အပိုင်း ၁၁၁
Viewers 15k

Chapter 111


ကျွင်းဟွိုင်လန် အေးစက်စွာ ဆက်ပြောလိုက်သည်


 " နောက်ပြီးတော့ ကျောင်းတော်ရဲ့ အပြင်ဘက်မှာလည်း မိုးခိုနိုင်တဲ့ ဂူတွေရှိနေပြီးသား …သူတို့အားလုံးက မိုးခိုခွင့်ပေးဖို့သာ အော်နေကြပေမယ့် ဂူတွေထဲမသွားဘဲ မိုးရေထဲမှာ တံခါးကိုပဲ ထုရိုက်အော်ဟစ်နေကြတာလေ.. သိသိသာသာကိုပဲ သူတို့ရည်ရွယ်ချက်က မိုးမဟုတ်ဘူး… မိုးက ဒုတိယပဲ .."


ထိုသို့ပြောပြီးနောက် ဌာနမှုးကိုကြည့်လိုက်သည်။


လုံလောက်စွာပင် ဌာနမှုး၏အမှုအယာမှာ စတင်၍ ထိတ်လန့်ကြောက်ရွံ့လာခဲ့သည်။


ထိုအချိန် ကျွင်းဟွိုင်လန်၏ လှေကားမှာ လှုပ်ယမ်းသွားသည်။


သူငုံ့လိုက်ချိန်တွင် လှေကားကို ကိုင်၍ လှုပ်ယမ်းနေသည့် စာသင်သားတစ်ဦးကို တွေ့လိုက်ရပြီး ထိုသူမှ တောင်းပန်စကားဆိုလာသည် " ကျေးဇူးပြုပြီး တံခါးဖွင့်ပေးလိုက်လို့ရမလား…"


ပြောပြီးသည်နှင့် သူ၏ပုံစံမှာ ငိုချတော့မလိုဖြစ်နေပြီး ဆို့နစ်နေကာ မိုးစက်များက သူ၏မျက်နှာပေါ်သို့ ထိခတ်နေသည်။


" ကျွန်တော်က ကျင်းလင်ကို တောင်ဘက်ကျန်းစုအရပ်ကနေပြီးတော့ စာမေးပွဲလာဖြေတာပါ…မိခင်ကအတူပါလာပြီးတော့ မြို့မြောက်ဘက်မှာနေနေပါတယ်…တကယ်လို့သာ အိမ်မှာ တစ်ခုခုဖြစ်သွားခဲ့ရင် အမေကဒီကိုသေချာပေါက်လာရှာလိမ့်မယ်… ကျွန်တော်စိုးရိမ်တာက သူအဲ့လူအုပ်ထဲမှာရှိနေမှာကိုပါ…"


ပြောလိုက်ပြီးနောက် မနေနိုင်တော့ဘဲ ငိုချလိုက်မိသည်။


ကျွင်းဟွိုင်လန် သူ၏နှုတ်ခမ်းကို ကိုက်ထားပြီး ဘေးဘက်မှ စာသင်သားများ၏သဘောတူသံကိုကြားလိုက်ရသည်။


" ဟုတ်တယ် မြို့ကရေလွှမ်းမိုးမှုနဲ့ကြုံတွေ့နေရတာ ဘယ်လိုလုပ်ပြီး လူတွေကို အပြင်ဘက်မှာ ဒီတိုင်းထားထားရမှာလဲ…"


" တကယ်လို့သာ အပြင်မှာ ငါတို့မိသားစုတွေသာ ရှိနေရင် ဘယ်လိုလုပ်ကြမလဲ..သူတို့ကို ဝင်လာပြီး မိုးခိုခွင့်ပေးလိုက်ကြမလား…"


ကျွင်းဟွိုင်လန် ရပ်တန့်လိုက်ပြီး စာသင်သားဘက်သို့ လက်ကမ်းပေးလိုက်သည် " ငါ့ကိုထီးကမ်းပေး…"


