အပိုင်း ၁၁၀
Viewers 15k

Chapter 110


သေချာပေါက် ရှန်းလျှိုဖုန်းပြောနေသည့်အကြောင်းအရာမှာ ထိုနေ့က ယန်ကျိုး၏တောင်စောင်းများတွင် သူတို့ပိတ်မိသွားခဲ့ခြင်းကိုပင်။


အချိန်အတန်ကြာမျှ ကျွင်းဟွိုင်လန်၏တိတ်ဆိတ်နေခြင်းကြောင့် မည်သည့်အကြံမှမရှိတော့သည့် ရှန်းလျှိုဖုန်းမှာ သူ့အား စိုးရိမ်တကြီး ကြည့်နေခဲ့လေသည်။


" ငါအတွေးလွန်တာလည်း ဖြစ်နိုင်ပေမယ့် တကယ့်ကို ငါ့စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရတာ တစ်ခုခုက ခက်ခဲနေသလိုပဲ…"


ခဏအကြာတွင် ကျွင်းဟွိုင်လန်မှ သူ့ကိုပြုံးပြလာသည်။


ကျွင်းဟွိုင်လန်မှ " အဲ့အကြောင်းတွေးမနေနဲ့တော့…စိတ်၏ငြိမ်သက်ခြင်းစာအုပ်သာအရင်ဖတ်ချည်…အတန်းလည်းပြီးတော့မှာပဲ ငါမင်းကို ကြိုဆိုဖို့ တောင်ဘက်မြို့တံခါးဆီခေါ်သွားပေးမယ်…"


ရှန်းလျှိုဖုန်း ထပ်ခါ ထပ်ခါ ခေါင်းငြိမ့်နေလျက်ရှိသည်။


ထိုအချိန်၌ ပြတင်းပေါက်မှ ဖျော့တော့သော မိုးကြိုးပစ်ချသံပေါ်ထွက်လာသည်။


ရွာသွန်းနေသည့်မိုးကြားတွင် မိုးကြိုးမှာ အနည်းငယ်ကွာဝေးသဖြင့် ရှင်းလင်းစွာ မကြားနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ မိုးကြိုးပစ်သံအနည်းငယ်ဖြစ်ပေါ်ပြီးနောက် ဖျော့တော့သော အသံများလည်း ထွက်ပေါ်လာလေသည်။


ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်ကာ ပြတင်းပေါက်ဆီသို့သာ စိုက်ကြည့်နေခဲ့သည်။


ထိုအချိန်တွင် ကုသဆောင်မှ စာသင်ခန်းထဲသို့ တစ်စုံတစ်ဦးပြေးဝင်လာသည်။


စာသင်ခန်းထဲတွင် ကျောင်းတော်မှ ဌာနမှုးရှိနေသည်ဖြစ်ပြီး ထိုလူပြေးဝင်လာသည်ကို မြင်လိုက်ရချိန်တွင် စာအုပ်ကိုချကာ မေးမြန်းလိုက်သည် " ဘာဖြစ်တာလဲ…"


ဆေးအကူလေးမှ အလျင်အမြန် ပြန်ဖြေလိုက်သည် " ဌာနမှုး မကောင်းတော့ဘူး မြို့မြောက်ဘက်က ဆည်က ရုတ်တရက်ကျိုးပေါက်လို့ မြစ်ထဲကနေ အခုမြို့ထဲကို ရေတွေဝင်လာနေပြီ…"


ဌာနမှုးမှာ နေရာတွင်ပင် တောင့်ခဲသွားခဲ့သည်။ ထို့နောက် ကျောင်းဆောင်တွင်းရှိ စာသင်သားများမှ စတင်၍ အော်ဟစ်ပြေးလွှားလာလေသည်။


ကျွင်းဟွိုင်လန်၏မျက်လုံးမှာ ရုတ်တရက်ဆိုသလို ကျုံ့သွားပြီး မင်တံကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ ထရပ်တော့မလို ဖြစ်နေခဲ့သည် 


