မြွေနက်က ၀မ်ကျုံးကို နူးညံ့သည်ဟု ထင်နေလောက်သည်။
၀မ်ကျုံးက အစာစားလျှင် အနည်းငယ်မျှသာ စားသည်။ သူ၏ အရေပြားသည်လည်း တချက်ထိရုံဖြင့်ပင် ပေါက်ထွက်သွားနိုင်သည်။ အမြီးဖြင့် ရစ်ပတ်လျှင်ပင် အရေပြားက နီရဲသွားတတ်သည်။ ထို့ကြောင့် သူ့အတွက် ဖမ်းလာသော သားကောင်များမှာ သွားမပေါက်သေးသော သားကောင်ပေါက်လေးများသာ ဖြစ်သည်။
အသားက အရသာရှိရုံသာမက ကိုက်ရလည်း လွယ်ကူသည်။
၀မ်ကျုံးသည် ဒူးထောက်လျှက် လှဲနေသော ကျားပေါက်ကလေးအား သေချာစွာ စူးစိုက်ကြည့်၍ တစ်နေ့တွင် ဤကဲ့သို့သော တောဘုရင်အား အစာအဖြစ် စားရလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ချေ။
သူသည် ကျားပေါက်ကလေး၏ နူးညံ့ လှပသော အမွှေးများကို ထိ၍ စားချင်စိတ်မရှိတော့ပေ။
မြွေနက်က သူ့လျှာကို ထုတ်၍ ပြန်ပေးဆွဲလာသော သားပေါက်ကလေးများထံမှ အနီရောင်ဥ တစ်လုံးကို ယူပေးသည်။
၀မ်ကျုံးသည် အစွန်းနားတွင် ပုန်းအောင်းကာ အော်ဟစ်ငိုကြွေးနေသော သားရဲများ၏ အူသံကို နားထောင်ကြည့်ရင်း မြွေနက်ကြီး ဖျက်စီးခဲ့သော သားရဲသိုက်များ မည်မျှရှိမည်ကို တွေးတောနေမိသည်။
" ဒီလိုမျိုး လုပ်ပေးတာ ကျေးဇူးတင်ပါတယ်နော်.. ဒါပေမဲ့… ငါမစားချင်ဘူး …". ၀မ်ကျုံးက သူ၏ အသံအနေအထားကို အတတ်နိုင်ဆုံး ညှိပြီး လိုက်လျောညီထွေ ဖြစ်စေရန် မျက်ခုံးကို ချကာ ပြောသည်။
သူသည် မြွေနက်အား " ဒီမှာ ရစ်ငှက်ပဲ ဖြစ်ဖြစ် ၊ ဆိတ်ပဲဖြစ်ဖြစ် အဲ့လိုမျိုး ရှိလား…ဒါမှမဟုတ် ငါးကော ဘယ်နေရာမှာ ရနိုင်လဲ…ပုံမှန် လူတွေစားတဲ့ အစားအသောက်မျိုးပဲ စားချင်တာ အဲ့လိုမျိုးရှိလား …"
မြွေနက်ကြီးက ကြက်တွေ သိုးတွေကို သိရော သိရဲ့လား…ငါးဆိုတာကိုရော သူသိရဲ့လား…
မြွေနက်ကြီးက သူအား နားလည်မည်ဟု သူမထင်ပေ။ သို့သော် ယခင်က အကြိမ်ပေါင်းစွာ သူပြောခဲ့သည်ကို နားလည်ခဲ့ကြောင်း သူသိသည်။
မြွေနက်ကြီးက ခေါင်းကိုစောင်းလိုက်ပြီး သူ့လက်ထဲမှ ကျားပေါက်လေးနှင့် ဥကို မြေကြီးပေါ် ချလိုက်ပြီးနောက် သူ့ကိုခေါ်ကာ တောနက်ထဲသို့ ထပ်၀င်သွားပြန်သည်။
လမ်းတစ်လျှောက်တွင် သစ်သီးများဖြင့် ပြည့်နေသော သစ်ကိုင်းကို ချိုး၍ သူ စားနိုင်စေရန် ရပ်ပေးသည်။
သူ ထွက်ပြေးစဉ်က အတွေ့အကြုံအားဖြင့် သစ်သီးအတွင်း ပိုးမွှားများရှိမည်ဟု သူခန့်မှန်းမိသည်။ ရေငံသီးများကသာ သန့်စင်သည်ဟု သူယူဆမိသည်။
