Chapter 56
Viewers 2k

မြွေအသိုက်ဆီသို့ ပြန်ရာလမ်းတွင် မြွေနက်လေးသည် မှန်ကို လိပ်ယူကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဝမ်ကျုံးက ဖမ်းကိုင်ထားနိုင်ခဲ့သည်။

အချိန်များ ကုန်ဆုံးသွားပြီး အခြေအနေများလည်း ပြောင်းလဲသွားခဲ့သည်။

သူသည် လက်ပိုက်ပြီး မြက်ခင်းထဲတွင် မှန်ကိုလိပ်ကာ တွန့်လိမ်နေသော မြွေနက်လေးကို ကြည့်နေခဲ့သည်။ အရင်က ရွှမ်မင် သူ့ကို ဆက်ဆံခဲ့တဲ့ပုံစံမျိုးကို သူ သတိရလိုက်သည်။

သူသည် ယခင်က ရွှမ်မင်၏အပြုအမူများကို အတုယူ၍ မာနကြီးစွာ ပြုမူခဲ့သည်။ ပထမဆုံးအနေဖြင့် သူ၏နှုတ်ခမ်းရဲရဲများက အနည်းငယ်ကွေးညွှတ်နေပြီး ပြုံးစိစိလုပ်ကာ အင်အားကြီးပြီး ကြောက်စရာကောင်းဟန်ဆောင်၍ မြွေနက်လေးကို မထွက်ပြေးရန်၊ ဘယ်ကိုသွားသွား သူ့ကို ပြန်ရှာတွေ့မည်ဟု ရက်စက်သောအသံဖြင့် ပြောခဲ့သည်။ ထို့နောက် သူ၏နားထင်တွင် ကျနေသောဆံပင်များကို ပွတ်သပ်လိုက်ပြီး မြွေနက်လေး၏ ဦးနှောက်သေးသေးလေး လုံးဝပြိုလဲသွားသည်အထိ လက်ညှိုးဖြင့် ပုတ်လိုက်သည်။

မြွေနက်လေးသည် ဤကဲ့သို့ ခြိမ်းခြောက်ခြင်းကို တစ်ခါမျှမကြုံဖူးခဲ့ပေ။ ဒါကြောင့် သူ၏မျက်လုံးစိမ်းလေးနှစ်လုံးဖြင့် ဝမ်ကျုံးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏သွားငယ်လေးနှစ်ချောင်းကို ထုတ်လိုက်သည်။ မြွေ၏ကိုယ်ခန္ဓာသည် တင်းမာနေပြီး သူ၏ခေါင်းသည် နောက်သို့ ပြန်လှန်နေခဲ့သည်။ ၎င်းသည် ဝမ်ကျုံးကို တကယ်တိုက်ခိုက်လိုပုံရသော်လည်း ဝမ်ကျုံး၏ကိုယ်ပေါ်တွင် ပိုင်ထျန်းရှန်း၏သွေးနံ့ရှိနေသောကြောင့် မြွေနက်လေးသည် ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် အချိန်အကြာကြီး ခုခံဟန်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် မလှုပ်ရဲတော့ပေ။

ဝမ်ကျုံးသည် မြွေနက်လေးကို ကြည့်လိုက်သောအခါ သူ အတိတ်ကသူ့ကိုယ်သူ မြင်နေရသကဲ့သို့ပင်။

သူသည် သူ၏လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး အနည်းငယ်တုန်ရီနေသော မြွေနက်လေး၏ခေါင်းကို ၎င်း၏အမြီးအထိ အလိုက်သင့်ပွတ်သပ်ပေးလိုက်သည်။ သူ၏လက်မဖြင့် သူ၏ပါးလျသော အမြီးထိပ်ကို လှည့်နေစဉ်တွင် ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်သည်။ "ထပ်ပြေးရဲရင် ထွက်ပြေးကြည့်၊ ယုံယုံ မယုံယုံ ငါ မင်းကို သတ်ပစ်မယ်။ မင်းကို ငါ အရေခွံ မခွာရဲဘူးလို့ ထင်နေတာလား?"

