ဝမ်ကျုံး တစ်ညလုံး ပြေးလွှားခဲ့ရပြီးနောက် အိပ်မောကျသွားသည်။ မြွေနက် မည်သည့်အချိန်ပြန်လာမည်ကို သူ မသိပေ။
နိုးလာသောအခါ သူသည် မြွေနက်၏အမြီးထိပ်အား ကိုင်ထားကာ ၎င်း၏စက်ဝိုင်းပုံသဏ္ဍာန် ကွေးထားသော မြွေမြီးပေါ်တွင် ဝင်ကွေးနေသော မိမိကိုယ်ကို မြင်လိုက်ရသည်။ သူ့ကိုယ်သူပင် သတိမထားမိဘဲ ယခုအခြေအနေနှင့် နေသားကျလာခဲ့ပြီး အနည်းဆုံး မြွေနက်ကို တွေ့ရုံဖြင့် မေ့မလဲတော့ပေ။
ဝမ်ကျုံး သူ့လက်ထဲမှ အနည်းငယ်မြောက်တတ်လာသော မြွေနက်၏အမြီးအား ကြည့်လိုက်ပြီးနောက် မြွေနက်၏အမြီးပေါ် တင်ထားသောသူ၏ခြေထောက်များကို ဖယ်ရှားလိုက်သည်။ မနီးမဝေးတွင် နီရဲနေသောအသီးများဖြင့် ပြည့်နေသော ခြင်းတစ်ခြင်းသည် သူ့မျက်လုံးများကို ဖမ်းစားသွားခဲ့သည်။ ထိုခြင်းထဲမှ သစ်သီး ပမာဏသည် ယခင်ကထက် နှစ်ဆဖြစ်နေလေသည်။
ဝမ်ကျုံး အိပ်ပျော်နေသော မြွေနက်အား တိတ်တဆိတ် ကြည့်လိုက်ပြီး ထလိုက်သည်။ မြွေနက်မှ သူ၏ဒဏ်ရာများအတွက် ထည့်ရန်ယူလာခဲ့သော ဆေးဖက်ဝင်အပင် အနည်းငယ်အား သူ၏ပါးစပ်ထဲသို့ထည့်ကာ ဝါး၍ အနာပေါ်တွင် အုံလိုက်၏။ ထို့နောက် ပါးစပ်ကို ဆေးကြောလိုက်ပြီး စတင်စားသောက်နေလိုက်သည်။
ရေငံသီးသည် ပါးလွှားသောအရေခွံရှိကာ ကြီးမားလတ်ဆတ်၍ လုံးဝန်းပြီး အရည်ရွှမ်းလှသည်။ ပါးစပ်ထဲတွင် ဝါးလိုက်သောအခါ ချိုမြိန် ကြွပ်ရွပြီး အတော်လေး ဗိုက်ပြည့်စေသည်။
မြွေနက် မည်သည့်နေရာမှ သစ်သီးများအား ခူးလာခဲ့သည်ကို ဝမ်ကျုံး မသိချေ။ မနေ့က သူ အနီးတဝိုက်၌ ရှာကြည့်ခဲ့သော်လည်း အသီးပင်ကို ရှာမတွေ့ခဲ့ပေ။မည်သို့ပင် အရသာရှိသည်ဟုဆိုစေကာမူ အချိန်အတော်ကြာစားပြီးနောက် ၎င်းကို ငြီးငွေ့လာ၏။
ဘဝ၌ အကြောက်တရားမရှိသော အခိုက်အတန့်ပင်။
ဝမ်ကျုံးသည် ရေငံသီးမှလွဲ၍ အခြားသော အသား၊ဂျုံ နှင့် အသီးအရွက်များကို စားချင်လာခဲ့သည်။
သူ၏ဝမ်းဗိုက်အတွင်းမှ အစားကြူးမှု နိုးထားလာခဲ့ကာ ဝမ်ကျုံးသည် မြွေနက်ကို စိတ်ဝင်တစား စတင်စိုက်ကြည့်လာခဲ့သည်။
‘မြွေသားက အရသာရှိလောက်လား… ငါသိချင်လိုက်တာ ‘
