အပိုင်း ၁၅
လွန်ခဲ့သည့်နှစ်များ၌ မြို့တော် A သည် ပြောင်းလဲမှုများကို ဖြစ်စေမည့် ပြင်းထန်သော လက်ထပ်ခြင်းဥပဒေအသစ်ကို အတည်ပြုခဲ့ပြီး လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုခြင်း၊ ကွာရှင်းပြတ်စဲခြင်းအတွက် မဖြစ်မနေ စောင့်ဆိုင်းရသည့် စိတ်ငြိမ်ကာလတို့ကို ဖယ်ရှားလျက် အိမ်ထောင်ပြုခြင်းနှင့် ကွာရှင်းခြင်းလုပ်ငန်းစဉ်ကို သိသိသာသာရိုးရှင်းစေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မြို့တော် A အတွက် လက်ထပ်ထိမ်းမြားခြင်းနှင့် ကွာရှင်းပြတ်ဆဲခြင်းတို့မှာ ထမင်းစား ရေသောက်ကဲ့သို့ ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်လာသည်။ လမ်းသွားလမ်းလာများတွင် ငါးကြိမ် ခြောက်ကြိမ်မက စေ့စပ်ဖူးခဲ့သူများအား တွေ့ရခြင်းကပင် အထူးအဆန်းမဟုတ်တော့ပေ။
နှိုင်းယှဉ်ပြီး ပြောရမည်ဆိုလျှင် ယခုအချိန်တွင် ၎င်းတို့အတွက် လက်ထက်ခြင်းသည် ယခင်က ချစ်သူရည်းစားထားခြင်းကဲ့သို့ပင်။
ကုယီလန် ကလေးလေးဖြစ်ခဲ့ချိန်ကပင် ကုမိသားစုသည် သူ့အတွက် တရားဝင်လက်ထက်ထိမ်းမြားခြင်းများစွာ စီစဉ်ပေးခဲ့ဖူးသည်။ တစ်ကြိမ်တည်းပင် သတို့သမီးလောင်းများစွာ ရှိခဲ့သည်ဟု ပြောရပေမည်။
နောက်ပိုင်းတွင်၊ သူ၏ အေးတိအေးစက် အပြုအမူနှင့် ခြိမ်းခြောက်တတ်သည့် စရိုက်ကြောင့် သူတို့အားလုံး ကြောက်လန့်သွားကြသည် –– တစ်စုံတစ်ဦးမှလွဲ၍... ထိုသူမှာ စုကျီဆွေ့ ပင်ဖြစ်သည်။
ကုယီလန်အတွက်မူ "စေ့စပ်ထားသူ" သို့မဟုတ် "စေ့စပ်ထားသူများ" ကဲ့သို့သော ဝေါဟာရများသည် ခံစားချက် လေးလေးပင်ပင်မရှိကာ ဒုက္ခပေးသည့် စာသားအလွတ်များထက် မည်သည်မှမပိုချေ။
ယခုအချိန်တွင်မူ ကောင်လေးတစ်ယောက်ထံမှ ထိုစာသားလေးတစ်ခုသည် WeChat မှ ရုတ်တရက်ပေါ်လာသည်။ သူ့အား စုကျီဆွေ့ မည်သည့်အတွက်ကြောင့် လက်ထက်ချင်ရသနည်းဆိုသည့် အကြောင်းပြချက်များထဲမှ တစ်ခုပင်ဖြစ်နေလေသည်။
...ထိုအချိန်လေးအတွင်း၌ ကုယီလန် မည်သို့ ခံစားလိုက်ရသည်ဆိုသည်အား ဖော်ပြရန် ခက်ခဲလှသည်။
တစ်စုံတစ်ဦးသည် သူ့နှလုံးသား၏ အနူးညံ့ဆုံးပိုင်းအား လက်သည်းများနှင့် ကုပ်ခြစ်သွားသကဲ့သို့၊ ထုံထိုင်းသွားရကာ အတွင်းပိုင်း၌ ထူးဆန်းသော ခါးသက်မှုနှင့်အတူ တရွရွခံစားလိုက်ရသည်ပင်။ သူသည် ဤခံစားချက်၏ မူလ အရင်းမြစ်အား ခြေရာမခံနိုင်ပေ။
သူ့လျှာကို အာခေါင်အား သွားထိလိုက်သည်။ ထို့နောက် စူးရှသော သွားများဖြင့် ပါးဇောင်ကို ကိုက်စိတ်နေလိုက်သည်။ သူ့လက်ထဲမှ ဖန်ခွက်ကိုလည်း မသိစိတ်နှင့် တင်းတင်းဆုပ်ကိုင်ထားရင်း လက်ဆစ်များပင် ဖြူလွှလွှဖြစ်လာသည်။
အတန်ကြာမှ သူ့ခေါင်းအား နောက်သို့မှီချလိုက်ကာ ရေအေးတစ်ခွက်ကို တစ်ခြိုက်ထဲ မော့သောက်လိုက်ပြီး သွေးအရသာကို ရှင်းထုတ်လိုက်သည်။ ပြီးနောက် စာကို စရိုက်လိုက်သည်။
[ 。: မင်းလိုချင်တာ ငါပေးနိုင်တယ်၊ ပေးပြီးရင်တော့ မင်းငါပြောသမျှအကုန်လုံးကို မေးခွန်းမထုတ်ဘဲ မျက်လုံးစုံမှိတ် ယုံကြည်ပေးရမယ် ]
တံခါးတစ်ဖက်ခြမ်းရှိ အခန်းအတွင်းမှ စုကျီဆွေ့သည် အသံသွင်းခြင်းကို မည်သို့လုပ်ဆောင်ရမည်အား တွေ့ရှိပြီးဖြစ်နေလေသည်။ သူ့ဖုန်းကိုဖွင့်ကာ အသံစသွင်းရန် လုပ်နေစဉ်တွင်ပင် စာဝင်လာလေသည်။
သူ တလက်လက်တောက်နေသည့် မျက်လုံးပြူးပြူးလေးနှင့် စာကိုဖတ်လိုက်ပြီး အလျင်အမြန် စာပြန်ရိုက်လိုက်လေသည်။
[(o^^o): အွန်းဟွန်း!]
[。: ငါက ငါ့အပိုင်လို့သတ်မှတ်ထားတာကို လုံးဝထိတာမကြိုက်ဘူး၊ ချုပ်ကိုင်ထားတဲ့အထိပဲ၊ ပြီးတော့ ငါက လူကောင်းမဟုတ်ဘူး ]
[(o^^o): အွန်းဟွန်း!]
[。: ……]
[。: "ငါမင်းကို သေသွားရင်တောင် အလွတ်ပေးမှာ မဟုတ်ဘူး" မင်းသူ့ကို အဲ့လို ပြောလိုက်ရင်တောင် သူကတော့ ထူးဆန်းတယ်လို့ကို မြင်မှာမဟုတ်ဘူး၊ ဒီတိုင်း ခပ်ယဲ့ယဲ့ပြုံးပြီး "ကောင်းပြီ" လို့ပဲ ပြောမှာ ]
စုကျီဆွေ့ ရုတ်ချည်း အသည်းသန် စာရိုက်လိုက်လေသည်။
[(o^^o):ပြီးရင် သူ့ရဲ့ momentsကို ကြည့်ခွင့်ပေးမှာလား ]
[。: …………]
[。: အွန်း.]
[(o^^o): အိုကေ! ကျေးဇူးတင်ပါတယ်ဗျ bunny−waving.jpg]
နက္ခရူပဗေဒစွမ်းအားကို ယုံကြည်လိုက်ပြီ!