မြွေနက်လေးသည် ချက်ချင်းဆိုသလို မြွေလျှာကို ထုတ်လိုက်ပြီး ဝမ်ကျုံး၏လက်ကောက်ဝတ်တွင် သူ၏ဝက်အူချောင်းအရွယ် အမြီးထိပ်ကို ပတ်လိုက်ပြီး သူ၏ခေါင်းကို ဝမ်ကျုံး၏လက်ဖဝါးနှင့် အလွန်ကို အဖိုးတန်စွာပွတ်သပ်လိုက်သည်။

၎င်းသည် သူ့ကို မကျေနပ်သည့်အမူအရာဖြင့် ပြုမူခဲ့သည်။ 'ကျွန်တော်က မြွေကောင်းလေးပါ~ အကြေးခွံတွေကို မခွာလိုက်ပါနဲ့~'

ဝမ်ကျုံးသည် အသာလေးချောင်းဟန့်လိုက်သည်။ ရွှမ်မင်၏ ပုံမှန် မွန်မြတ်ပြီး အေးစက်သောပုံစံကို တွေးကြည့်လိုက်ပြီး ယခု သူ့ကို လိုက်နာနေပြီး ကလေးတစ်ယောက်လို ပြုမူနေသော မြွေနက်လေးကို ကြည့်လိုက်သောအခါ သူသည် အနည်းငယ်ခေါင်းမူးသွားခဲ့သည်။

သူသည် ကြောက်လန့်နေသော မြွေနက်လေးနှင့် မှန်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် သူ့ကို ချော့မော့လိုက်သည်။

"တော်ပြီ၊ မင်း တကယ်ပဲ ဟိုဟိုဒီဒီ လျှောက်ပြေးမနေသင့်တော့ဘူး။ ဒီတောထဲမှာ သားရဲတိရစ္ဆာန်တွေ အများကြီး၊ သူတို့က မင်းလို ချောချောလေးတွေကို ဖမ်းရတာကြိုက်တယ်နော်။ အထူးသဖြင့် စားဖို့အတွက် ချစ်စရာကောင်းနေတဲ့ မြွေငယ်လေးလိုပေါ့။ မင်း ငါ့ဘေးမှာမနေဘဲ သူတို့ရဲ့လက်ထဲကို ရောက်သွားရင် မင်းရဲ့ အကြေးခွံလှလှလေးတွေကို တစ်ခုချင်းစီ ဆွဲခွာပစ်လိမ့်မယ်"

ဝမ်ကျုံးသည် ဓားထိုးဟန်ပြုပြီး သူ၏လက်ချောင်းများဖြင့် မြွေနက်လေး၏လည်ပင်းကို ထိလိုက်ပြီး ပြောပြလိုက်သည်။ "မြွေအရေခွံလှလှလေးတွေကိုလည်း ဒီကနေ အမြီးဘက်အထိ လွယ်လွယ်လေး ခွာပစ်လိမ့်မယ်။ သူတို့က မင်းရဲ့အတွင်းကလီစာတွေကို မထုတ်ဘဲ တစ်ကိုက်တည်းနဲ့ စားချင်စားသွားလိမ့်မယ် - အမ်~..." 

"!!!" မြွေနက်လေးသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောပုံပြင်ကို တစ်ခါမျှမကြားဖူးခဲ့ပေ။ ၎င်းသည် မှန်ကို လိပ်ယူပြီး ဝမ်ကျုံး၏ရင်ခွင်ထဲသို့ တိုးဝင်ခဲ့သည်။ သူသည် ဝမ်ကျုံး၏လက်ထဲရှိ အေးစက်စွာ တောက်ပနေသော ပုဆိန်ကို ကြည့်လိုက်ပြီး ထပ်မံ၍ မပြေးရဲတော့ပေ။

.

