အပိုင်း ၁၄
[User1947296: ဘယ်လို သိတာလဲ?]
[。: ဘာသိချင်လဲ?]
ထိုလူ၏ လေသံတွင် တစ်စုံတစ်ရာသည် ထူးဆန်းစွာ ရင်းနှီးပြီး အမိန့်ပေးသည့် ပုံစံမျိုး ရှိသည်။ ၎င်းတို့က “မင်း ဘာပဲ သိချင်ချင်—ငါက အကုန် သိပြီးသား” ဟု ပြောနေသကဲ့သို့ပင်။ ထိုယုံကြည်မှုက စုကျီဆွေ့၏ သိချင်စိတ်ကို အောင်မြင်စွာ လှုံ့ဆော်နိုင်ခဲ့သည်။
အင်တာနက်—နှင့် သိချင်စိတ်—က ဆိုရှယ် အကြောက်တတ်ဆုံး လူများကိုပင် သတ္တိရှိစေနိုင်သည်။ ထို့အပြင်၊ ကျန်တစ်ဖက်ကပင် သူ ရေထဲ ခုန်ချရန် “လျှော” ကိုပင် စီစဉ်ပေးခဲ့ချေပြီ—
[。: ကျွန်တော်က Ahoo သိပ်မသုံးဘူးလေ။ WeChat မှာ add လိုက်မလား?]
သူစိမ်းတစ်ဦး၏ Contact ကို ထည့်ရသည်မှာ အလွန် ပြင်းထန်သော ကိစ္စဖြစ်သည်။ ဆိုရှယ်လ်ကြောက်တတ်သော စုကျီဆွေ့ သူ၏ နှလုံးခုန်သံက ဗုံတီးနေသကဲ့သို့ ခံစားနေရသည်။ မခံနိုင်တော့သောကြောင့် သူက ဖုန်းမျက်နှာပြင်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလျက် အသက်ကို အကြာကြီး ရှူထုတ်လိုက်သည်။
အနည်းငယ် တည်ငြိမ်သွားပြီးနောက်၊ သူက ကုယီလန်ကို နောက်တစ်ကြိမ် ခိုးကြည့်မိခြင်းအား မတားဆီးနိုင်ခဲ့ချေ။
သူက အလွန် သိသာနေသည်ဟု သံသယရှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုလူက သူ့ဘက်သို့ လှည့်လာပြီး သူ၏ ပါးကို မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။ မျက်ခုံးပင့်လိုက်သော်လည်း ရိုးရိုးရှင်းရှင်းပင် မေးလိုက်သည်– “ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ?”
စုကျီဆွေ့၏ နှလုံးသားက ခုန်သွားခဲ့သည်။ သူက သူ၏ နူးညံ့သော နှုတ်ခမ်းများကို ဖိကပ်လိုက်ပြီး၊ ထိတ်လန့်တကြားဖြစ်နေသည့်အလား ခေါင်းကို အသည်းအသန် ခါလိုက်သည်။
ကံကောင်းစွာပင် ကုယီလန်က ထိုကိစ္စကို ဆက်လက် ဖိအားမပေးဘဲ သဘောကောင်းခဲ့သည်။
စုကျီဆွေ့ ဖုန်းကို သူ၏ လက်သေးသေးလေးများဖြင့် ငါးမိနစ်တိတိ ဆုပ်ကိုင်ထားပြီးမှ နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားခဲ့ပြီး၊ သူ၏ လက်ချောင်းများကို ဂရုတစိုက် နောက်သို့ ဆွဲယူကာ စာရိုက်တော့သည်။
သူက ကုယီလန်ကို “အနိုင်ယူရန်” အတွက် Ahoo မှ အကြံပေးချက်များကို အသုံးပြု၍ ကြိုးစားနေခဲ့သည်။ သို့သော် ၎င်းက အလုပ်ဖြစ်နေလားဆိုသည်ကိုမူ—သူ လုံးဝ မသိ။ သူက လူများအား မည်သို့ ဖတ်ရမည်ကို မသိသလို ထိုလူက မည်သည်အား တွေးနေသည်ကိုလည်း မသိနားမလည်ခဲ့ပေ။
ကုယီလန် ထိုမနက်က ပြောခဲ့သော စကားကို သူ မှတ်မိနေခဲ့သည်။ သူ အလိုရှိလျှင် သူစိမ်းတစ်ဦး သို့မဟုတ် နှစ်ဦးကို ထည့်နိုင်သည်ဟူသော အကြောင်းပင်။
ထို့ကြောင့် ယခုတွင်မူ အလွန်အမင်း လိုအပ်နေသော အချိန်များက အလွန်အမင်း လိုအပ်သော အတိုင်းအတာများကို ခေါ်ဆိုနေချေပြီ—
[User1947296: အိုကေလေ၊ ငါ add လိုက်မယ်]
တစ်ဖက်လူက မြန်သည်။ သူ၏ WeChat ID ကို ပို့လိုက်သည်နှင့် တပြိုင်နက် မိတ်ဆွေဖွဲ့ရန် တောင်းဆိုချက် ရောက်လာခဲ့သည်။
သူစိမ်း၏ WeChat နာမည်က Ahoo ပေါ်ရှိ နာမည်နှင့် အတူတူပင် ဖြစ်ပြီး၊ ၎င်းတို့၏ ပရိုဖိုင်ပုံမှာမူ အနက်ရောင် လေးထောင့်ကွက်တစ်ခု ဖြစ်သည်—ခံစားချက်ကောင်းကို ပေးသည့် ပုံရိပ်မျိုးတော့ လုံးဝ မဟုတ်ချေ။
[。: မင်းက လက်ထပ်ချင်တာလား?]
