ဝမ်ကျုံး၏ခန္ဓာကိုယ် ပင်လယ်နက်ထဲ ထိုးကျသွားချိန်တွင် တစ်ယောက်ယောက်က သူ့ကို ထိခိုက်အောင်လုပ်လိုက်ကြောင်း သူသိလိုက်ရသည်။ သူ့ကို ရေအနက်ထဲထိ တွန်းချလိုက်သော အားက ဖျက်ဆီးလိုစိတ်များ ရောယှက်နေကာ မတော်တဆမဟုတ်ဘဲ တမင်လုပ်လိုက်သလို ခံစားလိုက်ရသည်။
သူက အမြဲလိုလို ကြင်နာကာ ရန်ဖက်တွေလည်း မရှိပေ။ လူသတ်သမားက ဘယ်လို အကြောင်းကြောင့် သူ့အသက်ကို လိုချင်နေကြောင်းကို သူ သိချင်မိသည်။
"ကယ်...ကယ်ကြပါဦး... အဟွတ်.."
ရေမကူးနိုင်တော့သော ဝမ်ကျုံးက ကြမ်းတမ်းသည့် ပင်လယ်ထဲ ယက်ကန်ယက်ကန်ဖြစ်နေပြီး အသက်ရှင်နိုင်ရန်အတွက် ကြိုးပမ်းနေရသည် ။ မျက်ရည်များကျဆင်းနေသော်လည်း သူ၏ နောက်ဆုံးထွက်သက်အထိ လာကယ်မည့်သူ တစ်ယောက်မှ မပေါ်လာခဲ့ပေ။
နောက်ထပ် ကြီးမားသည့် လှိုင်းလုံးက ချည်းကပ်လာလေသည်။
အောက်စီဂျင် အလုံအလောက် မရ၍ သွေးလည်ပတ်မှုကျဆင်းလာကာ ဝမ်ကျုံး အားနည်းလာသည်။ သူ၏ လက်များ လျှောကျလာပြီး အမည်မသိ အားတစ်မျိုးက သူ၏ ခန္ဓာကိုယ်ကို ပင်လယ်ကြမ်းပြင်ထိ ရောက်အောင် ဆွဲခေါ်လာသည်။ အမှောင်ထုနှင့် အကြောက်တရားများက ဝန်းရံလာပြီး သူ့ရင်ထဲ၌ ခုခံလိုစိတ်များနှင့် ပြည့်နှက်နေသည်။
မကြာခင် သူ့ဆွေမျိုးများနှင့် ပြန်လည်တွေ့ဆုံပြီး အဆုံးမရှိတဲ့ ပျော်ရွှင်မှုမျိုး ရတော့မှာဘဲ...
အသိစိတ် မရေမရာဖြစ်နေချိန်တွင် ဝမ်ကျုံး ရုတ်တရက် အလင်းရောင်ကို ခံစားလိုက်မိသည်။ နွေးထွေးသည့် အလင်းရောင်ခြည်တန်းလေးက အမှောင်ကို ဖြတ်သန်းကာ သူ၏ မျက်နှာပေါ် တောက်ပလာသည်။ ဆူညံနေသော လှိုင်းပုတ်ခတ်သံ ၊ ရေ၏ လွှမ်းခြုံနေသော အသံ ခပ်ဖျော့ဖျော့က နားအတွင်း ပဲ့တင်ထပ်နေသည်။
မသိလိုက်စွာ သူ၏မျက်လုံးများကို ဖုံးကာရမည့်အစား သူ နွေးထွေးပြီး နူးညံ့သော သဲပွင့်များကို ဆုပ်ကိုင်လိုက်မိသည်။
ဒါက ဘာကြီးလဲ....
