Chapter 108
ဖုရိက ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။
" ဒါဆိုရင် သခင်လေး ပြန်အိပ်ဦးမလား... နည်းနည်းကြာမှ ဒီအစေခံ သခင်လေးကို လာနှိုးပါ့မယ်..."
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မျက်လုံးများပြန်မှိတ်ထားလိုက်သည်။
ဖုရိ လိုက်ကာကို ပြန်ချထားလိုက်သည်။
ထိုအချိန်တွင် ကျွင်းဟွိုင်လန်က စကားထပ်ပြောလာသည်။
" ဖုရိ..."
" သခင်လေးပြောပါ..."
ဖုရိက ကတိုက်ကရိုက်ပြန်ဖြေသည်။
အိပ်ရာပေါ်တွင်လှဲနေသည့် ကျွင်းဟွိုင်လန်က အံကြိတ်ထားလိုက်သည်။
" ဒီနေ့ကစပြီး ဘုရင်ခံကွမ်းလင်ရဲ့ အိမ်တော်ဘက်က ဘယ်သူ့ကိုမှ လာခွင့်မပြုနဲ့... ဘုရင်ခံကွမ်းလင်လည်းပါတယ်..."
——
ကျင်းပေါင် စာကြည့်ခန်းထဲသို့ အကြိမ်ရေများစွာလာခဲ့ပြီးပြီဖြစ်သည်။
သူ့သခင်က စာကြည့်ခန်းထဲတွင် တစ်နေကုန်ငေးငိုင်နေပြီး ပစ္စည်းအသေးအမွှားလေးများ ရှာဖွေခိုင်းကာ သခင်လေးဆီသို့ပို့ခိုင်းခဲ့သည်။
သစ်သီးများ၊ စာအုပ်များ၊ စုတ်တံ၊ မှင်အိုး၊ စာရွက်၊ မှင်သွေးကျောက်၊ ရှားပါးသော ရတနာပစ္စည်းများ အစရှိသဖြင့် အားလုံးရှာဖွေခိုင်းသဖြင့် ကျင်းပေါင်က သူ့ကိုယ်သူ မှောင်ခိုအရောင်းအဝယ်လုပ်သူဟုပင် ထင်လာမိပြီဖြစ်သည်။
သို့ရာတွင် မည်သည့်ပစ္စည်းများသွားပို့သည်ဖြစ်စေ တံခါးဝမှသာ လှည့်ပြန်လာခဲ့ရသည်။
သူက ဖုရိနှင့် ခင်မင်သည်ဖြစ်၍ အကျိုးကြောင်း မေးမြန်းကြည့်သော်လည်း ဖုရိကလည်းသေချာမသိဟု ပြန်ဖြေသည်။
" မနေ့ညက ပြန်ရောက်လာတည်းက အဲ့လိုဖြစ်နေတာပဲ... ကျွန်တော်လည်း ဘာဖြစ်မှန်းမသိဘူး..."
ဖုရိက အမှန်အတိုင်းပြောလိုက်ခြင်းသာဖြစ်သည်။
ရလဒ်အနေဖြင့် ကျင်းပေါင်က တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခဲ့သည်။
သို့သော်လည်း သူ့သခင်က သူ့ကိုအပြစ်မတင်ပေ။ ထိုပစ္စည်းများဖြင့် ပြန်ရောက်လာပါကလည်း သူ့ကိုအပြစ်မတင်ပေ။ ဘာမှမဖြစ်သကဲ့သို့သာ သဘောထားပြီး ပြန်လွှတ်လိုက်ကာ အခြားကိစ္စများ လုပ်ခိုင်းထားသည်။
သို့ရာတွင် မကြာမီအချိန်၌ ထပ်မံပို့ဆောင်ခိုင်းပြန်သည်။
ကျင်းပေါင်က အရေထူသူဖြစ်သော်လည်း သည်းမခံနိုင်တော့ပေ။
တစ်နေကုန် သွားတဲ့အချိန်တိုင်း တံခါးတောင်ဖွင့်မပေးပဲ ငြင်းလွှတ်တာကို ဘယ်သူက သည်းခံနိုင်တော့မှာလဲ...