ပြင်ဆင်ထားဖို့ အချိန်ကျပြီ။
စုကျီဆွေ့သည် WeChat ကိုပိတ်ကာ "စိတ်ပိုင်းဆိုင်ရာအရ ထက်မြတ်သောစကားစုများ" ကို ရှာရန် Ahoo သို့ တန်းသွားလိုက်လေသည်။
မျက်နှာသာပေးမှုကို တိုးမြှင့်ရန် တတိယအကြံပြုချက်—စိတ်ဝင်စားစရာကောင်းသည့် အရာများကိုပြောပေးပါရန်၊ ထောက်ထားစာနာတတ်သော ပါတနာတစ်ဦးဖြစ်လိုက်ပါ။
သင်၏ စကားလုံးများက သင်မည်မျှထိ ဆွဲဆောင်မှုရှိကြောင်းကို အဆုံးအဖြတ်ပေးပါသည်။ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုဖြင့်၊ သင်၏ ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုများပင် တောက်ပြောင်လာနိုင်သည်။ တစ်နေ့နေ့တွင် သင့်ကို လက်ထပ်မည့်သူက သင်၏ ဉာဏ်ပညာနှင့် ချစ်ခင်ဖွယ်ရာတို့တွင် ကျရှူံးသွားပါလိမ့်မည်။
နားလည်ပြီဆိုလျှင် လက်ခုပ်သံလေးတစ်ချက်လောက်!
စုကျီဆွေ့ကဲ့သို့ လူမှုဆက်ဆံရေးတွင် အားနည်းပြီး မည်သို့ပင် ပြောဆိုဆက်ဆံရမည်ကို မသိသော ကောင်လေးတစ်ယောက်အတွက်မူ ယခုအရာအား အလုံးစုံယုံကြည်ခဲ့လေသည်။
အနည်းငယ်သော ဘာသာစကားချို့ယွင်းမှုကြောင့် တစ်ညနေလုံး သူသည် ပြီးပြည်စုံသော အသံသွင်းနိုင်ရန် ရုန်းကန်နေခဲ့ရသည်။
အိပ်ယာမဝင်ခင်၌ အိမ်တော်ထိန်းသည် လက်ထိပ်၏သော့ကို သူ့အားပေးလိုက်သည်။ ထိုမှ သူ့အဝတ်အစားလဲနိုင်ပေမည်။
စုကျီဆွေ့ ယုံကြည်မှုအပြည့်ဖြင့် အသံဖမ်းစက်ကို တင်းတင်းဆုပ်ကိုင်ထားလျက် အိပ်ယာဝင်ခဲ့သည်။ ထိုနေ့သည် အိပ်မက်မမက်သော ညလေးတစ်ည ဖြစ်ခဲ့သည် ။
နောက်တစ်နေ့မနက်ခင်းတွင် သူသည် သတ်မှတ်ထားသော အချိန်တွင် အိပ်ယာထလိုက်သည်။ သော့ကို သုံးကာ လက်ထိပ်ကိုဖွင့်လိုက်သည်၊ အိမ်စီးဖိနပ်ကို လျောစီးလိုက်ပြီး အသံသွင်းစက်လေးအား လက်၌ဆုပ်လျက် ကုယီလန်၏ အိပ်ခန်းရှေ့သို့ ဖွဖွပြေးသွားပြီး စောင့်နေလေသည်။
သိပ်မကြာမီတွင် အတွင်းမှ တံခါးသည် ပွင့်လာခဲ့သည်။
ထို့နောက် ယောက်ျားပီသပြီး ပြင်းထန်သည့် စွမ်းအင်များ လျှံထွက်လာလေသည်။ စုကျီဆွေ့ အသံဖမ်းစက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ မော့ကြည့်လိုက်သည်။
ရေစက်လေးများသည် ကုယီလန်၏ ရှေ့ဆံပင်လေးများတွင် တွဲခိုလျက်ရှိနေဆဲပင်။ ၎င်းတို့သည် သူ၏ပြီးပြည်စုံသော မျက်နှာထင်းထင်းပေါ်သို့ စီးကျသွားသည်၊ နောက်ဆုံးတွင် သူ၏ရှပ်အင်္ကျီကော်လံထဲသို့ စိမ့်မဝင်သွားမီ သူ၏ မေးရိုးချွန်ချွန်များအား နူးညံ့ဟန်ရှိသွားစေသည်။
သူသည် ယခုလေးတင် ရေချိုးသန့်စင်ခဲ့သည်။ စုကျီဆွေ့အား မြင်လိုက်မှသာ ရုတ်ချည်း ရပ်တန့်သွားသည်။
ကောင်လေးသည် အသံဖမ်းစက်နှင့် လက်ထိပ်သော့အား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
ကုယီလန်သည် လက်တစ်ဖက်ထဲနှင့် လှမ်းယူလိုက်ပြီး သူ့ဘောင်းဘီအိတ်ကပ်အတွင်းသို့ ထည့်လိုက်သည်။ အောက်ထပ်ကိုဆင်းရန် မလှည့်လိုက်မီတွင် စူးရှသည့် မျက်လုံးများဖြင့် ကောင်လေး၏မျက်နှာအား စေ့စေ့ကြည့်လိုက်လေသည်။
သို့သော် စုကျီဆွေ့သည် တံခါးရှေ့တွင် ငုတ်တုတ်လေး ရပ်နေဆဲပင်။ နူးညံ့သောမျက်နှာလေးအား အပေါ်သို့ မော့စောင်းကြည့်လျက်ပင်။ သူ၏တောက်ပနေသောမျက်လုံးများတွင် အရပ်ရှည်ရှည် ယောက်ျားတစ်ဦး၏ အရိပ် ထင်ဟပ်နေသည်။ သူ၏ ညင်သာသော အသံနှင့် ပြောလိုက်သည်။
"နားထောင်"
သူ့ခေါင်းပေါ်မှ ရှုပ်ပွနေသော ထိုးထိုးထောင်ထောင်ဆံပင်အချို့သည် သူစကားပြောနေစဉ် တုန်လှုပ်သွားသည်—သူ့ဆံပင်ကိုပင် မဖြီးဘဲ ပြေးလာသည်မှာ ထင်ရှားသည်။
ကုယီလန် မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ သူသည် သူ့လက်ချောင်းများကြားမှ အသံဖမ်းစက်ကို လှိမ့်လိုက်ပြီး—ကောင်လေး၏ မျှော်လင့်ချက်များပြည့်နေသော အကြည့်အောက်တွင်—အပေါ်ဆုံးခလုတ်ကို နှိပ်လိုက်သည်။.
ခဏအကြာ၌ စုကျီဆွေ့၏ သဘာဝမကျလှသောအသံသည် အသံဖမ်းစက်မှတစ်ဆင့် ထွက်ပေါ်လာသည်။
" အဟမ်း၊ ဒီနေ့က နေသာပြီး လှပသာယာတဲ့နေ့လေးတစ်နေ့ပါ၊ မနက် ခြောက်နာရီလေးဆယ်မှာ မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးလေးနဲ့ နွေဦးလေညှင်းလေးတွေက သိပ် ညင်သာတာပဲ၊ အချိန်ဇယားကိုလွန်ပြီး ပျော်ပျော်ကြီးနိုးလာခဲ့တယ်၊ အခြေအနေတွေကို နောက်ပြန်ကြည့်ရင်း အမှားတွေရဲ့ အဓိကဇစ်မြစ်ကို နားလည်ခဲ့တယ်၊ တာဝန်ယူမှု တာဝန်ခံမှုမရှိတာရယ်၊ အချိန်ကို သေချာမစီမံတတ်တာရယ်နဲ့ လူမှုဆက်ဆံရေး ညံ့ဖျင်းလွန်းတာတွေကြောင့်ဆိုတာကိုပေါ့ ၊ ဒီကိစ္စတွေအတွက် နက်နက်ရှိုင်းရှိုင်းကို နောင်တရမိပါတယ်..."
