ဝမ်ကျုံး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်မိသည်။
သူ့ကို အရန်အစားအစာအဖြစ် သတ်မှတ်ထားသော မြွေတစ်ကောင်ထံမှ ထူးဆန်းသော လုံခြုံမှုခံစားချက်ကို မည်သည့်အချိန်တည်းက ရရှိခဲ့ပါသနည်း။
သူ့ကိုယ်သူ သတိပေးရန် လိုအပ်ကြောင်း ဝမ်ကျုံး ခံစားမိသည်။
သူနှင့် မြွေနက်ကြီးကြားရှိ ထင်ယောင်ထင်မှား သဟဇာတဖြစ်သော ဆက်ဆံရေးသည် မြွေနက်ကြီးက သူ့ကို အရန်အစားအစာအဖြစ် သတ်မှတ်ထားခြင်းအပေါ် အခြေခံထားသည်ကို သူ နားလည်ထားသည်။
မြွေနက်ကြီးက သူ့ကို စားသောက်လိုသည့်နေ့ သို့မဟုတ် ဤဆက်ဆံရေးကို ဖျက်ဆီးလိုသည့်နေ့တွင် သွေးထွက်သံယို ဖြစ်ရပ်တစ်ခု ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရှုံးနိမ့်မည့်သူမှာလည်း သူကိုယ်တိုင်ပင် ဖြစ်မည်။
ယခင်က သူ ကယ်တင်ခံရမည်ကို မျှော်လင့်ကာ မြွေနက်ကြီးနှင့် ယာယီသာနေထိုင်ရမည်ဟု အမြဲတမ်း စဉ်းစားခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရ အချိန်ကာလတစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးဖြစ်သည်။ အကယ်၍ ဘာမျှမပြောင်းလဲပါက သူ့ဘဝ၏ ကျန်ရှိသော အချိန်များ၌ ဤကျွန်းပေါ်တွင် နက်နဲဆန်းကြယ်သော မြွေနက်ကြီးနှင့်အတူ သူ့နောက်ဆုံးထွက်သက်အထိ နေထိုင်သွားရလိမ့်မည်။
ဤရက်စက်ကြမ်းကြုတ်သော ရှင်သန်မှုဂိမ်းတွင် သူ ရှင်သန်လိုပါက သူ၏ဗျူဟာကို ပြန်လည်ပြောင်းလဲရမည်ဖြစ်သည်။
ဝမ်ကျုံး တစ်ခဏမျှ ဂရုတစိုက်စဉ်းစားပြီး ထရပ်လိုက်ကာ အသားတစ်စကို ယူ၍ မြွေနက်ကြီးကို ခေါ်လိုက်သည်။
“ ဟယ်လို… ဟေး… ဟယ်လို… ”
မြွေနက်ကြီးက ဇဝေဇဝါဖြင့် ခေါင်းလှည့်ကြည့်ပြီး သူ၏ကြီးမားသော အစွယ်နှစ်ချောင်းကို ထုတ်ပြကာ မည်သူကသူ့အား ခေါ်သည်ကို သိချင်နေသည်။
ဝမ်ကျုံးက ပခုံးတွန့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်
“ ဆောရီးပါ ၊ ခင်ဗျားနာမည်ကို ကျွန်တော် မသိသေးလို့ပါ ”
မြွေနက်ကြီးက မျက်လုံးများကို အနည်းငယ် မှေးစင်းကြည့်ရာ ဝမ်ကျုံးလက်ထဲတွင် အသားတစ်စ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ၀မ်ကျုံးက မြွေနက်ကြီးအား “ ခင်ဗျားရော ဗိုက်ဆာလား ဒါ ခင်ဗျားအတွက်ပါ "
မြွေနက်ကြီးက စိတ်မဝင်စားကြောင်း ပြပြီး ခေါင်းကိုလှည့်ကာ မှန်ကို ဆက်ကြည့်နေသည်။
ဝမ်ကျုံး “…”
သူ မြွေနက်ကြီးနှင့် အချိန်အတော်ကြာ အတူရှိခဲ့သော်လည်း မြွေနက်ကြီး အစာစားသည်ကို မမြင်ခဲ့ဖူးပေ။ အသီးမှလွဲ၍ မြွေနက်ကြီးသည် အခြားမည်သည့် အစားအစာကိုမျှ မြွေအသိုက်သို့ ပြန်သယ်လာခြင်း မရှိခဲ့ပေ။
ပုံမှန်ဆို မြွေနက်ကြီး ဘာစားတာလဲ…
သားရဲတွေ ဖမ်းပြီး အဲ့နေရာမှာပဲ တစ်ခါတည်း စားလိုက်တာလား…