စာသင်သားလေးမှာ မည်သည်ကိုလုပ်ဆောင်ရမည်မသိသော်လည်း ထီးကိုကမ်းပေးလိုက်ဆဲဖြစ်သည်။


ကျွင်းဟွိုင်လန် ထီးကိုယူလိုက်ပြီးနောက် လက်ကိုမြောက်ကာ ပစ်ထုတ်လိုက်ပြီး အပြင်ဘက်ရှိလူများကို အော်ပြောလိုက်သည် " ခြံဝန်းထဲမှာ လူပြည့်နေပြီးတော့ တံခါးဖွင့်လို့မရလို့ပါ ဒါပေမယ့် အပြင်ဘက်မှာ ဂူတွေရှိတဲ့အတွက် မင်းတို့ငှားပြီး မိုးခိုလို့ရတယ်… ဂူတွေမှမလုံလောက်သေးရင်တော့ ကျောင်းတော်မှာ ထီးတွေရှိသေးတဲ့အတွက် ယူသွားပြီးတော့ မိုးခိုမဲ့နေရာကိုသွားကြပါ…"


ထိုသို့ပြောရင်းမှာ ထီးကို အောက်သို့ပစ်ချလိုက်သည်။


မည်သို့ပင်ဖြစ်စေ လူထုမှာ ခဏတာ တိတ်ဆိတ်သွားပြီး အနားကပ်၍သေချာနားထောင်လိုက်ချိန်တွင် ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။


" လူက ဘယ်လိုများပြည့်မှာမလို့လဲ.. ငါတို့ဆင်းရဲသားတွေက မင်းတို့ရဲ့ခြံဝန်းကို မညစ်ပတ်စေချင်လို့မဟုတ်ဘူးလား…"


" အခုလို သဘာဝဘေးနဲ့ကြုံတွေ့ရတာတောင် တံခါးကို မဖွင့်နိုင်တာ နောက်တစ်ချိန်ကျ ဘယ်လိုများ အရာရှိဖြစ်လာကြဦးမှာလဲ…"


" ညီအစ်ကိုတို့ မစိုးရိမ်ပါနဲ့ သူတို့မဖွင့်လည်း ရိုက်ဖွင့်ကြတာပေါ့…"


တံခါးကိုထုရိုက်သံများမှာ ပို၍ကျယ်လောင်လာသည်။


ကျွင်းဟွိုင်လန် သူတို့ကိုလှည့်ကြည့်ကာ " မင်းတို့အခုယုံကြပြီလား .. ဒီလူတွေက မိုးခိုဖို့လာတာမဟုတ်ဘူး ပြသနာရှာဖို့လာခဲ့ကြတာ…"


ထို့နောက် လှေကားမှ ဆင်းကာ စာသင်သား၏ပုခုံးကိုပုတ်လျက် " မစိုးရိမ်ပါနဲ့ အပြင်မှာ မိုးအရမ်းသည်းနေတာ.. မင်းရဲ့အမေလည်း အရမ်းကြီး ပြေးလွှားနေလို့မရပါဘူး.. မင်းအမေကိုစိတ်မပူစေချင်ရင် စာသင်ခန်းထဲမှာပဲ စောင့်ဆိုင်းပြီး မင်းကိုယ်မင်းကာကွယ်ထားသင့်တယ်…"


စာသင်သားလေးမှ ကြောက်လန့်တကြားခေါင်းငြိမ့်လိုက်သည်။


ကျွင်းဟွိုင်လန် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ တံခါးရှိရာသို့ လျှောက်သွားလိုက်သည်။


ထို့နောက် " တံခါးကိုပိတ်ပြီးတော့ စားပွဲနဲ့ထိုင်ခုံအချို့ယူခဲ့…နံရံတံတိုင်းက မြင့်ပြီး ခံနိုင်ရည်ရှိသေးပေမယ့် သူတို့ကိုဆက်ပြီး ထုရိုက်ခွင့်မပေးသင့်တော့ဘူး…"