ဆည်ပေါက်သွားတာလား…


ယခင်ဘဝတွင်လည်း ထိုဆည်မှာ ကျိုးပေါက်ခဲ့သည်။ သို့သော်လည်း ထိုအချိန်မှာ သိသိသာသာပင် ဂျုလိုင်လမှသာဖြစ်သည်။ ယခုနေ့ရက်များအတွင်း သူနေ့စဉ်စုံစမ်း‌စစ်ဆေးနေပြီး မိုးအနည်းငယ်သည်းထန်နေစေကာမူ ဆည်ကျိုးပေါက်နိုင်သည်အထိ မဖြစ်နိုင်ပေ။


ယခုဘဝနှင့် ယခင်ဘဝရှိ ဆည်ကျိုးပေါက်သည့်အချိန်မှာ သိသိသာသာပင် ကွဲပြားနေသည်ဖြစ်ရာ ၎င်းမှာ လူလုပ်သောကြောင့် ဖြစ်ရပေမည်။


ဆည်မှာ ထိုသူ၏ခြေလက်များကို ရွှေ့လိုက်ခြင်းကြောင့်သာ ကျိုးပေါက်သွားရခြင်းဖြစ်သည်။ အတိအကျပင် ၎င်းမှာ သူကိုယ်တိုင်ရောက်ရှိလာခြင်းနှင့် ရွှယ်ယန်၏ယခင်ဘဝနှင့်မတူညီသည့် ကျင်းလင်ဘုရင်အဖြစ်အောင်မြင်မှုများကြောင့် ထိုသူမှာ ကြိုတင်၍ ဆည်ကျိုးပေါက်စေရန် စီမံ‌ခဲ့ခြင်းဖြစ်သည်။


ထို့အပြင် ဖြစ်ပွားသည့်အချိန်မှာလည်း အထူးတလည်ပင် ရွှယ်ယန်နှင့် အခြားအမှုထမ်းများ မြို့ထဲတွင် မရှိသော အချိန်ကိုသာ ရွေးချယ်ထားခဲ့သည်။


ယခုအချိန်မှာ ဂျွန်လပင်ဖြစ်သော်ငြား ကျွင်းဟွိုင်လန်၏နောက်ကျောတွင် ချွေးအေးများ စိုစွတ်သွားရလေသည်။


ထိုအချိန် ဆေးအကူမှ ထပ်ပြောလာခဲ့သည် " ဌာနမှုး အပြင်မှာ ရေလွှမ်းမိုးခံရတဲ့ ဒုက္ခသည်တွေအများကြီးပဲ..ကြည့်ပါဦး သူတို့က ကျောင်းတော်ထဲမှာ လာခိုလှုံချင်နေကြတာ…"


လင်းကျန်းကျောင်းတောင်၏ အဝင်လမ်းမှာ မြစ်ကမ်းနံဘေးရှိ တောင်များအကြားတွင် တည်ရှိနေသဖြင့် ကျဉ်းမြောင်းလှပြီး မြေပြင်မှာ မြင့်မားကာ မညီညာပေ။ ထို့အတွက်ကြောင့်ပင် မြို့မြောက်ဘက်မှာ ရေလွှမ်းမိုးခံရစေကာမူ လင်းကျန်းကျောင်းတော်မှာ ရှားပါးသည့်လုံခြုံသောအရပ်ဒေသတစ်ခုဖြစ်နေခဲ့သည်။


ထိုစကားကိုကြားချိန်တွင် ကျွင်းဟွိုင်လန် အနည်းငယ်ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။


