Chapter 55
Viewers 2k

ဝမ်ကျုံးသည် ကမ်းပါးယံပေါ်ရှိ သွေးအစွန်းအထင်းများကို ပြင်းပြင်းထန်ထန် ပွတ်တိုက်သော်လည်း မပြောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ပုဆိန်ကို အသုံးပြု၍ ထိုနေရာမှ မြေကြီးကို တိုက်ရိုက်တူးဖော်လိုက်တော့သည်။

သူလုပ်ခဲ့သောအရာကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ထိုနေရာကို အလွန်အမင်း ညစ်ပတ်မနေစေလိုခြင်းသာ။

ပန်းကန်လုံးထဲရှိ မြွေသွေးသည် အချိန်အကြာကြီး မခဲနိုင်ဘဲ လက်မအရွယ် အနီရောင်ပုလဲသည် သွေးထဲတွင် ပေါ်နေခဲ့ပြီး ထူးဆန်းသော မှိန်ဖျော့သည့်အလင်းကို ထုတ်လွှတ်နေခဲ့သည်။

ဝမ်ကျုံးသည် ပိုင်ထျန်းရှန်း၏ နတ်ဆိုးစွမ်းအင်ဗဟိုနှင့် သူရရှိခဲ့သော အဆောင်လက်ဖွဲ့ကို ရွှမ်မင်က သူ့ကိုအရင်က ညွှန်ပြခဲ့သည့် လျှို့ဝှက်အခြေစိုက်စခန်းတွင် ဖုံးကွယ်ထားခဲ့ပြီး လမ်းမြေပုံပေါ်တွင် အမှတ်အသားသေးသေးလေးတစ်ခု ပြုလုပ်ခဲ့သည်။

.

အပြင်ဘက်မှ မိုးခြိမ်းသံများ ရပ်တန့်သွားခဲ့သည်။

ပင်လယ်၏အခြားတစ်ဖက်ရှိ တောင်ထိပ်သို့ ဦးတည်၍ ကောင်းကင်သည် အရောင်အသွေးစုံသော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။ ၎င်းသည် မင်္ဂလာရှိသော လက္ခဏာဖြစ်ပုံရသည်။

ဝမ်ကျုံးသည် ရွှမ်မင် ဘေးအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်း ရှိ၊ မရှိ မသိခဲ့သော်လည်း ရာသီဥတုက ပုံမှန်ထက် ပိုကောင်းနေသည်ကို မြင်လိုက်ရသောအခါ စိတ်အနည်းငယ်အေးချမ်းသွားခဲ့သည်။

သူသည် ရေပူဖြင့် ရေချိုးလိုက်ပြီး သွေးစွန်းနေသော မြွေအရေခွံနှင့် ဖိနပ်များကို ချွတ်လိုက်ကာ ဆေးကြော၍ အခြောက်ခံလိုက်သည်။ မှန်က သူ့ကို ခေါ်ဆောင်ရန် မလာမီတွင် သူသည် ရှားစောင်းပင်၏ ဆူးဖျားဖြင့်အပ်တစ်ချောင်းပြုလုပ်ခဲ့ပြီး ကြက်အရေခွံကို ချည်အဖြစ်ပြုလုပ်ကာ သူ၏စုတ်ပြဲနေသော ဘောင်းဘီနှင့် ရှပ်အင်္ကျီကို ချုပ်ခဲ့သည်။