နောက်ဆုံးတွင် ကျင်းပေါင်က ပစ္စည်းများ ပြန်ယူလာခိုင်းပြီးသည့်နောက် ဆန္ဒပြတော့သည်။
သူ့ခြေထောက်များ တုန်ယင်နေလျက် ရွှယ်ယန့်ကို သတိထားကြည့်ပြီး ပြောလိုက်တော့သည်။
" သခင် ... ကျွန်တော်မျိုးတို့အိမ်တော်က ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူးလို့ ပြောပါတယ်..."
စုတ်တံကိုကိုင်ထားသော ရွှယ်ယန်၏လက်များ ရပ်တန့်သွားသည်။
ခဏအကြာတွင် ဘာမှမဖြစ်သကဲ့သို့ စုတ်တံကို မှင်အိုးထဲ ပြန်နှစ်ပြီး မေးလိုက်သည်။
" သခင်လေးက ဘယ်မှာတဲ့လဲ..."
" ခြံဝင်းထဲကလူတွေပြောတာကြားခဲ့တာတော့ မနက်စောစောတည်းက ကျောင်းတော်ကို ထွက်သွားပါတယ်တဲ့..."
ရွယ်ယန် ဘာမှပြန်မပြောပေ။
ကျင်းပေါင် ခဏစောင့်နေသော်လည်း သူ့သခင်က ဘာမှပြန်မပြော၍ သတိကြီးကြီးထားပြီး အကြံပြုလိုက်သည်။
" တကယ်လို့ သခင်က သခင်လေးပို တစ်ခုခု ပို့ပေးချင်တယ်ဆိုရင် ကိုယ်တိုင်သွားကြည့်ပါလား..."
လက်ရှိအခြေအနေအရဆိုလျှင် သခင်လေးကို သူ့သခင်က တစ်ခုခု ရန်စထားပြီးဖြစ်ကြောင်းကို ကျင်းပေါင်သိလိုက်သည်။
သူက ဘာဖြစ်လို့ ကိုယ်နဲ့မဆိုင်တဲ့ အချစ်ကိစ္စထဲဝင်ပါပြီး ဒုက္ခရောက်ခံရမှာလဲ...
ပြီးတော့ သခင်လေးရဲ့ခြံဝင်းဘက်ကလူတွေက ဘယ်လောက်ပဲ သတ္တိရှိရှိ ဒီငရဲမင်းကြီးကိုတော့ တားရဲပါ့မလား... သူသာ ဖိအားပေးပြီး သွားလိုက်ရင် သခင်လေးကို တစ်နေရာရာမှာတော့ တွေ့ရမှာပါ...
ရွှယ်ယန် ငြိမ်ကျသွားသည်။
ခဏအကြာတွင်မှ သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။
" ထားလိုက်ပါတော့... သူ အခုလောလောဆယ်တော့ ငါ့ကိုမတွေ့ချင်လောက်သေးဘူး..."
ကျင်းပေါင် : ဟမ် ဘာလဲ ဘာလဲ...
