Chapter 12
Viewers 2k

မြွေနက်ကြီးက သူ့အား ပစ္စည်းများ အသိုက်ထဲသို့ ယူဆောင်ခွင့်မပြုရခြင်းအကြောင်းရင်းကို ဝမ်ကျုံး နားမလည်ပေ။

သို့သော် မည်သို့ပင်ဖြစ်စေ၊ မြွေနက်ကြီး၏ ဆန္ဒကို သိရှိထားသည်နှင့်အမျှ သူသည် ဤအရေးမပါသော အသက်နှင့်မသက်ဆိုင်သည့် ကိစ္စရပ်အပေါ် မည်သည့်ပဋိပက္ခ သို့မဟုတ် သဘောထားကွဲလွဲမှုမျှ မရှိစေရန် ဆုံးဖြတ်ခဲ့သည်။

သူသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သူ၏ပစ္စည်းများကို ချထားကာ သစ်ကိုင်းခြောက်များနှင့် မြက်များကို ကောက်ယူလိုက်သည်။ ထို့နောက် ချောက်ကမ်းပါးပေါ်တွင် နေဝင်ရီတရော နောက်ဆုံးအလင်းရောင်ဖြင့် မီးမွှေးကာ ခြေသုံးချောင်းရှိ ကြက်ကြီးကို တစ်ညလုံး ကင်ရန် ပြင်ဆင်ခဲ့သည်။

ဤနည်းဖြင့် ကျန်နေပါက အချိန်ကြာကြာ သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

ဝမ်ကျုံး အလုပ်များနေစဉ် မြွေနက်ကြီးက လိုဏ်ဂူအား နောက်ခံအဖြစ် ထားလျက်  တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့သည်။ သူသည် ‌၀မ်ကျုံးအား မှန် ငှားပေးခဲ့သည်။ သူ မီးမွှေးနေစဉ်နှင့် လက်မောင်းများ နာကျင်နေသဖြင့် ခြေသုံးချောင်းရှိ ကြက်ကြီး၏ အသားကို ခက်ခဲစွာ ပြန်လည်ပြင်ဆင်နေစဉ်တွင် ၎င်း၏အမြီးကို ဝမ်ကျုံး၏ခါးပတ်ပတ်လည်တွင်သာ ရစ်ပတ်‌ထားခဲ့သည်။

“ မြွေချောလေး.. ခင်ဗျား…”

ဝမ်ကျုံးသည် မြွေနက်ကြီး ဘာလုပ်မည်ကို မသိခဲ့ပေ။ မြွေနက်ကြီးက သူ့နှင့် ကစားလိုသည်ဟု ထင်ခဲ့သည်။ မြွေနက်ကြီးအား ‌ပြသနာ မရှာရန် ချော့ပြောဖို့  ကြိုးစားနေစဉ်တွင် မြွေနက်ကြီးက သူ့ကို ကမ်းပါးမှ ခေါ်ထုတ်သွားပြီး တွင်းထဲမှ ရွှေဓားရှည်တစ်ချောင်းကို ထုတ်ယူ‌လိုက်သည်။

ထိုဓားသည် သိုင်းကားထဲမှ လူများကိုင်သည့် ဓားရှည်မျိုးဖြစ်သည်။

သို့သော် မြွေနက်ကြီး ထုတ်ယူလာသော ဓားသည် တီဗီဇာတ်လမ်းတွဲများတွင်သာ အသုံးဝင်သော ပစ္စည်းမဟုတ်။ ဓားအိမ် ပစ်ချသံကို  သဲ့သဲ့လေး ကြားလိုက်ရပြီး  ထက်မြက်သော ဓားအလင်းရောင်က သူ့မျက်လုံးများကို စူးရှကျိန်းစက်စေခဲ့သည်။ ထို့ကြောင့် သူ မျက်လုံးများကို ကောင်းကောင်း ဖွင့်မကြည့်နိုင်ခဲ့ပေ။

မြွေနက်ကြီးက သူ့အမြီးကို ဓားရိုးပတ်လည်တွင် ရစ်ပတ်ကာ လှပသော ဓားကို လေထဲတွင် ဝှေ့ယမ်းခဲ့သည်။ လှုပ်ရှားမှုများသည် ရှုပ်ထွေးခြင်းမရှိဘဲ ပျော့ပျောင်းသော မြွေအမြီးနှင့် ကောင်းစွာ လိုက်ဖက်ညီသည်။ အထူးသဖြင့် မြင်ရသူကို နှစ်သက်စေသည်။