အသံသွင်းထားခြင်းတွင် သူ၏စကားများမှာ အံ့အားသင့်ဖွယ်ကောင်းသော်လည်း သူ၏လေသံမှာမူ တော်တော်တင်းမာနေသည်။ သူ၏အသံမှာ နိမ့်လိုက် ကျလိုက်နှင့် အသံအထားအသိုပင် မှားနေလေသည်။ "အဟမ်း" ဟု အစပိုင်းတွင် ခံတွင်းရှင်းလိုက်သည့်အသံသည်ပင် ဖတ်စာအုပ်ကြီးကိုင်ဖတ်နေသကဲ့သို့ ဖြစ်နေလေသည်။
မူလတန်းကျောင်းသားက ခက်ခဲသောစာပိုဒ်များအား ဖတ်ရန် ရုန်းကန်နေရသကဲ့သို့ သို့မဟုတ် စက်ရုပ်တစ်ရုပ်က လူအသံအား အတုယူရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်နေလေသည်။
စုကျီဆွေ့ သူ့လက်ချောင်းလေးများအား စိတ်လှုပ်ရှားမှုကြောင့် ကုတ်စိတ်နေမိသည်။သူ့ပုံစံမှာ ကျောင်းမှ ကြောက်စရာအကောင်းဆုံးဆရာက သူ့အိမ်စာအား စစ်ပေးနေသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် သေချာပေါက် စာသားများပင်ချရေးထားပြီး အကြိမ်ကြိမ် အစမ်းလေ့ကျင့်ခဲ့ရသည်။
ကုယီလန် ဆက်နားထောင်နေလေသည်။
"လှေကားထစ်မှာ ငုတ်တုတ်ထိုင်ပြီး ဧည့်ခန်းထဲမှာ စကားပြောနေတဲ့လူတွေကို ခိုးနားထောင်မိတယ်၊ မစ္စတာကုက အံ့သြစရာကောင်းတယ် - သူက လူဆိုးတွေကို အိမ်ကနေ နှင်ထုတ်လိုက်တာလေ ၊ ချစ်စရာခွေးကလေးတစ်ကောင်နဲ့ ကျွန်တော်ကစားနေတာ ပြီးတော့ မစ္စတာကုက အဲ့ခွေးလေးကို အရမ်းချစ်တာ… ကျွန်တော့်ဒဏ်ရာတွေကို လာလာထိနေတာတော့ ထိန်းမရခဲ့ဘူး၊ ကျွန်တော် လှေကားပေါ် ကတောင် ခြေချော် ပြုတ်ကျလိုက်သေးတယ်… မစ္စတာကုက ဖမ်းထိန်းပေးပြီး ညင်ညင်သာသာလေး နှစ်သိမ့်ပေးလိုက်သေးတယ်…”
ကုယီလန် : “……”
ထိုအချိန်တွင် အိမ်တော်ထိန်း ဖြတ်သွားချိန်နှင့် တိုးသွားခဲ့သည်။ သူသည် ပုံမှန်အတိုင်း သခင်လေးကုအား စာရွက်စာတမ်းများ ကူစီပေးရန် လာခဲ့သော်လည်း အသံဖမ်းစက်ဖွင့်ချိန်နှင့် ကွက်တိဖြစ်သွားခြင်းပင်။
သူ့မျက်နှာတစ်ပြင်လုံးတွင် မေးခွန်းများနှင့် ချက်ချင်းပြည့်နှက်သွားခဲ့သည်:???
ဤအိမ်ကြီး၌ နှစ်ပေါင်းများစွာ အလုပ်ကျွေးပြုခဲ့ပြီးသည့်တိုင် သူ့ကိုယ်သူ ခေတ္တမျှ သံသယဝင်မိသွားသည်။
'ဒီအိမ်မှာ ကုဆိုတဲ့မျိုးရိုးနာမည်နဲ့ လူတစ်ယောက်ဘဲ ရှိတာပါ၊ ဟုတ်တယ်မလား?'
'ပြီးတော့ မစ္စတာကုလို့ လူတွေ ရိုရိုသေသေခေါ်ကြတာလည်း တစ်ယောက်ထဲပဲရှိတာပါ၊ ဟုတ်တယ်မလား?'
" မစ္စတာကုက ကျွန်တော့်ကို အိပ်ယာတိုင်မှာ ပြန်ချိတ်ထားလိုက်တယ်၊ ကျွန်တော် အတော်လေး ပျော်ရွှင်ရပါတယ်၊ ကျွန်တော့်ကို ဘယ်သူနဲ့မှလည်း စကားပြောခွင့်မပြုတော့ ကျေနပ်မိတယ်၊ မစ္စတာကုပြောတာတော့ ကျွန်တော်က သူ့လက်အောက်က ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူးတဲ့၊ ကျွန်တော်က မစ္စတာကုကို ဒီတစ်သက် ချန်ထားခဲ့မှာမဟုတ်ဘူး၊ သေသွားခဲ့ရင်တောင် မထားခဲ့ဘူး"
ကုယီလန် : “……”
တိုတောင်းသောနေ့စဉ်အကျဉ်းချုပ်သည် ဝန်ခံချက်၊ မြှောက်ပင့်ပေးစာနှင့် လေးလေးနက်နက် အရိုအသေပေးသည့်အသံ စသည်ဖြင့် တစ်သံတည်းကို ရောနှောကာ တစ်နည်းနည်းဖြင့် အသံထွက်ပေါ်လာခဲ့ပေသည်။
ထူးခြားသည့် ပါရမီရှင်၏လက်ရာပင်။
အသံဖမ်းထားခြင်းမှာ ထိုနေရာ၌ ပြီးဆုံးသွားသည်။
ကုယီလန်၏ မေးကြော အနည်းငယ် တင်းတောင့်သွားသည်။ သေချာသည့်အရာတစ်ခုမှာ သူ ထိုအသံဖိုင်အား နောက်တစ်ကြိမ် ထပ်နားထောင်တော့မည်မဟုတ်။
သူသည် ထိုအသံဖမ်းစက်အား ကောင်လေးထံသို့ ပြန်ပစ်ပေးလိုက်ကာ ပြောင်းလဲမသွားသော လေသံဖြင့် ပြောလိုက်သည်။ "ဒီနေ့လည်း နောက်တစ်ခါထပ်လုပ်"
စုကျီဆွေ့ ပြန်ပစ်ပေးလိုက်သည်ကို လက်နှစ်ဖက်ဖြင့် လက်ခံထားလိုက်ပြီး ချက်ချင်း မတုံ့ပြန်ပေ။ ထိုအစား သူသည် ကုယီလန်အား မျက်လုံးလေးများ ဝင်းလက်ကာ မျှော်လင့်တကြီး မျှော်ကြည့်နေလျက်ရှိသည်။ ထိုသူမှာ တစ်ခုခုအား မေ့ကျန်နေသေးသကဲ့သို့ပင်။
သူ၏အလိုဆန္ဒကို ဆန့်ကျင်လျက် လင်းလက်နေသော မျက်ဝန်းအကြည့်များအောက်တွင် အသံသွင်းခြင်းမှ စကားတစ်ခွန်းသည် ကုယီလန်၏ စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
" ကျွန်တော်က မစ္စတာကုကို ဒီတစ်သက် ချန်ထားခဲ့မှာမဟုတ်ဘူး၊ သေသွားခဲ့ရင်တောင် မထားခဲ့ဘူး "
စိတ်ရူးဖောက်ကာ စွဲလမ်းတကြီးဖြစ်စေသော စကားပင်လျှင် ထိုကောင်လေး၏အသံကြောင့် ကြတ်သီးထဖွယ်အလျင်းမရှိပေ။ သဘာဝကျသကဲ့သို့ပင် ခံစားရသည်အထိ ဖြစ်နေလေသည် –– စည်းဘောင်ထဲမှ စကားကဲ့သို့ပင်။
ကာကွယ်ရခက်သည့် အခက်အခဲဆုံး တိုက်ခိုက်မှု နှစ်မျိုး ရှိ၏။
