မြွေနက်ကြီးရှောင်မင်က ရှေးခေတ်ကာလများကတည်းက စွမ်းအင်ကြီးမားသော နတ်ဝိဉာဥ်ဖြစ်ခဲ့သည်။ ကပ်ဘေးကို ရှောင်ရှားရန် ကျွန်းတစ်ကျွန်းတွင် ပုန်းအောင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာခဲ့လေပြီ။
မိုးကြိုးပြစ်ဒဏ်က မလာသေးသော်လည်း ထိုအရာကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။
အနက်ရောင်မြွေကြီးက မေ့မြော နေသော ဝမ်ကျုံးကို သူ၏ အမြီးဖြင့် မြှောက်တင်လိုက်ပြီး လှုပ်ခါလိုက်သည်။ ခန္ဓာကိုယ်ပေါ်မှ သဲမှုန်များနှင့် ဖုန်မှုန့်များကို ခါချပြီးနောက် သူ၏ အစိမ်းရင့်ရောင် မျက်လုံးများကို မှေးကြည့်ပြီး မြွေအသံ တစ်ချက်ပြုလိုက်သည်။
'ဟင်း…ငါမျှော်လင့်ထားတဲ့အတိုင်းပါပဲလား..'
ကောင်းကင်က ပြုတ်ကျလာတဲ့ ဒီလူသားက အသားအရေဖြူဖွေးပြီး လှပတဲ့အသွင်အပြင်၊ သွယ်လျသော ခါးနဲ့ ရှည်လျားတဲ့ ခြေထောက်တွေ ရှိတယ်.... နူးညံ့သိမ်မွေ့လှသော မျက်ခုံး၊ သေးငယ်သော နှာတံ၊ လှပပြီး ကောက်ကြောင်းပေါ်တဲ့နှုတ်ခမ်းများက နတ်သမီးများထက်ပင် သာလွန်လှပနေသည်။
မြွေနက်က ဒီလူသား ဥဖောက်ရာတွင်လည်း တော်မလား သိချင်နေခဲ့သည်...
မြွေနက်သည် သူ၏အမြီးကို ဖြေလျော့ပြီး သူ၏ ချောမောမှုကြောင့် မေ့မြောနေသော လူသားကို လေပေါ်သို့ မြှောက်တင်ကာ အသာအယာဖမ်း၍ သူ၏ နှဖူးပေါ် တင်ကာချိန်ကြည့်သည်။
“ နည်းနည်းပိန်နေသေးတယ် ”
အနည်းဆုံးတော့ သူနဲ့ အတူ နေထိုင်နိုင်ရန် ပေါင်အနည်းငယ် ဝိတ်တက်ဖို့တော့ လိုအပ်လိမ့်မယ်...
မြွေနက်ကြီးသည် ကြွားဝါသော ဟန်ဖြင့် ခန္ဓာကိုယ်ကို လိမ်ယှက်ကာ ထိုလှပသော လူသားကို သူ၏ နေရာသို့ ခေါ်ဆောင်လာခဲ့ကာ ပေါင်အနည်းငယ် တက်စေရန်အတွက်လည်း ပြင်ဆင်နေခဲ့သည်။ ထို့အရာများ ပြီးသည်နှင့် ထိုလူကို နှမ်းရှုံ့ပွေ့ဖက်ကာ အမြှီးဖြင့် ပတ်ထားပြီး ပျော်ရွှင်စွာ ဥပေါက်ရန် ကြိုးစားကြမယ်....
ယခုလက်ရှိတွင် ရှောင်မင်က ထိုလူသားကို အနာဂတ်ဇနီးအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုလူသားအား ပိုမိုကောင်းမွန်စေရန်အတွက် သူက နစ်နာမှုအနည်းငယ်ကို လက်ခံလိမ့်မည်။
'ဘယ်သူက သူ့ကို ဒီလောက်ကျော့ရှင်းပြီး လှပတဲ့ မြွေနတ်ဆိုးဖြစ်လာဖို့ ခွင့်ပြုထားတာလဲ....'