အကောင်းဆုံးထိန်းသိမ်းထားနိုင်သော အဝတ်အထည်မှာ ဖိနပ်ဖြစ်သည်။

ဝမ်ကျုံးသည် ဤနေရာသို့ ရောက်ကတည်းက ရွှမ်မင်က သူ့ကို ဘယ်လို ဂရုစိုက်ခဲ့တယ်ဆိုတာကို ပြန်အမှတ်ရမိလိုက်သည်။ ခက်ခဲတဲ့လမ်းတွေမှာ မြွေအမြီးနဲ့ သယ်ဆောင်တာ၊ လက်နဲ့ပွေ့ချီတာနဲ့ ကျယ်ပြန့်တဲ့ကျောပြင်နဲ့ ထမ်းပိုးခဲ့တာတွေပါ အပါအဝင်ပေါ့။ သူသည် များများစားစား ဒုက္ခမရောက်ခဲ့ရပေ။ အကယ်၍ ရွှမ်မင်တွင် သူ့အဝတ်အစားများကို ကြမ်းတမ်းစွာ လျှော်ဖွပ်ရန် နောက်ကွယ်မှ ရည်ရွယ်ချက် မရှိခဲ့လျှင် သူ့ဘောင်းဘီနှင့် ရှပ်အင်္ကျီများ ယခုလောက် စုတ်ပြဲနေမည်မဟုတ်သလို၊ သူ့ရဲ့သနားစရာကောင်းသော အတွင်းခံဘောင်းဘီများလည်း စောစီးစွာ အနားယူရမည်မဟုတ်ပေ။

ဝမ်ကျုံးသည် လှိုဏ်ဂူအဝင်ဝတွင် ထိုင်၍ သူ၏ဆံပင်များကို အခြောက်ခံကာ သူ၏ဖိနပ်ကြိုးများကို ချည်နေခဲ့သည်။ အတိတ်ကအရာအားလုံးကို ပြန်တွေးကြည့်ရင်း မြွေနက်ကြီးပုံစံက အချစ်စရာအကောင်းဆုံးဟု သူ ထင်နေဆဲပင်။ ၎င်းတွင် လူ၏ပါးစပ်မပါသောကြောင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် မိုက်မဲသည့်စကားများကို တစ်နေ့လုံးပြောနိုင်မည်မဟုတ်ပေ။

ဝမ်ကျုံးတွင် တန်ဖိုးရှိသော အရာတစ်ခုမှမရှိခဲ့ဘဲ သူ၏လက်ကိုင်ဖုန်းနှင့် နာရီတို့မှာလည်း ပျက်စီးနေခဲ့သည်။ ထို့ကြောင့် ရွှမ်မင်အတွက် အမှတ်တရပစ္စည်းအဖြစ် ထားရှိရန် ဘာမျှမရှိခဲ့ဟု တွေးပြီးနောက် သူသည် နောက်ဆုံးတွင် သူ၏ဆံပင်အပိုင်းအစတစ်ခုကို သူ့အတွက် ဖြတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ကျုံးသည် ဤသို့လုပ်နေစဉ်တွင် အနည်းငယ်ရှက်ရွံ့နေခဲ့သည်။

သူသည် မဖော်ပြနိုင်သော စိတ်စေတနာဖြင့် သူ၏ဆံပင်ကို မြွေအရေခွံဖြင့် စည်းလိုက်ပြီး ကျင်းထဲသို့ ထည့်လိုက်သည်။ သူသည် ရွှမ်မင်ထံမှ နှင်းဆီတစ်ပွင့်နှင့် သူ ဝတ်ထားသော မြွေအရေခွံဖြင့် ပြုလုပ်ထားသည့် အတွင်းခံဘောင်းဘီတစ်ထည်ကို ယူသွားခဲ့သည်။

ဝမ်ကျုံးသည် မြွေအသိုက်ပတ်ပတ်လည်ရှိ မြင်ကွင်းတိုင်းကို သေသေချာချာ ကြည့်ရှုခဲ့ပြီး ကြည့်ရှုလိုက်သည့်အကြည့်တိုင်းကို သူ၏တစ်သက်တာလုံးတွင် အတန်ဖိုးအရှိဆုံး အမှတ်ရစရာအဖြစ် သဘောထားခဲ့သည်။ သူသည် ထွက်ခွာရန် အလွန်ပင်ဆန္ဒမရှိခဲ့သော်လည်း လူသားနှင့်နတ်ဆိုးလမ်းကြောင်းသည် မတူညီသောကြောင့် သူတို့အတူတကွ အနာဂတ်ရှိလိမ့်မည်ဟု သူ တစ်ခါမျှမတွေးခဲ့ချေ။ ယခုအခါတွင် ပိုင်ထျန်းရှန်းသည် လမ်းကြောင်းတွင် ရှိနေသောကြောင့် ပို၍ပင် မဖြစ်နိုင်တော့ပေ။

