ဝမ်ကျုံးသည် မြွေနက်၏ သားရဲတွင်းထဲသို့ ပြန်လည်ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။
သူနိုးလာသောအခါ သူသည် မြွေနက်၏ အဝိုင်းပုံသဏ္ဍာန် ခွေနေသောအမြီးပေါ် ၌ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် လန်းဆန်းနေရုံ သာမက သူ၏ဒဏ်ရာများကိုလည်း အေးမြသော အစိမ်းရောင်အကျိချွဲများဖြင့် ဖုံးအုပ်နေသည်။
ဝမ်ကျုံး သူ့လက်ကို မြှောက်၍ အနံခံလိုက်ရာ မှိန်ဖျော့ဖျော့ ဆေးဖက်ဝင် ရနံ့အား သူ ရလိုက်၏။
သူ၏နှလုံးခုန်သံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားတော့သည်။ သူ့လက်များကို အချင်းချင်း ဆုပ်ကိုင်ထားကာ အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီး သူ့ခေါင်းကို မြွေ၏ အမြီးကြားမှ ဂရုတစိုက် ဆွဲထုတ်လိုက်သည်။သူ့ဒူးခေါင်းများအား ဖက်လိုက်ပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ပြီး ၎င်းအား လျှို့ဝှက်စွာခိုးကြည့်လိုက်သည်။
မြွေနက်သည် ထူးထူးကဲကဲကြီးမားလှသည်။
သူ့ကို ၎င်း၏ အမြှီးဖြင့် အဝိုင်းပုံသဏ္ဍာန် ခွေထားခဲ့သော်လည်း သူ မြွေနက်၏ ဦးခေါင်းအား မမြင်နိုင်ပေ။ အကြောင်းမှာ ၎င်းက အလွန်ကြီးမား၍ ထူကာရှည်လျားသောကြောင့်ဖြစ်သည်။
ဆယ်မီတာခန့် သို့မဟုတ် ထို့ထက်ပင် ပိုရှည်လျားနိုင်သည်။
မြွေနက်၏ မြင်သာသော အရေပြားနှင့် အကြေးခွံများသည် စင်စစ် အနက်ရောင်ဖြစ်သည်။ဒေါင်လိုက်ဖြစ်နေသော မြစိမ်းရင့်ရောင်မျက်ဝန်း တစ်စုံမှလွဲ၍ ခန္ဓာကိုက်တစ်ခုလုံးတွင် အခြားသော အရောင်အသွေးမရှိပေ။
ထိုအချိန်ထွက် မြွေနက်ကြီးသည် အေးချမ်းစွာ အိပ်ပျော်နေပြီး ဟောက်သံများပင် ထွက်နေသေးသည်။ သူ အသက်ရှူလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မြွေကိုယ်လုံးကြီးက လှိုင်းထလာသကဲ့သို့ တဖြည်းဖြည်းချင်း လှုပ်နေပြီး မြေကြီးကိုပင် အနည်းငယ် တုန်ခါစေ၏။
ဝမ်ကျုံး မှန်းဆရုံမှလွဲ၍ မတတ်နိုင်တော့ချေ။
ဒီမြွေနက်က ငါ့ကို သနားနေတာလား... ဒါမှမဟုတ် ငါ ဝဖြိုးလာတဲ့အထိ စောင့်ပြီးမှ ငါ့ကို
စားဖို့ကြံနေတာလား...
လက်ရှိသူ၏ပိန်ပါးသော ခန္ဓာကိုယ်သည် မြွေနက်၏ အစာဖြစ်ရန်အတွက် မလုံလောက်ပေ။ သူ၏သွားများအား အရိုးဖြင့် ထိုးနေသလောက်ပင် ရှိလိမ့်မည်။
ဝမ်ကျုံး သူ့မျက်လုံးများကို မြွေ၏ရစ်ပတ်မှုကြောင့် ဖြစ်ပေါ်လာသော မူးဝေခြင်းမှ တောင့်ခံနိုင်ရန် မှိတ်ထားခဲ့သည်။သူ အနည်းငယ် ကိုယ်ကိုလှည့်လိုက်ပြီး ဆက်၍ ဘာထပ်လုပ်ရမည်ကို အလေးအနက် တွေးနေခဲ့သည်။
အခိုက်အတန့်တစ်ခုကြာပြီးနောက်...