ယန်ဇီမြစ်မှာ မျက်နှာပြင်ကျယ်ပြန့်ပြီး ရေစီးသန်သော်လည်း ထိုနှစ်၏မိုးအနည်းငယ်သည်းထန်ရုံနှင့်ပင် ရေလျှံကျလာပြီး အခြေအနေမှာ ပြင်းထန်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ သာမန်ပြည်သူများမှာ ထိုကဲ့သို့သော ကပ်ဘေးနှင့်ကြုံတွေ့လိုက်ရချိန်တွင် ပုံမှန်အားဖြင့် ရှုပ်ထွေးသွားကြကာ မိသားစုနှင့်ပိုင်ဆိုင်မှုများကိုသာ သွားရောက်ကာကွယ်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ထွက်ပြေးကြစေကာမူ မှန်ကန်သောအရပ်ကို တွေ့နိုင်ရန် မလွယ်ကူလှချေ။ အဘယ့်ကြောင့် ယခုလူများမှာ ပထမဆုံးအကြိမ် ရေလွှမ်းမိုးရုံဖြင့် မှန်ကန်သောအရပ်ကိုရှာဖွေတွေ့ရှိခဲ့ကြသည်နည်း။


ရုတ်တရက်ဆိုသလို ယခင်ဘဝရှိအဖြစ်အပျက်များက ရေလွှမ်းမိုးချိန်တွင် မြို့ထဲရှိဖြစ်ပွားခဲ့သည့်အရှုပ်အထွေးများကို ပြန်လည်ပြသနေခဲ့သည်။


အခြေအနေအဆိုးဆုံးအရပ်မှာ ကျောင်းတော်တွင်ဖြစ်ပြီး ဒုက္ခသည်များမှာ အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ပစ်ကာ ကျောင်းတော်တွင် လာရောက်ခိုလှုံခဲ့ကြသည်။ ထို့နောက် စာသင်သားများနှင့် စကားများရန်ဖြစ်ကာ များပြားလှစွာသော စာသင်သားများကို ဒဏ်ရာရစေပြီး သတ်ဖြတ်ခဲ့ကြသည်။


ထိုအချိန်၌ ရေဘေးရှောင်ရုံနှင့်ပင် အဘယ့်ကြောင့်လူသတ်ပွဲကြီးဖြစ်ပွားခဲ့ရသည်နည်းဟုပင် သူအံ့ဩနေမိခဲ့သည်။


ကြည့်ရသည်မှာ မူလပြသာနာအစသည် ဤနေရာမှ စတင်ခဲ့ပုံပင်။


ကျွင်းဟွိုင်လန် လက်ထဲရှိ စာအုပ်မှာ ရုတ်တရက်ပြုတ်ကျသွားလေသည်။


ထိုအချိန် ဌာနမှုးမှာ ဆေးအကူ၏စကားများကို ကြားချိန်တွင် အလျင်အမြန် ညွှန်ကြားလိုက်သည်


 " တံခါးတွေသွားဖွင့်ပေးလိုက်… ပြည်သူတွေဒီမှာ နားခိုကြပါစေ…"


ဆေးအကူလေးမှ သက်ပြင်းတစ်ချက်ချကာ ထွက်သွားမည်အပြုတွင်


" နေဦး…" ကျွင်းဟွိုင်လန် ထရပ်လိုက်သည်။


စာသင်ခန်းတွင်ရှိ လူများအားလုံး သူ့ကိုသာ စိုက်ကြည့်နေကြသည်။


ထိုအချိန်၌ လူတိုင်း၏အမူအယာများမှာ အသည်းအသန်ဖြစ်နေကြသော်လည်း အစိမ်းရောင်ဝတ်ရုံဖြင့် ကျီလန်ကျောက်စိမ်းကိုချိတ်ဆွဲထားသူတစ်ဦးသည်သာ တူညီသည့်နေရာတွင် မတ်မတ်ရပ်နေခဲ့သည်။


သူ၏မျက်နှာမှာ သိသိသာသာပင် အေးစက်မာကျောကာ ခံစားချက်မဲ့နေပုံရသော်လည်း လူအများက သူ့ကိုကြည့်လိုက်ချိန်တွင် ရှင်းမပြနိုင်သောအေးချမ်းမှုတစ်ခုကို ခံစားလိုက်ကြရသည်။