ဝမ်ကျုံးသည် ဟင်းသီးဟင်းရွက်ဥယျာဉ်ဘေးရှိ သစ်သားခုံပေါ်တွင် ထိုင်၍ လျှင်မြန်စွာစီးဆင်းနေသော ချောင်းရေကို ကြည့်ရင်း မှန်က သူ့ကို လာရောက်ခေါ်ဆောင်ရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူသည် ဆယ်ရက်ကျော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း မှန်သည် လာရောက်ခြင်းမရှိခဲ့ပေ။

သူသည် ရွှမ်မင်က မထွက်ခွာမီ ဘေးအန္တရာယ်ကို အောင်မြင်စွာကျော်လွှားသည်ဖြစ်စေ၊ မကျော်လွှားသည်ဖြစ်စေ သူ့ကို အမြန်ဆုံးအိမ်သို့ ခေါ်ဆောင်ရန် မှန်ကို လာရောက်စေမည်ဖြစ်ကြောင်း ပြောခဲ့သည်ကို သတိရမိသည်။ ဤမျှကြာမြင့်နေခဲ့ပြီဖြစ်သောကြောင့် မှန် တစ်ခုခု ဖြစ်သွားခဲ့ခြင်းလား?

သူသည် နောက်ထပ်မစောင့်နိုင်တော့ချေ။

ဝမ်ကျုံးသည် သူ့ကိုယ်သူ မြွေအရေခွံဖြင့် ပတ်လိုက်ပြီး ဆေးကြောထားသော တောဝက်အစာအိမ်အိတ်ကို ရေဖြည့်လိုက်သည်။ အခြောက်ခံထားသော အသားများကို အိတ်ထဲသို့ ထည့်လိုက်ပြီး သူ၏ကျောပေါ်တွင် သယ်ဆောင်ကာ ပုဆိန်ဖြင့် ထွက်ခွာသွားခဲ့သည်။

ရွှမ်မင်၏ ဘေးအန္တရာယ်ကျရောက်ရာနေရာသည် ပင်လယ်၏အခြားတစ်ဖက်ရှိ တောင်ထိပ်တွင်ဖြစ်ပြီး ဝမ်ကျုံးသည် ထိုနေရာသို့ တစ်ကြိမ်ရောက်ဖူးခဲ့သော်လည်း အလွန်ပင်ဝေးလံလှသည်။ မြွေနက်၏တွားသွားသည့် အမြန်နှုန်းဖြင့်ပင်လျှင် နာရီပေါင်းများစွာကြာမြင့်လိမ့်မည်။

ဝမ်ကျုံးသည် နေ့ရောညပါ ခရီးသွားခဲ့ပြီး အလုံပိတ်သစ်တောထဲမှ ကမ်းခြေသို့ လမ်းလျှောက်ထွက်လာရန်ပင် ရက်အတော်ကြာကြာ အချိန်ယူခဲ့သည်။

ကံကောင်းစွာပင် သူ့တွင် မြွေအရေခွံနှင့် ပုဆိန်ရှိနေခဲ့သည်။ လမ်းတစ်လျှောက်တွင် ထူးဆန်းသော သားရဲတိရစ္ဆာန်များစွာနှင့် တွေ့ဆုံခဲ့ရသော်လည်း ၎င်းတို့သည် ရှေ့သို့တက်လာရန် မရဲခဲ့ကြပေ။ အစားအစာနှင့်ရေ မလုံလောက်မှုမှလွဲ၍ သူသည် အန္တရာယ်တစ်ခုမျှ မကြုံတွေ့ခဲ့ရချေ။

နောက်ထပ်ခရီးစဉ်တွင် လူသားစွမ်းအားဖြင့် မကျော်လွှားနိုင်သော အဆုံးမဲ့ပင်လယ်ပြာကြီးကို ဖြတ်ကျော်ရမည်ဖြစ်သည်။

ဝမ်ကျုံးသည် အိတ်ထဲတွင် ကျန်ရှိနေသော ရေအနည်းငယ်ကို တစ်ငုံသောက်လိုက်ပြီး သူအမှတ်ရနေသည့်အတိုင်း အုန်းပင်များအောက်တွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေခဲ့သည်။ အကယ်၍ ရွှမ်မင်နှင့် မှန်တို့ ပြန်လာခဲ့ပါက ဤနေရာတွင် ရပ်နားရမည်ဖြစ်ပြီး သူသည် ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် မြင်နိုင်မည်ဖြစ်သည်။

.