တောလမ်းတစ်လျှောက်တွင် တောရိုင်းတိရစ္ဆာန်များသည် သူတို့နှင့် ဝေးဝေးရှောင်နေခဲ့ကြသည်။ သူတို့ဘေးကင်းသော်လည်း ၎င်းသည် သားကောင်ဖမ်းရန် ပို၍ခက်ခဲသည်ဟု ဆိုလိုသည်။

ဝမ်ကျုံးသည် ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ သူသည် ဆာလောင်မွတ်သိပ်ခြင်းကို အသားကျနေခဲ့ပြီ။ သူသည် စိတ်ဓာတ်မကျစေရန်အတွက် ရေအနည်းငယ်ကို ပုံမှန်ဖြည့်တင်းရန်သာ လိုအပ်ခဲ့ပြီး ဆက်လက်လမ်းလျှောက်နေခဲ့သည်။

သို့သော် မြွေနက်လေးအတွက်တော့ မဟုတ်ပေ။

၎င်းသည် ဆာလောင်သောအခါ စားခဲ့ပြီး ရေငတ်သောအခါ သောက်ခဲ့သည်။ အနည်းငယ်စိတ်မသက်မသာဖြစ်သောအခါ မှန်ကိုလိပ်၍ သူ၏အသက်ရှူသံကို ထုတ်ပေးခဲ့သည်။

တောတွင်းရှိလမ်းများသည် သွားလာရန်ခက်ခဲပြီး သန့်ရှင်းသောရေအရင်းအမြစ်များကို သားကောင်များထက်ပင် ရှာရန်ပိုခက်သည်။ ဆာလောင်နေလျှင် ပြဿနာမရှိပေ၊ သို့သော် ရေကိုရှာမတွေ့ပါက မကောင်းပေ။

ဝမ်ကျုံးသည် ရေအိတ်ထဲမှ နောက်ဆုံးတစ်ငုံကျန်နေသော ရေကို သူ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီး ကျန်ရှိသည့်အစက်အနည်းငယ်ကို သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေသော မြွေနက်လေးကို တိုက်ခဲ့သည်။

သူသည် မြွေနက်လေးကို ပြောလိုက်သည်။ "ငါက ဒီမှာ အဓိကပဲ၊ အဲ့ဒါကြောင့် ငါက ပိုစားပြီး ပိုသောက်ဖို့ ဦးစားပေးရမယ်။ မဟုတ်လို့ ငါသာလဲကျသွားရင် ဘယ်သူက မင်းကို ကာကွယ်ပေးမှာလဲ? ဘယ်သူက မင်းကို အိမ်ပြန်ခေါ်သွားမှာလဲ?" 

မြွေနက်လေးသည် မြွေလျှာကို ထုတ်လိုက်ပြီး ဝမ်ကျုံး၏ပခုံးပေါ်သို့ တွားတက်လာခဲ့သည်။ ၎င်းသည် သူ၏အိတ်ထဲတွင် သယ်ဆောင်ထားသော အခြောက်ခံထားသည့် ပင်လယ်ငှက်သားကို စားလိုခဲ့ပြီး ဝမ်ကျုံး၏စကားပြောဆိုမှုများကို နားထောင်လိုခြင်းမရှိခဲ့ပေ။

"မင်း ခုနလေးတင်ပဲ စားထားတာလေ၊ ငါတို့မှာလည်း ရေမရှိတော့ဘူး။ အစားအစာစားတာက မင်းရဲ့ကိုယ်ခန္ဓာထဲက ရေဓာတ်ကို ကုန်စေလိမ်မယ်။ အဲ့တာဆို  ပိုပြီးရေငတ်လိမ့်မယ်။ တော်လိုက်တဲ့မြွေ‌‌လေး၊ ခဏလောက် အောင့်အီးထားပြီး ငါတို့ ရေအရင်းအမြစ်ကို ရှာတွေ့တဲ့အထိ စောင့်ကြမယ်လေ၊ အိုကေလား?"