သို့ဖြစ်၍ ကျွင်းဟွိုင်လန်က နေ့စဉ်နေ့တိုင်း မနက်အစောကြီးထွက်သွားပြီး ညနေဘက်တွင်လည်း နောက်ကျမှ ပြန်လာသည်။
သူ့အတွက် သွားစရာနေရာလည်းမရှိပေ။ ဆည်က ပြုပြင်ပြီးသွားပြီဖြစ်ကာ ယာမန်တွင်လည်း ရွှယ်ယန်ကရှိနေသည်။ ထို့ကြောင့် သူ ရွေးချယ်စရာမရှိပဲ ကျောင်းတော်သို့ နေ့တိုင်းသွားကာ စာကြိုးစားချင်ယောင်ဆောင်ပြီး ယခင်ဘဝကတည်းက ရင်းနှီးခဲ့သည့် ကျောင်းတော်မှ ကျောင်းသားများနှင့် စာပေလေ့လာခြင်းများ ပြုလုပ်နေလိုက်သည်။
ကျောင်းတော်မှ ကျောင်းသားအများစုမှာ ကွန်ဖြူးရှပ်ဝါဒက စိတ်နှစ်ပြီး လေ့လာကြသူများဖြစ်သည်။
ထို့နေ့က ကျွင်းဟွိုင်လန်ကျောင်းတော်၏ ဂိတ်တံခါးနားမှ ဖြတ်သွားချိန်တွင် ကျောင်းသားများပြောနေသည်ကို ကြားလိုက်ရသည်။
" စာအုပ်ကြီးလေးအုပ်နဲ့ ဂန္ဓဝင်စာပေငါးအုပ်ကိုပဲ သေချာလေ့လာမယ်ဆိုရင် ကမ္ဘာပေါ်က ခက်ခဲတဲ့ကိစ္စတွေအားလုံး ဖြေရှင်းနိုင်လိမ့်မယ်..."
သူ့စကားကိုကြားသည့်အခါ ကျွင်းဟွိုင်လန်က ခေါင်းခါပြီး ပြုံးလိုက်သည်။
တစ်ချိန်က သူလည်း ထိုသို့တွေးခဲ့ဖူးသည်။ သို့သော်လည်း စာအုပ်ထဲမှ အကြောင်းအရာများက ဘဝတွင်ကြုံတွေ့ရသည့် အခက်အခဲများကို လုံးဝမဖြေရှင်းနိုင်ပေ။
ထိုစာအုပ်ကြီးလေးအုပ်နှင့် ဂန္ဓဝင်စာပေငါးအုပ်ထဲမှ အကြောင်းအရာများကို ကွန်ဖြူးရှပ် သက်ရှိထင်ရှား ရှိနေလျှင်ပင် တစ်ပုံစံတည်းလုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့်ဆိုရလျှင် ယခင်ဘဝက သူ့မိသားစု၏ ဆိုးဝါးသောကံကြမ္မာဖြစ်သည်။
သူ့ဖခင် အသတ်ခံခဲ့ရပြီး မိခင်ကလည်း သေကြောင်းကြံခဲ့၍ တစ်မိသားစုလုံးအရေးက သူ့ခေါင်းပေါ်သို့ ကျရောက်လာသည်။ ကံကောင်းသည်မှာ သူက နန်းတွင်းစာမေးပွဲအောင်မြင်ခဲ့၍ ညီလာခံသို့ ဝင်ရောက်ခွင့်ရခဲ့ပြီး ဧကရာဇ်ချင်းဖျင်၏ ယုံကြည်မှုကို ရရှိခဲ့သည်။
သို့သော်လည်း ဧကရာဇ်၏ယုံကြည်မှုတစ်ခုတည်းက မလုံလောက်ခဲ့ပေ။ သူက မင်းမျိုးနွယ်မိသားစုဖြစ်၍ ဆင်းရဲသည့် သာမန်လူတန်းစားအများစုရှိသော ကျန်းမိသားစုများ၏ ပစ်မှတ်ထားခံရသည်။ ရက်အနည်းငယ်တိုင်းတွင် ညီလာခံ၌ သူ့ကို မကျေနပ်ကြောင်း တိုင်စာအချို့ရောက်ရှိလာတတ်သည်။ ကျွင်းဟွိုင်လန်က ရှုမိသားစုဘက်နှင့် မပူးပေါင်းလိုပေ ရှုမိသားစုကလည်း သူ့ကိုကြောက်ကြသည်။