မြွေနက်က သူကိုယ့သူပင် အနည်းငယ် ထိရှသွားခဲ့သည်။
ဝမ်းကျုံးကို သူ၏ အမြီးဖြင့် ရစ်ပတ်ပြီး ဂူ၏ အလယ်၌တည်ရှိသည့် ကြီးမားပြီး သန့်ရှင်းသော ရေကန်ဆီသို့ သတိမမူမိစွာ သယ်ဆောင်လာခဲ့သည်။ သူ၏ အမြီးဖြင့် ထိုလူသားကို ဂရုစိုက်စွာ ဆေးကြောပေးခဲ့ပြီး ဖြူစင်သန့်ရှင်းသွားသည်အထိ စောင့်ကြည့်နေသည်။
မြွေနက်သည် သူ၏လျှာကို ထုတ်ကာ သူ၏ အလှခံစားတတ်မှုနှင့် အမြင်ကို နောက်တစ်ကြိမ် ထောက်ခံခဲ့သည်။
'ဒီလို လှပပျော့ပျောင်းတဲ့ လူသားက ငါ့လို ခန့်ညားပြီး ကျော့ရှင်းတဲ့ မြွေကြီးနဲ့မှ တကယ် လိုက်ဖက်တာ'
ဝမ်ကျုံး မျက်လုံးများ ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လန်းဆန်းမှုကို ခံစားလိုက်ရသည်။
လန်းဆန်းသည့်လေပြေက အရပ်မျက်နှာစုံမှ တိုက်ခတ်လာပြီး တင်းမာနေသော အာရုံကြောများကို ပြေလျော့စေကာ သူ့ကို သက်တောင့်သက်သာရှိလာစေသည်။
“အေးလိုက်တာ... ရေဆာတယ်လို့ မခံစားရတော့ဘူး... ”
ဝမ်းကျုံး ဖြည်းဖြည်းချင်း ထထိုင်ရင်း ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ကို သေချာမကြည့်ရသေးခင် “ ခရက်..” ဟူသော အသံက အနောက်ကနေ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က လျှောကျသွားသည်။
“ အာ့ ”
ဝမ်ကျုံးတစ်ယောက် သူ၏အရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားသည်။
သူ၏ အရှေ့တွင်ရှိနေသည့် ရွှေငွေ ရတနာများကြောင့် မျက်လုံးတစ်စုံလုံး ရွှေများဖြင့် နစ်မြုပ်သွားကာ မှောင်မိုက်နေသော ဤနေရာအတွင်း နေ၏ အလင်းကဲ့သို့ တောက်ပနေသည်။ လေထုအတွင်း ရွှေမှုန်များ ပျံလွင့်နေသလိုပင် ခံစားရသည်။
သူက ရွှေဗုံငယ်လေးထိပ်တွင် တင်နေကာ လက်ကို မြှောက်လိုက်သောအခါ အကျီလက်မှ ဖြူစွတ်နေသော ပုလဲလုံးများ ထွက်ကျလာသည်။
ဝမ်ကျုံး ချက်ချင်းဆိုသလို စိတ်ပျံ့လွင့်သွားသည်။
ပင်လယ်ထဲသို့ ပြုတ်ကျခြင်း၊ လူသူကင်းမဲ့သောကျွန်း ၊ မြွေနက်ကြီး အရာအားလုံးက တောက်ပနေသော ရွှေများ ရှေ့တွင် ပျောက်ကွယ်သွားသည်။
သူ၏ မျက်လုံးများက တောက်ပနေသော ရွှေများကို ကိုင်ထားရင်း ဝင်းလဲ့နေပြီး လွှတ်မချနိုင် ဖြစ်နေသည်။ ပါးစပ်က နားရွက်အထိ တက်ချိတ်တော့မည့်အတိုင်း ပြုံးနေကာ သူ၏ ပယင်းရောင် မျက်လုံးများအတွင်း တောက်ပသောရွှေရောင်က ထင်ဟပ်နေသည်။
" ဘုရားရေ...ငါအိမ်မက်မက်နေတာတော့ မဖြစ်နိုင်ဘူးမလား…”
ဝမ်းကျုံးက ထိုအရာများကို ပုံပြင်စာအုပ်ထဲတွင်သာ မြင်ခဲ့ရသည်။ သူငယ်စဥ်က ဆင်းရဲလွန်းသဖြင့် ပုံပြင် စာအုပ်တစ်အုပ်ပင် မဝယ်နိုင်ကာ အိမ်မက်ထဲ ထည့်မမက်ရဲခဲ့ပေ။