မြွေနက်လေးသည် မြွေလျှာကို ထုတ်လိုက်ပြီး သူသည် ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိဟု တွေးလိုက်သည်။ သို့သော် ၎င်းသည် အားနည်းသော မြွေနက်လေးတစ်ကောင်သာဖြစ်သောကြောင့် ဝမ်ကျုံးကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

၎င်းသည် ဝမ်ကျုံး၏ရင်ခွင်ထဲတွင် စိတ်ပျက်အားငယ်စွာလဲလျောင်းနေခဲ့ပြီး မှန်ထဲကို ကြည့်နေခဲ့ပြီး မကြာမီတွင် ဟောက်သံနှင့်အတူ အိပ်ပျော်သွားခဲ့သည်။

၎င်းသည် တကယ်ဆာလောင်နေခဲ့ပုံရသည်။ အိပ်နေစဉ်တွင် မြွေနက်လေးသည် ဝမ်ကျုံး၏လက်မောင်းကို သူ၏မြွေလျှာဖြင့် ဆက်တိုက်လျက်နေခဲ့ပြီး စားရန်ကြိုးစားမှုဖြင့် လေကို မြိုချနေခဲ့သည်။

ဝမ်ကျုံးသည် သူ့ကို မြွေနက်ကြီးက ပြုစုစောင့်ရှောက်စဉ်က သူ့ကို ဆာလောင်ခြင်း သို့မဟုတ် ရေငတ်ခြင်းကို တစ်ခါမျှမခံစားရအောင် ထားခဲ့သည်ကို သတိရမိလိုက်သည်။

သူသည် မြွေနက်လေးအတွက် အနည်းငယ်စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူသည် သူ၏လက်ညှိုးကို မြွေနက်လေး၏ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချလိုက်သည်။

"ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က လူသာမန်တစ်ယောက်ပါပဲ၊ ခင်ဗျားကို အရာအားလုံးမှာ စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ဘူး။ ဒီနေ့တော့ နည်းနည်းလေး ဒုက္ခခံလိုက်ပါနော်၊ ခဏနေ မြွေအသိုက်ကို ပြန်ရောက်ရင် ခင်ဗျားလိုချင်သလောက် အစားအစာတွေကို  ပြင်ဆင်ပေးပါ့မယ်"

လူတစ်ဦးနှင့် မြွေတစ်ကောင်သည် လမ်းတစ်လျှောက်တွင် ဒုက္ခများစွာခံစားခဲ့ရပြီး ဆယ်ရက်မြောက်နေ့တွင် သန်းခေါင်ယံအချိန်တွင် သူတို့သည် မြွေအသိုက်သို့ နောက်ဆုံးတွင် ပြန်ရောက်ရှိခဲ့ကြသည်။

မြွေနက်လေးသည် လရောင်ကြောင့် လင်းနေသော ကမ်းပါးယံကို တစ်ချက်ကြည့်လိုက်ပြီး မှန်ကို လိပ်ယူကာ ဝမ်ကျုံး၏ရင်ခွင်ထဲသို့ ကျုံ့ဝင်ခဲ့သည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[အပေါ်မှာ သွေးနံ့က အရမ်းပြင်းတယ်၊ ငါ အရမ်းကြောက်တာပဲ~]

ဝမ်ကျုံးသည် မြွေနက်လေး၏မျက်လုံးများကို သူ၏လက်များဖြင့် ဖုံးအုပ်လိုက်ပြီး သူ့ကို မြွေအသိုက်သို့ ပြန်ခေါ်သွားခဲ့သည်။ မီးမွှေးပြီး ရေနွေးတည်၍ တစ်ဦးကိုတစ်ဦး သန့်ရှင်းရေးလုပ်ပြီးနောက်တွင် သူသည် မြေအောက်ခန်းသို့ သွား၍ အခြောက်ခံထားသောအသားများနှင့် ဟင်းသီးဟင်းရွက်များကို ယူလာခဲ့သည်။ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် အခြားအရသာရှိသည့်အရာများကို ကျောက်အိုးထဲသို့ ဖြူးလိုက်ပြီး ဟင်းရည်တစ်အိုးကို ချက်ပြုတ်လိုက်သည်။

ဝမ်ကျုံးသည် အလယ်အလတ်အနက်ရှိသော ကျောက်ပြားနှစ်ချပ်ကို ရှာတွေ့ခဲ့ပြီး ၎င်းတို့ကို ဟင်းရည်ဖြည့်ကာ မြွေနက်လေး၏ရှေ့တွင် ထားလိုက်သည်။ သူသည် ၎င်း၏မြွေခေါင်းကို ထိလိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့တော့ နောက်ကျသွားပြီ။ ဟင်းရည်အရင်သောက်လိုက်။  အိပ်ပြီးသွားရင် မင်းအတွက် အရသာရှိတဲ့ အစားအစာတွေ ပြင်ဆင်ပေးမယ်။ မြေအောက်ခန်းထဲမှာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီးရှိသေးတယ်၊ အဲ့ဒါကြောင့် မင်း ထပ်ပြီး ဗိုက်ဆာတော့မှာမဟုတ်ဘူး" 