" တစ်ခုခုမှားယွင်းနေပုံပဲ တံခါးသွားမဖွင့်သေးနဲ့ဦး… ကျွန်တော်အရင်သွားစစ်ဆေးလိုက်မယ်…"


ကျွင်းဟွိုင်လန် ထရပ်ကာ ထွက်သွားလိုက်ချိန်တွင် ရှန်းလျှိုဖုန်းမှ အလျင်အမြန် သူ့အတွက်ထီးတစ်ချောင်း ကမ်းပေးလာသည်။


ထီးကိုကိုင်၍ ကျွင်းဟွိုင်လန် ထွက်လာလိုက်သည်။ စာသင်ခန်းတွင်းရှိ စာသင်သားများနှင့် ဆရာများသည်လည်း တစ်ဦးပြီးတစ်ဦး အနောက်မှ လိုက်လာကာ စင်္ကြန်တွင် ရပ်ကာ ကြည့်နေကြသည်။


ဌာနမှုးမှာမူ ကျွင်းဟွိုင်လန်၏သရုပ်မှန်ကိုသိနေပြီးဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်တွင် ထိုသူမှာ ကောင်းမွန်စွာ ပညာသင်ကြားနေသည့်အပြင် ရုံးတော်မှလူများနှင့်လည်း အလုပ်တွဲလုပ်လျက်ရှိပေရာ ကျွင်းဟွိုင်လန်၏အရည်အချင်းကို သူအနည်းငယ် သတိပြုမိခဲ့သည်။


ထို့ကြောင့် ဌာနမှုးမှ မေးလိုက်သည် " ဘာဖြစ်တာလဲ…"


ကျွင်းဟွိုင်လန် နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် ဌာနမှုး၏ဆံပင်ဖြူများမှာ မိုးရေဖြင့် ရွှဲနစ်နေသည်ကိုမြင်လိုက်ရသည်။


သူ မရပ်တန့်လိုက်သော်လည်း ထီးကို လှမ်းပေးလိုက်သည်။


ဌာနမှုးအား ငြင်းပယ်ရန်ပင်ခွင့်မပေးဘဲ သူ၏လက်ကိုယမ်းကာ ပြောလိုက်သည်


 " ကျွန်တော်လည်း မသေချာသေးဘူး တစ်ချက်သွားကြည့်ရမှာပဲ…"


ကျောင်းတော်မှာ ရုံးတက်ရက်များတွင် အမြဲလို တံခါးမင်းတုံးများကို အတွင်းမှ ပိတ်ထားလေ့ရှိသည်။ ထိုအချိန်တွင် တံခါးနား၌ အစောင့်အချို့မှာ စိုးရိမ်တကြီးစောင့်ဆိုင်းနေကြပြီး တံခါးအပြင်ဘက်တွင်မူ လူအများအပြားရှိနေကာ တံခါးကိုထုရိုက်၍ အော်ဟစ်နေကြသည်။


" ကျွန်တော်တို့ကိုပေးဝင်ပါ… မိုးခိုချင်လို့ပါ…"


 အပြင်ဘက်မှလူများမှာ တစ်ယောက်ပြီးတစ်‌ယောက် ငိုကြွေးမြည်တန်းနေကြသည်။


ကျောင်းတော်၏ဌာနမှုးမှာ စာသင်သားတစ်ဦးသာ ဖြစ်ခဲ့ပြီး သူ၏ဘဝတွင် မြင့်မားသော ရာထူးဟူ၍ မရရှိခဲ့ဖူးပေ။ သို့ဖြစ်ရာ အပြင်ဘက်မှာ ဟစ်အော်သံများကို ကြားရချိန်တွင် သူသည် ကျွင်းဟွိုင်လန်၏မျက်နှာကို အနည်းငယ်တုန့်ဆိုင်းနေမှုဖြင့် ကြည့်နေလေသည်။