ပင်လယ်၏အခြားတစ်ဖက်တွင်မူ…

ကောင်းကင်သို့တိုင် ထိုးထောင်နေခဲ့သော အမြင့်ဆုံးတောင်ထိပ်သည် မိုးကြိုးများကြောင့် ပြေပြစ်သွားခဲ့သည်။ အနက်တစ်ရာကျော်နက်သော ကြီးမားသည့်လှိုဏ်ဂူတစ်ခုတွင် အလျားတစ်မီတာခန့်ရှိသော မြွေနက်လေးတစ်ကောင်နှင့် စာအုပ်အရွယ်အစားရှိသော မှန်တစ်ချပ်တို့ လဲလျောင်းနေခဲ့သည်။

လေသည် လှိုဏ်ဂူထဲသို့ တိုက်ခတ်ဝင်ရောက်လာခဲ့ပြီး မှန်အောက်တွင် ဖိမိနေသော မြွေနက်လေးသည် သူ၏အမြီးကို လှုပ်ရှားလိုက်ပြီး အခက်အခဲများစွာဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် သူဘယ်သူလဲ၊ ဘယ်နေရာမှာ ရှိနေသည်ကို မသိဘဲ စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူသည် သူ၏သေလုမြောပါးဖြစ်နေသော မြွေခေါင်းကို နှိမ့်လိုက်ပြီး ရေငတ်နေသောမြွေလျှာကို ထုတ်လိုက်ကာ ပြင်းထန်သောသွေးအနံ့နှင့် မိုးကြိုးမီးခိုးနံ့ကို ရှူရှိုက်မိလိုက်သည်။

မြွေနက်လေးသည် ကြောက်ရွံ့မှုကြောင့် နောက်သို့ဆုတ်သွားခဲ့ပြီး တစ်စုံတစ်ခုက သူ့ကို ဖိထားသည်ကို ခံစားလိုက်ရသည်။ သူ၏အမြီးဖျားဖြင့် ထိုအရာကို တွန်းထုတ်ရန် ကြိုးစားပြီးနောက်တွင် ၎င်းသည် မှန်တစ်ခုဖြစ်သည်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

သူသည် သူ့ကိုယ်သူ မှန်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ်ရှိနေသော မျက်လုံးစိမ်းကြီးနှစ်လုံးဖြင့် ကြည့်လိုက်ပြီး မြွေလျှာကို ထုတ်ကာ မြွေနက်ကြီး၏ကိုယ်ခန္ဓာကို လိမ်လိုက်သည်။ သူ၏ပထမဆုံးအတွေးမှာ..

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[ငါ ဘာလို့ ဒီလောက်တောင် လှနေရတာလဲ?]

[ငါ့ကလွဲရင် ဒီလောကမှာ ဒီလောက်ချောတဲ့မြွေ မရှိတော့ဘူးထင်တယ်၊ ဟုတ်တယ်မလား?]