မြွေနက်ကြီးသည် ဓားကို အသုံးပြုကာ နွားငယ်တစ်ကောင်ခန့် ကြီးမားသော ခြေသုံးချောင်း ကြက်ကြီးကို တိုဖူးလှီးသကဲ့သို့ အကြိမ်အနည်းငယ် လှီးထုတ်လိုက်ပြီးနောက် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ကျောက်တုံးထဲသို့ ထိုးသွင်းလိုက်သည်။

ထိုဖြစ်စဉ် တစ်ခုလုံးသည် တစ်မိနစ်သာ ကြာမြင့်ခဲ့သည်။

ဝမ်ကျုံး ထိုနေရာတွင် တိတ်ဆိတ်စွာ ငေးငိုင်တွေ‌‌ဝေနေသည်။ ခဏအကြာတွင် သူ အံ့သြစွာ ပြောလိုက်သည် “ ဝါးး... မြွေချောလေး ခင်ဗျား ဓါးရေးပြတာကို သေချာလေးလုပ်နိုင်တာပဲ…"

မြွေနက်ကြီး “ ??? ”

မြွေနက်ကြီးသည် သူ့အမြီးကို သုံးကာ ဝမ်ကျုံးကို ရှေ့သို့ တွန်းပို့ပြီး ပိတ်‌လှောင်ထားကာ ကျန်ရှိသော ဓားစွမ်းအင်ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီးမှ လွှတ်ပေးခဲ့သည်။

ခြေသုံးချောင်း ကြက်ကြီးသည် မဖြတ်ရသေးသည့် မူလပုံပန်းသဏ္ဍာန်အတိုင်း ရှိနေဆဲဖြစ်သည်။ သို့သော် ဝမ်ကျုံးက ထိုအရာကို ခပ်ဖွဖွ ထိလိုက်သောအခါ ဖြိုချလိုက်သည့် အဆောက်အအုံတစ်ခုကဲ့သို့ ပြိုလဲသွားပြီး အရိုးများနှင့် အသားများက ပုံမှန်အရွယ်အစားရှိ အပိုင်းအစများအဖြစ် အညီအမျှ ကွဲသွားသည်။

ဤအရာသည် ဝမ်ကျုံးအား များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

သူ သစ်ကိုင်းများကို ပျော်ရွှင်စွာ ရှာဖွေကာ အသားကို ထိုးလိုက်ပြီး မြွေနက်ကြီးကို ချီးကျူးလိုက်သည် “ မြွေချောလေးရေ…ခင်ဗျားက တကယ်ကို တော်တာပဲ ကျွန်တော် မြင်ဖူးသမျှထဲ ခင်ဗျားက အစွမ်းအစအရှိဆုံး မြွေပဲ တကယ့်ကို မိုက်တာ…ခင်ဗျားရဲ့ ဓားစကေးကို ကြည့်ပါဦး…ဘာလို့ ဒီလောက်တော်နေရတာတုန်း… ကျွန်တော်သာဆို မလုပ်နိုင်လောက်ဘူး ”

မြွေနက်ကြီးက သူ၏ခေါင်းကို ဂုဏ်ယူစွာ  မြှောက်တင်ပြီး လျှာကို ထုတ်ကာ အမြီးကို လွှဲ၍ ဝမ်ကျုံးကို  သူ နိမ့်ကျသည်ဟု မခံစားရစေရန် ပုတ်ကာ နှစ်သိမ့်လိုက်သည်။ မြွေနက်သည် သစ်ပင်ကြီးတစ်ပင်၏ ထိပ်ကို လိမ်ပတ်ပြီး ဝမ်ကျုံးက မီးသေးသေးလေး ထွန်းလိုက်သောအခါ သူ၏အမြီးဖြင့် ရိုက်ချလိုက်ပြီး မီးကို ပိုကြီးအောင် လုပ်လိုက်သည်။

“ !!! ”  ဝမ်ကျုံး  “ ဝိုးးး... မြွေချောလေးက တကယ်ကို တော်တာပဲ…”

မြွေနက်ကြီးသည် သူ့ကိုယ်ခန္ဓာကို လိမ်ပတ်ပြီး တင့်တယ်စွာ လှုပ်ရှားလိုက်သည်။ ဝမ်ကျုံး၏ လက်ထဲမှ သစ်ကိုင်းကို သူ့အမြီးဖြင့် ယူဆောင်ပြီး ကျွမ်းကျင်စွာ ကြက်သားဆီသို့ ရွှေ့လိုက်သည်။ အသားတစ်ဖဲ့ကို သစ်သားချောင်းဖြင့် ထိုးလိုက်ပြီး လျင်မြန်စွာ မီးပေါ်တင်လိုက်သည်။