[。: ဘာလို့ လူတစ်ယောက်ကို လက်ထပ်ချင်ရတာလဲ?]
သူတို့က ချက်ချင်းပင် မေးခွန်းများ မြန်မြန်ဆန်ဆန် မေးလာကြသည်။ စုကျီဆွေ့၏ နူးညံ့သော နှုတ်ခမ်းများက အနည်းငယ် ဟသွားပြီး၊ လက်ချောင်းများက အချိန်အကြာကြီး လေထဲတွင် ဝဲနေခဲ့သည်။ ထို့နောက်မှ တစ်ခုခု မှားနေသည်ဟု သူ သဘောပေါက်သွားသည်။ နောက်ဆုံးတွင် အဖြေတစ်ခုကို အတင်းအကျပ် ညှစ်ထုတ်မဖြေမီအထိ မှန်ကန်သော စကားလုံးများကို ရှာဖွေရင်း အချိန်အကြာကြီး ကုန်ဆုံးခဲ့ရသည်။
[(o^^o): ဘာလို့ အဲလိုကြီး လာမေးတာလဲ?]
ခဏတာ တိတ်ဆိတ်သွားပြီးမှ အဖြေ ရောက်လာခဲ့သည်။
[。: အကြံဉာဏ်မှန် ပေးနိုင်အောင်လို့ပေါ့]
စုကျီဆွေ့ ယုံသွားသည်။ သူက ခဏတာ စဉ်းစားပြီး—တစ်ဖန်—သူ၏ အကြည့်က ဘေးနားရှိ ထိုလူထံသို့ အလိုအလျောက် ရောက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူက အလျင်အမြန် အကြည့်လွှဲနိုင်ခဲ့ပြီး အဖမ်းမခံလိုက်ရချေ။
[(o^^o): သူက လူကောင်းတစ်ယောက်မို့လေ]
ဤတစ်ကြိမ်တွင် ကျန်တစ်ဖက်မှ လူက ပို၍ပင် အချိန်ယူခဲ့သည်။
စုကျီဆွေ့ သူ လုံးဝ ပြန်ဖြေတော့မည် မဟုတ်ဟု ထင်နေသည့်အချိန်တွင် သူ၏ ဖုန်းက တုန်ခါလာခဲ့သည်—
[。: ထင်ယောင်ထင်မှားတွေ]
စုကျီဆွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး၊ သဘောမတူကြောင်း ထင်ရှားနေသည်။
[(o^^o): သူက တကယ် ကြည့်ကောင်းတာ]
သူက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ထုတ်ဖော်ပြောဆိုရန် အမြဲတမ်း ရုန်းကန်ခဲ့ရသည်။ ဆိုလိုရင်းက “သူ့ပုံပန်းသဏ္ဍာန်က စရိုက်ကို ရောင်ပြန်ဟပ်တယ်” ဆိုသည့် ပုံစံမျိုး ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက အထင်လွဲသွားသည်မှာ အံ့သြစရာ မရှိချေ။
[。: ရုပ်က ဗိုက်ဝလို့လား?]
[(o^^o): အဲဒီလို မပြောပါနဲ့။ သူ မြင်သွားလိမ့်မယ်]
[。: ?]
[。: ဘာလို့ သူ့ကို ပြရမှာလဲ?]