တစ်ခုသည် အလွန်မြန်လွန်း၍ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
နောက်တစ်ခုမှာကား အလွန်နှေးကွေး၍ သတိထားရန် မေ့လျော့နေတတ်၏။
ကုယီလန်သည် ထိုအပြစ်ကင်းစင်လှသော မျက်ဝန်းလေးများအား အတော်ကြာစိုက်ကြည့်ပြီး နောက်ဆုံး၌ သူ့နှုတ်ခမ်းပါးကို ဖွင့်ကာ အေးတိအေးစက်ပြောလိုက်သည်။
"...တော်တယ်"
ထိုစကားလုံးထွက်ကျလာသည်နှင့် စုကျီဆွေ့၏ နားရွက်လေးများမှာ ရဲတွတ်သွားပြီး သူ့မျက်လုံးလေးများသည်လည်း ရွှင်မြူးကာ လခြမ်းသဏ္ဌာန်ပေါ်သည်ထိ ပြုံးနေလေသည်။ သူ့တစ်ကိုယ်လုံး၌ ပျော်ရွှင်မှုများ ဖြာထွက်နေလေ၏။
သို့ပေမဲ့ သူ ကြာကြာပင် မပျော်လိုက်ရသေးမီမှာပင် သူ့အထက်မှ အမျိုးသားက ထပ်ပြောလေသည်။
"ဒီလိုအသံသွင်းတယ်ဆိုတာ အစပဲရှိသေးတယ်၊ ငါတို့ လက်ထပ်ပြီးတာနဲ့ မင်းကိုငါနဲ့ပဲ တစ်ချိန်လုံး ကပ်နေခိုင်းတော့မှာ၊ ငါသွားတဲ့နေရာတိုင်း မင်းလည်းသွားရမယ်"
ကုယီလန်၏အသံသည် ပျင်းရိပျင်းတွဲဖြင့် အေးစက်သောအနားသတ်များလည်း ပါဝင်နေပေသည်။ ၎င်းတို့၏ သွားများသည် အမြဲနီးကပ်နေသောကြောင့် စကားနူးနူးညံ့ညံ့ပြောနိုင်သည်အား သိရှိနေသော ဝံပုလွေအိုတစ်ကောင်ကဲ့သို့ပင်။
စုကျီဆွေ့ တုန်လှုပ်သွားသည်။
သူ ကုယီလန်အား တစ်ချက်ကြည့်လိုက်သည်။ ထိုသူသည် အချိန်တိုင်း အပြင်သို့ သွားလိုက်လာလိုက် လုပ်နေရသူ၊ ထို့နောက် သူ့ကိုယ်သူပြန်တွေးမိသွားသည် — သူ့အခန်းထဲမှ အပြင်ကို ခြေလှမ်းရုံမျှ လှမ်းရဲသူပင် ။
သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုသည် ကြောက်ရွံ့ခြင်းနှင့် စိတ်မသက်မသာဖြစ်မှုဆီသို့ ကူးပြောင်းသွားသည်။
ကုယီလန်၏ မိန်းမောနေသော အကြည့်တို့သည် ကောင်လေး၏မျက်နှာပေါ်တွင်သာ အခြေကျနေသည်။
ပြောင်းလဲသွားသည့် ခံစားချက်မျိုးစုံကို အေးစက်စက်နှင့်ပင် ခန့်မှန်းနေလိုက်သည်။
သူ့မျက်လုံးကို အနည်းငယ် မှေးကျဉ်းလျက် သူ့နှုတ်ခမ်းများအား တင်းတင်းပူးကပ်ထားပြီးမှ နောက်ဆုံး၌ ကရုဏာထားပေးကာ ပြောလိုက်သည်။ " သွားတော့ "
စုကျီဆွေ့ နောက်သို့လှည့်ကာပြေးသွားလေတော့သည်။ သူ၏နောက်ကျောသည်ပင် ကြောက်လန့်နေသည့်အရိပ်အယောင် ပေါ်နေလေသည်။
ကုယီလန်သည် ထိုကောင်လေး လွတ်ပြေးသွားသည်အား ကြည့်နေလိုက်ပြီးမှ သူ့ဖုန်းကို ဖြေးဖြေးချင်း ဆွဲထုတ်လိုက်သည်။
ပထမတွင် စုကျီဆွေ့၏ WeChat ကို "စာပို့ရန်အတွက်သာ" ဟု ပေါ့ပေါ့တန်တန် သတ်မှတ်ခဲ့သည်။ ယခုမူ သူ၏ "အွန်လိုင်းလုပ်ဆောင်နိုင်မှု" ကို မြှင့်တင်ရန်အတွက် သူ၏ Moments ကို ဖွင့်ဟလိုက်သည်။
သူ့အိပ်ခန်းအတွင်းသို့ ပြန်ရောက်သွားချိန်၌ စုကျီဆွေ့သည် သူ့နောက်မှ တံခါးကိုပိတ်လိုက်ပြီး သူ့နှလုံးသည် ပြင်းပြင်းထန်ထန် ခုန်နေလျက်ရှိသည်။
သူသည် အပြင်သို့ ခြေချရသည့်အတွက် စိုးရိမ်သောကရောက်နေသည်ကို ခံစားနေရသည် — သို့သော် ကူယီလန်၏ Momentအား ကြည့်ခွင့်ရလိုက်သည်ဟူသော အတွေးကြောင့် ခံစားချက်သည် ပို၍ပင်အဆင်ပြေလာသည် ။
သူသည် မကောင်းသည့်အရာများအား မေ့ဖျောက်သည့်နေရာတွင် တော်လွန်းသူဖြစ်သည်။ ထို့အပြင် နောက်ထပ်အပိုင်းသည် ဝေးလှသည့် အနာဂတ်တွင်သာ ဖြစ်မည်။
သိပ်မကြာမီတွင် စိတ်မလုံခြုံမှုသည် စိတ်လှုပ်ရှားမှုနှင့် အပြည့်အဝ အစားထိုးသွားခဲ့သည်။
စုကျီဆွေ့သည် သူ့အိပ်ယာပေါ်သို့ ထိုင်ချလိုက်ပြီး အိပ်ယာတိုင်တွင် သူ့ကိုယ်သူ လက်ထိပ်ပြန်ခတ်လိုက်ကာ တဒုန်းဒုန်း ခုန်ပေါက်နေသော သူ့နှလုံးသားအား တည်ငြိမ်စေရန် ကြိုးစားနေလိုက်သည်။
ခဏကြာသွားသည့်တိုင် အေးချမ်းစွာအနားမယူနိုင်သေးပေ။ ထို့ကြောင့် သူသည် မျက်နှာကို သုတ်သင်လိုက်ပြီး လာပို့ထားသော မနက်စာကို စားလိုက်သည်။
အပြီးသတ်၌ သူ၏စိတ်ခံစားချက်များ အနည်းငယ် ငြိမ်ကျသွားသည်နှင့် သူ့ဖုန်းကို ကရုတစိုက်ဖွင့်လိုက်ပြီး ကုယီလန်၏ WeChat ပရိုဖိုင်ကို နှိပ်ကြည့်လိုက်သည်။
သေချာသလောက်ပင် သူ၏ Moments ကိုဖွင့်ထားပေးခဲ့သည်။ ထို့နောက် လွန်ခဲ့သည့်ရက်အနည်းငယ်မှ တင်ထားသည့်ပုံတစ်ပုံပင် ရှိနေသေးသည်!
စုကျီဆွေ့၏မျက်ဝန်းများတွင် ပျော်ရွှင်မှုနှင့် ပြည့်နှက်နေကာ သူ့ဖုန်းကို ဖက်လျက်သားဖြင့် နူးနူးညံ့ညံ့အိပ်ယာပေါ်သို့ လှဲချလိုက်သည်။ သူ၏ သွယ်လျသော ခြေထောက်လေးများသည်လည်း စိတ်လှုပ်ရှားမှုဖြင့် ယိမ်းထိုးနေလေသည်။
'နက္ခရူပဗေဒရဲ့ ကြီးမားလှတဲ့ အရှိန်အဝါကို ကျေးဇူးတင်ပါတယ်!'