‘မြွေစွပ်ပြုတ် ဆိုရင်ကော… အနံ့မွှေးလောက်တယ်မလား… ‘
‘ ငါကြားဖူးတာကတော့ မြွေတွေက ရတနာတွေနဲ့ပြည့်နေတာတဲ့ ‘
မြွေ၏အသားသည် အရသာရှိရုံသာမကပဲ အာဟာရလဲပြည့်ဝစေသည်။ယင်းတို့သည် အရသာရှိသော စားကောင်းသောက်ဖွယ် ဟင်းပွဲများဖြစ်လေသည်။မြွေအသည်း၊ မြွေသည်းခြေအိတ်၊ မြွေအရေပြား၊ မြွေအဆီ၊ မြွေသွေး၊ မြွေအရေခွံနှင့် တန်ဖိုးနည်းလှသော မြွေအဆိပ်နှင့် မြွေအူများသည်ပင် ရောဂါကုသရာ၌ ဆေးအဖြစ် အသုံးပြုနိုင်သည်။
ဝမ်ကျုံး၏ မျက်လုံးများတောက်ပလာကာ မြွေနက်၏ဦးခေါင်းမှ အမြီးအထိ ဂရုတစိုက်ကြည့်နေလိုက်သည်။သူ၏သားရည်များ ပါးစပ်ထောင့်မှ လျှံကျလာသည်။ ၎င်းက အလွန်ကြီးမားပြီး သတ်ပြီးနောက် အချိန်အတော်ကြာ စားနိုင်လိမ့်မည်ဟု တွေးနေခဲ့သည်။ ဒါပေမယ့် အဲ့မြွေကြီး အမြီးတစ်ချက် လှုပ်လိုက်ရုံနဲ့ ငါ့ကို ပြားသွားအောင် လုပ်နိုင်တယ်လေ ဟုတ်တယ်မလား…
သူ့ပါးစပ်အားသုတ်လိုက်ကာ ငှက်ဖမ်းရန်အတွက် တွင်းတစ်ခုတူးလိုက်လေသည်။သို့သော်ငြား မြွေ၏သားရဲတွင်း တစ်ဝိုက်တွင် ငှက်မပြောနှင့် ခြင်တစ်ကောင်ပင်မရှိပေ။
ဝမ်ကျုံးသည် အစပိုင်း၌ စိတ်အဆင်မပြေခဲ့ရုံသာ ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ သူ၏ အာဟာရမပြည့်ဝသော ခန္ဓာကိုယ်သည် စတင်၍ ဆန့်ကျင်လာခဲ့သည်။
ဝမ်ကျုံး၏ ဆံပင်များစတင်ကျွတ်လာခဲ့ကာ သူ၏အသားရေသည် ဖြူရော်လာခဲ့သည်။ ပင်ကိုဖြူဝင်းပြီး တင်းရင်းသောအသားရေသည် အစိုဓာတ်ခြောက်သွေ့လာပုံပေါ်ကာ စတင်ဖြူရော်၍ လျော့ရဲလာခဲ့သည်။
ထိုကဲ့သို့ အခြားသော ရောဂါလက္ခဏာများလဲ ပြလာခဲ့သည်။
ဝမ်ကျုံးသည် သူ၏ပါးလွှာသောလက်သည်းများကို ကြည့်လိုက်သည်။ လက်သည်းပေါ်ရှိ ကျန်းမာသော လခြမ်းကွေး အစွန်းလေးများသည် ပျောက်ကွယ်သွားခဲ့ပြီး နက်စောက်သောဒေါင်လိုက်မျဥ်းများ ဖြင့်အစားထိုးခံထားရသည်အား တွေ့လိုက်၏။
သူ ယခုကဲ့သို့ ဆက်ဖြစ်နေခဲ့ပါက ဝိတ်ချခြင်းနှင့် ပတ်သတ်၍ စိုးရိမ်စရာမလိုတော့မည်ကို သဘောပေါက်လိုက်သည်။ ယခုမှစ၍ စတင်စားသောက်မည်ဆိုလျှင်တောင်မှ သူ့တွင် အစားအစာဖြစ်ရေငံသီးသာ ရှိသောကြောင့် သူ၏ခန္ဓာကိုယ်သည် အချိန်အတော်ကြာ တောင့်ခံနိုင်တော့မည် မဟုတ်ချေ။