"အဟွတ် .. အဟွတ်... အဟွတ်... အင်း~"
ရေများ ထွေးထုတ်လိုက်ပြီး ဝမ်ကျုံး မျက်လုံးဖွင့်လိုက်သည်နှင့် အပြာရောင်ကောင်းကင် ၊ ဖြူဖွေးသော တိမ်တိုက်များနှင့် ရှည်လျားသော အုန်းပင်များကို မြင်လိုက်ရသည်။ နီရဲပူပြင်းသော နေက ကမ္ဘာမြေပေါ် ကျရောက်နေပြီး နွေးထွေးသောလေများကလည်း ကမ်းခြေကို ဖြတ်သန်း တိုက်ခတ်နေသည်။
သူ၏ မျက်လုံးအိမ်များ ကျယ်သွားကာ ပါးစပ်ကို သုတ်ရင်း မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
သူ၏ အရှေ့တွင် အကန့်အသတ်မရှိသော ပင်လယ်ပြင် တည်ရှိနေသည်။
အနောက်တွင်မူ မရေမတွက်နိုင်သည့် အပင်များနှင့် ကျယ်ပြောလှသော တောအုပ်ရှိသည်။
နူးညံ့ပြီး အဖြူရောင်ရှိသော သဲပွင့်များက ကမ်းရိုးတန်းတစ်လျှောက် သူ၏ ခြေထောက်အောက်တွင် ပြန့်ကျဲနေပြီး စိမ်းစိုမြင့်မားကာ မြူများအုပ်ဆိုင်းနေသည့် တောင်တန်းများဆီ ဦးတည်နေသည်။
အနီးပတ်ဝန်းကျင်တစ်လျှောက်လုံး တိတ်ဆိတ်နေကာ လူသူကင်းမဲ့နေလေသည်။
စိတ်ရှုပ်ထွေးနေသော ဝမ်ကျုံးက သူ ဘယ်နေရာရောက်နေလဲနှင့် ဘယ်လိုရောက်လာလဲဆိုတာကို မသိပေ။ အချိန်အတန်ကြာ ရပ်ဆိုင်းနေပြီးနောက် သူ လျင်မြန်စွာ ဘောင်းဘီအိတ်ကပ်ကို ဇစ်ဖွင့်ပြီး ရေစိုရွှဲနေသော ဖုန်းကို ဖွင့်ရန် ကြိုးစားလိုက်သည်။ စခရင်က ပင်လယ်ရေကြောင့် လုံးဝ အမှောင်မကျသွားခင် 'ဂျူလိုင်လ ၄ရက် ၊ ၂၀၂၂ ၊ ၁၀နာရီ ၃၃မိနစ်' ဟု ဖော်ပြသွားသည်။
ဝမ်ကျုံးက သူ၏ ကွဲနေသောနှုတ်ခမ်းကို လျှာနှင့် ယပ်ပြီး လက်ဖြင့် ခွာနေသည်။ ခြေဖျားထောက်ရပ်ကာ ကောင်းကင်နှင့် ရေပြင်ထိရာ မိုးကုပ်စက်ဝိုင်းဆီ လှမ်းကြည့်ရင်း ဖြတ်သွားသော သင်္ဘောများ
ရှိလိုရှိငြား ဆုတောင်းလိုက်သည်။ သို့သော် ကျယ်ပြောလှသော ပင်လယ်ကြီးမှာတော့ အနှောင့်အယှက် ကင်းမဲ့ကာ လှိုင်းငယ်များတောင် ရှိမနေခဲ့ချေ။
"သေလိုက်ပါတော့"
သူ စိတ်ပျက်စွာ ရေရွတ်လိုက်သည်။ ထို့နောက် အလျင်အမြန် ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်သည်။
"အဆင်ပြေပါတယ်... အဆင်ပြေသွားမှာ.. ဒီကပ်ဘေးကနေ လွတ်မြောက်လာတာကိုတင် ကံကောင်းနေပြီ။ အားလုံးအဆင်ပြေသွားမှာပါ..."