သူသည် ရွှေဒဂါးတပြားကို သေချာရန် ကိုက်ကြည့်ခဲ့သည်။ နောက်ထပ်ရွှေချောင်းတစ်ချောင်းကိုလည်း သေချာစေရန် ကိုက်ကြည့်သည်။
သူသည် ပျော်ရွှင်ပြီး ရွှေပုံအလယ်တွင် ဒူးထောက်ကာ ဓားမြောင်တခုကို တူးနေစဉ် သူ၏ ပြေပြစ်သော၊ လှပသော ခါးကောက်ကြောင်းနှင့် အဖြူရောင် အတွင်းခံ၏ အစွန်းတဖက်ပါ ပေါ်နေခဲ့သည်။
“ ဟယ်! ဘယ်ရောက်သွားတာလဲ.. ငါစောနကတောင် တွေ့လိုက်ပါတယ် ”
ရွှေငွေ ရတနာများကြောင့် စိတ်လှုပ်ရှားနေသော်လည်း သူ အကာအကွယ်မဲ့နေခြင်းကို သိခဲ့သည်။ ရေစိုနေသော ဖုန်းနှင့် နာရီအပျက်မှ လွှဲပြီး သူ့တွင် ဘာမှမရှိ။ ဓားမြောင်ကို မြင်လ်ုက်သည်နှင့် သူတူးယူခဲ့သည်။
သူ တူးဖော်နေစဉ် တခုခု၏ ရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ်သည် အရှေ့သို့ အနည်းငယ် တိုးသွားသည်။ ထို့နောက် သူသတိထားမိလာသည်။ သူ့ကို သတိမေ့စေခဲ့သော ထိုမြွေနက်ကြီး။
အသက်ရှုအောင့်လိုက်ပြီး မှန်ငယ်လေးကိုယူကာ သူအနောက်သို့ ကြည့်ခဲ့သည်။
သူ၏ ဖျော့တော့နေသော မျက်နှာ အပြင် မှန်ငယ်လေးထဲတွင် သွယ်လျပြီး နီရဲနေသော လျှာသည် သူ၏ နားနှင့် လည်ပင်းနားတွင် ဝဲနေပြီး မီးတောက်များ၊ လျှပ်စီးများဖြင့် ထုတ်လိုက် ရုတ်လိုက် လုပ်နေသည်။
“ အဲ့ဒါ.. အဲ့ဒါက မြွေနက်ကြီးပဲ!! ”
မှန်ငယ်လေးထဲမှ မြွေနက်ကြီးသည် သူ၏ ကြီးမားသော ကိုယ်က လှုပ်ယမ်းရင်း ဝမ်းကျုံးအား ဝါးမျိုချင်ပုံပေါ်သည်။
“ သူ ဘာတွေတွေးနေတာလဲ..”
“ သူ့နေရာကို ခေါ်လာတာလား.. ”
ဝမ်ကျုံးသည် သူ၏ လည်ပင်းတလျှောက် ရစ်ပတ်လာသော လျှာကို ကြည့်ရင်း မှန်ငယ်လေးလွတ်ကျပြီး ခန္ဓာကိုယ်က စောင်းသွားသည်။
မြွေနက်သည် အနာဂတ်အိမ်ထောင်ဖက်ကို ကျွေးမွေးရန် သစ်သီးခြင်းကို အမြီးဖြင့် သယ်ဆောင်ခဲ့ရာ ဝမ်ကျုံး၏ တုံ့ပြန်မှုကို သတိပြုမိသည်။ ထို့နောက် ခြင်းကို ချကာ တံခါးထက်ကြီးသော မှန်ချပ်ကို ဖြန့်ချပြီး သူ့ကိုယ်သူ ကြည့်ခဲ့သည်။
မြွေနက်သည် ထိုလူသားက ဘဝတစ်လျှောက်လုံး သူ့ကဲ့သို့ ခန့်ညားထည်ဝါလှပသော မြွေနက်မျိုး၊ သူ့ကို မေ့လဲစေနိုင်တဲ့ အလှတရားမျိုးကို မမြင်ဖူးသလား။ သနားစရာကောင်းသော လူသားပင်။
“ အိုးးး…”
ခန့်ညားသော ဉီးခေါင်းကို နှိမ့်ချလိုက်ပြီး မြွေနက်သည် လျှာကိုထုတ်ကာ အကူအညီမဲ့ သတိလစ်နေသော ဝမ်းကျုံးနား ဝဲလည်နေခဲ့သည်။
အချိန်ဘယ်လောက်ကြာမှ နိုးလာမည်ကို စိတ်ပူနေခဲ့သည်။ ကမ္ဘာကြီးကို မမြင်ဖူးသော ထိုလူသားသည် မည်သို့သော အသွင်အပြင်ကို အံ့ဝင်ခွင်ကျဖြစ်၍ မည်မျှ လှပသော အသွင်အပြင်ကို ရရှိမည်နည်း။