ဝမ်ကျုံး သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်ပိုင်းဖြတ်လိုက်ပြီး သူ၏တုန်ယင်နေသော လက်ချောင်းများဖြင့် မြွေနက်၏ အမြီးအား တို့ထိလိုက်သည်။
အမြီးတွင် သပ်ရပ်စွာစီထားသော ကြွေပြားပုံသဏ္ဍာန် အကြေးခွံလွှာဖြင့် ဖုံးအုပ်ထားသည်။၎င်းသည် အပေါ်မှအောက်သို့ တဖြည်းဖြည်းချင်း သေးငယ်လာကာ ဖျက်ဆီး၍မရနိုင်သော ချပ်ဝတ်တန်ဆာကဲ့သို့ မြွေနက်၏ ပျော့ပျောင်းကာ အစွမ်းထက်သော ကိုယ်လုံးအား တင်းကြပ်စွာ ရစ်ပတ်ထားလေသည်။
သူ၏လက်ချောင်းများက အကြေးခွံများတစ်လျှောက် အထက်မှအောက်သို့ ပြေးလွှားနေခဲ့၏ ။ဝမ်ကျုံး ၎င်းတို့၏ချော့မွေ့မှုအား အတားအဆီးမရှိ ခံစားလိုက်ရသည်။ ၎င်းတို့က အေးမြနေသည့်အပြင် အလွန်ထက်ရှလှ၏။
သူ ခေတ္တခဏရပ်လိုက်ပြီး သူ၏လက်ချောင်းများကို ပြန်ရုတ်လိုက်သည်။ သို့သော် သူ၏လက်ချောင်းများနှင့် လက်ဖဝါးသည် သေးသွယ်သော ကြေးခွံများအပေါ် ဖြတ်မိသွားကာ ရှသွားပြီး ထိုနေရာများမှ သွေးများစီးကျလာခဲ့သည်။
" ကျစ်... ''
ဝမ်ကျုံးသည် သက်ပြင်းရှိုက်၍ ဒဏ်ရာအား အမြန်ဖိကာ သူ၏လျှာဖြင့် ထွက်နေသောသွေးများအား လျက်လိုက်သည်။ တုံ့ပြန်မှုက မြန်ဆန်သော်လည်း မြွေနက်သည် အိပ်နေရာမှနိုးလာကာ ခန္ဓာကိုယ်အား ဆန့်လိုက်ပြီး သူ့ကို တည့်တည့်စိုက် ကြည့်လေသည်။
ဝမ်ကျုံး သူ၏ဘေးပတ်ပတ်လည်၌ ရစ်ပတ်နေသော မြွေနက်ကြီးအား မြင်လိုက်ရသောအခါ အသက်ရှုရပ်သွားလေသည်။ ထိုမြွေနက် သူ့အား အကြိမ်ရေ မည်မျှရစ်ပတ်ခဲ့သည်ကိုပင် မရေတွက်နိုင်တော့ပေ။ မြွေနက်သည် သူ၏ရှည်လျားသော ခန္ဓာကိုယ်ဖြင့် ဝမ်ကျုံးအား ရစ်ပတ်လိုက်သောအခါ ဝမ်ကျုံး၏မျက်လုံးများသည် မူးဝေသွားကာ ခြင်ဆေးခွေကဲ့သို့ ဖြစ်သွားရသည်။
သူ ရေတွင်းထဲ ပြုတ်ကျသွားသကဲ့သို့ သို့မဟုတ် တစ်နေရာရာတွင် အကျဥ်းကျသွားသကဲ့သို့ ခံစားနေရသည်။
သူ့အား ပိတ်ဆို့ထားသည်က မြင့်မားသော မြွေသားရေဖြင့် ပြုလုပ်ထားသော နံရံများဖြစ်ရုံသာမကဘဲ ထိုမြွေနက်နှင့် ပတ်သတ်၍ နက်ရှိုင်းသော ကြောက်ရွံ့မှုကလည်း သူ့ကို ပိတ်လှောင်ထားခြင်းဖြစ်သည်။
ဝမ်ကျုံးသည် မြွေနက်၏ ခန္ဓာကိုယ် သူ့အား မထိမိစေရန် သူ့ကိုယ်သူ ထိန်းချုပ်မရနိုင်သည်အထိ ကောက်ကွေးထားမိသည်။
မြွေနက်ကြီး၏ ဦးခေါင်းသည် အပေါ်မှ ထိုးဖောက်ဝင် လာသည်နှင့်အမျှ အလုံပိတ်နေသော မြွေ၏ခန္ဓာကိုယ်အတွင်းဘက် ခွေထားသည့်နေရာက ချက်ချင်း မှောင်မည်းလာခဲ့သည်။
