Chapter 4
Viewers 2k

မနက်ခင်း နေရောင်ခြည်လေးက တောက်ပနေပြီး လေပြည်လေညင်းကလေး များကလည်း အေးမြလျက်။

၀မ်ကျုံးသည် လက်တစ်ဖက်ဖြင့် သစ်သီးခြင်းကို ကိုင်ဆွဲကာ ကျန်တစ်ဖက်ဖြင့် သစ်သီးများကို စားသောက်ရင်း ပြေးလွှားနေခဲ့သည်။

ကမ်းခြေသို့ ပြန်‌သွားချင်သော်လည်း တောအုပ်ကြီးရဲ့ နေရောင်မထိုးဖောက်နိုင်မှုကြောင့် လမ်းပျောက်နေခဲ့သည်။ ကံဆိုးစွာဖြင့် ချုံပုတ်ထဲမှ ဝံပုလွေတစ်ကောင်နှင့် ကျားတစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာသည်။

သားရဲ နှစ်ကောင်က ၀မ်ကျုံးအား မခုန်အုပ်သေးသော်လည်း ဝါးမျို မတတ် စူးစူးစိုက်စိုက်ကြည့်နေသည်။

အချိန် မိနစ်အနည်းငယ် ကြာမြင့်လာခဲ့၏။

၀မ်ကျုံး၏ ကျောတွင် ချွေးများ စိုရွှဲနေပြီး လက်ထဲတွင်လည်း ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

၀မ်ကျုံးသည် သားရဲနှစ်ကောင်အား သေချာအကဲခတ်၍ ခြေလှမ်းနေရာ အနည်းငယ် ရွေ့ကြည့်သည်။ သို့သော် ထိုသားရဲတို့က သူပြေးသည်နှင့် တပြိုင်နက် လိုက်၍ ကုတ်ဖဲ့ကိုက်ဖြတ်ရန် အသင့်ဖြစ်နေကြသည်။

၀မ်းကျုံးက အားကုန်သုံး၍ ထွက်ပြေးရန် ကြိုးစားသော်လည်း မလွတ်မြောက်နိုင်ဘဲ သူသည် ခေါက်ဆွဲဖတ်ကဲ့သို့ပင် ပျော့ပျောင်းလာပြီး မပြေးနိုင်တော့ချေ။

သူ ဓားမြောင်ကို သေချာဆုပ်ကိုင်ကာ စိတ်ပျက်စွာဖြင့် " ဘာလို့ မင်းတို့နှစ်ကောင် မတိုက်ကြတာလဲ…နိုင်တဲ့သူ ငါ့ကိုယူလေကွာ... "

ဝံပုလွေနှင့် ကျားတို့ကတော့ ထိုလူသား၏ စကားကို နားမလည်ပဲ စားရန်သာ တဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။

ချွေးတဒီးဒီးကျနေသောကြောင့် မျက်လုံးများကိုတောင် မပိတ်နိုင်သော ၀မ်ကျုံးသည် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ " မင်းတို့က နှစ်ယောက် ငါက တစ်ယောက်တည်းလေ မတရားရာ မကျဘူးလား... "

ထိုအချိန်တွင် အော်မြည်သံတခုက လေနှင့်အတူ မျောပါလာသည်။

ထိုအသံအား ရင်းနှီးနေသော ၀မ်ကျုံးသည် ဒူးများ ပျော့ခွေကာ နောက်သို့ လန်ကျသွားသည်။ သားရဲတို့သည် သူ၏ နောက်တွင် ပုန်းကာ ချုံပုတ်ကြီးနောက်တွင် ပေါ်ထွက်လာသော မြွေနက်ကြီးအား စူးစိုက်ကြည့်နေသည်။

တောက်ပသော နေရောင်အောက်တွင် မြွေနက်ကြီးက သူ၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ ခေါင်းကိုစောင်း၍ သူ၏ လျှာကို ထုတ်နေပုံမှာ ကြည့်လို့ကောင်းနေ၏။

ယခုအခါ ၀မ်ကျုံးက သစ်သီးများကို ဆုပ်ကိုင်ရင်း ကျားနှင့် ဝံပုလွေတို့ကလည်း သူ၏ အနားကိုသာ အတင်းကပ်နေကြသည်။