မြွေနက်သည် ဝမ်ကျုံး တစ်ခုခုဖြစ်နေသည်ကို ခံစားမိပုံပေါ်လေသည်။ သူ ဝမ်ကျုံးဘေးသို့ ငြင်သာစွာရွေ့လျားလာခဲ့သည်။ ဝမ်ကျုံးဘေးတွင် ဝင်ခွေနေကာ မြွေလျှာဖြင့် ဝမ်ကျုံးအား တနေ့လုံး လျက်နေခဲ့သည်။ သူ၏ ဒေါင့်လိုက်ကျနေသော အစိမ်းရင့်ရောင် မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုအရိပ်ယောင်များရှိနေသည်။
မြွေနက် သူ အခြေနေမကောင်းသည်ကို သိနေမည်ဟု ဝမ်ကျုံး ခန့်မှန်းမိလိုက်သည်။မြွေနက် ထိုနေ့က မအိပ်ခဲ့ပေ။ရွံ့ထဲတွင်လည်း မကစားခဲ့သည့်အပြင် မှန်ကိုလည်းမကြည့်ဘဲ နေဝင်ချိန်၌လည်း ယခင်ကကဲ့သို့ အပြင်ထွက်မသွားခဲ့ပေ။
မြွေနက်သည် သူ့အားစောင့်ကြပ်နေခဲ့ပြီး တောက်လျောက် လျာဖြင့်လျက်နေလေသည်။ဤနည်းဖြင့် သူသက်သာလာမည်ဟု တွေးနေပုံရသည်။
ဝမ်ကျုံးသည် မြွေနက်အား ထိုသို့လုပ်ခွင့် ပြုထားခဲ့သော်လည်း မြွေနက် သူ့အပေါ် ခံစားချက်ရှိနေမည်ဟု သူ့ကိုယ်သူ အထင်မကြီးရဲပေ။
သူသည် မြွေနက်၏ အစိမ်းရင့်ရောင် မျက်ဝန်းများထဲမှ ဝမ်းနည်းမှုများအား သူ့အပေါ်အကျပ်ကိုင်လိုသည့် အကြောင်းအရာအဖြစ်သာမှတ်ယူခဲ့ပြီး မြွေနက်၏ သူ့အပေါ်ဂရုစိုက်သော အပြုအမူများကိုလည်း သူ၏ အရန်အစားအစာအား အချိန်မှီမစားခဲ့သောကြောင့် နောင်တကြီးစွာရနေသော နောင်တရခြင်းအဖြစ်သာမှတ်ယူခဲ့လေသည်။
သူငယ်စဥ်ကလေးဘဝတုန်းက အဖိုး သူ့အတွက် စတော်ဘယ်ရီပင်အား စိုက်ပေးခဲ့သည်။ ယင်းကမကြာခင်အပွင့်များပွင့်ကာ အသီးများသီးလာစေရန် သူ မျှော်လင့်ခဲ့သည်။သို့သော် စတော်ဘယ်ရီအသီးများ အနီရောင်ပြောင်းလာခဲ့ချိန်တွင် သူသည်လောဘကြီးစွာဖြင့် ၎င်းအား အနည်းငယ်ပို၍ ကြီးထွားလာစေခဲ့ပါက တစ်နေ့တွင် ပို၍နီရဲလာပြီး ရင်မှည့်လာလိမ့်မည်ဟု ထင်ခဲ့သည်။သို့သော်ငြား စတော်ဘယ်ရီသီးသည် ပိုးကောင်များ စာခြင်းခံလိုက်ရသောကြောင့် သူ နောင်တကြီးစွာရကာ မျက်ရည်များဖြင့် ငိုကြွေးခဲ့ရသည်။
သူ ဘာလို့များ အရင်တည်းက မစားလိုက်တာလဲ ?