အစောင့်များမှာ အလျင်အမြန် ညွှန်ကြားချက်ကို နာခံကာ ပြေးလွှားလိုက်ကြသည်။


လူအုပ်ထဲတွင် စာသင်သားအများစုမှာ သာမန်လူများသာ ဖြစ်ကြပြီး ကျွင်းဟွိုင်လန်ကဲ့သို့ ဆွေကြီးမျိုးကြီး မိသားစုများ၏အထင်မြင်သေးမှုကို အမြဲလိုခံနေရသူများဖြစ်သဖြင့် ဒေါသပေါက်ကွဲနေကြသည်။ မြင်ကွင်းကိုမြင်လိုက်ချိန်၌ ၎င်းမှာ ကျွင်းဟွိုင်လန်၏ကိုယ်ပိုင်သံသယဖြင့် သာမန်ပြည်သူများအား ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်ရလေခြင်းဟူ၍ တွေးထင်သွားကြသည်။


သူတို့ထဲမှ အနည်းငယ် သတ္တိရှိသူတစ်ဦးမှာ ကျွင်းဟွိုင်လန်၏စကားကို ကြားလိုက်ရချိန်၌ " သူတို့ပြောတာနဲ့ပတ်သတ်ပြီး အမှားရှိတယ်လို့တော့ ငါမထင်မိပါဘူး…ငါထင်မိတာတော့ မင်းက မျိုးရိုးမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် သာမန်ပြည်သူတွေရဲ့ဘဝကို ဘဝလို့မမြင်တာလို့တော့ ထင်မိတာပဲ…"


ထိုသို့ပြောရင်းမှ အမှန်တကယ်ပင် တံခါးအနီးသို့ တိုးကပ်သွားသည်။


ထိုအချိန်တွင် ကျွင်းဟွိုင်လန် အနီးတွင်ရှိနေသည့် အစောင့်ထံမှ ဓားကို ဆွဲထုတ်လိုက်သည်။


အေးစက်သော အလင်းရောင်တစ်ခုလင်းလက်သွားပြီး ချွန်ထက်သည့် ဓားတစ်ချောင်းမှာ စာသင်သား၏ရှေ့‌တွင် ပေါ်ထွက်လာသည်။ ဓားသွားပေါ်သို့ မိုးစက်များကျဆင်းနေသော်လည်း ဓားမှာ မူလနေရာတွင် ပုံစံမပျက် မရွေ့မလျားတည်ရှိနေလေသည်။


ကျွင်းဟွိုင်လန် စာသင်သားကို ကြည့်ကာ အေးစက်စွာပြောလိုက်သည် " နောက်ထပ်တစ်လှမ်းတိုးလာကြည့်လိုက်ပါ…"


စာသင်သားမှာ အလွန်ကြောက်လန့်သွားပြီး ဓားသွား‌၏ရှေ့တွင် ခြေလက်များတုန်ယင်လာကာ လှုပ်ပင်မလှုပ်ရဲတော့ချေ။


ကျွင်းဟွိုင်လန် သူ့ကိုကြည့်လျက် လက်ထဲတွင် ဓားကိုင်ထားကာ လူစုထဲသို့ လှမ်းကြည့်လိုက်ပြီး ပြောလာခဲ့သည် " အကုန်စာသင်ခန်းထဲကိုပြန်ဝင်ကြ… အပြင်ဘက်က ဒုက္ခသည်တွေကိစ္စက ရုံးတော်က ကြည့်လုပ်လိမ့်မယ်…အရာရှိတွေနဲ့စစ်သည်တွေမရောက်လာခင် တံခါးကိုထိရဲတဲ့သူရှိရင်တော့ ငါရိုင်းစိုင်းတဲ့အတွက် အပြစ်မတင်ကြနဲ့…"


ကျွင်းဟွိုင်လန် သဘာဝကျကျပင် လူတိုင်းကို ခြိမ်းခြောက်လိုက်ပြီး သူထိုအရာကို အမှန်တကယ်မလုပ်ဆောင်နိုင်သော်လည်း ခြိမ်းခြောက်မှုမှာ အလုပ်ဖြစ်သွားပြီး ခဏအကြာတွင် ဝိုင်းအုံနေသည့် လူအုပ်ကြီးမှာ လူစုခွဲသွားလေသည်။