" မင်းလူတွေကို အပြင်မှာ ဒီအတိုင်းထားလို့မရဘူးလေ…" သူခဏတာတုန့်ဆိုင်းနေပြီးနောက် အခိုင်အမာပြောလိုက်သည် 


" စာသင်သားတွေဆိုတာက အမြဲတမ်းကောင်းကင်နဲ့မြေကြီးလိုစိတ်မျိုးထားသင့်တယ်…ပြီးတော့ သူတို့ရဲ့ဘဝတွေကလည်း အခြေခံကျနေရမယ်လေ.. အခုကျောင်းတော်မှာရှိတဲ့ စာသင်သားတွေဆိုတာက နောက်တစ်ချိန်မှာ ရာထူးမြင့်မားတဲ့ အမှုထမ်းမူးမတ်တွေဖြစ်လာကြမှာလေ.. မင်းသာဒီလိုပြုမူနေရင် သူတို့ကို သင်ကြားတဲ့အခါကျ အခက်အခဲဖြစ်လာစေမှာ စိုးမိတယ်..အဲ့ဒါကြောင့်  စာသင်တဲ့အချိန်ကျ ပရမ်းပတာဖြစ်နေလိမ့်မယ်နော်…"


ကျွင်းဟွိုင်လန် သူ့ကိုကြည့်လိုက်ပြီး " ဒီကျောင်းသား သိပါတယ်…"


စကားပြောရင်းမှ သူတို့နှစ်ဦး ကျောင်း၏ ဂိတ်တံခါးဆီသို့ လျှောက်လာကြသည်။ ကျွင်းဟွိုင်လန် သူ၏အနီးအနားမှအစောင့်ကို ညွှန်ကြားလိုက်ပြီး လှေကားတစ်စင်းထောင်စေလိုက်သည်။ ထို့နောက် ဘေးမှ ဌာနမှုးကို လှမ်း၍ " ဒီကျောင်းသားက အပြင်ဘက်မှာရှိနေတဲ့လူတွေက တကယ်ပဲ သာမန်ပြည်သူတွေလားဆိုတာကိုပဲ သေချာအောင်လုပ်ချင်တာပါ…"


ခဏအကြာတွင် ကျွင်းဟွိုင်လန်၏ မေးသံကို ကြားလိုက်ရသည် 


" ဆရာ တကယ်လို့ အဲ့မှာသာ လူဆိုးတွေက သာမန်လူတွေလိုဟန်ဆောင်နေခဲ့မယ်ဆိုရင် အမှုထမ်းတစ်ဦးအနေနဲ့ စီမံပိုင်ခွင့်ရှိပါမည်လား…"


မိုးမှာ သည်းထန်စွာရွာသွန်းနေပြီး ကျွင်းဟွိုင်လန်၏အမူအယာမှာ တစ်မူကွဲပြားကာ ထင်းရှုးပင်တစ်ပင်ကဲ့သို့ ဖြောင့်မတ်ခိုင်မာနေခဲ့သည်။


ဌာနမှုးသည်လည်း တုန့်ဆိုင်းသွားပြီးမှ " မင်းပြောတာအမှန်ပဲ…"


သူတို့စကားပြောဆိုနေစဉ်မှာပင် အစောင့်မှ လှေကားတစ်စင်းယူလာပေးသည်


လင်းကျန်းကျောင်းတော်မှာ အမြဲလိုပင် လူကြီးလူကောင်းများနှင့် စာသင်သားများဖြင့်သာ ပြည့်နှက်နေပြီး အပြင်မှဝင်ထွက်သွားလာနေကြသူများမှာလည်း သာမန်ပြည်သူများသာဖြစ်သည်။ ကျင်းလင်မှာလည်း အေးချမ်းတည်ငြိမ်သောကြောင့် သာမန်အားဖြင့် သူတို့ ကျောင်းတော်ကိုစောင့်ရှောက်ရန်အတွက် အစောင့်များ အထူးအထွေခေါ်ဆောင်ထားခြင်းမရှိပေ။


