အပိုင်း ၁၀၉
Viewers 15k

Chapter 109


မိုးမှာရက်အနည်းငယ်ကြာအထိရွာသွန်းနေမြဲပင်ဖြစ်သည်။


ယုံနင်မြို့စားမှာ ကျွင်းဟွိုင်လန်၏ဆုံးဖြတ်ချက်များအပေါ်တွင် မှတ်ချက်ပေးလေ့မရှိသူဖြစ်သဖြင့် ထိုစကားကိုကြားချိန်တွင် ညည်းညူလိုက်မိကာ ပြောလာခဲ့သည်


 " စာအုပ်တွေပိုဖတ်တာပဲကောင်းပါတယ်လေ… ရုံးတော်မှာက တကယ့်အရာတွေကို သင်ယူနိုင်တယ်ဆိုပေမယ့်လည်း အခြားအရာတွေကို မလုပ်ဆောင်ခင် ဗဟုသုတရှာမှီးထားတာက ကောင်းတာပေါ့…"


ကျွင်းဟွိုင်လန် တုံ့ပြန်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အရိုအသေပေးကာ ထွက်ခွာလာခဲ့သည်။


ယုံနင်မြို့စားသည် ခဏကြာ တိတ်ဆိတ်နေပြီးမှ ထပ်ပြောလာခဲ့သည် " ဟွိုင်လန် သား လူမှုရေးရာကျင့်ဝတ်စာအုပ်ကိုပိုပြီးဖတ်သင့်တယ်…"


ကျွင်းဟွိုင်လန် သူ့ကိုလှမ်းကြည့်လိုက်သည်။


ယုံနင်မြို့စားမှ ဆက်ပြောလာသည်


 " သား အဖေ့အတွက် အစီအစဉ်တစ်ခုရှိတာကို အဖေသိပါတယ်…ဒါပေမယ့် အရာတိုင်းမှာ အလယ်အလတ်ဖြစ်နေတာက အကောင်းဆုံးပဲ.. စာလေ့လာတာဖြစ်ဖြစ် အခြားအရာဖြစ်ဖြစ် တခြားသူရဲ့မျက်လုံးတွေရှေ့ရောက်အောင် မင်းကိုယ်မင်းချမပြမိစေနဲ့…ဒီအတိုင်းလေးပဲနေပါ…"


ကျွင်းချန့်ယွမ်မှာ မည်သည့်အချိန်ကမျှ ထိုကဲ့သို့စကားအများကြီးမပြောခဲ့ဖူးပေ။ သူခဏနားလိုက်ပြီးနောက် ဆက်လိုက်လေသည်


 " လူတစ်ယောက်က အရာတိုင်းမှာ လုံလောက်အောင်ထိပ်တန်းအဆင့်‌ဖြစ်နေမယ်ဆိုရင် သူဘယ်လောက်ပဲ အရည်အချင်းရှိရှိ လွယ်လွယ်ပဲ အဖျက်ဆီးခံရလိမ့်မယ်…"


ကျွင်းဟွိုင်လန် သူဆိုလိုသည်ကို နားလည်နေခဲ့သည်။


သစ်ပင်မှာ တောထဲတွင် ထင်ပေါ်နေမည်ဆိုလျှင် လေ၏ဖျက်ဆီးခြင်းကို ခံရမည်ပင်။


သူတို့မိသားစုနောက်ခံမှာ အကောင်းဆုံးအခြေအနေတွင်ရှိနေပြီဖြစ်ရာ ထို့ထက်ပို၍ထူးချွန်လာပါက တစ်ဖက်သားမှာ ကြောက်ရွံလာပေလိမ့်မည်။


သူတို့၏ဦးခေါင်းထိပ်ကို တော်ဝင်မိသားစုနှင့်ဧကရာဇ်တို့မှ ဖိနှိပ်ထားသည်ဖြစ်ရာ သူတို့ထို့ထက်ပို၍အမြင့်ကိုတက်ရန် မဖြစ်ပေ။


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည် " ဒီသားကဖခင်ရဲ့အမိန့်ကိုနာခံပါ့မယ်.. ဖခင်စိတ်ချထားပါ…"


လာမည့်နေ့ရက်အနည်းငယ်အတွင်း ဖခင်ဖြစ်သူ တောင်ဘက်ဆင်ခြေဖုံးအရပ်သို့ထွက်မသွားခင်အထိ ကျွင်းဟွိုင်လန် သူညွှန်ကြားသည့်အတိုင်း ကျောင်းတော်သို့သာ သွားနေလိုက်သည်။