မြွေနက်သည် ယခုအချိန်တွင် ထိုကဲ့သို့ခံစားချက်မျိုး ခံစားနေရလိမ့်မည်ဟု ဝမ်ကျုံး ထင်နေ၏။
သို့သော် သူ၏ချစ်လှစွာသောအဖိုးက သူ့ကို ချော့ခဲ့သည်။ အဆုံးတွင်မူ သူသည် အဖိုး၏ အမှိုက်ကောက်၍ ရောင်းရာမှ ရသော တစ်နေ့တာဝင်ငွေဖြင့် စျေးကြီးသော စတော်ဘယ်ရီသီးများအား စားခဲ့ရလေသည်။
သို့သော် မြွေနက်၏ ဝမ်းနည်းမှုကမူ အချည်းအနှီးသာ ဖြစ်ပြီး မည်သူကမှ သူ့ကို ဂရုမစိုက်ချေ။
ရုတ်တရက် ဝမ်ကျုံးသည် ဘာကြောင့်မှန်းမသိ အပြစ်ရှိသလို ခံစားလာခဲ့ရသည်။ အဆုံးတွင် သူ ဤလူမဲ့ကျွန်းပေါ်၌ လုံခြုံအေးချမ်းစွာ အသက်ရှင်နေနိုင်သည်က မြွေနက်၏ကျေးဇူးများကြောင့်ပင် ဖြစ်သည်။
သို့သော် သူက မြွေနက်အား လျှို့ဝှက်စွာ ဝိတ်ချခြင်းဖြင့် လှည့်စားနေခဲ့လေသည်။
ဝမ်ကျုံး မြွေနက်၏ အမြှီးပေါ်တွင် အားနည်းစွာ လှဲချလိုက်သည်။မြွေနက်၏ ဗိုက်ထဲတွင် အဆုံးမသတ်စေရန်အတွက် သူတစ်ခုခုပြောသင့်သည်ဟု ခံစားလိုက်ရသည်။ သူ နူးညံ့ညင်သာစွာဖြင့် အလေးအနက် ပြောလိုက်သည်
“ ကျွန်တော် နေမကောင်းဘူး ၊ ခင်ဗျား ကျွန်တော့်ကို မစားသင့်သေးဘူး မဟုတ်ရင် ခင်ဗျားပါ နေမကောင်းဖြစ်သွားလိမ့်မယ် “
မြွေနက်သည် သူ့အား ခပ်ငေးငေးလေးကြည့်ကာ အမြဲမြူးကြွနေသော သူ၏ မြွေဦးခေါင်းအား နှိမ့်ချလိုက်သည်။
ဝမ်ကျုံး သူ့ကို ကြည့်နေမိသည်။သူ၏ အသက်ရှင်ချင်စိတ် ပြင်းပြနေမှုသည် အကြောက်တရားနှင့် စိုးရိမ်စိတ်များအား ဘေးသို့ခဏဖယ်ထားစေခဲ့သည်။
သူသည် မြွေ၏အမြီးအား ဂရုတစိုက်ထိတွေ့လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ ကျွန်တော် အသားနဲ့အငံဓါတ် မစားရတာ အချိန်အတော်ကြာသွားခဲ့ပြီ ကျွန်တော် အသီးအပြင် တခြားအစားစာလည်း လိုအပ်တယ် ခင်ဗျား ကျွန်တော် အတွက်ရှာပေးနိုင်မလား…မဟုတ်ရင် ကျွန်တော် တကယ်သေတော့မယ် အကယ်၍ ကျွန်တော်သာ သေသွားခဲ့လျှင် ခင်ဗျားအချိန်အတော်ကြာ ကျွန်တော့်ကို ပြုစုပျိုးထောင်လာခဲ့တာတွေက အလကားဖြစ်ကုန်လိမ့်မယ် …”
ထိုစာသားသည် မည်သည့် တိရိစ္ဆာန်အတွက်မဆို ဘုရားစာ ရွတ်ပြနေသကဲ့သို့ပင် ဖြစ်၏။ သို့သော် မြွေနက်ကမူ သာမာန်မြွေနက်မဟုတ်သောကြောင့် အမှန်တကယ်ပင် နားလည်သဘောပေါက်လေသည်။