ကျောင်းတော်ရှိ အစောင့်များကို ရန်ရှန်းမှ ဦးဆောင်ပြီး အများစုမှ အနည်းငယ် ကိုယ်ခန္ဓာချိူ့ယွင်းချက်ရှိသော သက်လတ်ပိုင်းများနှင့် မိဘမဲ့လူငယ်များသည်သာဖြစ်ကြကာ များသောအားဖြင့် သူတို့မှာ ပစ္စည်းများထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ရန်သာဖြစ်သည်။


လင်းကျန်းကျောင်းတော်တွင် မည်သည့်အချိန်ကမှ ခိုးမှုဟူ၍ မရှိခဲ့ဖူးပေ။


အကယ်၍သာ အပြင်ဘက်ရှိလူများမှာ သေချာပြင်ဆင်လာကြသည်ဆိုပါက ကျောင်းဝန်းထဲတွင်ရှိသူများမှာ ငယ်ရွယ်သောစာသင်သားများနှင့် အိုမင်းနေသောအမှုထမ်းများသာဖြစ်သောကြောင့် ခုခံနိုင်စွမ်းရှိမည်မဟုတ်ချေ။


လှေကားမှာ နံရံတွင်ထောင်ထားပြီးဖြစ်သည်။


ကျွင်းဟွိုင်လန်မှာ ကိုယ်ခံပညာတွင်မထူးချွန်စေကာမူ အဆုံးတွင် ငယ်ရွယ်စဉ်မှ ကြီးပြင်းလာသည်အထိ သူ၏အခြေခံမှာ ကျောင်းတော်တွင်ရှိသော အခြားသူများထက်သာလွန်နေသေးသည်ဖြစ်ပြီး အခြားသူ၏အကူအညီကို မယူချင်သောကြောင့် လှေကားမှတံတိုင်းပေါ်သို့ သပ်ရပ်စွာတက်လိုက်လေသည်။


သူ တံတိုင်းပေါ်တွင်ပေါ်လာသည်နှင့် အပြင်ဘက်မှလူများမှာ ချက်ချင်းဆိုသလို မြင်သွားကြသည်။


တစ်စုံတစ်ယောက်မှ လှမ်းအော်‌လိုက်သည် " တစ်ယောက်ယောက်လာနေတယ်…"


ချက်ချင်းဆိုသလိုပင် အပြင်မှလူများသည် ကျွင်းဟွိုင်လန်ကို လှမ်းကြည့်နေကြသည်။


အုံ့ဆိုင်းနေသည့် မိုးထဲတွင်ပင် အပြင်ဘက်ရှိ ပြည်သူများကို မြင်နေရပြီး ယခုအချိန်တွင်မူ ထိုသူတို့မှာ အဝင်ဝတွင် ‌တိုးဝှေ့နေကြပြီး အလွန်ကြီးမားသည့် လူအုပ်ကြီးမှာ ကျောင်းတော်ကို ဝန်းရံပိတ်ဆို့ထား‌သည်။


ကျွင်းဟွိုင်လန်၏နောက်မှ ဌာနမှုးမှာ ကတုန်ကယင်ဖြင့် တံတိုင်းပေါ်သို့တက်လာခဲ့သည်။


သူသည် နှစ်ပေါင်းများစွာ ပညာသင်ကြားပေးဖူးသော်လည်း ထိုကဲ့သို့သော လူအုပ်ကြီးကို မကြုံတွေ့ဖူးပေ။ မိုးကိုအံတု၍ လူအုပ်ကြီးမှာ တံခါးရှေ့တွင် စုပြုံနေကြလေသည်။


