ထိန်းသည် ကောင်လေးအား အပေါ်ထပ်သို့ ပြန်ပို့ရန် အချိန်လွန်သွားခဲ့ပြီလောဆိုသည်ကို အကြိတ်အနယ် စဉ်းစားနေတော့သည်။

 

 

 

သို့သော်ငြားလည်း စုကျီဆွေ့မှာကား လေးလံထိုင်းမှိုင်းနေသည့် ဘေးပတ်ဝန်းကျင်အား လုံးဝသတိမထားမိလျက် သူ့တူကိုကောက်ကိုင်ကာ ပျော်ပျော်ကြီးစားရန် အသင့်ပြင်ထားလိုက်သည်။

 

 

 

 

သူ့၌ ငယ်ရွယ်စဉ်ကတည်းက ပါလာသော  'အနာခံမှအသာစံရမည်'ဟူသော အကျင့်ဆိုးတစ်ခုရှိသည်။ 

 

 

သူသည် သုံးနှစ်သားအရွယ်‌၌ပင် သူ့မိဘများက ကားအက်စီးဒန့်ကြောင့် ကွယ်လွန်ခဲ့ကြသည်။ သူ့ကိုကြီးသည် ဆယ်ကျော်သက်အရွယ် ရောက်လုဆဲဆဲဖြစ်သည်။ ထိုအချိန်အတွင်းဝယ် တစ်ပါးသူအိမ်များ၌ ကပ်နေခဲ့ရသည့်အပြင် ခဏခဏ အိမ်ပြောင်းခဲ့ရ၍ တစ်ခါတစ်ရံ ဗိုက်ဟောင်းလောင်းဖြင့် နေခဲ့ရသည်။

 

ရှားရှားပါးပါး စားကံကြုံခဲ့လျှင်ပင် ပုံမှန်ထမင်းဖြူအလွတ်နှင့် အရသာကင်းမဲ့နေသည့် ဂေါ်ဖီထုပ်၊ အားလူးကြော်တို့ပင် ဖြစ်သည်။ မည်သည့်ကလေးငယ်မျှ မကြိုက်သည့် အစားများသာ စားခဲ့ရ၏။ ထိုကဲ့သို့မစားခဲ့ပါလျှင်လည်း သူတို့အသက်ဆက်ရှင်မည်မဟုတ်။

 

 

ယခုအချိန်၌ စုကျီဆွေ့သည် သူမကြိုက်သည်များကို ဦးအောင် စားပြီး အစာကောင်းများကို ကိုယ့်ကိုယ်ကိုယ် ဆုချသည့်အနေဖြင့် စားရန် ချန်ထားလေ့ရှိသည်။

 

 

'နောက်ထပ် နည်းနည်းပဲ...ပြီးတာနဲ့ ငါအကြိုက်ဆုံးအပိုင်းကို စားရတော့မယ်'

 

 

၎င်းအကျင့်သည် သူနှင့် အတန်ကြာ ကပ်ပါလာခဲ့၏။ စားသောက်စရာများစွာရှိနေသည့်တိုင် ထိုအကျင့်အား မပြင်ခဲ့ချေ။

 

 

ယခုတွင်လည်း သူ၏အကြိုက်ဆုံးမှာ နံရိုးချိုချဉ်ဖြစ်နေပါသော်လည်း တစ်ကိုက်မျှပင် မထိတွေ့ရသေးပေ။ ၎င်းအစား ဘေးပတ်လည်မှ ဟင်းပွဲများကိုသာ စားနေခဲ့သည်။ ဂေါ်ဖီရွက်နည်းနည်း၊ အားလူးအတုံးနည်းနည်း၊ တို့ဖူးနည်းနည်း စသဖြင့် စားနေလေ၏။

 

 

ကုယီလန်သည် သူ၏ထိုအပြုအမူအား သတိထားမိသွားသည်။

 

 

 

 

 

ကောင်လေးမှာ အစားအသောက် ဂျီးများသည့်ပုံ မပေါ်ပေ။ သူသည် အကုန်လုံးကို စားသည့်တိုင် နံရိုးချိုချဉ်ကိုမူ သိသာစွာ ရှောင်စားနေလေ၏။

 

 