၎င်းက စာသားသက်သက် ဖြစ်သော်လည်း၊ အေးစက်စက်နှင့် ပြောင်လှောင်သည့် လေသံက ဖန်သားပြင်ပေါ်မှ ခုန်ထွက်လာသကဲ့သို့ပင်။ ဖုန်းမှတစ်ဆင့် လှောင်ပြောင်သံကို ကြားနေရသကဲ့သို့ ခံစားရသည်။
စုကျီဆွေ့ တစ်ခုခု မှားနေသည်ကို စတင် ခံစားလာရသည်။ ဤအရာများအတွက် အဖြေမှန်ကို သူ မသိခဲ့သော်လည်း၊ တစ်ဖက်လူက မှားနေသည်ဟု ခံစားရသည်။ ထို့ကြောင့် သူ စာကို ဆက်လက်ရိုက်နေခဲ့ပြီး၊ အဖြေတစ်ခုကို ရုန်းကန်ကာ ပေးလိုက်သည်—
[(o^^o): ဘာလို့လဲဆိုတော့ သူ့ကို ပြချင်လို့ပေါ့]
[。: သူက အရမ်း ချုပ်ချယ်လွန်းတယ်။ သူ့ကို လက်မထပ်နဲ့]
ထိုမက်ဆေ့ချ်ကို ဖတ်လိုက်သောအခါ စုကျီဆွေ့ မလှုပ်မယှက် ထိုင်နေပြီး၊ သူ၏ ခေါင်းပေါ်တွင် ကြီးမားသော မေးခွန်းအမှတ်အသားတစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။
သူတို့က ပြဿနာကို ကုစားဖို့ အကောင်းဆုံး "ဆေး" ကို ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? ဘာလို့ ရုတ်တရက်ကြီး လူနာကို သတ်ပစ်နေရတာလဲ?
ထိုမျှမကသေးဘဲ၊ တစ်ဖက်လူက အလောင်းကို ဆက်လက် နင်းခြေနေခဲ့သည်—
[。: ငါ လောင်းရဲတယ်။ သူလည်း မင်းကို လက်ထပ်ချင်မှာ မဟုတ်ဘူး]
[。: ရှုံးမယ်မှန်းသိရင် ဆက်မလုပ်နဲ့တော့။ အရှုံးကို အမြန်ဆုံးဖြတ်ပစ်လိုက်]
ထိုမက်ဆေ့ချ်နှစ်ခုကို ဖတ်ပြီးနောက် စုကျီဆွေ့ အမှန်တကယ် ဒေါသထွက်သွားခဲ့သည်။
သူသည် အင်တာနက် ကေဘယ်ကြိုး၏ တစ်ဖက်မှ လူက အမှန်တကယ်တွင် ရုပ်ဆိုးဆိုး၊ ရိုင်းစိုင်းသည့် ဦးလေးကြီးတစ်ဦး ဖြစ်ပြီး၊ သူ၏ အကြီးမားဆုံး ဝါသနာက အွန်လိုင်းပေါ်မှ လူကောင်းများကို အတင်းပြောခြင်း ဖြစ်သည်ဟု သံသယရှိခဲ့သည်။
သူ၏ လက်ချောင်းများက ဒေါသတကြီး ဖန်သားပြင်ကို ထိုးလိုက်ပြီး၊ ဒေါသတကြီး စာရိုက်လိုက်သည်။ [သူက အဲလို လူမျိုး မဟုတ်ပါဘူးနော်… ပုံစံကသာ တင်းမာနေတာ၊ သူက...]
စုကျီဆွေ့ စကားလုံးများဖြင့် ရုန်းကန်နေရသည်။ မက်ဆေ့ချ် တစ်ခုစီအား အပြီးသတ်ရန် တစ်မိနစ် သို့မဟုတ် နှစ်မိနစ် ကြာခဲ့သည်။ သူ ဤဝါကျကို မပြီးမီ၊ သူ၏ ဘေးနားရှိ ထိုလူက မတ်တပ်ရပ်လိုက်သည်။
လန့်သွားသော ကောင်လေး၏ ပထမဆုံး တုံ့ပြန်မှုမှာကား သူ၏ ဖုန်းကို ရင်ဘတ်ပေါ်တွင် တင်းတင်းဆုပ်ထားခြင်းပင် ၊ ကုယီလန်၏ ခြေထောက်များကို အန္တရာယ်ရှိသော ရန်သူအား ရင်ဆိုင်နေရသကဲ့သို့ စိုက်ကြည့်နေခြင်းပင်။
“အချိန်စေ့ပြီ။ သွားကြစို့” ကုယီလန်က အပေါ်စီးမှ ပြောလိုက်ပြီး၊ သူ၏ ခပ်နိမ့်နိမ့် အသံက နားဘေးတွင် Cello တီးခတ်နေသကဲ့သို့ ပျော့ပျောင်းနူးညံ့စွာ ကျဆင်းလာသည်။
ထိုလူက သူ၏ ထူးဆန်းသော အပြုအမူကို အံ့ဩစရာကောင်းလောက်အောင် သည်းခံခဲ့သောကြောင့် စုကျီဆွေ့ အနည်းငယ် စိတ်ထဲ ထိမိသွားခဲ့သည်။ သို့တိုင် သူက နောက်မကျရဲဘဲ ချက်ချင်းပင် ထရပ်လိုက်ကာ အပေါ်ထပ်သို့ ဦးတည်လိုက်သည်။