တစ်ဖက်တွင်လည်း အများ၏အမြင်တွင် သူက ကျွင်းမိသားစုမှ ငယ်ရွယ်ပြီး ကြီးကျယ်ခမ်းနားသောလူတစ်ယောက်ဖြစ်နေသည်။
သူက ညီလာခံထဲတွင် ဘက်ပဲ့နေသည့် တစ်ယောက်တည်းသောလူဖြစ်၍ အချိန်ကြာမြင့်လာသည့်အခါ ဧကရာဇ်ချင်းဖျင်က သူ့ကိုငြီးငွေ့လာသည်။ ထိုအချိန်တွင် တိုင်းပြည်အခြေအနေကလည်း ယိမ်းယိုင်စပြုလာပြီး သူ့ညီမလေး၏ ကံကြမ္မာကိုလည်း မပြောင်းလဲနိုင်သည့်အပြင် သူ့ညီလေးကလည်း တိုင်းပြည်အတွက် အသက်ပေးသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ အိမ်တော်တစ်ခုလုံးတွင် မောင်နှမသုံးယောက်နှင့် သူ့ကိုမှီခိုနေရသည့် ဆွေမျိုးအနည်းငယ်သာ ကျန်ရှိနေခဲ့သည်။
သူနှင့် ပက်သက်သည့် နောက်ထပ်ဥပမာတစ်ခုက ယခုဘဝဖြစ်သည်။
ယခင်ဘဝက လမ်းကြောင်းမှ သွေဖယ်သွားခဲ့သည့် ကိစ္စအားလုံးက လမ်းကြောင်းအမှန်ပေါ် ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ဤဘဝတွင် ထိန်းချုပ်မရနိုင်သည့်အရာက သူကိုယ်တိုင်ဖြစ်နေခဲ့သည်။
သူ့နှလုံးသားကို ထိန်းချုပ်မရနိုင်ခဲ့ပဲ ယခင်ဘဝက သု့ညီမကိုညစ်ညမ်းစေခဲ့သည့်ရန်သူကို ချစ်မိခဲ့သည်။
အဲဒီစာအုပ်က နည်းနည်းထူးဆန်းနေပြီး အဲ့လူကလည်း သူ့ကိုဆက်ဆံပုံက တစ်မျိုးဖြစ်နေပေမယ့်လည်း... သူ့နှလုံးသားအလိုလိုက်ပြီး စွန့်စားလိုက်လို့မှ မရတာ...
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတစ်ယောက်တည်း ရုန်းကန်နေခဲ့ရပြီး လမ်းပြမည့်လူမရှိ ဖြစ်နေခဲ့သည်။
သို့ဖြစ်၍ ရက်ကြာလာသည်နှင့်အမျှ ကျွင်းဟွိုင်လန်၏စိတ်အခြေအနေက တဖြည်းဖြည်းနှင့် ချိုင့်ဝှမ်း၏အောက်ခြေသို့ ရောက်လာသည်နှင့်ပင် တူလာသည်။
ကျင်းလင်တွင်လည်း ရာသီဥတုသာယာသည့်ရက်တစ်ရက်မှမရှိပဲ အမြဲမပြတ် မိုးရွာသွန်းနေခဲ့သည်။
ယခင်ကဆိုလျှင် မိုးရွာချိန်တွင် ကျွင်းဟွိုင်လန်က ကျောင်းတော်တွင် အချိန်ဖြုန်းမနေပဲ ဆည်ဘက်သို့သွားလေ့ရှိသည်။
သို့ရာတွင် ဆည်၏ဘေးနားမှ လမ်းမကြီးမှာ ပြင်ဆင်နေဆဲဖြစ်၍ ကျွင်းဟွိုင်လန် ထိုနေရာသို့မသွားနိုင်သောကြောင့် ကျောင်းတော်သို့သာ နေ့စဉ်နေ့တိုင်း သွားနေရသည်။