ကုယီလန်၏ Moment အား ဝင်မွှေခြင်း၏ မူလရည်ရွယ်ချက်ကို မမေ့သေးပေ။ မျက်နှာသာပေးမှုကို တိုးမြှင့်ရန် ပထမဆုံးအကြံပြုချက်၌ သူတင်ထားသော ပိုစ့်များတွင် အထူးတလည် ကောမန့်များ ဝင်မန့်ခြင်းပင်။
သူ မနေ့ညက သိမ်းထားခဲ့သော "စိတ်ပိုင်းဆိုင်ရာအရ ထက်မြတ်သောစကားစုများ" ကို စိတ်ထဲမှ ပြန်မြင်ယောင်လျက် သူ၏ ပါးမို့လေးများ ဖောင်းတက်လာသည်။
အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် သူသည် ဖုန်းမျက်နှာပြင်ကို တောက်လိုက်ပြီး ကုယီလန်၏ တစ်ခုထဲသောပိုစ့်ကို ထောက်ဖွင့်လိုက်သည်။
ထို့နောက်တွင်...သူ၏အမြင်အာရုံမှာ မှောင်ကျသွားခဲ့သည်။
ပုံသည် အနက်ရောင်နောက်ခံတွင် အဖြူရောင်စာသားဖြစ်ပြီး၊ အင်္ဂလိပ်စာပိုဒ်အပြည့်တို့ဖြင့် ပြန့်ကျဲနေလျက် ရှုပ်ထွေးနေသော ရူပဗေဒညီမျှခြင်းများစွာသည်လည်း ကပ်လျက်လိုက်ပါလာသည်။
စာသားများနှင့် ညီမျှခြင်းများသည် အောက်လမ်းကျိန်စာများကဲ့သို့ပင် ရောထွေးနေလေသည် — မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင်။
စုကျီဆွေ့သည် အင်္ဂလိပ်ဟူ၍ တစ်လုံးမှမသိချေ။
မဟာအရေးတော်ပုံကြီး မပြီးဆုံးခင် နတ်ရွာစံသွားသော ဧကရာဇ်တစ်ပါးကဲ့သို့ပင် —
သူသည် လျှို့ဝှက်ဆန်းကြယ်သော စာလုံးများကို စက္ကန့်အနည်းငယ်ကြာ မျက်လုံးပြူးတူးတူးဖြင့် ကြည့်ကာ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီး ပုံကို ချက်ချင်း သိမ်းဆည်းခဲ့လိုက်သည်။
ပြီးနောက် သူ့အစ်ကိုထံသို့ လှမ်းပို့လိုက်သည်။
[(o^^o):ကိုကြီး၊ ကျွန်တော်ဒါကို ဘယ်လိုဖတ်ရမှာလဲ? [ပုံပို့လိုက်သည်]]
မိနစ်အနည်းငယ်စောင့်ပြီးနောက်တွင် စုမင်ယွီ စာပြန်ပို့လိုက်သည်။
[ကိုကြီး: ငါဘွဲ့ရပြီးတာနဲ့ မိသားစုလုပ်ငန်းကို ဦးဆောင်ဖို့အတွက် အိမ်ကိုပြန်သွားပါတယ်လို့ မင်းကိုမပြောခဲ့ဘူးလား?]
စုကျီဆွေ့ : …
သူ့ကိုကြီးဆီမှ အကူအညီတစ်စုံတစ်ရာမျှ ရမည်မဟုတ်ကြောင်း ရှင်းလင်းသွားသည့်အခါမှ စုကျီဆွေ့သည် ရွေးချယ်စရာမရှိတော့၍ အင်တာနက်ပေါ်မှ ဘာသာပြန် app များကို ဒေါင်းလုပ်လိုက်ရတော့သည်။
ကံမကောင်းစွာဖြင့်၊ ပုံသည် ရူပဗေဒ ဗန်းစကားများဖြင့် ပြည့်နေလေသည်။ ဘာသာပြန်လိုက်သည့်အခါ “ဝက်အူအရှည်ကြောင့် No.42 ကွန်ကရစ်နှင့် ရောထားသော Spaghetti” စသကဲ့သို့သော လုံးဝအဓိပ္ပါယ်မဲ့သည့် စာသားများသာ ပေါ်လာသည်။
စုကျီဆွေ့သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏နက်မှောင်သောဆံပင်ကို ရှုပ်ပွစွာ ကုတ်နေသည့်အချိန်တွင် သူ့ဖုန်းမြည်လာသည်-
[。:.]
တစ်ဖက်လူသည် သူတို့အသုံးပြုသည့်နာမည်များကဲ့သို့ အေးစက်ပြီး သိပ်မထူးမခြားသည့် အချိန်တွင် ပို့လိုက်သော်လည်း စုကျီဆွေ့အတွက်မူ ထိုအချိန်လေးသည် အသက်သွေးကြောကဲ့သို့ပင် ခံစားလိုက်ရသည်။
သူ လျင်မြန်စွာ ပြန်စာပို့လိုက်သည်။
[(o^^o): အွန်း]
[。: ?]
စုကျီဆွေ့သည် စကားပြောထားသည့် မှတ်တမ်းကို ပြန်လှန်ကြည့်လိုက်ကာ တစ်ဖက်လူမှ မည်သည့်အတွက်ကြောင့် စာပို့သည်ကို ခန့်မှန်းရန် ကြိုးစားလိုက်သည်။ သဘောပေါက်သွားသည်နှင့် သူ ခပ်သွက်သွက် စာပြန်ရိုက်လိုက်သည်။
[(o^^o): ခင်ဗျားနည်းလမ်းက အလုပ်ဖြစ်တယ်! [bunny bowing.jpg]]
[。: ဆိုတော့?]
စုကျီဆွေ့ ပေကပ်ကပ်ဖြစ်သွားသဖြင့် အပေါ်သို့ ထပ်လှန်ကြည့်လိုက်ပြီးမှ နားလည်သွားတော့သည်။
[(o^^o): ကျွန်တော် ခုချိန်ကစပြီး ခင်ဗျားပြောသမျှ အကုန်လုပ်ပါ့မယ်၊ ဦးလေး]
စာရိုက်နေသည်ဟူသောညွှန်ပြချက်သည် မရပ်မနား တလှုပ်လှုပ် ဆက်တိုက်ပေါ်နေသည်ကိုကြည့်လျှင် —တစ်ဖက်လူတွင် ပြောစရာရှိသည်မှာ သိသာလှသည်။ သို့ပေသည့် “ဦးလေး” ဟူသည့် စကားလုံးတစ်လုံးက စကားပြောနေသည်ကို တစ်မိနစ်မျှ ငြိမ်သက်သွားစေခဲ့သည်။
ခေတ္တရပ်သွားခြင်းကို အခွင့်ကောင်းယူပြီး တစ်ဖက်လူက ပြန်မဖြေမှီ စုကျီဆွေ့က ခပ်သွက်သွက်လေး စာရိုက်လိုက်သည်။
[(o^^o): ဦးလေး၊ ကျွန်တော့်ကို ဘာသာပြန် app ကောင်းကောင်းလေးတစ်ခုလောက် ရှာပေးပါလား?]
[(o^^o): ရူပဗေဒ အသုံးအနှုန်းတွေကို ဘာသာပြန်ပေးနိုင်တာလေးလေ]
[。: ?]
[(o^^o): လုပ်ပါနော်၊ နော်လို့~ [bunny bowing.jpg]]
[。: …]
ထိုတစ်ယောက် ပုဒ်ဖြတ်ပုဒ်ရပ်ဖြင့် ပို့လိုက်ချိန်တိုင်း ဖုန်းနိုတီတွင် ထူးဆန်းသည့် သင်္ကေတသုံးခု ပေါ်ပေါ်လာတတ်သည်။ ယင်းက ကြောင်တောင်တောင်နိုင်လှသည်။
[。: DeepL Translator၊ Linguee၊ Physics Dictionary အဲ့တာတွေစမ်းသုံးကြည့်လိုက်.]