တီဗီကြည့်ချိန် ပြီးဆုံးသွားပြီဖြစ်ပြီး၊ ရှေ့တွင် ထိုင်နေသော လူများက လှည့်၍ ဧည့်ခန်းကို စတင် သပ်ရပ်အောင် လုပ်တော့မည် ဖြစ်သည်။
သူက သူ၏ ဖုန်းကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး၊ ခရုပတ်လှေကားဆီသို့ ပြေးသွားကာ၊ သူ၏ ခြေသံများက ကြမ်းပြင်ပေါ်တွင် တရှတ်ရှတ် အသံထွက်နေခဲ့သည်။
ကုယီလန် သူ၏ ခြေတံရှည်ရှည်များနှင့် အရပ်မြင့်မြင့်တို့ဖြင့် ခြေလှမ်းအနည်းငယ်အတွင်း၌ပင် သူ့ကို အလွယ်တကူ မှီလိုက်သည်။
ဗိုက် အနည်းငယ် ပူနေသော အိမ်တော်ထိန်းတစ်ယောက် ပို၍ပင် ရုန်းကန်ခဲ့ရသည်။ သို့သော် သူဌေးအတွက်ကြောင့် သူက အမောတကော အသက်ရှူရင်း ရှေ့သို့ တိုးလာခဲ့ပြီး ကုယီလန်ကို မှီနိုင်ခဲ့သည်။
သူတို့က ကောင်လေး၏ နောက်မှ တစ်လှမ်း သို့မဟုတ် နှစ်လှမ်း ခြားပြီး လိုက်ပါသွားကြသည်။
သူ၏ အသံကို လျှို့ဝှက်ဆန်းကြယ်စွာ လျှော့ချလိုက်ပြီး အိမ်တော်ထိန်းက သူ၏ သူဌေးဘက်သို့ ကိုင်းညွှတ်ကာ မေးလိုက်သည်။ “ကုသခင်လေး၊ စုသခင်လေးကို ဘယ်လို ထင်လဲ? သူက တကယ်တော့ ဘယ်လို လူမျိုးလဲ?”
ကုယီလန်၏ ပါးလွှာသော နှုတ်ခမ်းများက အနည်းငယ် ဟသွားပြီး သူက ခံစားချက်မရှိသော စကားလုံးတစ်လုံးတည်းကို အေးစက်စက် ထုတ်လိုက်သည်။ “စိတ် မတည်ငြိမ်ဘူး”
အိမ်တော်ထိန်း ဤနားမလည်နိုင်သော အဖြေကို အပြည့်အဝ နားမလည်နိုင်ခဲ့သော်လည်း၊ သူက စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ အနည်းဆုံးတွင်မူ ထိုမှတ်ချက်မှနေ၍ သူက ကုသခင်လေးသည် ကောင်လေးက masochist ဖြစ်နိုင်ကြောင်းကို သတိမထားမိသေးကြောင်းကို မရေမရာ ခံစားနိုင်ခဲ့သည်။
{T/N အသားနာမှ ကြိုက်တဲ့သူတွေ}
ချက်ချင်းပင် သူက ကြီးမားသော တာဝန်ဝတ္တရားကို ခံစားလိုက်ရသည်– ထိုနှစ်ယောက်ကြားတွင် အိမ်ထောက်ဖက် ရှာပေးခြင်း လုပ်ငန်းကို သူ့အား အပ်နှင်းသင့်သည်ဟု ထင်ရချေပြီ!
ထိုအတောအတွင်း စုကျီဆွေ့၏ စိတ်ထဲတွင် တစ်ခုတည်းသော အရာသာ ရှိသည်– မြန်မြန် ပြေး၊ မြန်မြန်!
သူက သူ၏ နောက်မှ တိုးတိုးလေး ပြောနေသော စကားဝိုင်းကို တစ်လုံးမှ မကြားခဲ့ချေ။
ရှေ့တည့်တည့်တွင် လှေကားထစ် ရှိနေသည်—ပန်းတိုင်စည်းကို မြင်နေရချေပြီ။ သို့သော် ရုတ်တရက် အောက်ထပ်မှ အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
“သခင်လေး… ခဏ…”
ဆိုရှယ်လ် ကြောက်တတ်သူအတွက်၊ နောက်မှ အော်ခေါ်ခံရခြင်းသည် ညဘက်၌ မှောင်မည်းနေသော လမ်းကြားတွင် တစ်ယောက်တည်း လမ်းလျှောက်နေပြီး ရုတ်တရက် ပခုံးကို ပုတ်ခံရခြင်းနှင့် မထူးမခြားနားချေ။
စုကျီဆွေ့ လန့်ဖျပ်သွားရသည်။ သူ၏ ခြေထောက်က လှေကားထစ်မှ ချော်ကျသွားပြီး ဟန်ချက်ပျက်သွားကာ သူ၏ နောက်ရှိ မာကျောသော ကျောက်လှေကားများဆီသို့ ယိမ်းထိုးသွားခဲ့သည်။
အား!