မိုးသည်းထန်လွန်း၍ လမ်းလျှောက်သွား၍ မရတော့သဖြင့် မြင်းလှည်းနှင့်သာ သွားနေရသည်။ မိုးရွာချိန်တွင် လမ်းမပေါ်၌ မြင်းလှည်းများဖြင့်သာ ပြည့်နေလေ့ရှိသည်။ သို့ဖြစ်၍ နေ့တိုင်းစာသင်ချိန်ပြီး၍ အပြင်သို့ထွက်လာတိုင်း ကျောင်း၏တံခါးဝတွင် တိုးဝှေ့နေရပြီး အချိန်အတန်ကြာမှသာ လမ်းပေါ်သို့ရောက်လာရသည်။
ထိုသို့ဖြစ်ခြင်းကြောင့် ကျွင်းဟွိုင်လန်၏ စိတ်အခြေအနေက ပိုဆိုးလာပြီး ပို၍စိတ်တိုလာစေသည်။
ယနေ့မရောက်ခင်အထိ ထိုသို့သာဖြစ်သည်။
ယနေ့တွင် ကျွင်းဟွိုင်လန်၏မြင်းလှည်းက ကျောင်းတော်၏ဝင်ပေါက်မှ လမ်းကျဉ်းလေးတွင် ပိတ်မိနေခဲ့ပြီး ခဏအကြာတွင်လည်း လမ်းမကြီးပေါ်တွင် ထပ်မံပိတ်ဆို့နေခဲ့ပြန်သည်။
" ဘာဖြစ်တာလဲ..."
ကျွင်းဟွိုင်လန်မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
မြင်းလှည်းမောင်းသူက ပြန်ဖြေလိုက်သည်။
" သခင်လေး အရှေ့မှာ ကျောက်တွေ သယ်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိလို့ပါ ကြည့်ရတာ သူတို့က မြောက်ပိုင်းကို သွားနေတာထင်တယ်..."
" မြောက်ပိုင်းကိုလား..."
ကျွင်းဟွိုင်လန် လိုက်ကာစကိုဖွင့်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။
တဖွဲဖွဲရွာနေသည့် မိုးများအကြားတွင် လူတစ်အုပ်စုက လမ်းကို ဖြတ်ကူးနေကြသည်။ ထိုလူများက မိုးရေကာဖျင်များ ဝတ်ဆင်ထားပြီး ကျောက်စရစ်ခဲများကိုသယ်နေကြသည်။
ကျွင်းဟွိုင်လန်၏မျက်လုံးများ မည်းနက်သွားသည်။
ဒီလောက်မိုးသည်းနေတာတောင်မှ လမ်းပြင်နေရလား... မိုးရေထဲမှာ အမြင်အာရုံတွေ ဝေဝါးနေတာတောင်မှ အလုပ်သမားတွေက အသည်းအသန်လုပ်နေရတုန်းလား... ပြီးတော့ လမ်းပြင်ဖို့ ကျောက်တုံးနဲ့သဲတွေကို ရေနဲ့ အချိုးကျကျရောရမှာလေ... မဟုတ်ရင် လမ်းရဲ့မျက်နှာပြင်မာကျောမှုကို ထိခိုက်နိုင်တယ်...
မိုးရွာနေပြီး လမ်းပေါ်ကို မိုးရေတွေကျနေတဲ့အချိန်မှာ အဲ့လိုပမာဏမျိုးရောဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒီလိုအချိန်မှာ လမ်းပြင်ဖို့မှ မဖြစ်နိုင်တာ...
သူ့အဖေနဲ့ လူကြီးမင်းရှန်းကတော့ အဲ့လို ယုတ္တိမရှိတဲ့ကိစ္စတွေ လုပ်ခိုင်းမှာမဟုတ်ဘူး...
ကျွင်းဟွိုင်လန် မြင်းလှည်းမောင်းသူကို ပြောလိုက်သည်။
" သူတို့လူတွေထဲကတစ်ယောက်ကို သွားခေါ်လာခဲ့..."