အစက အလုပ်များမည့် ညတစ်ညဟု ထင်မှတ်ထားသော်လည်း ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

လုပ်ငန်းစဉ်တစ်ခုလုံး ဘာမျှ မလုပ်လိုက်ရသည့် ဝမ်ကျုံး  “…”

' ဘာလုပ်ရမလဲ၊ ရုတ်တရက် သူ့ကို ချီးကျူးရမှာတောင်  ရှက်နေသလိုပဲ ‘

မြွေနက်ကြီးက ကင်ထားသောအသားထိုးတံများကိုင်ထားသော အမြီးဖြင့် သူ့ဘက်သို့ လှည့်ကြည့်ပြီး “ ??? ”

' ငါ တခုခုများ မှားလုပ်လိုက်မိပြီလား…ဘာလို့ သူ ငါ့ကို မချီးကျူးတော့တာလဲ… '

လူသားနှင့် မြွေနက်ကြီးတို့သည် ကိုယ်စီ အတွေးများဖြင့်သာ။ အသားကျက်ရန် စောင့်ဆိုင်းနေကြသည်။

ဝမ်ကျုံး ယခင်က ကင်ထား၍ ကျန်ရှိနေသော အေးနေသည့်အသားကို နွေးလိုက်သည်။  ထို့နောက် မြွေနက်ကြီးကို မေးလိုက်သည် “ မြွေချောလေး ခင်ဗျား စားဦးမလား… "

မြွေနက်ကြီးက ဝမ်ကျုံးကို ရှောင်လိုက်ပြီး သူ၏ အမြီးဖြင့် ဝမ်းကျုံးကို မြှောက်ကာ သူ၏ ဦးခေါင်းအနီး ချပေးလိုက်သည်။ သူ့အား ညင်သာစွာ မှီစေရန်အတွက် မြွေ၏ဦးခေါင်းကို ဝမ်ကျုံး၏ ခေါင်းပေါ်တွင် ညင်သာစွာ တင်ထားလိုက်သည်။ သူ့အမြီးဖြင့် အသားထိုးတံများကို လှန်လှောရင်း ၀မ်ကျုံးကို ပွေ့ဖက်ထားကာ ကောင်းကင်ရှိ ကြယ်များကို အေးအေးဆေးဆေး ကြည့်နေခဲ့သည်။

ဝမ်ကျုံး၏ နောက်ကျောသည် ခဏတာ တောင့်တင်းသွားပြီးနောက် အနည်းငယ် ပြေလျော့သွားသည်။ သူ့လက်ထဲမှ အသားများကို ဖဲ့ကာ အနည်းငယ်စီ ဖြည်းဖြည်းချင်းစားရင်း သူ့တစ်ကိုယ်လုံးကို မြွေနက်ကြီးပေါ် မှီချလိုက်သည်။

အချိန်အတော်ကြာ အတူရှိခဲ့သော်လည်း မြွေနက်ကြီးကို ကြောက်ရွံ့နေဆဲ။

သူ မြွေနက်ကြီးအား တစ်ခါမျှ သေချာမကြည့်ဖူးခဲ့ပေ။

သူ အရင်းနှီးဆုံးအပိုင်းမှာ မြွေနက်ကြီး၏အမြီးဖြစ်သည်။

သူ၏အမြင်တွင် ထိုအမြီးက ထူထဲ၊ ကြီးမားပြီး မဲနက်ကာ ရှည်လျားသည်။ အသေးစိတ်ပြောရမည်ဆိုလျှင် အစိမ်းရင့်ရောင် ဒေါင်လိုက် မျက်ဝန်းများနှင့် ထက်ရှသော အကြေးခွံများလည်း ရှိသည်။

သူသည် မြွေနက်ကြီးအကြောင်း အနည်းငယ်သာ သိသည်။ ထို့ပြင် မြွေနက်ကြီးထံမှ အမျိုးမျိုးသော နေထိုင်မှုအလေ့အထများနှင့် လက္ခဏာများသည် သူသိသော သာမန်မြွေများ၏ လက္ခဏာများနှင့် အလွန်ကွာခြားသည်။