သူက မျက်လုံးများကို တင်းတင်း မှိတ်ထားလိုက်သည်။ ဤတစ်ကြိမ်တွင် ဒူးခေါင်းပွန်းပဲ့ခြင်းမျှသာ မဟုတ်ဘဲ—သူက ခေါင်းမှ သွေးထွက်ခြင်း သို့မဟုတ် ပိုဆိုးသည်မှာ လှေကားတစ်ခုလုံး အောက်သို့ လိမ့်ကျသွားခြင်းနှင့် အဆုံးသတ်သွားမည်။
ထိုအခါ ဧည့်ခန်းရှိ လူတိုင်းက အလျင်အမြန် ပြေးလာကာ သူ့အား ဝိုင်းရံကြလိမ့်မည်၊ စိုက်ကြည့်နေကြလိမ့်မည်၊ စကားပြောကြလိမ့်မည်၊ ပြောကြလိမ့်မည်၊ ပြောကြလိမ့်မည်…
အားးး!
သို့သော် မျှော်လင့်ထားသော နာကျင်မှုက မည်သို့မှ ရောက်မလာခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူက နွေးထွေးသော လက်မောင်းတစ်စုံထဲသို့ ပြုတ်ကျသွားခဲ့သောကြောင့်ပင်။
သူ ပထမဆုံး ထိမိသောအရာမှာ တစ်ဖက်လူ၏ ပြင်းထန်သော အပူချိန်ဖြစ်ပြီး၊ ထို့နောက် ထင်ရှားသော ကြွက်သားများ၏ အသွင်အပြင်၊ နောက်ဆုံးတွင် ရင်းနှီးသော ဆပ်ပြာနံ့က သူ၏ နှာခေါင်းထဲသို့ လွင့်ပျံလာခဲ့သည်။
စုကျီဆွေ့၏ နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်သွားသည်– !
ကုယီလန်သည် ထိခိုက်မှုကြောင့် အနည်းငယ် ဟန်ချက်ပျက်သွားခဲ့သော်လည်း၊ သူ ရပ်နေသည့် ပုံစံက ခိုင်မာနေသည်။ သူက လက်များ ရမ်းကာ ပြုတ်ကျလုနီးပါး ဖြစ်နေသော ကောင်လေးကို အလျင်အမြန် ထိန်းလိုက်သည်။
စုကျီဆွေ့ သူ့ခြေထောက်ကို ပြန်လည် ရရှိသောအခါ၊ သူ၏ လက်သေးသေးလေးများက ဟန်ချက်ထိန်းရန်အတွက် ကုယီလန်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသည်ကို သဘောပေါက်လိုက်သည်။
သူက ချက်ချင်းပင် လက်လွှတ်လိုက်ပြီး ကုယီလန်၏ လက်မောင်းများထဲမှ ထွက်ပြေးကာ လှေကား,တစ်ထစ် ကျော်တက်လိုက်သည်။ အမှားလုပ်မိသော ကလေးတစ်ဦးကဲ့သို့ သူက စကားတစ်ခွန်းမျှ မပြောဝံ့ဘဲ ခေါင်းငုံ့ကာ သူ၏ လက်ချောင်းများဖြင့် လှုပ်ရှားနေခဲ့သည်။
သူက သူတို့၏ Blind Date နေ့က သူ၏ အစ်ကိုကြီးက ကုယီလန်သည် အခြားသူများနှင့် ထိတွေ့မှုကို မကြိုက်ကြောင်း ပြောခဲ့သည်ကို အလွန် ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
သူ ခေါင်းငုံ့ထားသော်လည်း ထိုလူ၏ အကြည့်က သူ့အား ဝေ့ကြည့်နေသည်ကို ခံစားနေရသည်။
ထိုအရာက သူ့ကို တစ်ဖန် စိတ်ပူပန်စေသည်—သူ အိမ်ထဲမှ ကန်ထုတ်ခံရမည်ကို ကြောက်ရွံ့နေခဲ့သည်။
ထိုအချိန်တွင် သူ့အား ခေါ်ခဲ့သော နာနီက လှေကားပေါ်သို့ တက်လာပြီး ကုယီလန်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။ ထို့နောက် စုကျီဆွေ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “သခင်လေး၊ အဆင်ပြေရဲ့လား? ဆောတီးနော်၊ အန်တီ လန့်သွားအောင် လုပ်မိသွားလို့”
စုကျီဆွေ့ သူ၏ ပခုံးများကို အနည်းငယ် ကျုံ့လိုက်ပြီး ခေါင်းခါလိုက်သည်။