မြွေနက်လေးသည် မြွေလျှာကို ထုတ်လိုက်ပြီး မှန်ကို လိပ်ယူ၍ ဝမ်ကျုံးကို ရှောင်ကွင်းနေခဲ့ရာ ၎င်း၏တစ်ကိုယ်လုံးသည် အနည်းငယ်အားလျော့နေပုံရသည်။

ဝမ်ကျုံးသည် သူ၏မျက်ခုံးများကို နှိမ့်လိုက်ပြီး ပန်းကန်ထဲမှ ဟင်းရည်ကို မြွေလေးအတွက် အေးအောင်မှုတ်ပေးပြီးနောက်တွင် ၎င်းကို လျစ်လျူရှု၍ သူ့ဘာသာသူ စားခဲ့သည်။

မူလက သူသည် ပိုင်ထျန်းရှန်း၏ နတ်ဆိုးစွမ်းအင်ဗဟိုကို မြွေနက်လေးကို ပေး၍ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးရန် စဉ်းစားနေခဲ့သည်။ သို့သော် ယခုအခါတွင် သူ၏စိတ်ကူးသည် မှားယွင်းနေသည်ဟု သူခံစားခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ပိုင်ထျန်းရှန်းသည် ရွှမ်မင်၏ ညီအရင်းဖြစ်ပြီး သူသည် နတ်ဆိုးစွမ်းအင်ဗဟို၏အရင်းအမြစ်ကို မသိစေဘဲ ညီအရင်းဖြစ်သူ၏ နတ်ဆိုးစွမ်းအင်ဗဟိုကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် အသုံးပြုနိုင်မည်မဟုတ်ပေ။

သူသာ ထိုသို့လုပ်ခဲ့လျှင် ရွှမ်မင်နိုးလာသည့်အခါ အလွန်ဝမ်းနည်းဒေါသထွက်လိမ့်မည်…

ဝမ်ကျုံးသည် မြွေနက်လေးက ဟင်းရည်ကို ခဏအတွင်း အကုန်သောက်လိုက်သည်ကို ကြည့်နေခဲ့ပြီး မြွေလျှာကို ထုတ်၍ အိုးထဲကို ဆက်ကြည့်နေသည်ကို မြင်သောအခါ မေးလိုက်သည်။ "ထပ်လိုချင်သေးလို့လား?"

မြွေနက်လေးသည် မှန်ကို လိပ်ယူပြီး သူ၏ခေါင်းဖြင့် တွန်းလိုက်သည်။ ၎င်းသည် ခေါင်းညိတ်လိုသော်လည်း အနည်းငယ်ရှက်နေပြီး ဝမ်ကျုံးကို အနည်းငယ်ကြောက်ရွံ့နေခဲ့သည်။ နောက်ဆုံးတွင် သူသည် အလွန်ဆာလောင်နေသောကြောင့် မှန်ကို တွန်းထုတ်ပြီး သူ့အတွက် ခေါင်းညိတ်ခိုင်းလိုက်ရသည်။

ဝမ်ကျုံးသည် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဘာလို့ ငါ့ကို ဒီလောက်တောင် ကြောက်နေရတာလဲ?"  သူသည် မြွေနက်လေး၏ပန်းကန်ထဲသို့ ဟင်းရည်ထပ်ထည့်လိုက်ပြီး အေးအောင်မှုတ်ပေးကာ ခွံ့ကျွေးခဲ့သည်။