ဝမ်ကျုံး သူ့လက်ချောင်းများကို လျက်လိုက်ပြီး ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်သည်။ ကြယ်များပြည့်နေသော ကောင်းကင်ယံအောက်တွင် မြွေနက်ကြီး၏ ပုံသဏ္ဍာန်မှာ လှပတင့်တယ်လျက်။

မြွေနက်ကြီး စိတ်ကြည်လင်နေပုံရသည်။ သူ၏လျှာကို ထုတ်လိုက်သွင်းလိုက် ခပ်မှန်မှန် လုပ်နေပြီး လျှာကို အပြင်၌လည်း အကြာကြီး ထုတ်မထားပေ။

မြွေနက်ကြီးသည် ဝမ်ကျုံး သူ့ကို ကြည့်နေကြောင်း သိနေပုံရပြီး သူ၏ အစိမ်းရင့်ရောင် ဒေါင်လိုက်မျက်ဝန်းများကို နှိမ့်ကာ ၀မ်ကျုံးကို ကြည့်လိုက်သည်။

ဝမ်ကျုံးသည် မြွေနက်ကြီး၏ အေးစက်သော ဒေါင်လိုက်မျက်ဝန်းများတွင် မိမိကိုယ်ကို မြင်လိုက်ရသည်။ ဖျော့တော့သော အသားအရေနှင့် အလွန်အမင်း ပိန်ကျနေသော မျက်နှာတို့ပင်။ သူ့နှလုံးသား နာကျင်သွားခဲ့ပြီး တစ်ချိန်တည်းတွင် အနည်းငယ် စိတ်အေးသက်သာမှုကိုလည်း ခံစားရသည်။

ယခုအချိန်၌ သူသည် ဆိုးရွားသောအခြေအနေတွင် ရှိနေပြီး အချိန်အတိုင်းအတာ တစ်ခုအထိ အစားခံရဖွယ် ရှိမနေချေ။

ဝမ်ကျုံး ဤအကြောင်းကို စဉ်းစားမိသောအခါ သူ့လက်ထဲရှိ အသားကို ဆက်မစားရဲတော့ပေ။ သို့သော် ယခု သူ၏ခန္ဓာကိုယ်သည် အာဟာရဓာတ် အလွန်လိုအပ်နေသည်။ မြွေနက်ကြီးက သူ့ကို မစားစေရန် ကာကွယ်သည့်အနေဖြင့် မိမိကိုယ်ကို သေလောက်အောင် ညှင်းဆဲသည်နှင့် နှိုင်းယှဥ်ပါက မသေခင် ကောင်းကောင်းစားပြီး သေတာက ပိုကောင်းလိမ့်မည်။

ကိုယ်အလေးချိန်ကျခြင်းက ကောင်းမွန်သော နည်းလမ်းဖြစ်သော်လည်း ယာယီဖြေရှင်းချက်သာ ဖြစ်သည်။ အကယ်၍ သူ ဤကျွန်းပေါ်တွင် အချိန်ကြာကြာ နေလိုပါက သူ အလိုအပ်ဆုံးအရာမှာ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာရန်ဖြစ်သည်။

ဒါပေမယ့် အဲ့လိုဆိုရင် မြွေနက်ကြီးရဲ့ ဆန္ဒအတိုင်း ဖြစ်လာမှာ မဟုတ်လား…

ဝမ်ကျုံး အလွန်စဉ်းစားလိုက်ရာ ဦးခေါင်းပေါက်ကွဲမတတ် ဖြစ်လာပြီး အကြောင်းပြချက်တစ်ခုမှ ရှာမတွေ့နိုင်တော့ပေ။ ထို့ကြောင့် မြွေနက်ကြီးကို မှီပြီး အိပ်ပျော်သွားခဲ့သည်။

ညသန်းခေါင်ယံတွင် နိုးလာသောအခါ မြွေနက်ကြီးသည် ကင်ထားသောအသားကို သစ်ကိုင်းပေါ်တွင် သူ့အတွက် ချိတ်ဆွဲပေးထားပြီး ရေချိုးပေးခဲ့သည်။ သူ၏အတွင်းခံနှင့် ဖိနပ်များကို အသားဘေးတွင် ချိတ်ဆွဲထားသည်။

မြွေနက်ကြီးသည် သူ၏အမြီးကို ၀မ်ကျုံးပတ်လည်တွင် ရစ်ပတ်ကာ တိတ်ဆိတ်စွာ အိပ်နေသည်။ မြွေနက်ကြီး ယနေ့ အပြင်မထွက်သေးဘဲ သူ့နှင့်အတူ လိုဏ်ဂူထဲတွင် ရှိနေခဲ့သည်။