တောင်ဘက်ဆင်ခြေဖုံးအရပ်မှာ မနီးသော်လည်း တစ်ရက်အတွင်း အသွားအပြန်လုပ်နိုင်သည့်အရပ်တွင်ရှိသဖြင့် ကျွင်းဟွိုင်လန် ပို့ဆောင်ရန် လိုက်မသွားတော့ပေ။ မနက်စာသုံးဆောင်ပြီးချိန်၌ ထီးကိုဖွင့်ကာ အနောက်ဘက်ခြံဝန်းအတွင် လမ်းပတ်လျှောက်နေလိုက်သည်။


လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးမှာ မရပ်တန့်သွားသည့်အပြင် ပို၍ပင် သည်းထန်လာခဲ့သည်ဖြစ်ရာ ခြံဝန်းအတွင်း ရေများအိုင်ထွန်းနေပြီး ကျောက်တုံးများခင်းကျင်းထားသည့် လျှောက်လမ်းများသို့ပင် ရေများနစ်မြုပ်နေသည်။


လျှောက်လမ်းအတွင်း ကျွင်းဟွိုင်လန် သတိဖြင့် လမ်းလျှောက်နေရလေသည်။


ထိုအချိန်တွင် သူ့ကိုခေါ်ဆောင်လာပေးသည့် ဖုရိမှ တီးတိုးပြောလာသည် " သခင်လေး…"


ထိုအသံကိုကြားသည့်နောက် ခေါင်းမော့လိုက်ချိန်၌ ကျွင်းဟွိုင်လန် မနီးမဝေးမှ ခြံတံခါးတွင် ရပ်နေသည့် ရွှယ်ယန်နှင့် သူ၏အစေခံကိုလှမ်းမြင်လိုက်ရသည်။


ရွှယ်ယန်မှာ ထိုနေရာတွင် ထီးကိုကိုင်၍ သူ့ကိုတိတ်တဆိတ်ကြည့်ကာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။


ကျွင်းဟွိုင်လန် အသက်ရှုသံများ ခေတ္တရပ်တန့်သွားရပြီး သူ၏စိတ်ထဲတွင် ထိုနေ့၏အနမ်းခံရသော ခံစားချက်များပြန်လည်ပေါ်ပေါက်လာခဲ့သည်။


သူ၏ခြေလှမ်းများ ရပ်တန့်သွားလေသည်


သူရပ်တန့်လိုက်ချိန်တွင် ရွှယ်ယန်မှာ သူဖြတ်သွားမည်ကိုစောင့်ဆိုင်းနေသကဲ့သို့ မထွက်သွားဘဲ ထိုနေရာ၌သာ ရပ်စောင့်နေခဲ့သည်။


ကျွင်းဟွိုင်လန် အသက်တစ်ချက် နက်နက်ရှိုင်းရှိုင်း ရှုသွင်းလိုက်သည်။


သူမည်မျှပင် ပုန်းကွယ်နေပါစေ သူ၏ဘဝတစ်ဆုံးထိ ထိုသူကိုပုန်းကွယ်နေနိုင်ရန်မှာ မဖြစ်နိုင်သကဲ့သို့ မပုန်းနိုင်ခဲ့ပေ။


ကျွင်းဟွိုင်လန် မျက်လွှာချ၍ အရှေ့သို့ တဖြည်းဖြည်းလျှောက်လာလိုက်သည်။


ထိုစဉ် ရွှယ်ယန် သူ၏ရှေ့တွင် ပိတ်ရပ်လာခဲ့သည်။


စကားတစ်ခွန်းမျှမပြောဘဲ သူ့ဘက်မှ ဦးစွာပြောလေစေချင်သည့်ပုံစံဖြင့် ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။


" အရှင့်သား…" ကျွင်းဟွိုင်လန် မည်သည့်ခံစားချက် သို့မဟုတ် တုန်ယင်နေခြင်းအား မပေါ်ပေါက်စေရန် သူ၏အသံကို တည်ငြိမ်အေးစက်နေသည့်ပုံပေါ်အောင် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ထိန်းချုပ်လိုက်ရသည်။ 


ရွှယ်ယန် အသံတစ်ချက်ပြုလိုက်သည်။


" ဘယ်သွားမလို့လဲ…" မေးရင်းမှ " ကျောင်းတော်ကိုသွားနေသေးတာလား.."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


ရွှယ်ယန်မှာ ခဏကြာ တိတ်ဆိတ်နေပြီးမှ " ငါဒီနေ့အဲ့မှာရှိမှာမဟုတ်ဘူး.. မင်းအဲ့လောက်အဝေးကြီးပုန်းနေဖို့မလိုဘူး…"


ကျွင်းဟွိုင်လန် မသိစိတ်မှ တုန့်ပြန်မှုကြောင့် " ကျွန်တော်မလုပ်ပါဘူး…."