သူသည် အကြောင်းအရာများကို မှန်မှန်ပြောရန် နှေးကွေးသဖြင့် စာကြိုရိုက်ထားတတ်သည့် အလေ့အကျင့်တစ်ခုရှိသည်၊ ထိုမှသာ သူသည် သာမန်လူတစ်ယောက်ကဲ့သို့ ချက်ချင်းစာပြန်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် စာရောက်လာသည်နှင့်ချက်ချင်း သူပို့လိုက်သည်။
[(o^^o): ကျေးဇူးတင်ပါတယ်၊ ဦးလေး ကျွန်တော် စာသွားလုပ်လိုက်ဦးမယ်နော်!]
သူသည် အလွန်စိတ်ပိုင်းဖြတ်ထားပြီး ယခုအချိန်တွင် ပို၍စိတ်အားထက်သန်လာသောကြောင့် WeChat ကိုပိတ်ကာ ဘာသာပြန် app များထဲသို့ ဝင်လျက် ခက်ခဲသောစာသားများကို ချိုးဖျက်ကာ "တစ်စုံတစ်ဦး၏သူငယ်ချင်းအသိုင်းအဝိုင်းတွင် အထူးတလည် အထင်ကြီးစေရန်" ဟူသော ပန်းတိုင်သို့ ရောက်စေရန် ကြိုးစားလေသည်။
ကံမကောင်းစွာဖြင့် ကုယီလန် ရှယ်ထားသော မည်သည့်စာရွက်မဆို ယုံချင်စရာမရှိအောင်ပင် ဝါးတားနေပြီး ရှုပ်ထွေးလျက်ရှိသည်။
စုကျီဆွေ့ အရုဏ်တက်ချိန်မှ မွန်းတည့်ချိန်အထိ DeepL Translator ပြေးလိုက် Physics Dictionary ပြေးလိုက်နှင့် အလုပ်ထဲတွင် သူ့ကိုယ်သူနစ်မြုပ်ထားလိုက်သော်ငြားလည်း တိုးတတ်မှုတစ်စုံတစ်ရာမရှိပေ။
ထို့နောက်တွင် သူ့ဖုန်းမှ အသံမြည်လာပြန်သည်။ ယခုအကြိမ်သည် အိမ်တော်ထိန်းဆီမှ စာတစ်စောင်ဖြစ်နေလေသည်။
[AAA အိမ်တော်ထိန်း : သခင်လေး၊ အခုဘာလုပ်နေတာလဲဗျ?]
[(o^^o): စာလုပ်နေတာလေ.]
[AAA အိမ်တော်ထိန်း: ဘာစာတွေများလုပ်နေတာလဲ?]
အိမ်တော်ထိန်းသည် စကားစမြည်ပြောရင်း ကောင်လေးအား ခေတ္တအနားယူရန်အတွက် ကမ်းလှမ်းရန် စကားပလ္လင်ခံနေခြင်းသာဖြစ်သည်။
သို့သော် စုကျီဆွေ့သည် သဲလွန်စအား မည်သို့မျှ မရိပ်မိခဲ့ပေ။
သူ ခေတ္တမျှ စဉ်းစားပြီးနောက် အတည်ပေါက်နှင့် စာပြန်ရိုက်လိုက်သည်။
[(o^^o): အင်္ဂလိပ်စာလုပ်နေတာ]
[AAA အိမ်တော်ထိန်း : ???]
'...ဘာတွေလဲ?'
[AAA အိမ်တော်ထိန်း : မပင်ပန်းဘူးလား၊ သခင်လေး? အောက်ထပ်ဆင်းလာပြီး ခဏလောက် အပန်းဖြေပါ့လား?]
[(o^^o): အောက်ထပ်မှာ လူတွေနဲ့လေ.]
[AAA အိမ်တော်ထိန်း : ဘယ်သူတွေလဲ? ကျွန်တော်တစ်ယောက်တည်းရှိတာပါ.]
[AAA အိမ်တော်ထိန်း : သခင်လေးကုလည်း မကြာခင် နေ့လည်စာစားဖို့ ပြန်လာတော့မှာ၊ သခင်လေးကုကို လက်မထပ်ချင်ဘူးလား? အောက်ထပ်ဆင်းလာပြီး သူ့အတွက် တစ်ခုခုချက်ပေးလိုက်ပါလား? သူ့ကို ဟင်းချက်လက်ရာကောင်းကောင်းနဲ့ အပိုင်သိမ်းလိုက်ပါလား]
စုကျီဆွေ့ သူ၏ထူထဲနက်မှောင်သော မျက်တောင်လေးများကို ခတ်လျက် ဆွဲဆောင်ခံလိုက်ရသည်။
တစ်စုံတစ်ဦး ဗိုက်ဆာနေချိန်တွင် ချက်ပြုတ်ပေးခြင်းသည် ချစ်ခြင်းမေတ္တာနှင့် ပြုစုပျိုးထောင်ပေးခြင်း၏ ဒုတိယနည်းလမ်းဖြစ်သော "လိုအပ်နေချိန်တွင် ကူညီရန် အသင့်ရှိနေခြင်း" နှင့် ကွက်တိဖြစ်နေလေသည်။
ချစ်ခြင်းမေတ္တာဗျူဟာသုံးခုထဲမှ တစ်ခုမှ အလုပ်မဖြစ်ဟု သူထင်ခဲ့သော်လည်း ရုတ်တရက် အခက်ခဲများအား ကျော်လွန်ပြီး သုံးခုစလုံး ချောချောမွေ့မွေ့ ဖြစ်သွားလေသည်!
'အင်တာနက်ပေါ်က လူတွေက တော်တော့်ကို တော်တဲ့လူတွေပဲ!'
စုကျီဆွေ့ ရိုးရိုးရှင်းရှင်းပင် စာပြန်လိုက်သည်။
" အိုကေ "
အိမ်တော်ထိန်းသည် မီးစိမ်းသွားသည်ကို ကြည့်လျက် ထိုအချက်များအား ချက်ချင်းပင် လုပ်ဆောင်ခဲ့သည် ။ပထမအဆင့်- ပထမထပ်ရှိ သန့်ရှင်းရေးဝန်ထမ်းများအား ထုတ်ပယ်ရန်။ ဒုတိယအဆင့်- အပေါ်ထပ်သို့တက်ကာ စုကျီဆွေ့၏လက်ထိတ်များအား သော့ဖွင့်ပေးရန်။ တတိယအဆင့်- ကြိုတင်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ထုတ်ထားရန်။
အရာအားလုံးသည် လျင်မြန်စွာနှင့် ထိထိရောက်ရောက် ရွေ့လျားနေသည်။
ထို့နောက် စုကျီဆွေ့ သတိရသွားသည်။
သူ မည်သို့ချက်ပြုတ်ရမည် မသိပေ။
အိမ်တော်ထိန်း : …
နောက်ဆုံးတွင် စားဖိုမှူးနှစ်ယောက်သည် အွန်လိုင်းမှ ကျပန်းချက်ပြုတ်နည်းတစ်ခုအား ရှာတွေ့ပြီး စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ခက်ခဲသောအချိန်သည် အပူတပြင်းလုပ်ဆောင်ရမည့်အရာများကို ဆွဲဆောင်လျက်ရှိသည်။ သူတို့သည် အရိုးရှင်းဆုံး ဟင်းလျာဖြစ်သည့် ကြက်ဥခရမ်းချဉ်သီးစွပ်ပြုတ်ကို ရွေးချယ်လိုက်ကြသည်။
"သခင်လေး" အိမ်တော်ထိန်းက အကြံဉာဏ်စကား အနည်းငယ်ပြောရန် အခွင့်အရေးကို အမိအရယူလိုက်ပြီး ပြောလိုက်သည်။
"သခင်လေးကုမှာ မင်းကို လက်မထပ်ချင်တဲ့ အကြောင်းပြချက်တော့ရှိမှာပဲ၊ သူ့ကို အပြစ်မတင်ပါနဲ့... ဒါပေမဲ့ လက်မလျှော့လိုက်နဲ့ဦး"
သို့သော် စုကျီဆွေ့သည် ဟင်းချက်ရာ၌ သေချာအာရုံစိုက်နေသဖြင့် စကားတစ်လုံးမှ မကြားလိုက်ပေ။ သူသည် သူ့ကိုယ်သူ ခပ်တိုးတိုးပြောလိုက်သည်။
"ဆားနည်းနည်းထပ်ထည့်..."