သူက ချယ်ရီသီးအရွယ် အဝါဖျော့ရောင်ရှိသော သစ်သီးအား ကြည့်၍ မစားလိုပေ။
မြွေနက်ကြီးက သူမစားမချင်း ထိုနေရာမှ မရွေ့မည့် သဘောတွင်ရှိသည်။
၀မ်ကျုံးက သစ်သီးတစ်လုံးကို ယူကာ ပိုးမွှားရှိမရှိ ခွဲစစ်ကြည့်ပြီး အနည်းငယ် မြည်းကြည့်လိုက်သည်။ ထိုသစ်သီး၏ အရသာမှာ ချဉ်၏ ချို၏ ကြွပ်၏ ၊ ဆောင်းနေ့ရက်များ ကဲ့သို့ပင်။
၀မ်ကျုံးသည် ထိုသစ်သီးအား အနက်ရောင်နေ့စွဲ ဟု အမည်ပေးကာ စား၍ရသည့် အမျိုးအစားဟု သတ်မှတ်သည်။
သူ၏ ရှပ်အကျီကို ဘောင်းဘီအတွင်းသို့ ခပ်တင်းတင်း ထည့်လိုက်ပြီး ထိုသစ်သီးများကို ခူး၍ ကော်လံထဲသို့ ထည့်သည်။ ခနအကြာတွင် သူ၏ ၀မ်းဗိုက်သည် ရောင်ရမ်း၍ လုံး၀န်းနေသည့် ပုံစံ ဖြစ်လာသည်။
မြွေနက်ကြီးက ၀မ်ကျုံး၏ အသီးများ ထည့်ထား၍ လုံး၀န်းနေသော ဗိုက်အား စိုက်ကြည့်ပြီး ထွက်သွားသည်။
ခနအကြာတွင် သူ့အတွက် သစ်သီးအနည်းငယ် ယူလာသည်။ သို့သော် ထိုအသီးများက ခါးလွန်း၍ သူ မသယ်တော့ပေ။
ညနက်လာသောအခါတွင် မြွေနက်သည် ၀မ်ကျုံးအား မြက်ခင်းပြင်ဆီ သယ်ဆောင်သွားသည်။
မြွေနက်နှင့် သူ သစ်ပင်နောက်တွင် တိတ်ဆိတ်စွာ ပုန်းအောင်းနေကာ မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်နေသည့် နက်မှောင်နေသော အရာများကို ကြည့်နေသည်။ မည်ကဲ့သို့ တိရစ္ဆာန်အမျိုးအစား ဖြစ်သည်ကိုပင် သူတို့ မသိ။
၀မ်ကျုံးက သူ၏ မျက်လုံးအားပွတ်၍ ကြည့်လိုက်သည်။ နွားဟုထင်သော်လည်း မဟုတ်။ အသီးများ ထည့်ထားသော ၀မ်းဗိုက်အား ကိုင်၍ မြွေနက်ထံ တိုးညင်းသော အသံဖြင့် မေးလိုက်သည် " ဘာကြီးလဲ၊ စားလို့ရော ရလား…"
မြွေနက်ကြီးက သူ၏ အစိမ်းရင့်ရောင် မျက်၀န်းများဖြင့် ၀မ်ကျုံးအား ကြည့်၍ ဝမ်ကျုံး၏ ၀မ်းဗိုက်ကို အမြီးထိပ်ဖြင့် ပုတ်ပြီး သူ၏ ဦးခေါင်းအား ပုတ်ပြသည်။
၀မ်ကျုံး၏ မျက်၀န်းများ ပြူးကျယ်သွားပြီး ဤမြွေနက်သည် မည်မျှကြာအောင် ရှင်သန်ခဲ့သနည်းဟု တွေးနေမိသည်။
လူ၏ စကားကို နားလည်ရုံသာမက အမူအရာဖြင့် ပြန်ပြောနိုင်ခြင်းသည် ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် လွန်စွာစမတ်ကျသည်။
၀မ်ကျုံးက စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး မြွေအမြီးအား ဆွဲကိုင်ပြီး " ဒါဆို ဘာလို့ မင်းသွားမဖမ်းတာလဲ… "
သူ တံတွေးကို မြိုချလိုက်လျှင် သူ့ အာဒံ ပန်းသီးသည် အနည်းငယ်လိမ့်ဆင်းသွားရသည်။