မည်သည်ကိုမလုပ်သည်နည်း… ထိုအရာမှာ အသိသာကြီးပင်။


သူ၏ငြင်းပယ်မှုမှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားပြီး ဆက်မပြောနိုင်ဘဲ အရှက်သည်းစွာဖြင့် သူ၏အသံမှာ ရုတ်တရက်တန့်သွားသည်။


ရွှယ်ယန်မှာမူ တိတ်ဆိတ်နေဆဲပင်။


ခဏအကြာတွင် ရွှယ်ယန်မှ " ငါမင်းဆီကိုလာတာမဟုတ်လို့ အိမ်မှာပဲနေပါ.. ဒီလောက်မိုးသည်းနေတာ ဘာလို့လျှောက်ပြေးနေတာလဲ…"


ရွှယ်ယန်၏အသံမှာ အနည်းငယ်အက်ကွဲနေပြီး ဘေးပတ်လည်ရှိ တဖျောက်ဖျောက်ကျဆင်းနေသော မိုးသံကြောငိ့ အနည်းငယ် ဖုံးဖိခံထားရကာ ကျွင်းဟွိုင်လန်၏နားထဲတွင် တုန်ယင်ပူလောင်လာစေသည်။


သူတို့နှစ်ဦးမတွေ့ကြသည်မှာ အမှန်တကယ်ပင် အချိန်အတော်ကြာပြီဖြစ်သည်။


ထီး၏အောက်တွင် ကျွင်းဟွိုင်လန်မှာ သူ့ကိုပင် ရဲရဲမကြည့်ရဲဘဲ တုန်ယင်နေမှုကိုဖိနှိပ်ကာ ပြောလိုက်သည်


 " လျှောက်ပြေးနေတာမဟုတ်ပါဘူး.. ဒီတိုင်းဘာမှလုပ်စရာလည်းမရှိတော့ စာဖတ်နေတာပါ…"


ထိုသို့ပြောရင်းမှ သူ ရွှယ်ယန်အနီးသို့ လျှောက်လာခဲ့သည်။


ရွှယ်ယန်မှ ထပ်ပြောလာပြန်သည် " မဟုတ်ရင်လည်း ဒီနေ့ပြန်ရောက်လာပြီးရင် ငါပြောင်းတော့မလို့ .."


ကျွင်းဟွိုင်လန်၏ခြေလှမ်းများ ရပ်တန့်သွားသည်။


သူ့ကိုယ်သူ အနည်းငယ်မကျေမနပ်ဖြစ်နေမိသည်။


ရွှယ်ယန်၏စကားများကို ကြားပြီးနောက် သူ၏ပထမဆုံးတုန့်ပြန်မှုမှာ နှလုံးသားထဲမှ အမှန်တကယ်ပင် ဆတ်ခနဲတုန်ခါသွားခြင်းပင်။


ထီးကို ဆုပ်ကိုင်ထားသည့်လက်မှာ တင်းကြပ်သွားပြီး ကြွေထည်ဖြူရောင် လက်များမှ သွေးကြောများပေါက်ထွက်လာတော့မလို ဖြစ်နေခဲ့သည်။


" မလိုပါဘူး…" ကျွင်းဟွိုင်လန် ခေါင်းကိုငုံ့လိုက်ပြီး ဆီစိမ်စက္ကူဖြင့် သူ၏အမူအယာကို ကွယ်လိုက်ကာ " အရှင့်သားဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်မျိုးကတော့ ဒီစာအုပ်ကို ဖတ်ရမှာပဲလေ…"


စကားအဆုံးတွင် ထီးကိုကိုင်ကာ ရွှယ်ယန်အနီးမှ အရှေ့သို့ တည့်တည့်လျှောက်သွားလိုက်သည်။


ကျောက်ပြာလမ်းမှာ မကျယ်လှချေ။ သူဘေးမှဖြတ်သွားချိန်တွင် ကျွင်းဟွိုင်လန်၏ပုခုံးသို့ မိုးစက်အေးများ မစင်စေရန်အတွက် ရွှယ်ယန် သူ၏ထီးကို ဘေးသို့စောင်းပေးလိုက်သည်။