ကုယီလန်သည် မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်လေသည်။ သူသည် နံရိုးပန်းကန်ကို ကောက်ယူကာ ကောင်လေး၏ရှေ့တွင် ချပေးလိုက်၍ သူ၏လေသံသည် ပြတ်သားစွာနှင့် မေးခွန်းပြန်မထုတ်နိုင်ဖွယ် ပြောလိုက်သည်။

" အဲ့တာကိုစား "

 

ထိုစကားကို ကြားလိုက်ရချိန်၌ စုကျီ‌ဆွေ့သည် ထိတ်လန့်မှုကြောင့် ခေါင်းယမ်းမိကာ မျက်လုံး အပြူးသားဖြင့် စိုက်ကြည့်လိုက်မိလေသည်။

 

 

 

ကုယီလန်၏ စူးရှသော မျက်ဝန်းအကြည့်သည် ကောင်လေး၏ တန့်သွားသော မျက်နှာတွင်သာ ဆွဲကပ်နေသည်။ သူ၏နှုတ်ခမ်းပါးတို့သည်လည်း ရေးတေးတေးမျှ လှောင်ပြုံး ပြုံးလိုက်လေ၏။ ပန်းကန်အား မေးငေါ့ကာ ညွှန်ပြလျက် အေးစက်စွာ စကားဆိုသည်။

"ဘယ်တွေလာကြည့်နေတာလဲ? စားလေ"

 

 

...ပထမတွင် နေ့စဉ်လုပ်ငန်းဆောင်တာအား ထိန်းချုပ်ခဲ့၏။ ထို့နောက် အဝတ်အစား၊ ယခု၌ အစားအသောက်ထိပါ ထိန်းချုပ်လာသည်။

 

 

'နောက်တစ်ခါဆို ဘာများဖြစ်မလဲ?'

 

 

စုကျီဆွေ့၏လက်ချောင်းများသည် သူ၏တူကို ဆုပ်ကိုင်ထားလိုက်သည်။

 

 

သို့ရာတွင် သူ၏ ရှေ့တည့်တည့်မှ အဆီဝင်းလျက် မွှေးပျံ့နေသော နံရိုးဟင်းလျာကို ကြည့်မိကာ ဆက်မထိန်းထားနိုင်တော့ပေ။ ထို့နောက် သူသည် တုံ့ဆိုင်းစွာဖြင့် နံရိုးတစ်တုံးကို ကောက်ယူကာ တစ်ကိုက်ကိုက်စားလိုက်လေသည်။

 

 

 

အံ့ဩစရာကောင်းသည်မှာ အရသာရှိသော အစားအစာတစ်ခုအား တွန်းအားပေးခြင်းကြောင့် စားလိုက်ရသည့်အချိန်၌ နှလုံးသားအတွင်းဝယ် တွဲခိုနေသော အပြစ်များ၊ စိုးရိမ်ပူပန်မှုများနှင့် မသိစိတ်၏ ကြောက်ရွံ့မှုများ အားလုံးသည်  အရည်ပျော်ကျသွားခဲ့လေသည်။

 

 

၎င်းနောက် ရှင်းလင်းသော အတွေးတစ်ခုသာ ကျန်ရှိနေတော့သည်။

'ငါဒါတွေအကုန်စားပစ်မယ်' ဟူ၍ပင်။

 

 

 

 

 

 

 

 

 

ထို့ကြောင့် အတွင်းဒဏ်ရာများ ပျောက်ကွယ်သွား၍ စားလိုက်ရသည့် နံရိုးချိုချဉ်သည်လည်း စုကျီဆွေ့ စားခဲ့ဖူးသမျှထဲ၌ အရသာအရှိဆုံး ဟင်းလျာတစ်ခွက် ဖြစ်လာခဲ့သည်။

 

 

သူ၏မျက်ဝန်းများသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူသည် ဖုန်းကိုဆွဲထုတ်ကာ ကုယီလန်နှင့်စကားပြောသော Chat ထဲ ဝင်လိုက်သည်။

 

 

ရိုးသားဖြောင့်မတ်မှုကို ပြသရန်အလို့ငှာ ယခုအခါ၌ စာသားကူးယူကာ ပုံစံတူကူးမချလိုက်ဘဲ စာလုံးတစ်လုံးချင်းစီကို သူကိုယ်တိုင် လက်နှင့် ရိုက်နှိပ်နေသည်။

 

 