မြင်းလှည်းမောင်းသူက ထီးတစ်ချောင်းကိုင်ပြီး ဆင်းသွားသည်။
ဤမြင်းလှည်းက ဘုရင်ခံ၏အိမ်တော်မှ ပိုင်ဆိုင်ခြင်းဖြစ်၍ အဝေးမှကြည့်လိုက်ရုံဖြင့် အရာရှိမိသားစုမှဖြစ်ကြောင်းကို သိနိုင်ပေသည်။ ထိုအဖွဲ့က လျစ်လျုမရှု့ရဲ၍ လုပ်ဆောင်နေသည်များ ချက်ချင်းရပ်သွားသည်။
ခဏအကြာတွင် ခေါင်းဆောင်ဖြစ်သူက မိုးရေထဲမှ ကျွင်းဟွိုင်လန်၏မြင်းလှည်းရှိရာသို့ ရောက်ရှိလာသည်။
" အရာရှိမင်း ဘာများ အမိန့်ပေးမလို့ပါလဲ..."
ထိုလူက မြင်းလှည်းအပြင်ဘက်တွင်ရပ်ပြီး မေးလိုက်သည်။
ကျွင်းဟွိုင်လန် လိုက်ကာစကိုဖွင့်ကြည့်လိုက်သည့်အခါ အပြင်ဘက်တွင်ရပ်နေသည့် လူကောင်အကြီးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
" မင်းတို့လမ်းပြင်တဲ့ကိစ္စကို ဘယ်သူကြီးကြပ်တာလဲ... ဒီလောက် မိုးတွေရွာနေတာတောင်မှ ကျောက်စရစ်ခဲတွေ ရွှေ့နေရလား..."
ကျွင်းဟွိုင်လန် မေးလိုက်သည်။
ထိုလူက ဘာမှပြန်မဖြေပဲ ခဏရပ်နေသည်။ မိုးရေထဲတွင်ဖြစ်၍ ကျွင်းဟွိုင်လန်က သူ့မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေ။
" ကျွန်တော်လည်း မသိပါဘူး... ရုံးတော်က လူကြီးမင်းတွေက လမ်းပြင်တာကို မြန်မြန်ပြီးအောင်လုပ်ခိုင်းနေလို့ ကျွန်တော်တို့လည်။ ကျောက်စရစ်ခဲတွေ ကျောက်တုံးတွေ ရွှေ့နေရတာပါ..."
ကျွင်းဟွိုင်လန်က မေးလိုက်သည်။
" ဘယ်အရာရှိက လောတာလဲ..."
ထိုလူက နေရခက်သည့်ပုံဖြင့် ပြုံးပြပြီးပြောလိုက်သည်။
" ကျွန်တော်က သာမန်လူဆိုတော့ ဘယ်လူကြီးမင်းဆိုတာတော့မသိပါဘူး... ကျွန်တော်က အနက်ရောင်ဦးထုပ်ဆောင်းထားတဲ့ အရာရှိတွေရဲ့အမိန့်ကိုပဲ နာခံတာပါ..."
ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်သည်။
ဒါဆိုရင်တော့ ဒီလူကို ဘာမှဆက်မေးလို့ မရတော့ဘူးပဲ...
သူကိုယ်တိုင်က ဤလမ်းမကြီးကို မြန်ဆန်စွာပြင်ဆင်ပြီးစေလိုသော်လည်း ပြင်ဆင်နေချိန်တွင် လောလိုက်ပါက မတော်တဆမှုတစ်ခု အနှေးနှင့်အမြန်ဖြစ်လာနိုင်ပေသည်။
သူ ညွှန်ကြားလိုက်သည်။
" ကျောက်တုံးတွေသယ်နေတာတော့ ပြဿနာမဟုတ်ပါဘူး ဒါပေမဲ့ မိုးရွာနေတဲ့အချိန်တော့ အလောတကြီးတွေ မလုပ်ပါနဲ့..."
ထိုလူက နာခံစွာပြန်ဖြေလိုက်သည်။
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။
" သွားလို့ရပါပြီ..."