မည်သို့ပင်ဖြစ်စေ အေးစက်နေသည့်မိုးရေများမှာ သူ၏ပုခုံးပေါ်သို့ အတားအဆီးမရှိကျဆင်းနေဆဲပင်။


ထီးကိုင်ထားသည့် ကျွင်းဟွိုင်လန်၏ လက်များ ထပ်မံတုန်ယင်သွားရသည်။


သူအလျင်အမြန်သာ လျှောက်သွားလိုက်လေသည်။


သို့သော်လည်း ဘေးမှဖြတ်သွားစဉ် ရွှယ်ယန်ထံမှရရှိနေသည့် နံ့သာဖြူအနံမှာ ချည်မျှင်ကဲ့သို့ သွယ်တန်းနေပြီး သူ၏နှလုံးကိုရစ်ပတ်ကာ ဝိဉာဉ်ထိပါချည်နှောင်နေခဲ့သည်။


သူမည်မျှပင်ထွက်ပြေးသော်ငြား ထိုအရာမှ မလွတ်မြောက်နိုင်သကဲ့သို့ ဖြစ်နေလေသည်။


.........


ပြတင်းပေါက်အပြင်ဘက်တွင် မိုးကြိုးမုန်တိုင်းများ ကျဆင်းနေသည်။


ယနေ့တွင် မိုးမှာ အလွန်သည်းထည်စွာ ရွာသွန်းနေသည့်ပုံပင်။


ကျွင်းဟွိုင်လန်မှာ ကျောင်းတော်တွင် ထိုင်နေသည့်တိုင် စိတ်ပါဝင်စားသည့်ပုံမပေါ်ဘဲ ပြတင်းပေါက်ဆီသို့သာ မကြာခဏလှမ်းကြည့်နေသည်။


ရုံးတော်ဖွင့်ရက်များတွင် အမှုထမ်းများမှာ ပေါ့ပေါ့ပါးပါး ခရီးသွားလာရန်အတွက် ပစ္စည်းများများထုတ်ပိုးသယ်ဆောင်ခြင်းမရှိဘဲ မြို့စွန်ဘက်သို့ လှည့်လည်လေ့ရှိသည်ကို သူသိနေသည်။


ထိုမျှ သည်းထန်သော မိုးဖြင့် လှည့်လည်စစ်ဆေးမည့်အဖွဲ့၏အခြေအနေမှာ ကောင်းမည့်ပုံမပေါ်ချေ။ ထို့အပြင် မြို့အပြင်ရှိလမ်းများမှာလည်း ချောမွေ့နေသည်မဟုတ်သောကြောင့် သူတို့လမ်းတွင် တစ်စုံတစ်ခုဖြစ်မည်ကို သူစိုးရိမ်နေမိသည်။ ထိုသူတို့မှာ သည်းထန်နေသည့်မိုးအတွင်း မြို့ပြင်၌ပိတ်မိနိုင်ချေလည်းရှိနေသေးသည်။


သူ ထိန်းချုပ်မရနိုင်စွာဖြင့် ရွှယ်ယန်ကိုလည်း စဉ်းစားနေမိသည်။ ရွှယ်ယန် ထိုအချိန်တွင် မည်သည်အရာများလုပ်ဆောင်နေမည်နည်း သို့မဟုတ် အန္တရာယ်အတွင်းသို့ ပြေးဝင်နေမည်လား ဆိုသည်ကို မစဉ်းဘဲ မနေနိုင်ခဲ့ချေ။


ထိုသို့တွေးနေရင်းမှာ ကျွင်းဟွိုင်လန် သူ၏နှုတ်ခမ်းများကို မသိစိတ်မှ တို့ထိကြည့်မိသည်။


သေးငယ်သည့်အနာလေးမှာ ကျက်နေပြီဖြစ်ပြီး တို့ထိလိုက်ချိန်တွင် အလွန်သေးငယ်သည့် အနာဖေးလေးကိုသာ ခံစားမိလိုက်သည်။


ထိုအရာက များစွာ မနာကျင်ခဲ့ပေ။


ထိုအနာမှာ ရွှယ်ယန်သားရဲတစ်ကောင်ဖြစ်သွားစဉ်အခါက သွားနှင့်ခြစ်မိခြင်းဖြစ်ပြီး အနည်းငယ်မျှသာ နာကျင်သာ ထွက်နေသည့် သွေးများကိုလည်း ထိုသူမှ စုပ်ယူသွားသည်။