“သခင်လေး၊ အန်တီ့ကိုလည်း WeChat မှာ အပ်ထားလို့ ရလား? အဲဒီလိုဆိုရင် သခင်လေး စားချင်တဲ့ အသီးတစ်ခုခု ရှိရင် မက်ဆေ့ချ်ပို့လိုက်လေ၊ အန်တီ သွားဝယ်ပေးမယ်”
သူမသည် နေ့တိုင်း ညနေ ၂ နာရီ ၃၀ မိနစ်တွင် သူ့အား အသီးများ ပို့ပေးသော အန်တီပင်။
သူမက အမြဲတမ်း အသီးများကို တံခါးအပြင်ဘက်တွင် ထားခဲ့ပြီး၊ တံခါးခေါက်ကာ ပြန်ထွက်သွားခဲ့သည်။ ထို့ကြောင့် စုကျီဆွေ့ သူမ မည်သည့်ပုံရှိသည်ကို မမြင်ခဲ့ဖူးသလို သူမ၏ အသံကိုလည်း မကြားခဲ့ဖူးချေ။
အိမ်ထဲမှ ကန်ထုတ်ခံရမည့် အရေးကို စိုးရိမ်နေဆဲဖြစ်သောကြောင့် သူက အလိုအလျောက် တုံ့ပြန်လိုက်သည်။ သူသည် သူမကို WeChat တွင် ထည့်လိုက်ပြီး၊ သူမ ထွက်သွားပြီးမှသာ သူ အမှန်တကယ် ဖြစ်ပျက်သွားခဲ့သည့်အရာကို သတိထားနိုင်ခဲ့သည်—ဆိုရှယ်ကြောက်ရောဂါနှင့်အတူ အမြဲတမ်း လိုက်ပါလာသော အသက်ရှူရခက်သည့် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ကုယီလန်တ မည်သည်မှ မပြောခဲ့ချေ။ သူသည် ကောင်လေး၏ ဘေးတွင် ရပ်လျက် တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်—သူ၏ ခန္ဓာကိုယ်လေး တောင့်သွားပုံ၊ သူ၏ လက်ချောင်းများကို မကျေမနပ် ခံစားချက်ဖြင့် တိတ်တဆိတ် ပွတ်သပ်နေပုံကို စောင့်ကြည့်နေခဲ့သည်။ သူ၏ အကြည့်က စုကျီဆွေ့၏ သွယ်လျလျ ကျောပြင်ပေါ်တွင် ရပ်သွားပြီး၊ နောက်ဆုံးတွင် ကောင်လေး၏ ဒဏ်ရာရနေပြီးသား ဒူးခေါင်းပေါ်တွင် ငြိမ်ကျသွားခဲ့သည်။
တစ်ချက်ကြည့်လိုက်ခြင်းဖြင့်—အကဲဖြတ်မှု ပြီးဆုံးသွားသည်။
ထို့နောက် သူက အေးစက်စက် ပြောလိုက်သည်။ “နောက်တစ်ခါ အဲဝတ်စုံကို ထပ်မဝတ်နဲ့။ ငါ မကြိုက်ဘူး”
ဤအခိုက်အတန့်မှစ၍ သူက တင်းကျပ်ပြီး အသက်ရှူကျပ်စေမည့် ထိန်းချုပ်မှုကို ချမှတ်လိမ့်မည်—သူ လိုချင်သောအရာကို မရမချင်းပင်။
စုကျီဆွေ့: !!
သူ၏ မျက်တောင်ရှည်များက အနည်းငယ် ပင့်တက်သွားပြီး ကုယီလန်၏ ခြေထောက်များကို ကြည့်လိုက်ရာ၊ မျက်လုံးများတွင် စိတ်ခံစားချက် မျက်ရည်များ ဝေ့နေခဲ့သည်။
ထင်ရှားသည်မှာ ကုယီလန်က ထိတွေ့ခံရခြင်းကို မကြိုက်ခဲ့။ သို့သော် ထိုသို့ ပြောမည့်အစား၊ သူက အဝတ်အစားများကို မကြိုက်ကြောင်း အပြစ်ပုံချကာ သဘောထားကြီးခဲ့ချေပြီ…
ဘယ်လောက်တောင် သဘောကောင်းလိုက်တဲ့ လူလဲ…
တည်ငြိမ်သော အမူအရာဖြင့် ကုယီလန်သည် ကောင်လေးအား ဖြတ်ကျော်ပြီး လှေကားပေါ်သို့ တက်သွားခဲ့သည်။ စုကျီဆွေ့ သေးငယ်ပြီး အလျင်စလို ခြေလှမ်းများဖြင့် အလျင်အမြန် နောက်မှ လိုက်သွားခဲ့သည်။ ဗိုက်လှုပ်ခါနေသည့် အိမ်တော်ထိန်းသည်လည်း သူတို့နောက်မှ ပြေးလိုက်သွားသည်။
ဒုတိယထပ်ရှိ ပထမဆုံး အခန်းက စာကြည့်ခန်းပင်။
ကုယီလန် သူ၏ လက်ချောင်းကို လက်ဗွေသော့ခတ်ခြင်းပေါ် ဖိလိုက်ပြီး လူဦးရေအား ၃ ဂဏန်း အဖြစ် ထည့်သွင်းလိုက်သည်။
သူ၏ အသံက အေးစက်နေသည်။ “ဒီမနက်တုန်းက မင်း အချိန်ဇယားအတိုင်း မထဘဲ နေခဲ့တာ မှတ်မိသေးလား?”