မနေ့ညက သားရဲတိရစ္ဆာန်ရိုင်းများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း မြွေနက်ကြီးသည် မည်သည့်ကောင်ကိုမျှ စားသည်ကို သူ မတွေ့ခဲ့ရပေ။
မြွေနက်ကြီး ဘယ်လိုများ စားသောက်နေလဲ…
မည်သို့ပင် ဆိုစေကာမူ မြွေနက်ကြီးက အသားစိမ်းကို စိတ်မဝင်စားကြောင်း ပြခဲ့သည့်အတွက် ဝမ်ကျုံး ကျေနပ်ရသည်။ မြွေနက်ကြီးအား ထပ်၍ မေးလိုက်သည် “ ကျွန်တော် ခင်ဗျားကို နာမည်ပေးလို့ ရမလား…မဟုတ်ရင် ခင်ဗျားကို ဘယ်လိုခေါ်ရမှန်း မသိဘူးလေ မဲလုံးလေးလို့ ခေါ်ရမလား…ဒါမှမဟုတ် နက်ကျားလို့ ခေါ်ရမလား…ဘလက်ကီဆိုရင်ရော… ဒါမှမဟုတ် မြွေကြီးလို့ပဲ ခေါ်ရမလား…ဘယ်ဟာကို ကြိုက်လဲ… ဒါမှမဟုတ် အကုန်ကြိုက်လား … ”
မြွေနက်ကြီးက သူ့နားကို ပိတ်လိုက်ပြီး မှန်ကို မေးလိုက်သည်
“ ကြေးမုံကြီးရေ... ကြေးမုံကြီးရေ… "
' ဒီလောက်ချောမောပြီး ကောင်းကင်ကိုတောင် နှစ်ခြမ်းကွဲအောင် လုပ်နိုင်တဲ့ငါက ဘာလို့ ဒီတောဆန်တဲ့နာမည်တွေကို ကြိုက်မယ်လို့ ဒီအရူးလေးက ထင်နေရတာလဲ…’
' ငါ သူ့ကို ယောက်ျားလို့ ခေါ်ခွင့်ပေးပြီးသားပဲ '
ညဘက်တွင် မြွေနက်ကြီးက သူ့ကို လျစ်လျူရှုထားသည်ကို သတိထားမိသောအခါ ဝမ်ကျုံးသည် မြွေနက်ကြီးတွင် သူ့ခန့်ညားမှုကို တွယ်တာစိတ် ရှိပြီး အလှဂုဏ်မောက်နေသည်ဟု ယူဆခဲ့သည်။ သူ့ မျက်လုံးများကို လိမ့်လိုက်ပြီး လည်ချောင်းကို ရှင်းကာ လက်နှစ်ဖက်ဖြင့် တံပိုးပုံစံပြုလုပ်၍ မြွေနက်ကြီးကို ကျယ်လောင်စွာ ပြောလိုက်သည်။
“ ခင်ဗျားက အခန့်ညားဆုံး… အချောဆုံးပဲ…လူတိုင်းက အကြည့်တချက်နဲ့တင် ကြွေကျသွားလောက်တဲ့အထိ ချောတယ်… ခင်ဗျားကို အခုကစပြီး မြွေချောလေးလို့ ခေါ်လို့ရမလား…”
မြွေနက်ကြီး “~~~”
ရိုးရှင်းပြီး သာမန်ဆန်တဲ့ နာမည်တစ်ခုက ငါ့ရဲ့ထူးခြားလှပတဲ့ မျက်နှာနှင့် ဘယ်လိုလုပ် လိုက်ဖက်ညီမှာလဲ…
သို့သော်…
ထိုလူသား၏ ရဲရင့်သော ဝန်ခံချက်နှင့် ဆွဲဆောင်မှုကြောင့် မြွေနက်ကြီးသည် ခဏတာ ဝန်လေးစွာ သဘောတူခဲ့သည်။
ဝမ်ကျုံး နောက်ဆုံးတွင် သူ့ဘက်သို့ လှည့်လာသော မြွေနက်ကြီးကို ကြည့်လိုက်သည်။ မြွေနက်ကြီးက ပျော်ရွှင်စွာ လျှာကို ထုတ်နေသောကြောင့် ထိုနာမည်ကို ကြိုက်နှစ်သက်နေသည်ဟု သူ ယူဆလိုက်သည်။
သူ ချက်ချင်း သတ္တိကို စုစည်းလိုက်ကာ မြွေနက်ကြီး၏အမြီးကို ထိလိုက်ပြီး “ မြွေချောလေး မင်းရဲ့မှန်ကို ခဏလောက် ငှားပေးလို့ရမလား … မင်းအတွက် မီးမွှေးပြီး အသားကင်ပေးမယ်လေ ” ဟု မေးလိုက်သည်။
မြွေနက်ကြီး “..”
သူသည် အနားတွင် အမြဲထားသော မှန်အားကြည့်ကာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေလေသည်။
“ ကြေးမုံကြီးရေ... ကြေးမုံကြီးရေ .. "
' ငါ တကယ် မင်းကို မပေးနိုင်ဘူး '
' ဒါပေမယ့်… '
' သူ ငါ့ကို မြွေချောလေးလို့ ခေါ်တယ်လေ '