မြွေနက်လေးသည် မြွေလျှာကို ထုတ်လိုက်ပြီး ပန်းကန်ထဲရှိ အရသာရှိသောဟင်းရည်ကို မြိုချလိုက်ပြီး ဝမ်ကျုံးကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။ အစာစားပြီးသောအခါ သူသည် ပန်းကန်ကို သန့်ရှင်းသည်အထိ လျှာဖြင့် လျက်လိုက်ပြီး ဝမ်ကျုံးဆီသို့ သူ့ခေါင်းဖြင့် တွန်းလိုက်ရာ သူ ထပ်စားချင်သည်ဟု ဆိုလိုသည်။

ယခုတစ်ကြိမ်တွင် ဝမ်ကျုံးသည် ဟင်းရည်အနည်းငယ်သာ ခပ်ပေးခဲ့ပြီး ပန်းကန်ကို သူ့အားပေးကာ ပြောလိုက်သည်။ "ဒါက နောက်ဆုံးတစ်ပန်းကန်ပဲနော်။ ဒါပြီးရင် မင်း ထပ်မစားရတော့ဘူး၊ မဟုတ်ရင် ဗိုက်နာလိမ့်မယ်" 

မြွေနက်လေးသည် အနည်းငယ်စိတ်မကျေနပ်ဖြစ်နေခဲ့သည်။ ၎င်းသည် အိုးထဲတွင် အသားများစွာရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အဘယ်ကြောင့် ဝမ်ကျုံးက သူ့ကို မစားစေသနည်း?

၎င်းသည် အနည်းငယ်စိတ်မကောင်းဖြစ်ကာ မှန်ကို ပြောလိုက်သည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[သူက ငါ့ကို ပေးလည်းမပေးဘူး။  ကျွေးချင်စိတ်မရှိရင် ဘာလို့ ငါ့ကို ပြန်ခေါ်လာရသေးတာလဲ?]

မြွေနက်လေးသည် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ သူသည် မှန်ကို လိပ်ယူပြီး သူ၏မြွေကိုယ်ခန္ဓာကို လိမ်ကာ မြွေအသိုက်မှ ထွက်ခွာသွားရန် ခေါင်းလှည့်လိုက်သည်။

ဝမ်ကျုံးသည် သူ၏မြွေနက်လေး သေးငယ်သွားပြီးနောက်တွင် စိတ်နေစိတ်ထားက ပို၍ပင် ကြီးလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် မြွေနက်လေးကို သူ၏အမြီးဖြင့် ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။ "ဘယ်ကိုသွားနေတာလဲ?" 

မြွေနက်လေးသည် 'ဟွန်း' ခနဲ အသံပြုလိုက်ပြီး သူ၏ခေါင်းကို လှည့်ကာ သူ၏သွားငယ်လေးနှစ်ချောင်းဖြင့် ဝမ်ကျုံး၏လက်ဖမိုးကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။

ဝမ်ကျုံးသည် ၎င်းကို အမှန်တကယ်ပင် အထင်ကြီးသွားခဲ့ပြီး အိုးထဲရှိ အသားများအားလုံးကို ပန်းကန်ထဲသို့ အားမလိုအားမရ လောင်းချလိုက်သည်။ အိုး၏အောက်ခြေအလွတ်ကို ပြသပြီး ပြောလိုက်သည်။ "ကြည့်နော်~ အကုန်လုံး မင်းကို ပေးလိုက်ပြီ၊ စိတ်မဆိုးတော့နဲ့" 

ကျေနပ်သွားသော မြွေနက်လေးသည် ပြန်လာခဲ့ပြီး ဝမ်ကျုံး၏ခြေသလုံးပေါ်သို့ သူ၏အမြီးထိပ်ဖြင့် တို့လိုက်ရာ ပန်းကန်ထဲရှိ ဟင်းရည်ကို ထပ်မံမှုတ်ပေးရန် တောင်းဆိုလိုက်ပြီးနောက် စားရင်း သူ၏အမြီးကို ပျော်ရွှင်စွာ လွှဲယမ်းနေခဲ့သည်။

သူတို့သည် အလွန်နောက်ကျမှ ပြန်လာခဲ့ပြီး သန်းခေါင်ယံတွင် ညစာစားခဲ့ကြသည်။

ဝမ်ကျုံးသည် အိုးဆေးရန် ပျင်းရိနေခဲ့သည်။ သွားတိုက်ပြီးနောက်တွင် သူသည် မှန်ပေါ်တွင် ကွေးနေသော မြွေလေးကို ကျောက်အသိုက်ထဲသို့ သယ်သွားခဲ့ပြီး ပုဆိန်ကို မြွေအသိုက်အပြင်ဘက်သို့ ယူသွားခဲ့သည်။