စုကျီဆွေ့ တောင့်ခနဲ ရပ်သွားပြီး အံ့ဩတကြီးဖြင့် သူ့အား မော့ကြည့်လိုက်သည်။
ကုယီလန် ဘာမှ ထပ်မပြောတော့ချေ။ သူ့ကို တစ်ဖန် ထပ်မကြည့်တော့ဘဲ သူက စာကြည့်ခန်းထဲသို့ တည့်တည့်လျှောက်သွားပြီး ထောင့်ရှိ ဗီရိုတစ်ခုကို ဖွင့်လိုက်သည်။
မရင်းနှီးသော အခန်းထဲသို့ ပစ်ချခံလိုက်ရပြီးနောက် အမှားကို ရင်ဆိုင်ရသော စုကျီဆွေ့ စာကြည့်ခန်း အလယ်တွင် လုံးဝ စိတ်ရှုပ်ထွေးစွာ ရပ်နေခဲ့သည်။ သူက ကိုယ့်ကိုယ်ကို မမြင်ရသည့်အလား ဟန်ဆောင်ကာ ကြမ်းပြင်ရှိ စည်းများကို ငုံ့ကြည့်နေခဲ့သည်။
“ဒီကိုလာ” ကုယီလန်က ပြောလိုက်သည်။
စုကျီဆွေ့ မျက်တောင်ခတ်လိုက်ပြီး၊ ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။ အခြေအနေကို ကောင်းစွာ နားမလည်သေးချေ။
သူ ရပ်တန့်နေသည်ကို မြင်သောအခါ အိမ်တော်ထိန်းက လည်ချောင်းရှင်းလိုက်ပြီး အကူအညီဖြစ်စေရန် ထပ်ဖြည့်သည်။ “သွားလေ၊ ကုသခင်လေးက သခင်လေးကို အပြစ်ပေးချင်လို့တဲ့”
စုကျီဆွေ့: ???
ကုယီလန်: …
ကောင်လေး ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာသည်ကို ကြည့်ရင်း အိမ်တော်ထိန်းက ကျေနပ်စွာ လက်များကို ပွတ်သပ်လိုက်သည်။
ထိန်းချုပ်တာ? အပြစ်ပေးတာ? သခင်လေးက ထိုအရာများကို နှစ်သက်လိမ့်မည်။ ဒီနှစ်ယောက်သာ လက်ထပ်ဖြစ်ခဲ့လျှင် သူက “အကောင်းဆုံး အိမ်ထောက်ဖက် ရှာပေးတဲ့သူ” ဆုကို သေချာပေါက် ရထိုက်သည်။
ကုယီလန် ကောင်လေးအား ဘောပင်ပုံစံ အရာတစ်ခု ပေးလိုက်ပြီး ပြောလိုက်သည်။ “ဒါ အသံဖမ်းစက်။ အခုကစပြီးတော့ မင်း တစ်ရက်လုံး လုပ်ခဲ့သမျှ အရာအားလုံးကို ညတိုင်း အထဲမှာ မှတ်တမ်းတင်ထားရမယ်။ ပြီးရင် ငါ ပြန်စစ်မယ်”
စုကျီဆွေ့ အလေးချိန်ရှိပြီး ခိုင်ခံ့သော အနက်ရောင် အသံဖမ်းစက်ကို ယူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
သူက ထိုနေရာတွင် နာခံစွာ ဆက်လက်ရပ်နေပြီး “အပြစ်ပေးခြင်း” ကို စောင့်နေခဲ့သော်လည်း ကုယီလန်က အခြားမည်သည်ကိုမှ မလုပ်ခဲ့။ အသံဖမ်းစက်ကို ပေးပြီးနောက် သူက သူ့အခန်းသို့ ပြန်သွားရန်သာ ခွင့်ပြုလိုက်သည်။
. . . . .
ဘေးခန်းရှိ အိပ်ခန်းထဲတွင် စုကျီဆွေ့ အသံဖမ်းစက်အား စစ်ဆေးပြီးနောက်၊ သူ အစောပိုင်းက ပို့ရန် အခွင့်အရေး မရခဲ့သော မက်ဆေ့ချ်ကို နောက်ဆုံးတွင် ရိုက်ထည့်လိုက်သည်။
[(o^^o): သူက အဲလို မဟုတ်ပါဘူး… ယုန်လေး-ငြင်းနေ.jpg]
[(o^^o): သူက နားလည် အပေးနိုင်ဆုံးသူ… အကြင်နာဆုံး လူပဲ…]
သူစိမ်းကြီးက အလုပ်များနေပုံရသည်။ ခဏကြာမှ အဖြေ ရောက်လာသည်–
[。: ......]