တစ်စုံတစ်ဦးကိုမြင်လိုက်သည်နှင့် ထိုသူတို့မှာ ပို၍ ပြင်းထန်လာကြသည်။


" အရှင် ကျွန်တော်တို့အိမ်တွေရေမျောသွားရတဲ့အတွက် ဝင်လာပြီး ခိုလှုံပါရစေ…"


" မြစ်ရေက တက်နေတုန်းပဲ မကြာမီ အကုန်ရေမြုပ်ကုန်တော့မှာ အထဲဝင်ပါရစေ…"


" ကျွန်တော်တို့ကို နေစရာနေရာလေးပေးသရွေ့ လူကြီးမင်းတွေကို အနှောင့်အယှက်မ‌ဖြစ်စေရပါဘူး…"


" ကျွန်တော့်အစ်ကို့ရဲ့ခြေထောက်ကကျိုးသွားတာ ဒီတိုင်းမိုးထဲမှာ စောင့်ဆိုင်းလို့မရတော့ပါဘူး.. အရာရှိမင်းတို့ ကူညီကြပါဦး…"


ကျောင်းတော်တွင်းရှိ စာသင်သားများမှာလည်း အပြင်သို့ထွက်လာကြပြီး လှေကားအနီးတွင် စုပြုံလာကြသည်။ ထိုသူများ၏စကားကိုကြားလိုက်ရသည့်အချိန်တွင် သူတို့၏မျက်နှာတွင် အပြစ်ရှိသည့်အမူအယာများဖြစ်ပေါ်လာပြီး အသံနိမ့်နိမ့်ဖြင့် စတင်ဆွေးနွေးလာကြသည်။


" ဒီတိုင်းပဲ ပေးဝင်လိုက်ရအောင် စာသင်ခန်းက ကျယ်ဝန်းပြီးတော့ ဆန့်ပါသေးတယ်…"


" ဟုတ်တယ် မိုးဒီလောက်သည်းနေတာ သူတို့ရဲ့အသက်တွေကို ကယ်တင်ရမယ်လေ…"


ဌာနမှုးမှာလည်း တုန်ယင်နေပြီး " ဒါက…"


ကျွင်းဟွိုင်လန် အေးစက်စွာ ငုံ့ကြည့်လျက် ပြောလိုက်လေသည် " ဆရာ အနီးကပ်ပြီးကြည့်ကြည့်ပါ…"


ဌာနမှုးမှ မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။


" တစ်ချက်ပြောဖို့ရှိတာက သူတို့ရောက်လာတာ မြန်လွန်းအားကြီးတယ်…ပြီးတော့ သူတို့အကုန်လုံးက အသက်ပြည့်ပြီး ငယ်ရွယ်သန်စွမ်းတဲ့လူတွေကြီးပဲ.. အဘယ့်ကြောင့်များ အထုပ်အပိုးတို့ သက်ကြီးရွယ်အိုတို့ အမျိုးသမီးနဲ့ကလေးငယ်တွေတို့ မပါလာခဲ့ရတာလဲ..သူတို့ရဲ့ ကျန်တဲ့မိသားစုတွေကို စိတ်မပူဘူးလား…" ကျွင်းဟွိုင်လန်မှ ပြောလိုက်သည်။


" ပိုပြီးရှိတာက သူတို့ဝတ်ဆင်ထားတဲ့အရာတွေပဲ..သူတို့အကုန်လုံးမှာ ပိုးထည်ဝတ်ဆင်ထားသူဆိုလို့ တစ်ယောက်တောင်မပါဘူး.. ဒီနေရာက လူတိုင်းနီးပါး ချမ်းသာကြွယ်ဝတဲ့ကျင်းလင်ပါ.. မဟုတ်မှလွဲရော ရေနစ်မြုပ်တာနဲ့ ဆင်းရဲသားတွေပဲ ထွက်လာနိုင်တာလား…"


Xxxxxx