သို့သော် ကုယီလန်သည် စားသောက်နေစဉ် မည်သည့်အခါမျိုးမှ ဖုန်းမကိုင်ခဲ့ဖူးချေ။ ပြီးလျှင် "မနှောင့်ယှက်ရ" ဟူသည့် လုပ်‌ဆောင်ချက်ကို တပ်ဆင်ထားလေ့ရှိသည်။

 

 

ထို့ကြောင့် စာရောက်သွားချိန်၌ တိတ်ဆိတ်နေခဲ့၍ လုံးဝ လျစ်လျူရှုခံလိုက်ရလေသည်။

 

 

စုကျီဆွေ့သည် ပါးများဖောင်းလာသည့်တိုင် အသားများကို တစ်ကိုက်ပြီးတစ်ကိုက် စားနေလျက် သူ၏စိတ်ထဲ၌လည်း လျင်မြန်စွာ စဉ်းစားဆုံးဖြတ်နေသည်။

 

 

ခေတ္တကြာပြီးနောက် သူသည် လှုံဆော်ခံလိုက်ရလေ၏။

 

 

"လူမှုရေးတွင် စိုးရိမ်ပူပန်မှု လျော့နည်းစေသော သင်တန်း " ဆင်းချိန်၌ မြင်တွေ့ခဲ့ဖူးသော ဗီဒီယိုတစ်ပုဒ်အား ပြန်သတိရသွားမိခဲ့သည်။ ပထမတစ်ယောက်၏ ရှုတောင့်မှ လူတစ်ဦးသည် ခံစားချက်ကင်းမဲ့နေလျက် ရွံ့ရှာနေသကဲ့သို့ စိုက်ကြည့်နေကြသော လူငါးဦးရှေ့တွင် သီချင်းဆိုကာ ကပြခဲ့ရသည်။

 

 

 

နောက်ဆယ်မိနစ်မျှပင် မကြာလိုက်သည့်အချိန်၌ စားပွဲပေါ်ရှိ ကုယီလန်၏ဖုန်းသည် အသံကျယ်စွာဖြင့် သုံးကြိမ် တုန်ခါသွားသည်။

 

 

 

 

 

 

 

 

ထိုလူကြီးသည် မျက်မှောင်ကြုတ်လျက် ကောင်လေးကို တစ်ချက်လှမ်းကြည့်လိုက်ကာ သူ၏ဖုန်းကို စစ်ကြည့်ရန် ကောက်ကိုင်လိုက်သည်။ သူ၏မျက်လုံးများသည် ပုံမှန်ထက် ပိုမိုမြင့်တတ်လာနေသော နှလုံးခုန်နှုန်းတိုင်း ကိရိယာဆီသို့ ကျရောက်သွားသည်။

 

 

" တော်တော် စိတ်လှုပ်ရှားနေပါလား?"

 

 

သူ မည်သည့်အရာမျှ မပြောလိုက်ရသေးမီ WeChat မှ စာတစ်စောင်သည် ဖုန်းမျက်နှာပြင်ပေါ်၌ ပေါ်လာလေသည်။

 

[(o^^o): ခင်‌ဗျား အဲ့လိုတွေ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် တကယ်ကြီး ချစ်မိသွားလိမ့်မယ်နော်]

 

ကုယီလန် : “………”

 

 

သူ၏အကြည့်တို့ နက်မှောင်သွားခဲ့လေသည်။ စုကျီဆွေ့အား ကြည့်ရန် သူ၏မျက်လုံးကို ဖြေးညှင်းစွာ မော့လိုက်သည်။

 

စာအသွားအလာသည် အီစီကလီဖြင့် စနောက်ဟန်ဖြစ်နေသော်ငြားလည်း ကောင်လေး၏ အပြစ်ကင်း‌စင်သော မျက်နှာတွင် မည့်သည့်အမူအရာမျှ မတွေ့ရပေ။ သူသည် ပါးဖောင်းဖောင်းလေးဖြင့် အသားများကို ဝါးစားနေခြင်းကိုသာ လုံးဝ အာရုံစိုက်ထားလျက်ရှိသည်။ သူ၏ ထူထဲလှသော မျက်တောင်၏အရိပ်သည် မျက်လုံးအောက်တွင် အရာထင်နေကာ သူ့အား ကလေးနှင့် ပိုတူစေသည်။

 

 

 

 

 

 

 

 

 