[。: သူက အဲ့လို မဟုတ်ပါဘူး]
စုကျီဆွေ့သည် ဤကမ္ဘာပေါ်၍ ကံကြမ္မာကို မြင်နိုင်သူများ၊ တခြားသူများ နားမလည်နိုင်သော အမှန်တရားများကို ပြောနိုင်သူများ ရှိသည်ကို သိထားခဲ့သည်။
ဥပမာအားဖြင့်၊ သူ ငယ်စဥ်က ဗေဒင်ဆရာတစ်ဦးသည် သူသည် ကြယ်ဆိုးအောက်တွင် မွေးဖွားလာသူဖြစ်ပြီး၊ လူယုတ်မာများ၏ ဆွဲဆောင်မှုကို ခံရကာ ဆင်းရဲဒုက္ခ ခံစားရမည်ဟု ပြောခဲ့ဖူးသည်။ အမှန်တကယ်ပင် သူက လူကောင်းတစ်ဦးနှင့်မှ မဆုံခဲ့ရချေ။ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းက သူ့အား အနိုင်ကျင့်၊ အရှက်ခွဲ၊ ပြောင်လှောင်ကြသည်။
ထိုသို့သော “ပညာရှင်များ” သည် အမြဲတမ်း တုန်လှုပ်ခြင်းမရှိသော ယုံကြည်စိတ်ချမှုဖြင့် ပြောတတ်ကြသည်—သူတို့ပတ်ဝန်းကျင်တွင် တောင်ပြိုလဲနေသည့်တိုင် တည်ငြိမ်နေခဲ့သည်—အွန်လိုင်းပေါ်က ဤသူစိမ်းကြီးလိုပင်။
[(o^^o): ခင်ဗျားက... ပညာရှင်လား ဒါမှမဟုတ် တစ်ခုခုလား?]
တခြားတစ်ဖက်ရှိ လူက စာရိုက်နေသည်။
[。: အင်း]
[(o^^o): [ယုံလေး-သံသယများနေ.jpg]]
စတစ်ကာထဲတွင် ပါးဖောင်းဖောင်း ယုန်ဖြူလေးတစ်ကောင်က မျက်လုံးပြူးကာ ဖန်သားပြင်ကို စိုက်ကြည့်နေပြီး၊ သူ၏ ခေါင်းပေါ်တွင် ကြီးမားသော မေးခွန်းအမှတ်အသား သုံးခုဖြင့် ခေါင်းစောင်းနေသည်။ ၎င်းက “မယုံပေါင်…” ဟူသော သတင်းစကားကို ထုတ်လွှင့်နေသည်။
[。: မင်း ဘာသိချင်လဲ? ဘာလိုချင်လဲ?]
စုကျီဆွေ့၏ မျက်လုံးများ လင်းလက်လာခဲ့သည်။ သူက သူ၏ သွယ်လျသော ခြေထောက်များကို အနည်းငယ် လှုပ်ယမ်းလိုက်ပြီး လျင်မြန်စွာ ရိုက်လိုက်သည်။
[(o^^o): သူ့ရဲ့ WeChat Moment တွေကို ကြည့်ခွင့်ပေးစေချင်တယ်]
အခြားတစ်ဖက်က လူ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပို့လိုက်သည်။
[。: သူ့နားမှာပဲ လည်နေတုန်းလား? သူက မင်းအတွက် ဘာလဲ?]
စုကျီဆွေ့ သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး မေးခွန်းကို အလေးအနက် စဉ်းစားနေသည်။
[。: ငယ်ချစ်ဦးလား? အသက်ကယ်တင်ရှင်လား? ဘဝဟောင်းက ချစ်သူလား?]
လေသံက အေးစက်စက်နှင့် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေသည်—သူက ထိုဆန္ဒကို စက်ဆုပ်ရွံရှာနေသကဲ့သို့ပင်။ Chat မျက်နှာပြင်ပေါ်တွင် “တစ်ဖက်လူက စာရိုက်နေသည်...” ဟူသော စကားလုံးများမှာ မနှစ်မြို့ဖွယ် တဖျပ်ဖျပ် လက်နေသည်။
စုကျီဆွေ့ တုံ့ဆိုင်းသွားပြီးနောက်၊ နောက်ထပ် မက်ဆေ့ချ် မရောက်လာမီ အချိန်မီ အဖြေတစ်ခုကို နောက်ဆုံးတွင် ရေးလိုက်သည်။
[(o^^o): သူက... ကျွန်တော့်ရဲ့ စေ့စပ်ထားတဲ့သူ]
ထိုမက်ဆေ့ချ် ပို့လိုက်သည့် ဒုတိယတွင် “စာရိုက်နေသည်” ဟူသော အညွှန်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကျန်ရှိနေသည်မှာ ထိုရင်းနှီးသော၊ နားမလည်နိုင်သော ပုဒ်ဖြတ်အမှတ်တစ်ခုသာ ဖြစ်သည်။ [。:]
အေးစက်စက်နှင့် ၊ ဖတ်မရ ၊ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် မဖြစ်နိုင်။