ဝမ်ကျုံးသည် ခြေချောင်းများအား ကွေးလိုက်ကာ သွားများဖြင့်အံကြိတ်လျက် သူ၏အော်သံများနှင့် စိတ်အတွင်းမှ ရုန်းကန်မှုများအား ဖိနှိပ်၍ သူ၏တုန်ရီနေသော ခန္ဓာကိုယ်ကို မြွေနက်အား လျက်ခွင့်ပြုထားလိုက်သည်။
သူ၏အကြေးခွံများက အေးမြပြီး သူ ရှူထုတ်လိုက်သော လေများက အေးစက်ကာ မိုးရွာပြီးနောက် ထွက်ပေါ်လာသော မြေသင်းရနံ့ကို သယ်ဆောင်လာသည်။မြွေနက်ကိုယ်ပေါ်မှ သွေးညှီနံ့ကို မရသောကြောင့် ဝမ်ကျုံး၏ တင်းမာနေသော အာရုံကြောများ အနည်းငယ် ပြေလျော့သွားပြီး သူ၏မျက်တောင်များကို လှုပ်ခတ်လိုက်ကာ ၎င်းအား တိတ်ဆိတ်စွာ ခိုးကြည့်လိုက်သည်။
မြွေနက်၏မျက်လုံးများသည် မှိန်ပြသော အလင်းရောင် အောက်၌ ပို၍ပင် အစိမ်းရောင် တောက်ပနေလေသည်။
၎င်းသည် သူ၏လည်ပင်းအား အကြိမ်ရေအနည်းငယ် လျက်ကာ သူ၏ဖြောင့်တန်း၍ ပိန်ပါးသော ပုခုံးများနှင့် တံတောင်ဆစ်များထံသို့ ဆင်းလာခဲ့သည်။သူ၏ ဖြူဖွေးသော လက်ကောက်ဝတ်အား ၎င်း၏လျှာနှစ်ခွဖြင့် ထိပြီးနောက် ၎င်းသည် သူ့အား ရည်ရွယ်ချက်ရှိရှိ လျက်နေခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ လက်ဖဝါးပေါ်မှ ပြတ်ရှရာကြောင့်ပင်။
ဝမ်ကျုံး သူ့နှလုံးက လည်ချောင်းသို့ပင် ရောက်လာမတတ် ခံစားနေရသည်။။မြွေနက်မှ သူ့အားမြိုချကာ သွေးအရသာ မြည်းစမ်းသွားမည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။သို့သော်လည်း မြွေနက် ထပ်မံလုပ်လိုက်သည့် အရာကြောင့် ဝမ်ကျုံးသည် မြွေနက် သူ့အား ထိုအတိုင်းသာ စားလိုက်ရန် ဆုတောင်းမိခဲ့သည်။
မြွေနက်က သူ၏ ဒဏ်ရာရနေသော လက်ဖဝါးအား သွေးမတိတ်မချင်း လျက်နေလေသည်။ ထို့နောက် မြွေနက်သည် အသီးနှစ်လုံးအား ကျွမ်းကျင်စွာ သူ့ပါးစပ်အတွင်းသို့ ထည့်ကာ လှိမ့်နေလိုက်သည်။ ထို့နောက်ဝမ်ကျုံး၏ သွားများအား ဖွင့်စေကာ သူ၏ပါးစပ်အတွင်းသို့ ထိုသစ်သီးများ ထိုးကျွေးလိုက်သည်။
ထိုသဘာဝဆန်သည့် လုပ်ရပ်အား ကြိမ်ဖန်များစွား မရေတွက်နိုင်အောင် လုပ်ခဲ့ပုံပေါ်သည်။
ဝမ်ကျုံးက မြွေနက်အား ထိပ်လန့် စွာ ကြည့်နေခဲ့သည်။သူ့မျက်ဝန်းများသည် မြွေနက်၏ခံစားချက်ကင်းမဲ့နေသော ဒေါင်လိုက်မျက်ဝန်းများနှင့် တွေ့ဆုံပြီးနောက် မျက်ခုံးများကို ဖြေလျော့လိုက်ပြီး လက်လျော့လိုက်ပုံဖြင့် နာခံစွာ မျိုချလိုက်သည်။