ကူယီလန်သည် သူ၏တူကို ချထားလိုက်ကာ ထိုင်ခုံနောက်သို့ မှီလိုက်၍ လက်ကို ပိုက်လိုက်သည်။ သူ၏လေသံသည် ပုံမှန်ပြောနေသကဲ့သို့ ဖြစ်နေသော်လည်း အေးတိအေးစက် ဖြစ်နေသည်။ "မင်း အဲ့လောက်တောင် ကြိုက်တယ်ပေါ့? ဒါဆိုလဲ အကုန်စားလိုက်လေ"

 

 

"မင်း ပန်း‌ကန်တစ်ခုလုံး အပြောင်မစားနိုင်ရင် အပေါ်ထပ်ကို ပြန်တက်ဖို့ စိတ်မကူးနဲ့"

 

 

ထို့နောက် သူ၏ အေးစက်သော အကြည့်ဖြင့် စုကျီဆွေ့အား စူးစိုက်ကြည့်နေလိုက်သည်။

 

 

စုကျီဆွေ့ ထင်လိုက်သည်မှာ ထိုလူကြီးသည် သူ၏ မြင့်မားလှသော EQ နှင့် ရေးထားသောစာကြောင့် ရင်ထဲထိသွားသည် ဖြစ်ရမည်ပင် ။ သူကိုယ်တိုင်ပင် မစားရက်နိုင်ဘဲ ဤစိတ်ပိုင်းဆိုင်ရာအရ ထက်မြက်သော ကောင်လေးကိုသာ ဝလင်စွာ စားစေသည်။

 

သူသည် အားမလျော့ရဲတော့ပေ။ သူ၏တူကို ကောက်ကိုင်လိုက်လျက် သူ့ကိုယ်တိုင်ပင် ခေါင်းမ‌ဖော်ဘဲ စားနေလေသည်။

 

သို့ရာတွင် သူ၏စားနိုင်စွမ်းသည် အလွန်နည်းပါးလှ၏။ အချိန်မကြာလိုက်မီတွင်ပင် သူ၏ဗိုက်လေးသည် လုံးဝန်း ပြည့်ကားလာသည်။ ပြီးလျှင် တစ်ကိုက်မျှပင် ဆက်မစားနိုင်တော့ချေ။

 

မစားနိုင်တော့သည့်တိုင် သူ၏လက်သည် မရပ်လိုက်နိုင် ဖြစ်နေသည်။ သူ့ကိုယ်သူ ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရသည့် အချိန်၌ပင် ထိုကဲ့သို့ စဉ်းစားနေလေသည်။ 'နောက်ထပ် တကိုက်လောက်ပါပဲ... နောက်ဆုံးတကိုက်လောက်ပဲ'ဟူ၍ ဖြစ်သည်။

 

နောက်ဆုံး‌တွင် သူ၏ဘေးဘက်၌ထိုင်‌နေသော ထိုလူကိုယ်တိုင်ပင် သူ၏လက်ထဲမှ တူအား ဆွဲလုလိုက်ရပေသည်။

 

 

ကုယီလန်သည် ရန်လိုနေပုံရသည်။ သူသည် ပုံမှန်ကဲ့သို့ တူအား စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ပန်းကန်များကို သိမ်းဆည်းရန် အိမ်တော်ထိန်းကိုအား အချက်ပြလိုက်သည်။ ထို့နောက်တွင် သူသည် ကောင်လေးဘက်သို့ လှည့်၍ မေးစေ့ကို လှုပ်ယမ်းလျက်... "မင်း အိမ်စာတွေသွားလုပ်တော့"

 

ယင်းကဲ့သို့ ကြားဝင်နှောင့်ယှက်မှုသည် နောက်ဆုံးတွင်  စုကျီဆွေ့အား အထိန်းအကွပ်မရှိဘဲ စားသောက်နေခြင်းမှ ဆွဲထုတ်ပေးလိုက်သည်။

 

ယခုကဲ့သို့ မြင်ကွင်းအား ပြန်မြင်ယောင်ကြည့်လျှင် ၎င်းကို ဖော်ပြရန် တစ်နည်းသာရှိသည်။

 

နာကျင်နေသော်လည်း ပျော်ရွှယ်ဖွယ်အတိပင်ဖြစ်၏။

 