ကမ်းပါးယံသည် လရောင်ကြောင့် တောက်ပစွာ လင်းနေခဲ့ပြီး ထိုနေ့က ဖြစ်ပျက်ခဲ့သော သွေးထွက်သံယိုမြင်ကွင်းသည် ဝမ်ကျုံး၏စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲပင်။

ဝမ်ကျုံးသည် တည်ငြိမ်သောစိတ်ဖြင့် ထိုအဖြစ်အပျက်ကို တစ်ခါမျှနောင်တမရခဲ့သော်လည်း မြွေနက်လေး တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိမည်ကို အနည်းငယ်စိုးရိမ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တိရစ္ဆာန်များ၏စိတ်ခံစားချက်သည် အလွန်တိကျပြီး အထူးသဖြင့် ညီအစ်ကိုများအကြား ခံစားချက်မျိုးဖြစ်သည်။

ဝမ်ကျုံးသည် ပုဆိန်ကို အသုံးပြု၍ ကမ်းပါးယံ၏တစ်ဝက်ကို ခုတ်လိုက်သည်။ မိုးသောက်ယံအချိန်တွင် သူသည် နောက်ထပ်ရေချိုးလိုက်ပြီး သူ၏ကိုယ်ခန္ဓာမှ မြွေအရေခွံကို ချွတ်လိုက်သည်။

မြွေနက်လေးသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ပြီး ဘာကိုမှမသိခဲ့ပေ။ ဝမ်ကျုံးသည် ကျောက်အသိုက်ထဲတွင် လှဲအိပ်လိုက်သောအခါ ၎င်းသည် သူ့ထံမှ အလိုအလျောက်ဝေးဝေးရှောင်ခဲ့သည်။

အရင်တုန်းကဆိုရင် သူ့ကို ကပ်နေရတာကို ကြိုက်ခဲ့တာကို။

အခုတော့…

ဝမ်ကျုံးသည် ဘောလုံးတစ်လုံးလို ကျုံ့ဝင်နေသော မြွေနက်လေးကို သူ့ဘေးသို့ ရွှေ့လိုက်ပြီး သူ့ကို ဘေးတိုက်ပွေ့ဖက်လိုက်သည်။ မှန်ကို ယူလိုက်ပြီး မြွေ၏ဦးခေါင်းလေးကို နမ်းလိုက်ကာ ပြောလိုက်သည်။ "ကောင်းသောညပါ" 

ထို့နောက် သူသည် နောက်တစ်နေ့ နေ့လည်အထိ အိပ်ပျော်သွားခဲ့သည်။

သူနိုးလာသောအခါ သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး နာကျင်နေခဲ့ပြီး သူ၏ကြွက်သားများသည် ကားဖြင့်နင်းခံလိုက်ရသကဲ့သို့ ခံစားနေခဲ့ရသည်။ နာကျင်မှုသည် ပြင်းထန်လှသည်။

သူ၏မျက်ခွံများက လေးလံနေခဲ့ပြီး သူသည် အိပ်ချင်မူးတူးဖြင့် ထလိုက်ကာ ရေအချို့သောက်ပြီးနောက် ပြန်အိပ်ပျော်သွားခဲ့သည်။ နေမဝင်မီအထိ စိုစွတ်ပြီး ချောမွေ့သော မြွေလျှာဖြင့် လျက်၍ နိုးလာခဲ့ခြင်းဖြစ်သည်။

ပထမတွင် သူသည် ရွှမ်မင်ဟု ယူဆခဲ့သောကြောင့် သူ၏လက်များကို မြွေကိုယ်ခန္ဓာပတ်ပတ်လည်တွင် ထားလိုက်ပြီး ပျော်ရွှင်စွာဖြင့် အော်လိုက်သည်။ "ရွှမ်မင်၊ ခင်ဗျား ပြန်လာပြီလား?"  သူသည် သူ့နှုတ်ခမ်းများကို နမ်းရန်ထုတ်လိုက်သော်လည်း သူ၏မျက်နှာကို ပြင်းပြင်းထန်ထန် ကိုက်ခံလိုက်ရသည်။