ကျွင်းဟွိုင်လန် သက်ပြင်းတစ်ချက်ရှုထုတ်လိုက်ကာ လက်ထဲမှာ ဓားကို အောက်သို့နိမ့်ချလိုက်သည်။


မည်သည့်အချိန်တွင် သင်ယူလိုက်မိသည်မသိ၊ သူ ရွှယ်ယန်ထံမှ ခြိမ်းခြောက်တတ်သည့် အမူအယာနှစ်ခုကို သင်ယူမိသည့်ပုံပင်။


မိုးမှာ မပျက်မကွက်ရွာသွန်းနေသော်လည်း ကျွင်းဟွိုင်လန်မှာမူ သတိမူပုံမရချေ။ အစောင့်များမှ စားပွဲခုံနှင့် ထိုင်ခုံများသယ်လာသည်ကို မြင်လိုက်ရချိန်တွင် သူအရှေ့သို့တိုးကာ တံခါးရှေ့ကို ပိတ်ဆို့ရန် အမိန့်ပေးလိုက်သည်။


သူ၏အရင်ဘဝတွင် ဆည်အကြောင်းလေ့လာရန်အတွက် ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် ဗဟုသုတများစွာ လိုအပ်ခဲ့သည်ဖြစ်ရာ သူ့ထံတွင် စွမ်းအင်ချေးဌားခြင်းနှင့်ပတ်သက်၍ အမြဲတစေအမြင်ကောင်းအချို့ရှိခဲ့ဖူးသည်။


ကျွင်းဟွိုင်လန်၏ ပုံစံကို မြင်လိုက်ရချိန်၌ အိုမင်းနေသည့်ဌာနမှုးမှာ သက်ပြင်းချလိုက်ကာ နေရာတွင်သာ ဆက်လက်ရပ်နေခဲ့သည်။


အပြင်ဘက်ရှိ ထုရိုက်သံများမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး တံခါးခေါက်သံများနှင့်ထုရိုက်သံများအပြင် အချို့သောပစ္စည်းများဖြင့် တံခါးကို ချိုးဖြတ်နေသည့်အသံများကိုလည်း ကြားလိုက်ရသည်။


ကံကောင်းစွာဖြင့် လင်းကျန်းကျောင်းတော်မှာ ကောင်းမွန်စွာ ဆောက်လုပ်ထားပြီး တံခါးမှာ ခိုင်ခံ့လှသည်။ တံခါး၏အင်အားကို ထောက်ကန်ရန်အတွက် ပစ္စည်းအချို့ကာပေးထားလိုက်ပြီးနောက် ထုရိုက်သံများမှာ ကျယ်လောင်နေသည့်တိုင် အန္တရာယ်ပေးနိုင်မည့်ပုံ မပေါ်တော့ပေ။


တစ်ဖက်မှ ဌာနမှုးမှာ စိုးရိမ်တကြီးဖြင့် ပြောလာခဲ့သည် " အရာရှိတွေနဲ့စစ်သည်တွေ ဘယ်အချိန်မှရောက်လာနိုင်မယ်ဆိုတာ မသိသေးဘူး…"


ကျွင်းဟွိုင်လန် ထိုစကားကိုကြားချိန်၌ သူ၏မျက်လုံးများ နက်မှောင်သွားသည်။


သူသည်လည်း အရာရှိနှင့်စစ်သည်များ မည်သည့်အချိန်မှရောက်လာနိုင်မည်ကို မသိ‌သေးသော်လည်း သေချာသည့်အချက်မှာ ကျောင်းတော်ထဲရှိ လူတိုင်းသည် အပြစ်ကင်းမဲ့ပြီး အသက်ရှင်နေသေးသည်ဖြစ်ရာ သူတို့ ယခုနေရာတွင်ပင် လုံခြုံအောင်နေထိုင်ရမည်ပင်။