မြွေနက်ကြီးက အနည်းငယ် ကွေးကောက်ဟန်ပြပြီး သူ၏ အစွယ်ဖြူကြီးများကို ထုတ်ကာ မာန်ဖီလေသည်။

၀မ်ကျုံး၏ လက်ထဲရှိ ခြင်းလေးလည်း တုန်ခါသွားပြီး " ဘုရားရေ... " ဟူ၍ပင် မအော်နိုင်တော့ချေ။

ကျားက ချက်ချင်းပင် ကြောင်လေးတစ်ကောင်ကဲ့သို့ တုံ့ပြန်ခဲ့သည်။ ကြောင်လေးကဲ့သို့ ပက်လက်လှန်လိုက်ပြီး ‘မြောင်…’ ဟု အော်လိုက်လေသည်။

သို့သော် ဝံပုလွေ၏ တုံ့ပြန်မှုကမူ မကောင်းပေ။

ထိုသားရဲက အလွန်အမင်းကြောက်လန့်သွားပြီး ဖျော့တော့နေသော ၀မ်ကျုံးအား သစ်ပင်ပေါ်သို့ ကိုက်ချီသွားရန် ဟန်ပြင်ခဲ့သည်။ သို့သော် မြွေနက်ကြီး၏ အမြီးဖြင့် ရိုက်ချခံလိုက်ရပြီး "အု.. "ဟူသော အသံဖြင့် အတွင်းကလီစာများကအစ လေထဲသို့ လွင့်စဥ်ကာ ပြန့်ကျဲသွားတော့သည်။

လေထဲတွင် လွှင့်မျောနေသော အလံသကဲ့သို့ပင်။

၀မ်ကျုံး၏ ဗိုက်ကို ဝံပုလွေဦးခေါင်းက လာထိမှန်သောအခါ သူ အသက်မရှုနိုင်လောက်အောင် ကြောက်လန့်နေသည်။

မြွေနက်ကြီးသည် သူထင်ထားသည်ထက် များစွာ ပိုမိုကြောက်စရာ ကောင်းနေသည်။သားရဲဘုရင် ကျားသည်ပင် ထိုမြွေနက်ကြီးကို ကြောက်လန့်နေရသည်။

ထိုမြွေနက်ကြီးက ယခု သူ့အနားသို့ ချဉ်းကပ်လာလေသည်။

သူ အခု ဘာဖြစ်တော့မှာလဲ…

သားရဲနှစ်ကောင်နှင့် ရှုပ်ထွေးနေသည့် အချိန်ကို အခွင့်ကောင်းယူပြီး ၀မ်ကျုံးသည် သစ်သီးခြင်းကိုဆွဲကာ ‌ထော့နှဲ့ ထော့နှဲ့ဖြင့် ထွက်ပြေးသည်။

ဦးတည်ချက်မရှိ။

ရည်မှန်းချက်မရှိ။

ထိုမြွေနက်ကြီး၏ ဝေးရာကိုသာ။

၀မ်ကျုံး မည်မျှကြာအောင် ပြေးလွှားနေခဲ့သည်ပင် မသိတော့။ သူ မောပန်းပြီး သွေးအန်လုမတတ် ဖြစ်၍ ရပ်သွားသောအခါ မှောင်မိုက်နေပြီး ခြင်းထဲတွင်လည်း သစ်သီး သုံးလုံးသာ ကျန်တော့သည်။

သူ မြေပြင်ပေါ်သို့ လှဲချ၍ လေကိုသာ ရှုရှိုက်နေတော့သည်။ အရေပြားတွင်လည်း ခြင်ကိုက်ရာ၊ ပျားတုပ်ရာများဖြင့် ယားယံနာကျင်နေခဲ့သည်။ သို့သော် သူမကုတ်ရဲ။

သူ ခနမျှသာနားပြီး ဆက်သွားခဲ့သည်။

ကြီးမားလှသော ဤတောကြီးတွင် သူ့အား အန္တရာယ်ပေးနိုင်သည့် အရာများစွာ ရှိသောကြောင့် တစ်နေရာထဲတွင် အချိန် အတော်ကြာ မနေရဲသလို အိပ်လည်းမအိပ်ရဲပေ။

ကံကောင်းစွာဖြင့် မြွေနက်ကြီးကိုလည်း မတွေ့ရသလို သားရဲများ၏ အရိပ်အခြေကိုလည်း မတွေ့ရချေ။