မြွေနက်လေးသည် မှန်ထဲရှိ သူ့ကိုယ်သူ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ချစ်မိသွားခဲ့သည်။ သူသည် မှန်ကို လိပ်ယူပြီး အခက်အခဲပေါင်းစုံကို ဖြတ်သန်း၍ လှိုဏ်ဂူထဲမှ နောက်ဆုံးတွင် တွားသွားထွက်လာခဲ့သောအခါ သူ ဘယ်ကိုသွားရမည်ကို လုံးဝမသိတော့ပေ။

သူသည် အလွန်ဆာလောင်နေခဲ့ပြီး အလွန်ရေငတ်နေခဲ့သည်။

မြွေနက်လေးသည် ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ ကြီးမားသောနေရောင်က သူ့ကို အိပ်ငိုက်စေပြီး တစ်ကိုယ်လုံးကို ကိုက်ခဲနေစေခဲ့သည်။ သူသည် မြွေလျှာကို ထုတ်နေခဲ့ပြီး ပင်လယ်ရေအချို့ကို လျက်၍ သောက်တော့မည်ပြုလိုက်သည်။ ရုတ်တရက် သူ့ကို မှန်က ပင်လယ်ထဲသို့ လှဲချလိုက်သည်။

သူသည် ကြောက်လန့်တကြားဖြစ်ပြီး ဘာလုပ်ရမှန်း လုံးဝမသိတော့ပေ။ သူသည် မှန်ကို လိပ်ယူပြီး လှိုင်းများပေါ်တွင် ပေါ်နေခဲ့သည်။ သူသည် အဆုံးမရှိသောပင်လယ်ပေါ်တွင် မည်မျှကြာအောင် ပေါ်နေခဲ့သည်ကို မသိခဲ့ဘဲ နောက်ဆုံးတွင် ကမ်းခြေတစ်ခုကို ပြန်လည်မြင်တွေ့ခဲ့သည်။

ကမ်းခြေ၏အဝေးတွင် အသားဖြူဖွေးပြီး ချောမောလှပသော လူတစ်ယောက်ရှိနေခဲ့သည်။

မြွေနက်လေးသည် ထိုကဲ့သို့လှပသော ခြေနှစ်ချောင်းသတ္တဝါကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ သူသည် ဘာကိုမှ မမှတ်မိသော်လည်း ဤလူသည် သူ၏ဘဝတွင် မြင်ဖူးခဲ့သမျှထဲ၌ အလှဆုံးလူတစ်ဦးဖြစ်ကြောင်း သူ သေချာခဲ့သည်။

သူ၏မြွေနှလုံးသားသည် တဒိတ်ဒိတ်ခုန်နေပြီး မြွေလျှာကို ထုတ်နေခဲ့ကာ မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။ သူသည် ရုတ်တရက် သူ့ဆီသို့ ပြေးလာနေသော လှပသည့်လူကို စိုက်ကြည့်နေခဲ့သည်။ သူသည် ရှက်နေပြီး ဘာလုပ်ရမှန်းမသိခဲ့ဘဲ ရုတ်တရက် ပြင်းထန်သော မြွေသွေးနံ့ကို ရှူမိလိုက်သည်။

ထိုအရာသည် မြွေနက်လေးကို အလွန်စိတ်မသက်မသာဖြစ်စေခဲ့သည်။

မြွေနက်လေးသည် မှန်ကို လိပ်ယူကာ ထွက်ပြေးရန် အလိုအလျောက် ရုန်းကန်လိုက်သည်။ သို့သော် ထိုလူသားက ပျော်ရွှင်စွာဖြင့် သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီ။ ထို့နောက် သူနှင့် မှန်ကို နူးညံ့ပြီး ခိုင်ခံ့သော လက်နှစ်ဖက်ဖြင့် တစ်ခါတည်း မြှောက်လိုက်ပြီး နွေးထွေးသော ရင်ခွင်တစ်ခုထဲသို့ ရောက်သွားခဲ့သည်။

နာမည်မသိရသေးသော ချောမောသည့်လူက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ငိုရင်းရယ်ရင်းဖြင့် နမ်းလိုက်ကာ နူးညံ့သောအသံဖြင့် အကြိမ်ကြိမ်အခါခါ ခေါ်လိုက်သည်။ "ရွှမ်မင်~ ရွှမ်မင်~ ရွှမ်မင်~ ခင်ဗျား ဘာမှမဖြစ်လို့ တော်ပါသေးရဲ့၊ အိုး... ကျွန်တော် ခင်ဗျားကို... ခင်ဗျား အသက်ရှင်နေတာမြင်ရတာ ပျော်လိုက်တာ..."