ထိုလူက မိုးရေထဲတွင် အချိန်အတန်ကြာအောင်ရပ်နေရ၍ စိုရွှဲသွားသောကြောင့် ကျွင်းဟွိုင်လန်က မြင်းလှည်းထဲမှ ထီးအပိုတစ်ချောင်း ထုတ်ပေးလိုက်သည်။
ထိုလူက ထပ်ခါထပ်ခါကျေးဇူးတင်ပြီးနောက် ထီးဆောင်း၍ထွက်သွားသည်။
မိုးရေထဲတွင် ဝိုးတဝါးသာမြင်လိုက်ရသည့် ထိုလူ၏မျက်နှာကို ထီးဖွင့်ဆောင်းလိုက်ချိန်တွင် ရှင်းလင်းစွာ မြင်လိုက်ရသည်။
ကျွင်းဟွိုင်လန် ထိတ်လန့်သွားမိသည်။
သူ စိတ်ထင်ယောင်ထင်မှားဖြစ်သည်လား မသေချာသော်လည်း ထိုအလုပ်သမားခေါင်းဆောင်၏မျက်နှာသွင်ပြင်က...
အနည်းငယ် ကြောက်စရာကောင်းနေသည်။
ထိုနေ့တွင် ကျွင်းဟွိုင်လန်အိမ်တော်သို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ဖခင်ဖြစ်သူ၏နေရာသို့သွားရောက်မေးမြန်းခဲ့သည်။
သူ၏ဖခင်ဖြစ်သူမှာ အရှိန်မြင့်တင်ဆောင်ရွက်သည့်အချိန်အကြောင်းကို မသိသဖြင့် လာမည့်ရက်များ၌ အခြားသူတစ်ဦးကို မေးမြန်းပေးမည်ဟုပြောဆိုလာသဖြင့် ကျွင်းဟွိုင်လန်လည်း သဘောတူလိုက်ကာ ပြန်လည်ထွက်လာခဲ့လိုက်သည်။
ထို့နောက် ဖခင်မှတားဆီးလိုက်သည်။
" ဟွိုင်လန်…မြို့ပြင်ကလယ်ကွင်းတွေရေမြုပ်နေတာ ရက်အတော်ကြာရှိနေပြီ…ဘုရင်ခံက ဒီနှစ်ရက်အတွင်း သွားကြည့်ဖို့ပြောထားခဲ့တာ သားရောအတူလိုက်ချင်လား…"
ကျွင်းဟွိုင်လန်မှာမူ အချိန်ခဏကြာအထိ တိတ်ဆိတ်နေသဖြင့် ဖခင်မှ ဆက်ပြောလိုက်သည် " ကွမ်းလင်ဘုရင်လည်း အတူသွားမှာလေ.. သားတို့နှစ်ယောက်က အမြဲလို သူငယ်ချင်းတွေဖြစ်နေကြတာပဲဟာ… သူရဲ့အုပ်ချုပ်တဲ့နည်းလမ်းတွေကလည်းရှားပါးတာမလို့ သူနဲ့ခရီးအတူသွားရင် သားသေချာသင်ယူရမယ်နော်…"
ကျွင်းဟွိုင်လန် သူ၏နှုတ်ခမ်းကိုကိုက်နေခဲ့သည်။
" ထားလိုက်ပါတော့ အဖေ…" ခဏအကြာတွင် သူဖျော့တော့စွာပြုံးလိုက်ပြီး " လမ်းတစ်လျောက်လည်း ပင်ပန်းရမှာမလို့ နည်းနည်းတော့ခက်ခဲလိမ့်မယ်…"
ယုံနင်မြို့စားမှာ ကြောင်အသွားပြီး " ဟမ် ဒီရက်တွေမှာ သားကျောင်းတော်ကိုသွားနေတာပဲမဟုတ်ဘူးလား…"
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်လိုက်သည်။
Xxxxx