သူသည် နာခံစွာ ခေါင်းညိတ်ပြကာ အိမ်တော်ထိန်းမှ သူ၏ပါးစပ်ကို သုတ်ရန်ပေးသော ပုဝါကို ယူပြီး အပေါ်သို့ တစ်ဟုန်တိုး ပြေးတက်သွားခဲ့သည်။

 

သူသည် ကုယီလန်၏ ဆိုရှယ်မီဒီယာမှ သုတေသန ဆောင်းပါး နောက်တစ်ခုကို ထပ်၍ ကြည့်လိုနေသေးသည်။

 

ကုယီလန်သည် ထိုင်ခုံပေါ်၌ ထိုင်လျက်သား ကျန်နေခဲ့သည်။ သူ၏စိတ်ထဲတွင် ကောင်လေး၏ မျက်နှာမပျက်ဘဲ ပါးစပ်ထဲသို့ အသားများ ပလုပ်ပလောင်းထိုးထည့်ကာ ပါးများဖောင်းလာသည်အထိ စားနေသည့် ပုံရိပ်အား ပြန်မြင်ယောင်နေလေသည်။ လည်ချောင်း၌ဆို့၍ ပျို့တက်လု နီးပါးဖြစ်နေသော်ငြားလည်း လုံးဝမရပ်တန့်ခဲ့ချေ။ သူ၏ မျက်ဝန်းနက်တို့သည် ယခင်ကတည်းမှ အေးစက်နေပြီးဖြစ်သော်လည်း ယခုအခါ ပို‌၍ အေးခဲလာသည်ဟု ထင်ရသည်။

 

"သခင်လေးက စကားတော်တော် နားထောင်သားပဲ" အိမ်တော်ထိန်း သတိထားလျက် ပြောလိုက်လေသည်။ "လူကြီးမင်းကို သူက နည်းနည်းလေး ​ကြောက်လန့်နေပေမယ့် သူကတော့..."

 

 

ယီလန်ထံမှ အကြည့်တစ်ချက်သည် အိမ်တော်ထိန်း၏ စကားဖော်နေသည်အား ချက်ချင်း ပါးစပ်ပိတ်သွားစေရန် လုံလောက်ပေသည်။

.

 

ထိုလူသည် သူကိုယ်တိုင်ကမူ မည်သည်မျှ မစားရသလောက်ဖြစ်နေသော်လည်း စားလိုစိတ် လုံးဝမရှိ။ သူသည် မတ်တပ်ထရပ်လိုက်ကာ ခမ်းလှမ်းလှမ်းမှ တစ်နေရာသို့ အကြည့်ရောက်သွားပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ဒုတိယထပ်သို့ တက်သွားလိုက်သည်။

 

ဝန်ထမ်းများအား စားပွဲရှင်းရန် စာပို့ပြီးနောက် အိမ်တော်ထိန်းသည် ထိုသူနောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။

 

 

ကုယီလန်သည် သူ၏ ကျယ်ဝန်းသောအလုပ်စားပွဲတွင် ထိုင်ချလိုက်သည်။

 

သူ၏ဖုန်းကို ထုတ်လိုက်ကာ Ahoo အား ပြန်ဖွင့်၍ စုကျီဆွေ့ တင်လိုက်သော ပိုစ့်ထံသို့ ပြန်သွားကြည့်လိုက်သည်။

 

သူသည် ကောင်လေး၏ ထိုကဲ့သို့ ထူးဆန်း၍ အ‌ဓိပ္ပာယ်မဲ့သော အကြံဉာဏ်များသည် မည်သည့်နေရာမှ အရင်းခံသည်ကို သိလိုနေခဲ့သည်။

 

နှစ်ရက်အတွင်းမှာပင် အကူညီတောင်းခံထားသော ပိုစ့်သည် ပေါက်ကြားသွား၍ "HOT" ဟူသည့် အမှတ်သားပေးထားကာ အကြံပေးသော ပြန်စာတစ်ပုံတစ်ပင်များကိုလည်း တွေ့လိုက်ရသည်။

 

ကုယီလန်သည် ထိပ်ဆုံးမှ ပြန်စာများကို အပေါ်ယံလိုက်ဖတ်ကြည့်လေသည်။

 

ထို့နောက်တွင် လူတစ်ဦးသည် ကောင်လေးကို သူ၏အိပ်ယာပေါ်သို့ တက်၍ တရားဝင်ဖြစ်သွားအောင် လုပ်လိုက်ဟူသည့် ပြန်စာကို မြင်သွားခဲ့သည်။

 

ကုယီလန် : "......"