အပြင်ဘက်မှ တံခါးကိုချိုးဖြတ်သံများ ပို၍ ပို၍ ကြမ်းတမ်းလာပြီး ဒေါသတကြီးအော်ဟစ်သံများမှာ ပို၍ ကျယ်လောင်လာခဲ့သည်။ ထို့နောက် ကာရံထားသည့် စားပွဲနှင့် ထိုင်ခုံများမှာ တဖြည်းဖြည်းယိုယွင်းလာသောကြောင့် ကျိုးပဲ့မသွားစေရန် အစောင့်များမှ သွားရောက်ထောက်ကန်ပေးထားရသည်။


ထိုအချိန် နံရံပေါ်မှ အသံတစ်ခုထွက်ပေါ်လာသည်။


ကျွင်းဟွိုင်လန် လှမ်းကြည့်လိုက်ချိန်တွင် ဒုက္ခသည်များမှာ တစ်ဦးပေါ်တစ်ဦးပင့်တင်ကာ နံရံတံတိုင်းကိုကျော်၍ တက်လာကြသည်ကိုမြင်လိုက်ရပြီး လူတစ်ဦးမှာ အပေါ်သို့ ခုန်တက်ကာ နံရံပေါ်မှ ခုန်ချလာခဲ့သည်။


သူမြေကြီးပေါ်ရောက်သည်နှင့် တံခါးကို ချက်ချင်းဆိုသလို ပြေးဖွင့်လိုက်လေသည်။


ဖြစ်စဉ်တစ်ခုလုံးမှာ အချိန်အနည်းငယ်သာကြာမြင့်လိုက်သည်ဖြစ်ရာ လူအနည်းစုမှာ သတိမဝင်နိုင်သေးပေ။ ကျွင်းဟွိုင်လန် ထိတ်လန့်နေသော်လည်း လက်ကိုဆန့်ကာ ဌာနမှုးအိုကြီးကို ဆွဲ၍ တစ်ခြားဘက်မှ ဌာနမှုးအားရိုက်နှက်လာသည့် သစ်သားချောင်းကို မြံမြဲစွာဆုပ်ကိုင်ထားခဲ့သည်။


အားမှာ အလွန်ပြင်းထန်လှသဖြင့် သူ၏လက်တစ်ဖက်သည်ပင် ရုတ်တရက်‌ဆိုသလို ထုံကျင်သွားရကာ အသိပျောက်လုမတတ်ဖြစ်နေခဲ့ရသည်။


ကျွင်းဟွိုင်လန် အလျင်အမြန် တုတ်ချောင်းကိုဆုပ်ကိုင်ကာ အားဖြင့်တွန်း၍ ဒုက္ခသည်အတုကို ဝေးဝေးသို့ တွန်းထုတ်လိုက်သည်။


ချက်ချင်းဆိုသလိုပင် နောက်ထပ်လူတစ်ယောက် တံတိုင်းပေါ်မှ ကျော်ကာ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။


ကျောင်းတော်၏တံတိုင်းမှာ မြင့်မားသောကြောင့် ထိုသူများမှာ ပိန်ပါးပြီး အရပ်ရှည်သောသူများကိုသာ အပေါ်သို့ရောက်အောင် တွန်းပို့နေကြသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။


သူထင်ထားသည့်အတိုင်းပင် ထိုသူများမှာ တံခါးကိုပိတ်ဆို့နေသည့် အစောင့်များကို တားဆီးရန်သာဖြစ်ပြီး သို့မှသာ လူတိုင်းအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။


သို့ဖြစ်ရာ သူ ယခုဝင်လာသည့်သူများကို တားဆီးရမည်ဖြစ်သည်။ ထိုသူများသည်လည်း တိုက်ခိုက်နိုင်သည့်အင်အားရှိနေသေးသည့်တိုင် တံခါးများကိုဖွင့်ခွင့်ပေးလိုက်ပါက ယခင်ဘဝတွင်ဖြစ်ပျက်ခဲ့သော လင်းကျန်းကျောင်းတော်၏အဖြစ်ဆိုးမှာ တစ်ဖန်ပြန်လည်စတင်လာပေလိမ့်မည်။