ဝမ်ကျုံး သူ့ခန္ဓာကိုယ်ပေါ်တွင် တင်ထားသော ဆေးဖက်ဝင်အရွက်များကို ညင်သာစွာ ပွတ်သပ်ဖယ်ရှားလိုက်သည်။ ထို့နောက် လိုဏ်ဂူအပြင်ဘက်ရှိ လင်းထိန်နေသော လမင်းကြီးကို ကြည့်လိုက်ကာ မြွေနက်ကြီး၏ ကြင်နာမှုကို ပြန်သတိရမိပြီး ရုတ်တရက် ရဲတင်းသော အကြံတစ်ခု ရလာခဲ့သည်။

ဖြစ်နိုင်ပါ့မလား…

ဝမ်ကျုံးသည် မြွေနက်ကြီးနှင့် ဆက်ဆံရေးကို စတင်တည်ဆောက်ပြီး လူနှင့် မြွေကြားရှိ ပက်သက်မှုကို  ခိုင်မာစေရန်နှင့် တန်ဖိုးရှိသော သူငယ်ချင်း ခင်မင်ရင်းနှီးမှုကို တည်ဆောက်ရန် စိတ်ကူးလိုက်သည်။ လူသားများက ကြောင်ပေါက်လေးများနှင့် ခွေးပေါက်လေးများကို မွေးမြူ၍ ခံစားချက်များ တိုးတက်စေရန် ပြုလုပ်သည့်နှယ် မြွေနက်ကြီးအား သူ့ကို မစားလိုအောင် လုပ်ဆောင်ရန် ဖြစ်သည်။

တကယ်လို့ အဲ့မြွေနက်ကြီးကို အိမ်မွေးတိရစ္ဆာန်လို ယဥ်ပါးအောင် မွေးမြူနိုင်ရင် သူ ‘မြွေသခင်’ ဖြစ်လာနိုင်တာပဲ

“ ဟားဟား “

ဝမ်ကျုံးသည် ဤကျွန်းတွင် မြွေနက်ကြီး၏ အမြီးပေါ် စီးနင်းကာ လှည့်လည်သွားလာနေပုံကို စိတ်ကူးယဉ်မိနေသည်။

သူ့ နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီးနောက် လှပစွာ သမ်းဝေလိုက်သည်။ ထို့နောက် ခြေထောက်များကို မြွေနက်ကြီး၏ အမြီးပေါ်တင်ကာ အမြီးထိပ်ဖျားနှင့် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး မျက်လုံးများကို အေးချမ်းစွာ မှိတ်လိုက်သည်။

သူ မသိခဲ့သည်မှာ…

အမှောင်ထဲတွင် အစိမ်းရောင် မီးအိမ်နှယ် မှိန်ဖျော့စွာ လင်းနေသော ဒေါင်လိုက် မျက်ဝန်းစိမ်းတစ်စုံ ရှိနေသည်။

မြွေနက်ကြီးက သူ၏ကိုယ်ခန္ဓာကို ဖြောင့်တန်းလိုက်ပြီး ဝမ်ကျုံးအား ဘေးတွင်ကျနေသော ဆေးဖက်ဝင်အရွက်များဖြင့် ထပ်မံ ဖုံးအုပ်ပေးကာ ထိုလူသား၏ဖျော့တော့ အားနည်းသော မျက်နှာကို ချစ်ခင်စွာ လျက်လိုက်သည်။

ထိုလူသားက သူနှင့် အတူ အိပ်ရုံလေးဖြင့် ပျော်ရွှင်နေသည်ဟု ထင်လိုက်ပြီး သူတို့ အမြီးများ  အချင်းချင်းရစ်ပတ်သည့်နေ့ ရောက်လျှင် ထိုလူသား မည်မျှ ပျော်ရွှင်နေမည်ကိုပင် တွေးနေမိသည်။

ပျော်လွန်းလို့ ကောင်းကင်ပေါ်များ ပျံတက်သွားမလားမသိဘူး…

သနားစရာကောင်းပြီး အလွယ်တကူ ကျေနပ်တတ်သော သေးငယ်သည့်ထိုသူလေးသည် မြွေနက်ကြီး သူ့ကို ချစ်မိအောင် ပြုလုပ်နိုင်ခဲ့သည်။