တတိယနေ့ နံနက်ရောက်သောအခါ ၀မ်ကျုံးသည် အလွန်ပင်ပန်း၍ မျက်လုံးများကိုပင် မဖွင့်နိုင်တော့ချေ။ သူကိုင်ဆောင်လာသော ခြင်းလေးကိုတော့ မလွှတ်ပစ်သေး။ ဘာသားဖြင့် လုပ်ထားမှန်း မသိသော်လည်း ထိုခြင်းလေးက သူ့ကို ခွန်အားနှင့် နွေးထွေးမှု ပေးနိုင်သည်ဟု သူထင်သည်။

တစ်၀က်သာ ကျန်သော သစ်သီးကို သူက တစ်ကိုက်ကိုက်ပြီး ဘောင်းဘီအိတ်ထဲသို့ ထည့်ကာ သေချာ ဇစ်ပိတ်ထားလိုက်သည်။

လမ်းတစ်လျှောက်တွင် သီးနှံများစွာကို တွေ့ခဲ့သော်လည်း သစ်သီးများက အပင်မြင့်တွင်ရှိနေပြီး၊ အင်းဆက်များ ရှိနေခြင်းကြောင့် သူခူး၍ မရနိုင်ခဲ့ပေ။ ထို့အပြင် သန့်ရှင်းသောရေ မရနိုင်ခြင်းကြောင့် သူ၏နောက်ဆုံး ကျန်သော ဤသစ်သီးလေးကိုသာ ဂရုစိုက်နေရသည်။

သူ၏ ဖုန်းကို ထုတ်လိုက်ပြီး ထပ်မံဖွင့်ရန် ကြိုးစားသော်လည်း ဖွင့်မရပေ။

ငယ်စဉ်ဘ၀တွင် မာကျောသော စိတ်ဓာတ်ရှိသော်လည်း ယခုလိုပြောင်းလဲမှုကြီးနှင့် ကြုံတွေ့ရပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများနှင့် တွေ့ကြုံချိန်တွင်တော့ တောင့်ခံနိုင်ခြင်းမရှိဘဲ မျက်ရည်များသာ ကျလာတော့သည်။

ဒါပေမယ့် ငိုနေတော့ရော ဘာထူးမှာလဲ…

၀မ်ကျုံးက သူ၏ အောက်နှုတ်ခမ်းကို ကိုက်ပြီး မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ သူ သည်းမခံနိုင်တော့ဘဲ မျက်နှာနှင့် လက်ဖမိုးများကို လက်ဖြင့် ကုတ်ခြစ်လိုက်သည်။ သူ၏ လက်သည်းများသည် သွေးများဖြင့် ပြည့်လျှံကာ စေးကပ်နေသည်။

သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်းယားယံလာသဖြင့် မနေသာတော့ပဲ ကုတ်ဟန်ပြင်ချိန် ရေစီးသံကို ကြားလိုက်ရသည်။

" ဟာ… ဒါပင်လယ်ပဲ … ရေတက်နေတဲ့ အသံပဲ …ငါအခု လုံခြုံပြီ... "

၀မ်ကျုံးက မျက်ရည်များဖြင့် ပျော်ရွှင်စွာ ရယ်မောရင်း ခြင်းကိုပင် မယူတော့ပဲ ရေရှိရာနေရာသို့ ပြေးသွားသည်။

ရေစီးသံသည် နီးသည် ထင်ရသော်လည်း အနည်းငယ် လမ်းလျှောက်ရသေးသည်။

နံနက်မိုးသောက်ချိန်တွင် သူ့အိတ်ကပ်ထဲမှ နောက်ဆုံး အသီးကိုစား၍ တောထဲမှ ထွက်ကာ ကမ်းစပ်သို့ ပြန်လာခဲ့သည်။

သူ၏ ဒူးများ အားကုန်သွားသောအခါ မြေပေါ်တွင် ဒူးထောက်ထိုင်ရင်း သဲများကို ဆုပ်ကိုင်ကာ ငိုတော့သည်။

" ဝူးဝူး..."