မြွေနက်လေးသည် ဤအရာအားလုံးကို ရိုးရိုးလေး ခံယူခဲ့ပြီး သူ့ကျောကို လှည့်၍ မှန်ကို လျှို့ဝှက်စွာ ပြောလိုက်သည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[ပုံစံအရ ဒီအလှလေးက မြွေမှားပြီး မှတ်မိနေပုံရတယ်]

[ငါက ရွှမ်မင်မဟုတ်ဘူး၊ ငါက ဒီကမ္ဘာပေါ်မှာ အချောဆုံးဖြစ်တဲ့ နာမည်မသိရသေးတဲ့ မြွေတစ်ကောင်ပဲ။]

[ပြီးတော့..]

[သူ့ကိုယ်ပေါ်က မြွေနတ်ဆိုးရဲ့အငွေ့အသက်တွေက အတော်လေး ပြင်းတယ်။ သူ မြွေတစ်ကောင်ကို သတ်ဖူးတယ်လို့ ငါ အနံ့ရနေတယ်]

[မှန်ကြီးရေ၊ မင်းရော ထင်လား... သူက ငါ့လိုလှပတဲ့ မြွေတစ်ကောင်ကို မြင်လို့ ငါ့ကို စားချင်နေမလား?]

မြွေနက်လေးသည် ထိုချောမောသည့်လူ၏ အရူးအမူးစိတ်အားထက်သန်မှုကြောင့် ကြောက်လန့်တော့မည်ဖြစ်သောကြောင့် သူ၏အမြီးဖျားဖြင့် ဆက်တိုက်နမ်းနေသည့် နှုတ်ခမ်းများကို ပိတ်လိုက်ပြီး မှန်ကို လိပ်ယူကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် ထိုချောမောသည့်လူမှာ အလွန်စွမ်းအားကြီးပြီး သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်၍ ပြောလိုက်သည်။ "မြွေချောကြီး? ကျွန်တော့်ကို မမှတ်မိတော့ဘူးလား?" 

မြွေနက်လေးသည် မြွေလျှာကို ထုတ်လိုက်ပြီး ထိုလူက အမှန်တကယ်ပင် မြွေမှား၍ မှတ်မိခဲ့သည်ဟု တွေးလိုက်သည်။

၎င်းသည် ထူးဆန်းသည်။

ရွှမ်မင်ဆိုသူသည် ၎င်းလောက် ချောမောပြီး ရုပ်ရည်ကောင်းပါသလား? ထိုမျှလောက် ချောမောလှပသောသူကပင် နေခင်းကြောင်တောင်ကြီးကို မြွေမှားယွင်းပြီး ဘယ်လိုလုပ် မှတ်မိနိုင်ပါသနည်း?

မြွေနက်လေးသည် ရွှမ်မင်မည်သူဖြစ်သည်ကို မသိသော်လည်း ကျောရိုးနှင့်မာနရှိသော မြွေတစ်ကောင်ဖြစ်သောကြောင့် အခြားမြွေများအတွက် အစားထိုးခံမဖြစ်သင့်ပေ။ နောက်ဆုံးတွင် ၎င်းသည် ရုပ်ရည်အလွန်ကောင်းသောကြောင့် မည်သို့ပင်ဖြစ်စေ သူ့ကိုသာ ရည်ရွယ်ပြီး ချစ်သောသူကို ရှာဖွေရမည်ဖြစ်သည်။

ထို့အပြင် ထိုလူ၏ကိုယ်မှ မြွေသွေးနံ့ရနေသည်။ သူ၏မယှဉ်နိုင်လောက်အောင် လှပသည့်မြွေမျက်နှာမှလွဲ၍ သူသည် ထိုလူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ အသက်ရှင်လျက် အမြန်ထွက်ပြေးသည်က ပိုကောင်းပေလိမ့်မည်။

.