"ပြီးတော့ ဘောင်အတွင်းမှာပဲ နေပါ၊ အမြဲတမ်း လုံခြုံတဲ့ စကားလုံးတစ်လုံး ဆောင်ထားပါ"
"ရေဆူအောင်တည်...ပြီးရင် မီးအေးအေးနဲ့ ဆက်တည်ထားလိုက်"
နောက်ဆယ့်ငါးမိနစ်အကြာ၌ အငွေ့တထောင်းထောင်းထနေသည့် ကြက်ဥခရမ်းချဉ်သီးစွပ်ပြုတ်တစ်ပန်းကန်သည် အဆင်သင့် ဖြစ်နေလေ၏။
စုကျီဆွေ့သည် မှတ်ဉာဏ်အလွန်ကောင်းလှသည်။ စာရင်းထဲမှ ဒုတိယအချက်ဖြစ်သည့် “သူဒုက္ခရောက်နေချိန်မှာ အမြဲရှိနေပေးပါ” ဆိုသည့်အချက်ကို သူမမေ့ခဲ့ချေ။
မည်သည့်ပြဿနာမျှမရှိပေ…သို့ဖြစ်ပါလျှင့ ပြဿနာအချို့အား သူကိုယ်တိုင် ဖန်တီးလိုက်ရုံပင်။
ထို့ကြောင့် သူသည် ရေခဲသေတ္တာထဲမှ အအေးများနှင့် ရေသန့်ဘူးအားလုံးကို တိတ်တဆိတ်ယူပြီး ထမင်းစားခန်းထဲရှိ ဗီရိုထဲ၌ ဝှက်ထားလိုက်လေသည်။
"မင်းက အရမ်းဉာဏ်ပြေးတာပဲ၊ သခင်လေး"
အိမ်တော်ထိန်းက ပြုံးပြပြီး ပုလင်းများကို သယ်ပေးလျက် ပြောလိုက်သည်။ သူသည် ထမင်းစားပွဲဘေးမှ ဖြတ်လျှောက်လာစဥ်အတွင်း အခန်းအပူချိန်အတိုင်း ထားရသည့် လက်ဖက်ရည်အိုးရှိ ရေများကိုပင် သွန်ချလိုက်သေး၏။
နှစ်ယောက်သား သန့်ရှင်းရေးလုပ်ပြီးသည်နှင့်တပြိုင်နက် ကုယီလန်သည်လည်း အချိန်ကိုက် အိမ်ပြန်ရောက်လာလေသည်။
"ဒီအောက်မှာ ဘာလုပ်နေတာလဲ"
ကုယီလန်သည် ကောင်လေးကို ခေတ္တကြည့်လိုက်ပြီး ထမင်းစားခန်းသို့ လျှောက်ဝင်သွားကာ လုပ်နေကျအတိုင်း ရေခဲသေတ္တာဆီ တန်းသွားလိုက်သည်။
ထို့နောက် သူမြင်လိုက်ရသည်မှာ — အလွန်ရေငတ်နေသော တစ္ဆေတစ်ကောင်မှ မွှေနှောက်ရှာဖွေသွားသကဲ့သို့ — လုံးဝဗလာကျင်းနေခဲ့၏ ။
ကုယီလန် : “……”
အိမ်တော်ထိန်း : " သခင်လေးက အပေါ်ထပ်မှာ နေရထိုင်ရကြပ်တယ်ဆိုလို့ အောက်ထပ်ကို ခဏဆင်းလာခွင့်ပြုလိုက်မိတာပါ "
ဘေးတွင်ရပ်လျက်သားနှင့် စုကျီဆွေ့သည် နာခံစွာ “စွပ်ပြုတ် နည်းနည်းသောက်ကြည့်ပါ” ဟု ကမ်းလှမ်းလိုက်သည်။
ကုယီလန်၏ ပါးလွှာလွှာနှုတ်ခမ်းသည် မာကျောသည့်မျဉ်းကြောင်းတစ်ခုအသွင် ဖိကပ်သွားသည်။ ရေခဲသေတ္တာအား အသံကျယ်ကျယ်နှင့် တွန်းပိတ်လိုက်ပြီး သူ့အသံကို မသဲမကွဲပြောလိုက်သည်။
"ကောင်းပြီ"
အချက်ပြသည်ကို လက်ခံရရှိပြီးနောက် အိမ်တော်ထိန်းက မီးဖိုချောင်မှ ကြက်ဥခရမ်းချဉ်သီးစွပ်ပြုတ်အား အလျင်အမြန်ယူလာကာ စားပွဲအလယ်တွင် ချပေးလိုက်ပြီး သူ၏အထက်လူကြီးနှင့် သခင်လေး နှစ်ဦးစလုံးအား ကျွေးမွေးဧည့်ခံလိုက်သည်။
သူတို့စောင့်နေစဉ်၌ ကုယီလန်က သူ့ဖုန်းကို ကြည့်လိုက်ပြီးမှ စုကျီဆွေ့ဘက်သို့ မျက်လွှာပင့်ကြည့်လိုက်သည်။
"မင်းစိတ်လှုပ်ရှားနေတာလား"
သူပြောလိုက်သည်။
သူ၏လေသံသည် တည်ငြိမ်နေသော်ငြားလည်း သူ၏သဘာဝအရအေးစက်သော အသံအရ နိမိတ်မကောင်းသကဲ့သို့ပင် ကျောရိုးတစ်လျှောက် အေးခနဲ စိမ့်ဝင်သွားရသည်။
သူသည် စုကျီဆွေ့၏ နှလုံးခုန်နှုန်းကို စောင့်ကြည့်နေလျက်ရှိသည်။
ကောင်လေးသည် သူ၏ နှလုံးခုန်နှုန်းတိုင်းကိရိယာကို မည်သည့်အခါမျှ မချွတ်ခဲ့ဖူးပေ၊ ကုယီလန်လည်း ယခင်က ထိုအရာများကို သိပ်အာရုံမစိုက်ခဲ့ချေ။ အလုပ်များလွန်းပြီး မလိုအပ်ဟုလည်း ထင်ခဲ့မိသည်။
သို့သော် ယခုအခါ၌ သူသည် ပိုမိုခဲယဉ်းသော ရပ်တည်မှုကို ရွေးချယ်ရန်ဆုံးဖြတ်လိုက်သည်။ ရှေ့တွင်သာမက နောက်ကွယ်တွင်ပါ အသုံးဝင်သည့် ပစ္စည်းတိုင်းအား အသုံးပြုချိန် ရောက်ခဲ့ပြီဖြစ်သည်။
စုကျီဆွေ့ ခေတ္တတန့်သွားပြီးနောက် သူ၏ ပိန်လျသောလက်လေးကို သူ၏ရင်ဘတ်ပေါ်သို့ ဖိထားလိုက်သည်။
နှလုံးသည် တဒုန်းဒုန်းဖြင့် အဆက်မပြတ်ခုန်နေလေသည်။
ထို့ကြောင့်ပင် သူ အသက်ရှူမဝဖြစ်နေသည်မှာ အထူးအဆန်းမဟုတ်တော့ပေ။
ထိုအချိန်တွင် အိမ်တော်ထိန်းသည် စွပ်ပြုတ်ထည့်ခြင်းကို အပြီးသတ်ကာ သခင်လေးနှစ်ယောက်လုံးရှေ့တွင် ပန်းကန်လုံးများကို ချထားပေးလိုက်သည်။
ကုယီလန်သည် တစ်ငုံသောက်လိုက်ရင်း စုကျီဆွေ့၏ မျက်နှာထားကို အကဲခတ်နေလေသည်။
ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ သူသည် တောင့်တင်းသွားသည်။ သူ၏နှုတ်ခမ်းများပင် ချက်ချင်း ပူးကပ်သွားသည်။ သူသည် ခံစားချက် တစ်စုံတစ်ရာမျှ မရှိဘဲ ဇွန်းကို အောက်ချလိုက်ပြီး ဖန်ခွက်ကို အလိုလို လှမ်းယူလိုက်သည်။
ဖန်ခွက်နှင့် လက်ဖက်ရည်အိုးတို့သည် ရေခဲသေတ္တာကဲ့သို့ပင် ဗလာဖြစ်နေသည်ကိုသာ တွေ့ရှိခဲ့ရသည်။
ကုယီလန်သည် ခွက်အလွတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကောင်လေးကို လှန်ကြည့်လိုက်သည်။ "စွပ်ပြုတ်က မင်းချက်တာလား"
စုကျီဆွေ့၏နားရွက်လေးများ ရဲတွတ်လာပြီး ရှက်ရှက်နှင့် ခေါင်းလေးညိတ်လိုက်သည်။
ကုယီလန်က ထပ်မေးမြန်းလိုက်သည်။
" မင်းဟင်းချက်လက်ရာကောင်းတယ်လို့ ဘယ်သူမှ မပြောဖူးကြဘူးလား?"