ထိုသို့ အပြုသဘောဆောင်ပြီး အကောင်းမြင်တတ်သည့်စိတ်နှင့် တွေးလိုက်ခြင်းက အတော် အထောက်အကူပြုသည်။
စိတ်ငြိမ်အောင် ထားပြီးနောက် သန့်ရှင်းသောရေနှင့် နေရောင်ခြည်၏ အပူဒဏ်ကို ခေတ္တရှောင်ရှားရန် သူတောအုပ်ကို စွန့်စားရန် ပြင်ဆင်လိုက်သည်။ ရေဓာတ်ခမ်းခြောက်ခြင်းက ယခုအချိန်တွင် အလွန်အန္တရာယ်များလှသည်။
လမ်းတစ်လျှောက် မည်သူ့ကိုမျှ မတွေ့ရသလို ပြည်တွင်းသုံး အမှိုက်များကိုလည်း မတွေ့ရပေ။ ရှေးကျသော ပတ်ဝန်းကျင်ကို ခြုံငုံကြည့်ရလျှင် မဖွင့်ဖြိုးသေးသော ခြောက်ကပ်နေသည့် ကျွန်းတစ်ကျွန်းဟု ထင်ရသည်။ သူ၏ အခြေအနေကို တွေးကြည့်ကာ အဓိကကျသော ကယ်ဆယ်မှုလုပ်ရန် ခက်ခဲမည်ကို တွေးမိ၍ အသက်ရှင်သောကြောင့် ရလာသော ပျော်ရွှင်မှုကို ပျောက်ဆုံးသွားစေသည်။
ရှည်လျားပြီး စိမ်းစိုနေသော မြက်ခင်းများအပြင် မှိုန်ဖျော့သော အလင်းရောင်နှင့် နမိတ်မကောင်းသော တောအုပ်ကို ကြည့်ရင်း ချိန်ဆတွေးတောကာ တတွတ်တွတ်ပြောလိုက်သည်။
"...မြွေတော့ မရှိလောက်ပါဘူး "
သူ၏ နှုတ်ခမ်းဝမှ စကားလုံး ထွက်လာပြီးသည်နှင့် ခေါင်းပေါ် မိုးစက်များ ကျဆင်းလာသည်။ များပြားသည့် တိမ်နက်များက ပေါ်ပေါက်လာသလိုပင်။
"မိုးရွာတော့မှာလား..."
သူ အပေါ်မော့ကြည့်လိုက်သည်။ နေက ပူပြင်းစွာ တောက်ပနေဆဲပင်။ သို့သော် တိမ်မည်းများထက် ကြီးမားသော အရိပ်က သူ့ကို အုပ်မိုးထားကာ ကျရောက်လာတော့မည့် အန္တရာယ်ကို ဖော်ပြနေသည်။
သူ လေထုအတွင်း နွေဦး၌ ကမ္ဘာမြေပေါ် မိုးရွာချပြီးစ အနံ့ကို ရလိုက်သည်။ အရိပ်နှင့် အနံ့က သူ၏ အနောက်မှ လာကြောင်းသိလိုက်ရ၍ အနောက်လှည့်ကြည့်လိုက်ကာ အေးစက်၍ ထောင့်မှန်ကျနေသော အစိမ်းရောင်မျက်လုံးတစ်စုံနှင့် တွေ့ဆုံသွားခဲ့သည်။
"အားးး......"
ဧရာမ မြွေနက်တစ်ကောင်က ဒိုးနတ်အဝိုင်းလို ခွေပတ်နေကာ ရုတ်တရက် ပေါ်ပေါက်လာသည်။ မြွေတစ်ကိုယ်လုံး အနက်ရောင်အကြေးခွံများက သံချပ်ကာအတိုင်း ဖုံးအုပ်နေကာ မီးတောင်ထွက်ကျောက်တောင်နှင့် တူနေသည်။
မြွေ၏ မျက်စံများက ကျဉ်းမြောင်းသွားသည်။ ၎င်း၏ နီရဲကာ ရှည်လျားသော လျှာက ပါးစပ်နားတစ်ဝိုက် ဝေ့ဝိုက်သွားနေသည်။ မူးဝေမှုများကို လျစ်လျုရှုကာ သူ ရှေ့သို့ကိုင်းပြီး အန်ချလိုက်သည်။ မြွေ၏ အမြှီးက သူ့ခြေထောက်ကို ပွတ်သတ်ကာ ခြေကျင်းဝတ်ကို ရစ်ပတ်လာပြီး နှေးကွေးစွာ သူ၏ ခါးကို တင်းကျပ်လိုက်သည်။
'နောက်ဆုံးတော့ ပြီးပြီထင်တာဘဲ'
၎င်း၏ မြွေလျှာကို ထုတ်ထားသော မြွေနက်ကြီးက ခေါင်းစောင်းကာ သူ၏ မျက်နှာကို အေးစက်၊ ချောမွေ့ပြီး သူ၏ လက်မောင်းအရွယ်ရှိသည့် အမြှီးထိပ်ဖျားနှင့် ထိလာသည်။
ဝမ်ကျုံး : "!!!!!!!!"
ထားလိုက်တော့... အရင်မေ့လဲပြီးမှ ကျန်တာ ဆက်ပြောကြတာပေါ့...