မြွေနက်လေးသည် မှန်ကို လိပ်ယူပြီး အားကုန်သုံးကာ ထွက်ပြေးရန် ရုန်းကန်ခဲ့သည်။ သို့သော် သူ့ကို ထိုလူက သစ်ပင်အောက်ရှိ အေးမြသည့်အရိပ်ရှိရာသို့ သယ်ဆောင်သွားခဲ့သည်။ ရေနှင့်အခြောက်ခံထားသောအသားများကို ကျွေးပြီးနောက်တွင် သူ့ကို အပေါ်အောက်လှန်ကြည့်ကာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိတွေ့ခြင်းခံခဲ့ရသည်။

အလွန်ပင်ပန်းနေသော မြွေနက်လေးသည် မြွေလျှာကို သက်သောင့်သက်သာစွာ ထုတ်လိုက်ပြီး ထိုနူးညံ့သောလက်များကြောင့် အောင်မြင်စွာ အိပ်ပျော်သွားခဲ့သည်။

ဝမ်ကျုံးသည် သူ၏ရင်ခွင်ထဲတွင် အသံတိုးတိုးဖြင့် ဟောက်နေသော မြွေနက်လေးကို ကြည့်လိုက်ပြီး သူက သူ့ကို မေ့သွားခဲ့မည်ဟု တစ်ခါမျှမမျှော်လင့်ခဲ့ပေ။ သူသည် မျက်လုံးနီရဲစွာဖြင့် သူ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားက ကျွန်တော့်ရဲ့ ရန်သူပဲ..." 

သို့သော် မြွေနက် အသက်ရှင်နေခြင်းသည် ကြီးမားသောကံကောင်းခြင်းဖြစ်ပြီး ကျန်ရှိသောအရာအားလုံးသည် ထိုမျှမအရေးကြီးတော့ပေ။

ဝမ်ကျုံးသည် မြွေနက်လေး၏ကိုယ်ခန္ဓာကို သေသေချာချာ စစ်ဆေးကြည့်ရှုခဲ့ပြီး သူသည် ပို၍သေးငယ်လာပြီး မှတ်ဉာဏ်မရှိတော့ခြင်းမှလွဲ၍ အခြားပြင်ပဒဏ်ရာများမရှိဘဲ သူ၏အကြေးခွံများအားလုံး ကောင်းမွန်သည့်အခြေအနေတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူသည် စိတ်အနည်းငယ်သက်သာသွားခဲ့သည်။

လက်ရှိအခြေအနေအရ သူသည် အိမ်သို့ မပြန်နိုင်သေးပေ။

မှန်တွင် ထိုစွမ်းအားများ မရှိတော့သည်မှာ မပြောပလောက်သော်လည်း ရှိခဲ့လျှင်ပင် မှတ်ဉာဏ်များ ဆုံးရှုံးနေသော မြွေနက်လေးကို တစ်ယောက်တည်း ထားခဲ့နိုင်မည် မဟုတ်ပေ။

ဝမ်ကျုံးသည် မြွေနက်လေးကို နူးညံ့သည့်မြက်ခင်းပေါ်တွင် ချလိုက်ပြီး အလွန်သေးငယ်သွားသော မှန်ကို ပင်လယ်ရေဖြင့် ဆေးကြောကာ မြွေနက်လေးဘေးတွင် ထားလိုက်သည်။ သူသည် သူ၏ပစ္စည်းများကို သိမ်းဆည်းပြီး မြွေအသိုက်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

ယခုမှပင် မြွေနက်လေးသည် ယခင်ကတစ်ခါမျှ မဖြစ်ဖူးသော အစာနှင့်ရေကို ပြင်းပြစွာ လိုအပ်ကြောင်း ပြသလာသည်။

ဝမ်ကျုံးက မြွေနက်လေးသည် ဘေးအန္တရာယ်မှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ဘဲ ၎င်း၏နတ်ဆိုးစွမ်းအားများအားလုံး ဆုံးရှုံးသွားသောကြောင့် ဆာလောင်မွတ်သိပ်နေခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။

သူ၏စိတ်ထဲတွင် အနည်းငယ်စိတ်မသက်မသာဖြစ်ခဲ့သော်လည်း မြွေအသိုက်တွင် ပိုင်ထျန်းရှန်း၏ နတ်ဆိုးစွမ်းအင်ဗဟိုနှင့် ရွှမ်မင်၏ နတ်စွမ်းအင်တစ်ဝက်ပါသော အဆောင်လက်ဖွဲ့ရှိနေသည်ဟု သူတွေးလိုက်မိသည်။ ၎င်းကို မြွေနက်လေးကို ပေးပြီးနောက် အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု သူ တွေးလိုက်သောအခါ သူ စိတ်သက်သာရာရပြန်သည်။

.