ဤရက်များတွင် အခွင့်အလမ်းသေးသေးလေးများမှ လွတ်မြောက်လာသော သူ့ဘ၀သည် အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့သည်။

သူသည် အသက်အန္တရယ်နှင့် ကြုံတွေ့တိုင်း လွတ်မြောက်လာပြီး အဆင်ပြေမည်ဟု သူတွေးလျှင် အဆင်မပြေဖြစ်သွားတတ်ခဲ့သည်။

ဥပမာဆိုရပါက ယခုဆိုလျှင်…

၀မ်ကျုံးသည် တောထဲရှိ မြွေနက်ကြီးလက်မှ လွတ်လာပြီ ထင်သော်လည်း ယခု ကမ်းစပ်တွင် သူ့အား ကယ်တင်မည့်သူ တယောက်မှမရှိချေ။

သို့သော်လည်း ထိုတောထဲသို့ ထပ်မသွားချင်တော့ချေ။

၀မ်ကျုံးသည် ရေဓာတ်ခမ်းခြောက်မှုနှင့် ဆာလောင်မှုတို့ကြောင့် သစ်တော၏ အဆုံးနားတွင် လဲနေသည်။

သူသည် မြက်ပင်များကို နှုတ်ယူကာ ရေဓာတ်ရစေရန် ကြိုးစားနေသော အချိန်တွင် သူတောထဲ၌ ကျန်ခဲ့သော သစ်သီးခြင်းက အသီးအပြည့်ဖြင့် သူ့လက်ထဲသို့ ရုတ်တရက် ပြုတ်ကျလာသည်။

သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြသာရှိနေသည်ဟု ထင်မိသွားသည်။

သို့သော်လည်း အနီရောင် သစ်သီးများဖြင့် ပြည့်နှက်နေသော ခြင်းနှင့် ရေအပြည့်ပါသော ရွှေခွက်တို့မှာ တကယ်ပင် ကိုင်တွယ်၍ ရနေသည်။

ထိုရေအားသောက်ပြီးသောအခါ သူ၏ လည်ချောင်းသည် နာလာသည်။ သူသည် ဘေးပတ်၀န်းကျင်အား မြွေနက်ကြီးရှိမရှိ အကဲခတ်လိုက်သည်။ အနည်းငယ် ကွေးညွှတ်နေသော သစ်ပင်တစ်ပင်သာ ရှိနေသည်။

အချိန်အတန်ကြာသောအခါ မြွေနက်ကြီးသည် သူ့နောက်မှ တချိန်လုံးလိုက်လာသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သားရဲများ၊ ငှက်များ စသည့်သတ္တဝါတစ်ကောင်မျှကိုပင် သူ မတွေ့ရခြင်း ဖြစ်သည်။

၀မ်ကျုံးသည် စိတ်ပျက်ခြင်း၊ ပြိုလဲခြင်းတို့ကို ခံစားရပြီး အသက်ရှင်နိုင်ရန်အတွက် ယုံကြည်ချက် ပြိုလဲသွားသည်။

သို့သော်လည်း အချိန်မဖြုန်းပဲ အပြာရောင် ပင်လယ်ကြီးဆီသို့ တွားသွားကာ ထွက်ပြေးလေသည်။

အသက်မရှင်နိုင်လျှင်တောင် ကောင်းကောင်းမွန်မွန် နေခဲ့ရမည် ဟု သူတွေးသည်။

အနည်းဆုံးတော့ တကိုယ်လုံး မနာကျင်ရဘဲ ခန္ဓာကိုယ် ကျန်နေနိုင်သေး၏။

‌သို့သော် မြွေနက်ကြီးက သူ့ကို လွယ်လွယ်ကူကူဖြင့် ထွက်သွားစေချင်ပုံ မပေါ်။

၀မ်ကျုံး နစ်မြှုပ်နေသည့် နေရာတွင် မြွေနက်ကြီးက ရုတ်တရက်ပေါ်လာပြီး သူ၏ အမြီးဖြင့် ၀မ်ကျုံး၏ လက်ကောက်၀တ်ကို ဆွဲကိုင်တာ ၀မ်ကျုံးအသက်ရှုနိုင်ရန် ပင်လယ်ထဲမှ လေပေါ်သို့ ဆွဲမြှောက်လိုက်ပြီး သူ့ပါးစပ်ဖြင့် ဝမ်ကျုံးကို သယ်လိုက်လေသည်။

၀မ်ကျုံး သတိမလစ်ခင် သူတွေးနိုင်သည်မှာ…

မြွေနက်ကြီးရဲ့ သွားတွေက အရမ်းဖြူတာပဲ…