" လာကြဦး တံတိုင်းပေါ်ကလူတွေကို တားဆီးကြ…" ကျွင်းဟွိုင်လန် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။


အစောင့်အချို့ကို တံခါးနားတွင်ထားကာ ကျန်လူများမှာ ဝါးလုံးနှင့် တုတ်ချောင်းများကို အလျင်အမြန်ယူ၍ နံရံပေါ်ရှိလူများကို ထိုးချနေကြရသည်။


လူအနည်းစုမှာ ပြုတ်ကျသွားရသော်လည်း သူတို့သည် လက်များကဲ့သို့ မြံမြဲနေကာ ခဏအကြာတွင် နောက်ထပ်တစ်သုတ် ထပ်မံရောက်ရှိလာပြန်သည်။


ကျွင်းဟွိုင်လန်၏အသံထွက်ပေါ်လာသည်နှင့် သူ၏အနီးတွင် အတားခံလိုက်ရသော ဒုက္ခသည်အတုမှ အလျင်အမြန်ပြန်ပြေးလာပြန်သဖြင့် ကျွင်းဟွိုင်လန် အစောင့်ထံမှ ဓားရှည်ကို ဝှေ့ယမ်းကာ လှုပ်ရှားမှု အနည်းငယ်ဖော်ဆောင်၍ ထိုသူ၏တိုက်ကွက်ကို တားဆီးလိုက်ရသည်။


အနည်းငယ် ရှေ့တိုးနောက်ငင်လုပ်ဆောင်ပြီးနောက် သူ တစ်ဖက်လူ၏လမ်းကြောင်းကို ခန့်မှန်းနိုင်ခဲ့ပြီဖြစ်သည်။


ထိုသူမှာ သိုင်းပညာသင်ကြားဖူးသူမဟုတ်သဖြင့် မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ သန်မာသည့်ခွန်အားသာရှိလေသည်။ သို့သော်လည်း ထိုသူမှာ ကြမ်းတမ်းသည့်ကိုယ်ဟန်ရှိကာ တောင်ပေါ်နေ ဓားပြများကဲ့သို့ ရုန်းရင်းဆန်ခတ်ရှိလှသည်။


အဆုံးတွင် လူအနည်းငယ်မှာ ခြံဝန်းထဲသို့ တိုးဝင်လာကာ ကျွင်းဟွိုင်လန်ထံသို့ ရောက်ရှိလာကြသည်။ ကံကောင်းစွာဖြင့် သူသည် ကလေးဘဝမှစ၍ ကိုယ်ခံပညာသင်ကြားဖူးခဲ့သောကြောင့် သိုင်းပညာတွင် မထူးချွန်စေကာမူ ထိုကဲ့သို့ တောပုန်းဓားပြများအား တိုက်ခိုက်ရာတွင်မူ အခက်အခဲမရှိချေ။


ခဏအကြာတွင် ထိုနူးညံ့သိမ်မွေ့သည့် စာသင်သားမှာ ရင်ဆိုင်ရမလွယ်‌ကူကြောင်းကို ထိုသူများသိရှိသွားကြသည်။


" သူ့ကိုတိုက်မနေနဲ့တော့…" တစ်ယောက်မှ ထအော်လိုက်သည် " တံခါးကိုပဲ ဖွင့်ကြ…"


ချက်ချင်းဆိုသလိုပင် ကျွင်းဟွိုင်လန်နားတွင် ဝန်းရံနေသည့်ဓားပြများ လူစုခွဲသွားပြီး တံခါးဆီသို့အပြေးသွားကာ အစောင့်များနှင့် တိုက်ခိုက်နေကြသည်။