ဝမ်ကျုံးသည် ရေငွေ့များစုဆောင်းရန်အတွက် အသုံးပြုခဲ့သော သဲတွင်းဘေးတွင် နောက်ထပ်သဲတွင်းကြီးတစ်ခုကို တူးလိုက်သည်။ ပင်လယ်ရေသည် အောက်ခြေမှ တွင်းထဲသို့ ဖြည်းဖြည်းချင်းစိမ့်ဝင်လာပြီးနောက်တွင် သူသည် တွင်းကို မြွေအရေခွံဖြင့် ဖုံးအုပ်လိုက်ပြီး ကျောက်တုံးများဖြင့် တင်းကျပ်စွာဖိထားလိုက်သည်။ နောက်ဆုံးတွင် နေရောင်ခြည်၏ အပူရှိန်ကြောင့် မြွေအရေခွံပေါ်တွင် ရေငွေ့ပြန်လာသော ရေများသည် သန့်ရှင်းပြီး သောက်သုံးနိုင်သည့်ရေများ ဖြစ်နေတော့သည်။

ရေငွေ့များဖြစ်လာရန် စောင့်ဆိုင်းနေစဉ် ဝမ်ကျုံးသည် ကျောက်ဆောင်များကြားသို့ သွားရောက်၍ ပင်လယ်ရေမှော်နှင့် ပင်လယ်မှိုများစွာကို စုဆောင်းခဲ့ပြီး အုန်းသီးအချို့ကိုလည်း ခုတ်လှဲခဲ့သည်။

သူသည် စိတ်ကြည်လင်နေသောကြောင့် ပင်လယ်ငှက်ကြီးတစ်ကောင်ကို လောက်လေးခွဖြင့် ပစ်ချခဲ့သေးသည်။

ဝမ်ကျုံးသည် ကင်ထားသော အသားများကို မြွေနက်လေးအား တစ်ဖဲ့ချင်း ခွံ့ကျွေးလိုက်သည်။ ထိုမြွေလေးက မဝါးဘဲ အကုန်မျိုချနေသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ကျုံး ပေးသည့်အတိုင်း အကုန်စားနေသော မြွေနက်လေး၏ ဗိုက်ကို ယခင်က ရွှမ်မင်  သူ့ကို လုပ်ခဲ့သည့်အတိုင်း မထိမိဘဲ မနေနိုင်ခဲ့ချေ။ ဝမ်ကျုံးက ပြောလိုက်သည်။ "တော်ပြီနော်၊ ဒီလောက်ဆို လုံလောက်ပြီ၊ ကျန်တာကို လမ်းမှာစားကြမယ်" 

ဝမ်ကျုံးသည် ရေထည့်ရန်အသုံးပြုခဲ့သော တောဝက်အစာအိမ်အိတ်ကို ရေဖြည့်လိုက်ပြီး အုန်းသီးနှင့် ကင်ထားသော ပင်လယ်ငှက်သားများကို ထုပ်ပိုး၍ သူ၏ကျောပေါ်တွင် သယ်ဆောင်လိုက်သည်။ သူသည် သိုလှောင်စရာနေရာမရှိသော ကျန်ရှိသည့်ရေကို မြွေနက်လေးကို သောက်စေခဲ့ပြီး မှန်နှင့်အတူ သူ့ကို ကောက်ကိုင်လိုက်သည်။

"သွားကြစို့၊ မြွေချောလေးရေ၊ ကျွန်တော် ခင်ဗျားကို အိမ်ပြန်ပို့ပေးမယ်”