အသီးကို သူ့ဘာသာ မစားနိုင်ဟု မြွေနက် ဘာကြောင့် အထင်လွဲနေသည်ကို နားမလည်သော်လည်း သူ၏ထွက်ပြေးမှုကို မြွေနက်ဒေါသမထွက်ခဲ့သည့်အတွက် စိတ်သက်သာရာ ရသွားသည်။
သူ အကြောင်းပြချက်မရှိဘဲ မြွေနက်ကို ပြဿနာမရှာရဲပေ။
ဝမ်ကျုံး သူ့ဒူးအား ဖက်လိုက်၍ မမြင်အပ်သော အစိတ်အပိုင်းများကို ဖုံးကွယ်လိုက်ပြီးနောက် မြွေနက်တိုက်သော ရေအား နာခံစွာမျိုချလိုက်သည်။
အစောပိုင်းတွင် သူသည် စားသောက်ပြီးသည်နှင့် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း မြွေနက်သည် အလွန်စေ့စပ်လှသည်။ သူ၏မျက်နှာပေါ်မှ ရှက်ရွံ့သောအကြည့်အား မြင်သောအခါ ၎င်း၏မြွေအမြှီးဖြင့် ရစ်ပတ်လိုက်ကာ ဝမ်ကျုံးအား ခွက်တစ်ခွက်ကိုဆေးနေသကဲ့သို့ ဂရုတစိုက် ဆေးကျောပေးလေသည်။
" အဟွတ် အဟွတ် အဟွတ်....."
မြစ်ရေအများအပြားသောက်လိုက်ရသော ဝမ်ကျုံးသည် သူ၏နှလုံးသားအတွင်းမှ ကြောက်ရွံ့မှုအား ဖိနှိပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး နာခံ၍ ကျိုးနွံတတ်သော သားကောင်ပမာ ပြုမူခဲ့သည်။
မြွေနက်၏ အေးစက်၍ ချောကျိနေသော အမြှီးအား တင်းကြပ်စွာ ဖက်ထားလိုက်သည်။ မြွေနက်က သူ့အား ဂူအပြင်ဘက်သို့ လှိမ့်ကာ ထုတ်သွားလိုက်သည်။
မြွေနက်သည် သူ့အား အမြင့်သို့မြှောက်လိုက်ပြီး ညှင်သာစွာဖမ်းလိုက်သည်။
ထိုသို့ နှစ်ကြိမ်လုပ်ပြီးနောက်.....
ဝမ်ကျုံးသည် ခြောက်သွေ့ သွားရုံသာမက သူ၏စိတ်ဝိညာဥ်တစ်ဝက်သည်ပင် ခန္ဓာကိုယ်ထဲမှ ထွက်သွားခဲ့လေသည်။
နေရောင်အောက်၌ သူ့ကိုယ်သူ ကြည့်လိုက်ပြီး သူ၏ခြေလက်များအား ဖြန့်ထုတ်လိုက်ကာ နေဆီသို့ ပျံသန်းလိုက်သည်။သို့သော် ဒုတိယအကြိမ်တွင်မူ သူမေ့လဲသွားလေသည်။ သူ၏ပြီးပြည့်စုံသော ကိုယ်ကျင့်တရားများသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ရသည်။
မြွေနက် "............."
မြွေနက်ကမူ သူ့ရှေ့တွင် မကြာခဏ သတိလစ်မေ့မျောနေသော ဝမ်ကျုံးအား ကြည့်ပြီး ကူကယ်ရာမဲ့နေသည်။
နောက်ဆုံးတွင် သူ ထိုလူသားအား အဝတ်အစား ၊ အတွင်းခံ ၊ ဖိနပ်များဖြင့် အတူသစ်ကိုင်းပေါ်တွင် ချိတ်ဆွဲလိုက်သည်။
၎င်းသည် မှန်အား ထုတ်လိုက်ကာ ၎င်း၏ ဝံ့ကြွားသော မြွေကိုယ်လုံးအား ဟိုဘက်ဒီဘက်လှည့်ကာ ကြည့်လိုက်ပြီးနောက်
မေးလိုက်ပြန်သည်။
[မှန်ကြီးရေ၊ မှန်ကြီးရေ]
[ ငါ့ရဲ့ ဆွဲဆောင်မှုတွေက ထားစရာနေရာမရှိတော့ဘူး]
[ ငါက အရမ်းကြည့်ကောင်းပြီး သာမန်ထက်ထူးခြားတဲ့ မြွေဆိုတာကို ဒီလူသားလက်ခံလာအောင် ငါဘယ်လိုလုပ်ရမလဲ...]