ကျွင်းဟွိုင်လန်လည်း အမှီလိုက်ကာ အချို့လူများအား တားဆီးကာကွယ်နေသည်။


သို့သော်လည်း ခဏအကြာတွင် သူအနည်းငယ် လစ်ဟင်းလာသည်ကို ရှာတွေ့လိုက်သည်။


သူတိုက်ခိုက်လျက် နောက်ပြန်ဆုတ်လိုက်ပြီး တဖြည်းဖြည်းချင်း တံခါးနားရှိ ဓားပြများကို ဖိအားပေးနေခဲ့သည်။ သို့သော်လည်း တစ်ဖြည်းဖြည်းဖြင့် တံခါးနားတွင် လူများ တစ်သုတ်ပြီး တစ်သုတ်ရောက်ရှိလာကြပြီး တံခါးပွင့်ရန်ကိုသာ ဦးတည်တိုက်ခိုက်နေကြသည်။


ကျွင်းဟွိုင်လန် အံတင်းတင်းကြိတ်ထားမိသည်။


ကျောင်းဆောင်တွင် စာသင်သားများနှင့် အိုမင်းသည့်ဆရာများသာရှိနေသည်ဖြစ်ရာ သူ့အတွက် စစ်တပ်တစ်ခုဖွဲ့စည်းရန်မှာ ထိုအချိန်တွင် အလွန်ခက်ခဲလှသည်။


ကျွင်းဟွိုင်လန်၏ နောက်ကျောမှာ အေးခဲသွားပြီး တံခါးကိုကျောပေးကာ ထောက်ကန်နေရသည်။


သူနှုတ်ခမ်းသာ ကိုက်ထားမိသည်။


သူ၏ခွန်အားတစ်ခုထဲဖြင့် ထိုလူများကို မတားဆီးနိုင်ကြောင်းကို သိရှိပြီးဖြစ်သည်။


ထို့နောက် မနီးမဝေးတွင်ရှိသော စာသင်ခန်းမှ အသံတစ်ခုထွက်ပေါ်လာသည်။


ကျွင်းဟွိုင်လန် ဓားပြတစ်ယောက်ကို တွန်းထုတ်လိုက်ပြီး လှမ်းကြည့်လိုက်ချိန်တွင် ရှန်းလျှိုဖုန်းမှာ လက်ထဲတွင် ရှည်လျားသည့်ပစ္စည်းတစ်ခုကို ကိုင်ကာ အရှေ့သို့ပြေးထွက်လာသည်ကိုမြင်လိုက်ရပြီး ကျွင်းဟွိုင်လန်အရှေ့မှ ဓားပြ၏ခေါင်းကိုရိုက်ချလိုက်သည်။


သူ၏နောက်တွင် စာသင်သားများမှာ အတန်းလိုက်ရှိနေပြီး သူတို့အားလုံးမှာ ကျောင်းဆောင်တွင်းရှိ စားပွဲ ၊ ပေတံနှင့်ထိုင်ခုံကဲ့သို့သော ပစ္စည်းများကို သယ်ဆောင်ထားကြသည်။


သူတို့ထဲမှ တစ်ဦးမှာ ကျွင်းဟွိုင်လန် ယခုပင် လှည့်ပြန်ခိုင်းလိုက်သည့် တစ်ဦးပင်ဖြစ်သည်။


" ဟွိုင်လန် ငါမင်းကိုလာကူပေးမယ်…" ရှန်းလျှိုဖုန်းမှ ပြောလိုက်သည်။


သို့သော်လည်း ခဏအကြာတွင် ခေါင်းရိုက်ခံရ၍ မူးဝေနေသည့် ဓားပြမှာ ရှန်းလျှိုဖုန်း၏ပုခုံးကို တုတ်ဖြင့်လှမ်းရိုက်လိုက်သည်။


ရှန်းလျှိုဖုန်း၏သွားများပင် ကိုက်ခဲသွားရသည်။


ထိုစာသင်သားများမှာ မည်သည့်အချိန်ကမှ သိုင်းပညာမသင်ကြားခဲ့ဖူးသည့်အပြင် ထိုသို့သော အကြမ်းဖက်တိုက်ခိုက်မှုမျိုးကိုလည်း မလုပ်ဆောင်ခဲ့ဖူးကြပေ။


Xxxxxxxx