ဝမ်ကျုံး၏ ထိပ်လန့်နေသော အကြည့်အောက်တွင် မြွေနက်သည် သူ၏အမြီးထိပ်အား ချိတ်ပုံသဏ္ဍာန်ကွေးလိုက်၍ သူ့အားမြွေလျှာဖြင့် ရစ်ပတ်ကာ ထိုပေါ်၌ထိုင်စေခဲ့သည်။ ထို့နောက် ၎င်း၏ အမြှီးထိပ်ဖြင့် ဝမ်ကျုံး၏နောက်ကျောအား ထိလိုက်ပြီး သူ့အားလေကဲ့သို့ သယ်ဆောင်သွားသာ ဂူမှထွက်ပြီး တောအုပ်အတွင်းသို့ ဝင်သွားလေသည်။
ဤမတိုင်ခင် ဝမ်ကျုံးသည် မြွေနက်၏အမြီးဖြင့် အမြဲ သယ်ယူခြင်းခံခဲ့ရလေသည်။သို့သော် အမြီးပေါ်၌ တစ်ခါမှ လိုက်မစီးခဲ့ဖူးချေ။သူသည် မြွေနက်၏ တွားသွားခြင်းမှာ အလွန်မြန်သည်ဟု ခံစားခဲ့ရသည်။ ညတိုင်းသူ အပြင်ထွက်သွားတိုင်း သစ်ပင်နှင့် တိုက်မိလိမ့်မည်ဟု ထင်ခဲ့သည်။သို့သော် မြွေနက်သည် အတားအဆီးအားလုံးကို သွက်လက်စွာ ရှောင်ရှားခဲ့ပြီး ၎င်း၏အမြီးဖြင့် သူ့အား သစ်ပင်ထိပ်များကိုပင်မထိစေပဲ ခိုင်မြဲစွာသယ်ဆောင်သွားခဲ့သည်
ဝမ်ကျုံး၏တင်းမာနေသော အာရုံကြောများ အနည်းငယ်ပြေလျော့သွားခဲ့သည်။ သူ ခပ်မတ်မတ်ထိုင်လိုက်ကာ မြွေနက်၏ လခြမ်းကွေးသဏ္ဍာန် အနည်းငယ် ကွေးနေသော ခန္ဓာကိုယ်အား တင်းကျပ်စွာ ဖက်ထားလိုက်သည်။
အစပိုင်း၌ ၎င်း၏ကြေးခွံများဖြင့် သူအား ရှမိမည်အား ကြောက်နေခဲ့သည်။ထို့ကြောင့် သူ၏မျက်နှာကို မြွေနက်၏ ကိုယ်ပေါ် တင်ထားရန် မဝံ့ရဲခဲ့ပေ။အဆုံးတွင်မူ သူ့တွင် အားအလုံအလောက် မရှိသောကြောင့် သူ၏လက်မောင်းများနှင့် မျက်နှာအား မြွေ၏ကိုယ်ပေါ် မှီထားရုံသာတတ်နိုင်ခဲ့သည်။
မြွေနက်သည် အကွေ့တစ်ခုအား ခပ်မြန်မြန် ကွေ့လိုက်သည်။
“အား... “ တော်တော်လေးတော့ နာသားဟ…
ထို့နောက် သူသည် မြွေနက်၏ကြေးခွံများအား လက်ဖြင့် အသာယာထိလိုက်သည်။ သူ၏လက်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားကာ သွေးများစီးကျလာခဲ့သည်။
ဒီတစ်ခေါက်တော့ သေလောက်အောင် နာလိမ့်မယ်ထင်တယ်…
ဝမ်ကျုံးသည် လျင်မြန်စွာသွားနေသော မြွေနက်အား သူ၏လက်နှစ်ဖက်နှင့် မသိစိတ်မှ လှမ်းဖက်မိလိုက်သည်။ သူ၏မျက်လုံးများအား မှိတ်ကာ မျက်မှောင်ကြုတ်လိုက်ပြီး သွေးထွက်ခြင်းနှင့် ဒဏ်ရာရခြင်းများ အတွက် မိမိကိုယ်ကို ပြင်ဆင်ထားလိုက်သည်။သို့သော်ငြား...ဘာမျှ ဖြစ်မလာခဲ့ပေ။
မြွေနက်သည် တောအုပ်အတွင်း၌ နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားလာနေခဲ့သည်။ထူထဲလှသောသစ်ကိုင်းများကြားမှ ဖောက်ထွက်လာသော လရောင်သည် မြွေ၏ခန္ဓာကိုယ်အား ရေလှိုင်းထဲတွင် ကူးနေသယောင် တောက်ပစေသည်။