 

သူ၏ မျက်နှာထားမှာ မှောင်ကျသွား၍ ထိုပိုစ့်ကို နှိပ်လျက် report ထုလိုက်လေသည်။

 

သို့ရာတွင် ထိုဆွေးနွေးပွဲသည် အဆက်မပြတ်နိုင် ဖြစ်နေလေသည်။ ကောင်လေးနှင့် ပရောပရည်လုပ်နေသော ပတ်ကျိကဲ့သို့ ယောက်ျားများ၊ တစ်ခြားသူများသည် အဓိပ္ပာယ်မဲ့သော “နည်းဗျူဟာများ” ကို မျှဝေထားကြပြီး တစ်ချို့သည် ၎င်းတို့၏ ချစ်သူရည်းစားများအား မည်သို့လိုက်ခဲ့ရပါကြောင်း ကြွားလုံးထုတ်ရန် ပိုစ့်ကို အပိုင်စီးထားကြသည်။

 

 လုံးဝကို ရှုပ်ယှက်ခတ်နေလေသည်။

 

ကုယီလန်သည် အိမ်တော်ထိန်းကို အကြည့်တစ်ချက် ပေးလိုက်၍ အေးစက်စွာ ပြောလိုက်သည် —

" ဒီပိုစ့်ကို စည်းစနစ်ကျကျ ပြန်ချေပနိုင်တဲ့ သုံးသပ်သူတစ်ယောက် ရှာပေးစမ်း"

 

သူ၏ ကိုယ်ရေးကိုယ်တာအကူဖြစ်သည့်အတွက် ထိုသူကို သူ့ကိုယ်စားအသုံးချနိုင်ရန် အဆက်အသွယ်များနှင့် အချိတ်အဆက်များစွာ ထားရှိပေးထားသည်။

 

မနှောင့်နှေးစေဘဲ သူသည် Lvxing Literature Network မှ အထူးသုံးသပ်သူထံ ဆက်သွယ်လိုက်ကာ Ahoo ၏ အတွင်းပိုင်းစိစစ်မှုစနစ်အား ဝင်ရောက်ရန်ကိုပါ စီစဉ်ပေးလိုက်သည်။ ကုယီလန်၏ ညွှန်ကြားမှုအောက်တွင် ပို့စ်သည် ပြင်းထန်စွာ မဆီလျော်သော အကြောင်းအရာအဖြစ်သို့ ပြန်လည်သုံးသပ်ခြင်းခံလိုက်ရသည်။

 

ငါးမိနစ်အကြာတွင်ပင် အလွန်ကို ရှင်းလင်းသွားပေတော့သည်။ ပြန်စာအများစုလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

 

ကိစ္စပြီးသွားသည်နှင့် အိမ်တော်ထိန်းသည် ခါးကို အနည်းငယ် ညွှတ်ချိုးကာ လျှို့ဝှက်အကြောင်းအရာတစ်ခုအား မျှဝေနေသကဲ့သို့ တိုးညှင်းစွာ မေးလိုက်လေသည်။

 

"သခင်လေးကု၊ သခင်လေးရဲ့ စိတ်ပိုင်းဆိုင်ရာက နည်းနည်း..အားနည်းနေတယ်လို့ မထင်ဘူးလား?"

 

၎င်းကို ကြားလိုက်မှသာ ကုယီလန်သည် သူ၏ဖုန်းမှ အကြည့်ခွာ၍ သူ့ကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ ဆက်ပြောရန် တိတ်တဆိတ် ခွင့်ပြုလိုက်သကဲ့သို့ပင်။

 

အိမ်တော်ထိန်းသည် စဉ်းစားနေဟန်ဖြင့် သူ၏မေးစေ့ကို လက်ဖြင့် ပွတ်လိုက်ကာ ဉာဏ်ရှိရှိ ပြောလိုက်လေသည်။

" ကျွန်တော်ထင်တာတော့ သခင်လေးကု ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ချဉ်းကပ်သင့်တယ်၊ အဲ့တော့မှ အချိန်တိုတိုနဲ့ လိုရင်းရောက်မှာ" 

 

ကုယီလန် မျက်ခုံးကို ပို၍ မြှင့်တင်လိုက်လေသည်။ ရှားပါးစွာနှငွ တစ်ကြိမ်တစ်ခါမျှ သူ၏ စိတ်ဝင်စားမှုကို ပြသလိုက်သည်။