ပင်လယ်ရေထက်ပင် ပိုလေးသော စွပ်ပြုတ်ကို သောက်ထားရသဖြင့် သူသည် ကောင်လေးထံမှ " မပြောဘူး " ဟု ငြင်းမည်ကို အပြည့်အဝ မျှော်လင့်ထားသည်။
သူသည် နောက်ထပ် ခွန်းတုန့်ပြန်ရန်ပင် ပြင်ဆင်ထားပြီးသား ဖြစ်နေသည်။
" ဒါဆို ဘာလို့များ ဆက်ချက်နေသေးလဲ?"
သို့သော် စုကျီဆွေ့သည် လက်ချောင်းလေးများ ထောင်ကာ အတည်ပေါက် စရေတွက်လေတော့သည်။
" ဖေဖေ၊ မေမေ၊ ကိုကြီးရယ်...ပြီးတော့ အိမ်တော်ထိန်းဦးလေးကြီးရယ်"
ကုယီလန် : “……”
ကုယီလန် : " မင်း အခုချိန်ကစပြီး မီးဖိုချောင်ထဲ ခြေမချနဲ့တော့"
စုကျီဆွေ့ သူ့လက်ချောင်းလေးများကို ဒုတိယအကြိမ် ထပ်စစ်ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။
" အိုကေ "
ကံကောင်းထောက်မစွာဖြင့် ကြက်ဥခရမ်းချဉ်သီးစွပ်ပြုတ်မှလွဲ၍ ကျန်ဟင်းလျာများကို အိမ်အကူက အစောကြီးကတည်းက ချက်ပြုတ်ထားပြီးဖြစ်၍ စားလို့ရနေပေ၏။
ကုယီလန် ယနေ့တွင်လည်း အလုပ်များ အလွန်များနေပုံရသည်။ နေ့လည်စာစားပြီးသည်နှင့် ပြန်သွားရန် ထလိုက်၏။
စုကျီဆွေ့ ခြေထောက်လေး တလှုပ်လှုပ်ဖြင့် ပျော်ပျော်ကြီး စားနေလျက် သူထွက်သွားသည်ကို မြင်လိုက်လျှင် သူ၏ တူကိုချ၊ ထိုင်ခုံပေါ်မှ ထကာ ထိုသူနောက်သို့ လိုက်သွားလေသည်။
ကုယီလန် တံခါးဖွင့်ခါနီးအချိန်ကွက်တိ သူသည် ဝင်ပေါက်ထံသို့ ရောက်သွားသည်။
ထိုအခိုက်အတန့်လေးတွင် ပြင်ပကမ္ဘာမှ ရှုခင်းများကြောင့် စုကျီဆွေ့ တောင့်ခနဲ့ဖြစ်သွားပြီး လည်ချောင်းထဲမှ အသက်ရှူသံပင် မှားသွားရသည်။
သူ့ရင်ဘတ် တင်းကြပ်သွားကာ စကားမပြောနိုင်ဖြစ်သွားရ၏။ ထို့ကြောင့် သူ့ဖုန်းကို အလျင်အမြန်ထုတ်ပြီး မြန်နိုင်သမျှ မြန်မြန်စာရိုက်လိုက်သည်။
[(o^^o): ဘယ်သွားမလို့လဲ?]
စာပို့လိုက်ပြီးနောက်၌ ထိုလူကို မော့ကြည့်လိုက်လျက် သူ့ဖုန်းကို လက်ညှိုးထိုးပြပြီး စစ်ကြည့်ရန် သတိပေးလိုက်သည်။
ကုယီလန် မျက်မှောင်ကြုတ်ကာ တုန်ခါသွားသောဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် စာရိုက်ပို့လိုက်သည်။
[11th Dimension]: ကျောင်းကို။
စုကျီဆွေ့ ခေတ္တမျှ စဉ်းစားခန်းဝင်လိုက်သည်။ သူက သုတေသန လုပ်ရန်အတွက် ဓာတ်ခွဲခန်းသို့ သွားခြင်းဖြစ်ရမည်။ သူသည်လည်း ရူပဗေဒကို လေ့လာကြည့်ထားခဲ့သည်ကို တွေးရင်း ဖြစ်နိုင်...ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူသည်လည်း ကူညီပေးနိုင်လောက်သည်။
ထိုကဲ့သို့ဆိုလျှင် " သူဒုက္ခရောက်နေချိန်မှာ အမြဲရှိနေပေးပါ" ဟူသည့် နည်းလမ်းနှင့် ကိုက်ညီနေသည်ပင်။
သူသည် အတွေးများနှင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး စာပြန်ရိုက်လိုက်သည်။
[(o^^o): ဘာကို သုတေသန လုပ်နေရတာလဲ? (confused bunny.jpg)]
[11th Dimension: AdS/CFT duality and quantum field theory in curved spacetime ဆိုတာတွေကို သုတေသနလုပ်နေတာ.]
သူ၏လက်ချောင်းလေးများ လေထဲတွင် ယောင်ဝါးဝါးဖြစ်နေလျက် သူ့နှုတ်ခမ်းများအား အနည်းငယ် ဖွင့်ဟလိုက်သည်။
နောက်ဆုံးတွင် သူ၏ Favourite ထဲမှ သိမ်းထားသော စာတစ်စုကို လှမ်းပို့လိုက်သည်။
ကုယီလန်၏ဖုန်းသည် တုန်ခါသွားပြန်သည်။ သူ့အကြည့်ကို အောက်ချကာ ယခုအကြိမ်၌ ကောင်လေးထပ်ပို့မည့်အရာကို စူးစမ်းချင်မိနေသည်။
[(o^^o): မင်းနဲ့အတူရှိနေရင် အချိန်တွေ ကုန်တာမြန်လိုက်တာ! တာ့တာ ငါ့သူငယ်ချင်း! အိမ်ကိုစောစောပြန်နော်!!]
သူ မော့ကြည့်လိုက်ချိန်၌ ကောင်လေးက သူ့အား မဝံ့မရဲ ဝှေ့ယမ်းပြပြီး နှုတ်ခမ်းသားချင်း ဖိကပ်ကာ ရှက်ရွံ့ မှုများ မျက်လုံးများ၌ အပြည့်ဖြစ်နေသည်။
ကုယီလန် : “……”