အနမ်းပြီးဆုံးသွားချိန်တွင် ရွှယ်ယန်အသက်ကိုရှုသွင်းကာ သူ့ထံမှ ခွာလိုက်ပြီး အနာလေးကို တို့ထိကာ နမ်းရှုံ့လိုက်သည်။


" ကျွင်းဟွိုင်လန် မင်းရူးချင်ယောင်ဆောင်ချင်မယ်ဆိုရင် မနက်ဖြန်ကျ ဒါကိုမေ့ပစ်လိုက်တော့…"  ရွှယ်ယန်မှ အသံတိုးတိုးဖြင့် " ဒါပေမယ့် ငါ့ကိုနှိုးဆွပေးနေတာကို ရပ်လိုက် ငါကလူကောင်းမဟုတ်ဘူး…"


ကျွင်းဟွိုင်လန် နှုတ်ခမ်းသာကိုက်ထားမိသည်။


ထိုအချိန်တွင် သူ၏စိတ်မှာ ဗလာဖြစ်နေပြီး ယခုအချိန်မှ ပြန်လည်စဉ်းစားကြည့်ချိန်တွင် သူအမြဲလို ရွှယ်ယန်၏စကားများကို မယုံကြည်ခဲ့ပေ။


ထိုသူမှာ သူ့ကိုယ်သူ လူကောင်းတစ်ယောက်မဟုတ်ကြောင်း ပြောခဲ့သော်လည်း သူ၏အသက်ကိုရင်းကာ ကျွင်းဟွိုင်လန်ကို ကယ်တင်ပေးခဲ့သည်။ အချိန်အကြာကြီး တစ်ယောက်တည်းသည်းခံနေကာ သူ၏ခံစားချက်များကို ထုတ်ဖော်ပြသခြင်းလည်း မရှိခဲ့ပေ။


ထိုညတွင်ပင် သူတို့၏အနမ်းမှာ ရူးသွပ်မှု၏အစွန်းတွင် ကြမ်းတမ်းနေသည့်တိုင် အနည်းငယ်နက်ရှိုင်းနေသေးသည်။


ယခင်ဘဝမှ ရွှယ်ယန်သာဆိုပါက အမှန်တကယ်ပင် ထိုကဲ့သို့ ပြုမူလိမ့်မည်လား…


ထိုအချိန်တွင် သူ၏လက်မောင်းမှာ လှုပ်ခတ်ခံလိုက်ရပြီး သူ့အားချက်ချင်းဆိုသလို လန့်နိုးလာစေသည်။


ခေါင်းကိုမော့ကာ ကြည့်လိုက်ချိန်တွင် ဘေးတွင်ရှိနေသည့် ရှန်းလျှိုဖုန်းမှာ သူ၏အစာအိမ်နားသို့ကြည့်နေခဲ့သည်။


" ဟွိုင်လန် မင်းဘာတွေတွေးနေတာလဲ…" ရှန်းလျှိုဖုန်းမှ အသံတိုးတိုးဖြင့် " မင်းလည်း ဦးရီးနဲ့အခြားသူတွေအကြောင်းကိုတွေးနေတာပဲလား…"


ကျွင်းဟွိုင်လန် ခေတ္တခဏကြာ တုန့်ဆိုင်းနေပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။


ပြတင်းပေါက်အပြင်ဘက်တွင် ရွာသွန်းနေသည့်မိုးမှာ အလွန်ကျယ်လောင်လှပြီး ဝါးပင်များပေါ်သို့ သည်းထန်စွာကျဆင်းနေသည်။ ရှန်းလျှိုဖုန်းသည်လည်း သူ၏အနားသို့တိုးကပ်လာကာ အသံကိုနှိမ့်၍ " ငါလည်းစိတ်ပူနေတာ မင်းပြောတဲ့အတိုင်းဆို ဒီလိုမိုးသာသည်းနေရင်…"


သူရပ်တန့်လိုက်ကာ အရှက်ရမှုကြောင့် ခေါင်းကိုသာ ကုပ်နေလိုက်သည်။


" အဲ့နေ့ ယန်ကျိုးမှာ မတော်တဆဖြစ်တုန်းကလည်း မိုးသည်းနေတာပဲလေ…" ရှန်းလျှိုဖုန်းမှ " ငါကအမြဲတမ်းကို အနည်းငယ်တော့ ခက်ခဲနေတာပဲနော် …"


ကျွင်းဟွိုင်လန်၏ မျက်လုံးများအေးခဲသွားသည်။


Xxxxxx