 

ထိုသို့သတိထားမိရန်ပင် ခက်ခဲသော စိတ်ဝင်စားမှုသည် အိမ်တော်ထိန်းအား စိတ်လှုပ်ရှားစေရန် လုံလောက်ပေသည်။

 

အဘယ်ကြောင့်ဆိုသော် တစ်ကြိမ်တစ်ခါမျှ သူ၏ အထက်လူကြီးနှင့် သူ၏အတွေး ထပ်တူညီသည်ဟု ဆိုလိုနေခြင်းကြောင့် ဖြစ်သည်။

 

သူ၏အစီအစဉ်ကို ယုံကြည်ချက်ရှိရှိဖြင့် စာဖိုင်တစ်ခုကိုဆွဲထုတ်၍ လက်နှစ်ဖက်ဖြင့် တရိုတသေ ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော်ရဲ့ သိပ်အားစိုက်မထုတ်လိုက်ဘဲ ရလဒ်ကောင်းကောင်းရစေဖို့အတွက် လျှို့ဝှက်လက်နက်ပဲ၊ ချက်ချင်းလက်ငင်း အကျိုးရမှာကို ကျွန်တော် အာမခံတယ်ဗျာ"

 

ကုယီလန်သည် စာဖိုင်ကို ယူ၍ တစ်ချက်ကြည့် ကြည့်လိုက်သည်။

 

မှတ်စုများ... ဒိုင်ယာလော့များနှင့် အပြည့်ဖြစ်နေသည့် A4 စာရွက်များဖြစ်နေသည်။

" မင်းမျက်လုံးတွေကို မပိတ်လိုက်နဲ့နော်၊ ငါ့ကိုပဲကြည့်နေပေး၊ မင်းကို ကြိုးတစ်ချောင်းစီနဲ့ ဖြေးဖြေးချင်း ချည်နှောင်တော့မှာ (အေးတိအေးစက် အပြုံးနှင့်)

 

ဘာဖြစ်လို့လဲ? ငါနဲ့ နည်းနည်းလေးတောင် မခွဲနိုင်ဖြစ်နေတာလား?(စနောက်နေဟန် မျက်လုံးများနှင့် ပျစ်ချွဲချွဲအသံဖြင့်)

 

တော်လိုက်တဲ့ကောင်လေး၊ မင်းဘာလုပ်ရမယ်ဆိုတာ သိတယ်မလား? မင်း တလွဲထပ်လုပ်ရင် ငါမင်းကို အ​ပြစ်ပေးရလိမ့်မယ်(ရွံ့တဲ့တဲ့အပြုံးဖြင့်)"

. . . . .

 

 

စာရွက်၏ ညာဘက်အောက်တွင် watermark ကိုမဖျောက်ရသေးပေ။

 

'ပရော်ဖက်ရှင်နယ် ညစ်ညမ်းစကားပြော လေ့ကျင့်ရေး Website မှ သီးသန့်ပံ့ပိုးပေးသည်'

ကုယီလန် : “……”

 

 

မြေအောက်ခန်းထဲသို့ ထည့်ပိတ်ထားရန် ထိုက်တန်သူမှာ... သူ၏ဘေးဘက်တွင် ရပ်နေသူပင် ဖြစ်ရမည်။

 

အိမ်တော်ထိန်းသည် အထက်လူကြီး၏ လူသတ်လိုသော အရိပ်အယောင်အား သတိထားမိသွားလေသည်။ သူ့ကိုယ်သူ ကာကွယ်သည့်အနေဖြင့် တုံ့နှေးစွာ ရှင်းပြရန် ကြိုးစားရတော့သည်။

" အဲ့ဒါက...တကယ်ထိ‌ရောက်ပါတယ်ဗျာ "

 

 

ကုယီလန်သည် လက်ချောင်းများဖြင့် စာရွက်တစ်ရွက်လုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၍ ဖြူလွနေသော စာရွက်တွင် နက်ရှိုင်းသော အတွန့်များဖြစ်သည်အထိ ဖိချေထားလိုက်သည်။

 

ထိုအဖြစ်ကို မြင်သွားသော အိမ်တော်ထိန်းသည် ကြောက်လန့်တကြားဖြင့် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ 

"သ..သခင်လေးကု၊ သခင်လေးစုရဲ့ဒူးကို ဆေးသွားစည်းပေးဖို့....အချိန်ရောက်နေပြီနော်၊ သခင်လေးကုလည်း တနေ့လုံးအလုပ်ရှုပ်နေတာနဲ့ နေ့လည်ခင်းက ကျွန်တော် သူ့အခန်းထဲပြန်ပို့ပြီးကတည်းက ဘယ်သူမှသွားမစစ်ကြည့်ရသေးဘူး...."