မြွေနက်ကြီးက သူ၏ လျှာကို ထုတ်ကာ အမြီးဖြင့် ၀မ်ကျုံး၏ တံတောင်ဆစ်နှင့် လက်ကောက်၀က်အား ရစ်ပတ်သည်။ အမြီးတစ်၀က်ကိုလည်း သူ၏ ပခုံးပေါ်တင်ကာ ပျင်းရိစွာ ယိမ်းနွှဲ့နေသည်။ ထို့နောက် အမြီးကို နှိမ့်၍ ပုတ်ကာ
' လာတောင်းဆိုလေ '
၀မ်ကျုံးသည် မြွေနက်၏ စိတ်နှင့်အတွေးကို နားမလည်နိုင်ခဲ့ချေ။
သူက မြွေနက်၏ ပုံသဏ္ဍာန်ကို ကြည့်၍ ' ဒီလို အားနည်းတဲ့ အကောင်လေးဖမ်းဖို့တောင် ငါ့ကို လိုတာလား ' ဟု ပြောသည်ဟူ၍ သူထင်လေသည်။
၀မ်ကျုံးက မြွေနက်၏ အမြီးကို သူ့ပခုံးပေါ်မှ ခက်ခက်ခဲခဲ ဖယ်ယူကာ ထိုအကောင်ကို မြွေနက်၏ အကူအညီမပါပဲ မည်သို့ဖမ်းရမည်ကို တွေးတောနေသည်။ ထိုစဉ် ထိုအကောင်မှာ သူတို့အား မြင်သွားဟန်။
ထိုအရာ သူတို့ဘက်သို့ လှည့်လာခိုက်တွင် တိမ်ကင်းစင်သော လရောင်၏ အလင်းဖြင့် ရှင်းလင်းစွာ မြင်လိုက်ရသည်။
ထိုအနက်ရောင် အရိပ်များမှာ နွားပေါက်ကလေးအရွယ်အစားနှင့် တူကာ လည်ပင်းက သစ်ကုလားအုတ်အရွယ်ဖြင့် တူသည်။ ခန္ဓာကိုယ်တွင် လှပသော အမွှေးများရှိပြီး ထိုအကောင်များ၏ သေးငယ်သော ဦးခေါင်းတွင် ကြက်ကဲ့သို့ အမောက်ပါသည်။ သိုသော် ကြက်မဟုတ်။ ထူးဆန်းသည်မှာ ခြေသုံးချောင်းပါခြင်း ဖြစ်သည်။
၀မ်ကျုံးသည် ခြေသုံးချောင်းပါသော ထိုအရာအား ကြည့်ရင်းဖြင့် သူ၏ ၀မ်းဗိုက်အား ကိုင်ထားသော လက်များက တင်းကျပ်သွားရသည်။
သူသည် ဤကျွန်းကို ရောက်ခဲ့သည်မှာ 108ရက် ပြည့်ပြီ ဖြစ်သည်။
မြွေသားရဲတွင်း ဘေးရှိ ချောက်ကမ်းပါးတွင် အနီရောင်ကျောက်တုံးများဖြင့် ' SOS ' အရေးပေါ် ကယ်ဆယ်ရေး ကုဒ်အားရေးဆွဲထားသည်။ ဝေးကွာသော ပင်လယ်ပြင်မှ တစ်စုံတယောက် လာကယ်နိုးနိုးဖြင့် တစ်ရက်ပြီးတစ်ရက် သူ စောင့်ကြည့်ခဲ့သည်။ သူ၏ မျှော်လင့်ချက်လေးဖြင့်သာ ကြောက်ရွံ့မှုကို ကျော်လွှားကာ အချိန်မရွှေး သူ့အား စားနိုင်သည့် မြွေကြီးနှင့် အတူ နေထိုင်ခဲ့သည်။
သူ အသက်ရှင်နေသ၍ ကယ်တင်ခံရမည်ဟု သူ့ကိုယ်သူ ထပ်တလဲလဲ ပြောနေခဲ့သည်။
ရည်ရွယ်ချက်ရှိစွာ သို့မဟုတ် မရှိစွာဖြင့်ပင် သူ နေထိုင်ရာ ပတ်ဝန်းကျင်နှင့် အလွန်ကွဲပြားသော ထိုကျွန်းပေါ်ရှိ နေရာများကို လျစ်လျူရှုခဲ့သည်။ သူသည် ဗဟုသုတနည်းပါး၍ သဘာ၀လောကအကြောင်း များစွာမသိချေ။ ထို့ကြောင့်ပင် ထိုကျွန်းပေါ်ရှိ ထူးဆန်းသည့် အပင်များနှင့် တိရစ္ဆာန်များကို မသိခြင်းဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ ဖြည့်တွေးခဲ့သည်။
သို့သော် ယခုအခါ..