ဝမ်ကျုံး သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ထိုထူးကဲစွာ ချွန်ထက်နေသော အကြေးခွံများအား မြင်လိုက်သည်နှင့် တပြိုင်နက် အလိုအလျောက်ပြန်ပိတ်လိုက်သည်။ ၎င်းတို့သည် ကွက်လပ်မရှိသော သံပြားများကဲ့သို့ တင်းကျပ်နေသည်။သူ မည်မျှပင် ကြမ်းတမ်းစွာတိုက်မိစေကာမူ မြွေနက်၏ ကြေးခွံများသည် သူ့အားထိခိုက်စေလိမ့်မည် မဟုတ်ပေ။
ဝမ်ကျုံး၏မျက်လုံးများ ပြူးကျယ်လာကာ သူ၏နှုတ်ခမ်းများနှင့် သွားများအနည်းငယ်ပွင့်ဟသွားသည်။ မြွေနက် အရှိန်လျော့လိုက်ပြီး ချုံပုတ်တစ်ခုရှေ့တွင် ရပ်လိုက်သည်။
မြွေနက်သည် ဝမ်ကျုံးအား မြင့်မားသော အကိုင်းပေါ်တွင် ထိုင်စေလိုက်သည်။ ဝမ်ကျုံး၏ ခန္ဓာကိုယ်အား နွယ်ပင်များကို ပတ်ကာ သူ့အမြီးဖြင့် ထုပ်ပေးပြီး လုံခြုံစေလိုက်သည်။ သူ၏ဖြူဖွေးကာ သွေးထွက်နေသော နှုတ်ခမ်းများအား လျက်လိုက်ကာ လှစ်ကနဲ ပျောက်သွားလေသည်။
ဝမ်ကျုံးသည် မြွေနက် ဘာလုပ်ချင်ခဲ့သည်ကို နားမလည်ချေ။ ကြောက်စိတ်မွှန်နေသည်ကိုသာ သူ ခံစားနေခဲ့ရသည်။ဆယ့်စက္ကန့်အတွင်း မြွေနက်သည် နားလည်ရခက်စွာ အပင်အောက်၌ ပြန်ပေါ်လာခဲ့သည်။
ပင်ကိုကသာယာတိတ်ဆိတ်နေသော တောအုပ်သည် ရုတ်တရက်မြည်တမ်းသံနှင့် စူးရှသောအော်သံတန်းကြီးဖြင့် ဆူညံသွားလေသည်။
မရေတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲမျက်လုံးများက အမှောင်ထုထဲ၌ ပေါ်ထွက်လာခဲ့ပြီး သားရဲအမျိုးမျိုး၏ အော်သံများနှင့် ဖျော့တော့သော ဟိန်းသံများကိုလည်း ကြားခဲ့ရသည်။
လရောင်အောက်တွင်…
မြွေနက်ကြီးက မြေပြင်ပေါ်တွင် သူ့အမြီးဖြင့် အကျဥ်းထောင်ကဲ့သို့ ပြုလုပ်လိုက်သည်ကို ဝမ်ကျုံး တွေ့လိုက်ရ၏။ ထိုအထဲတွင် မိခင်များ အစာကျွေးမည်ကို စောင့်နေသော ထူးဆန်းသည့် သားရဲပေါက်လေးများ အများအပြားရှိနေသည်။
“ ဒါက....”
ဝမ်ကျုံး အံ့အားသင့်သွားသည်။ မြွေနက်သည် သူ၏ခါးတစ်ဝိုက်အား ၎င်း၏ထူထဲသော မြွေခန္ဓာကိုယ်ထဲတွင် ရစ်ပတ်လိုက်ကာ သူ၏မြွေခေါင်းအား ဝမ်ကျုံး ပခုံးပေါ်တင်လိုက်သည်။ ထို့နောက် သူ၏ ကြက်သွေးရောင်ထနေသော မြွေလျှာအား ထုတ်လိုက်ကာ ဝတုတ်နေသော ကျားပေါက်လေးတစ်ကောင်အား ရစ်ပတ်၍ ဝမ်ကျုံး၏ပေါင်ပေါ်၌ တင်ပေးလေသည်။
ထိုအရာအား သူ့ကို စားစေချင်ပုံပင်။