"ဟစ်စ်..." ဝမ်ကျုံးသည် အသက်ရှူရပ်သွားပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်သောအခါ အိပ်မက်ထဲမှ ရွှမ်မင်သည် လုံးဝမရှိခဲ့ပေ။ တစ်မီတာကျော်ရှည်ပြီး လက်ကောက်ဝတ်အရွယ်အစားရှိသော မြွေနက်လေးတစ်ကောင်သည် သူ၏ရင်ဘတ်ပေါ်တွင် လဲလျောင်းနေခဲ့ပြီး သူ၏သွားငယ်လေးနှစ်ချောင်းကို ထုတ်ကာ သူ့ဆီသို့ ဒေါသတကြီးဖြင့် ပြေးလာနေခဲ့သည်။

ဝမ်ကျုံးသည် မျက်ရည်များကျနေသော မျက်လုံးများဖြင့် ၎င်းကို တွေတွေလေး ကြည့်နေခဲ့ပြီး ထို့နောက်မှ ထကာ ပြောလိုက်သည်။ "မင်း ဗိုက်ဆာနေလား? ငါ မင်းအတွက် တစ်ခုခု ချက်ပေးမယ်" 

မြွေနက်လေးသည် ထွက်ခွာသွားသော ချောမောသည့်လူ၏ပုံကို ဒေါသထွက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ရေကန်ဘေးရှိ ကြီးမားသည့် ပုံတူပန်းချီပေါ်တွင် စူးစိုက်နေခဲ့သည်။ မြွေလျှာကို ထုတ်လိုက်ပြီး မှန်ကို မေးလိုက်သည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[အဲ့ဒီပုံတူပန်းချီထဲကလူက ရွှမ်မင်လား? ဒီအလှလေးက နေ့ရောညပါ တွေးနေတဲ့သူလား?]

[ငါတို့က လုံးဝမတူဘူးလေ။ ဘာလို့ ဒီအလှလေးက ငါ့ကို သူ့ရဲ့အစားထိုးခံအဖြစ် သဘောထားနေရတာလဲ?]

[ငါက ရွှမ်မင်ထက် အများကြီး ပိုလှတာကို...]

ဝမ်ကျုံးသည် မျက်ရည်များနှင့်အတူ မြေအောက်ခန်းသို့ သွားခဲ့သည်။ သူ၏စိတ်ထဲရှိ စိတ်ပျက်အားငယ်မှုများကို ဖိနှိပ်ထားရန်အတွက် အချိန်အကြာကြီးသည်းခံခဲ့ရသည်။

သူသည် အေးခဲထားသော အသားအပိုင်းအစငယ်တစ်ခုကို ယူခဲ့ပြီး ဟင်းသီးဟင်းရွက်အချို့ကို ကြော်ရန် ပြင်ဆင်နေခဲ့သည်။ တောအသီးများကို ထားရှိသောနေရာဘေးမှ ဖြတ်သွားသောအခါ ရုတ်တရက် အချဉ်တစ်ခုခုကို စားချင်စိတ်ဖြစ်သွားခဲ့သည်။

ဝမ်ကျုံးသည် မြွေနက်လေးအတွက် မြွေသီးအချိုတစ်လုံးကို ယူလာခဲ့ပြီး သူသည် သံပုရာသီးထက် ပို၍ချဉ်သော တောအသီးအချို့ကို ယူလာခဲ့သည်။ သူ စားနေစဉ်တွင် ထူးဆန်းသည်ဟု ခံစားနေခဲ့ရသည်။ အရင်တုန်းကဆိုရင် တစ်ချက်လျက်ရုံနဲ့ သူ၏သွားများ နာကျင်စေခဲ့တယ်မဟုတ်လား? ဒါပေမယ့် ဒီအသီးတွေက ရုတ်တရက် ဘယ်လိုလုပ် လုံးဝမချဉ်တော့တာလဲ?