သူသည် ပုံပြင်စာအုပ်များတွင်သာ ရှိနိုင်သော အလွန်ရှည်လျားသည့် လည်ပင်းနှင့် ခြေသုံးချောင်းရှိသော ထိုအရာအား ကြည့်ရင်း သူကိုယ်တိုင်ပင် ဖြည့်မတွေးနိုင်တော့ချေ။
သူ့ဦးနှောက်၏ လက်ခံနိုင်သော သဘောသဘာ၀တရားကို ကျော်လွန်၍ တခြားအရာများကို လက်ခံရတော့မည်။
ထိုကျွန်းတွင် နေထိုင်ရသည်ထက် ပိုဆိုးသည့်အရာတစ်ခုမှာ အာကာသနှင့် အချိန်ကို ကျော်ဖြတ်ခြင်းသာ ဖြစ်နိုင်တော့မည်။
ဤနည်းဖြင့်သာ သူ ကြုံရ မြင်ရ ကြားရသည့် ထူးဆန်းသော အရာများသည် အဓိပ္ပါယ် ရှိလာပေမည်။
" ဒါဆို ဒါက ဘယ်နေရာလဲ ... ငါ... ငါ မပြန်နိုင်တော့ဘူးလား... "
၀မ်ကျုံး ထိုဖြစ်နိုင်ချေအား လက်မခံနိုင်ပဲ မြွေနက်အပေါ်သို့ လဲကျသွားကာ မျက်လုံးများလည်း နီရဲနေသည်။
မြွေနက် ' !!! '
မြွေနက်က သူ့အား အနည်းငယ် စချင်ရုံသာ။ ငိုရန် မရည်ရွယ်ခဲ့ချေ။
မြွေနက် အနည်းငယ်သာ ဝမ်းနည်းသလို ခံစားလိုက်ရပြီး ၀မ်ကျုံးကို သူ့အမြီးဖြင့် ပတ်လိုက်သည်။ နှစ်မီတာအမြင့်ထိ ခုန်၍ အတောင်များဖြန့်ကာ ထွက်ပြေးရန် ကြိုးစားနေသော ထိုအကောင်အား မြွေနက်က အမြီးဖြင့် ညှစ်ပြီး ၀မ်ကျုံး၏ ခြေရင်းသို့ ပစ်ချလိုက်သည်။
၀မ်ကျုံး၏ မျက်၀န်းထောင့်သို့ လျှာဖြင့် လျက်ကာ နှစ်သိမ့်ပေးသည်။
' မင်းအတွက် ဖမ်းပေးထားတာ ၊ မငိုနဲ့တော့ '
၀မ်းကျုံးက စိတ်မသက်မသာဖြစ်ကာ မြွေ၏ လျှာကို ရှောင်၍ နောက်သို့လှည့်ကာ လျစ်လျူရှုသည်။
ထိုအခြင်းအရာကို မြွေနက်မြင်သော အခါ စိတ်ပူသွားသည်။
ရက်အနည်းငယ်သာ အတူနေထိုင်ရသေးသည်။ ထို့အပြင် သူ့ဇနီးကို နမ်းခြင်း ပွေ့ဖက်ခြင်းဖြစ်ပင် မပြုလုပ်ရသေးဘဲ ယခုကဲ့သို့ ပဠိပက္ခ ဖြစ်နေရသည်။ နောင်အနာဂတ်တွင် သူတို့၏ အမြီးများကို ရစ်ပတ်ကာ ပျော်ရွှင်စွာ မည်သို့နေနိုင်မည်နည်း။
ပျော်ရွှင်စွာ ရစ်ပတ်နှောင်ဖွဲ့သည်မျိူး မရှိလျှင် ကျန်းမာပျော်ရွှင်သော ကလေးငယ်များကို မည်သို့မွေးမည်နည်း။
မြွေနက်သည် ထိုလူသားအား ချော့မြူရန် သူ၏ အရည်အချင်းများကို ထုတ်ပြရမည့် အချိန်ရောက်ပြီဟု တွေးလိုက်သည်။
သူ ချက်ချင်းပင် အမြီးကို ဘယ်ညာလှုပ်ယမ်းကာ ဖမ်းလာသော အကောင်အား ၀မ်ကျုံးပျော်ရွှင်စေရန် ထုထောင်းပြသည်။
၀မ်ကျုံး ' !!! '
မျောက်တွေကို ခြောက်ရန် ကြက်ကို သတ်နေသော မြွေနက်၏ အေးစက်စက်အကြည့်ကို ၀မ်ကျုံး ခံစားလိုက်ရသည်။ ၀မ်ကျုံးသည် မြွေနက်၏ ခန္ဓာကိုယ်ကြီးကို ချစ်စဖွယ် ဖက်ထားရင်း သူ၏ မျက်တောင်ရှည်ကြီးများတွင် မျက်ရည်စများ ရစ်သီနေတော့သည်။ မြွေနက်အား ဆက်၍ မခုခံတော့ပဲ လျှာဖြင့် လျက်ခွင့်ပေးလိုက်တော့သည်။
မြွေနက် " ရှူးးး... "
ဟီးဟီး!
'ထင်ထားသလိုပဲ၊ သူနဲ့ ငါက လိုက်ဖက်ညီတယ် သူက အရမ်းလှတဲ့အပြင် စိတ်ထားလေးကလည်း နူးညံသိမ်မွေ့ပြီး သဘောထားကြီးတယ် ချော့ရတာလည်း တကယ်လွယ်တယ်'