 

သူစကားပြောနေသည်ကိုပင် အပြီးမသတ်ရသေးမီ ရုတ်တရက် စူးရှသော တကြွပ်ကြွပ်အသံကို ကြားလိုက်ရကာ သူ၏"လျှို့ဝှက်လက်နက်" သည် စက္ကူလုံးတစ်လုံးအသွင်အဖြစ်သို့ လုံးချေခံလိုက်ရပြီး အေးစက်စွာ ကြမ်းပြင်ပေါ်သို့ ပစ်ချခြင်းခံလိုက်ရသည်။

 

အိမ်တော်ထိန်း၏ နှလုံးခုန်နှုန်းမှာ မြင့်တက်လာပြီး ဆံပင်များပင် ထောင်တက်နေသကဲ့သို့ ခံစားလိုက်ရသည်။

 

နေ့စဉ်ဘဝ၌ ပညာရေးဖြစ်စေ၊ အလုပ်ကိစ္စဖြစ်စေ ဒေါသမည်မျှပင် ထွက်နေပါသော်လည်း ကုယီလန်သည် အမြဲတစေ တည်ငြိမ်၍ နေလေ့ရှိသည်။ အဖွဲ့၏ အတည်ငြိမ်ဆုံး လူတစ်ယောက်ဖြစ်သည့်အပြင် လူတိုင်းကပါ စိတ်ချရသူဖြစ်သည်။ ကမ္ဘာပေါ်မှ မည်သည့်အရာမျှ သူ၏ခံစားချက်အား လှုပ်ခါနိုင်စွမ်း မရှိသကဲ့သို့ပင်။

 

ယခုကဲ့သို့ အသေးအဖွဲ့ကိစ္စကြောင့် သူ၏အထက်လူကြီးသည် ထိုကဲ့သို့ ဒေါသထွက်နေလိမ့်မည်ဟု အိမ်တော်ထိန်းသည် မည်သည့်အခါမျိုးမှ မတွေးထင်မိခဲ့ချေ။

 

နောက်ထပ် ဆက်တွေးရန်ပြင်နေချိန်တွင် အနီးနားမှ အသံနိမ့်တစ်ခု ထွက်ပေါ်လာခဲ့သည်။

 

"ဒီတော့ နေ့လည်က မင်းသူ့ကို သွားပို့ပြီးတည်းက ဘယ်သူကမှ သွားမစစ်ကြည့်ရသေးဘူးပေါ့?"

 

"ဒါဆို ဒီညက သူဘယ်လိုလုပ် အောက်ထပ်ကို ဆင်းလာတာလဲ?"

 

ကုယီလန်၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း အေးစက်မှုတို့ ရောနှောနေသည်။ နောက်ကွယ်၌ ဖိနှိပ်ဖုံးကွယ်ထားသော ဒေါသအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ လူတိုင်းကို ချွေးစီးပြိုက်ပြိုက်ကျအောင် လုပ်နိုင်စွမ်းရှိပေသည်။

 

အိမ်တော်ထိန်းသည် တောင့်ခနဲ ဖြစ်သွားလေသည်။

 

သူသဘောပေါက်သွားသည့်အချိန်မှသာ....

 

လက်ထိတ်၏သော့ကို သူနှင့် သူ၏အထက်လူကြီးတွင်သာ ကိုင်ဆောင်ထားခြင်းဖြစ်သည်။

 

သို့ရာ‌တွင် ညစာစားချိန်၌ သူတို့နှစ်ဦးလုံးသည် စားပွဲတွင် ရောက်နှင့်ပြီးသားဖြစ်သည်။

 

ထို့ကြောင့် လက်ထိတ်ခတ်ခံထားရသော သခင်လေးသည် အဘယ်ကြောင့် သူကိုယ်တိုင် ပျော်ရွှင်စွာ ဆင်းလာနိုင်ရသနည်း။