အပိုင်း ၁၀၇
Viewers 15k

Chapter 107


သူ့နောက်မှလိုက်လာသည့်အစေခံက သူဆက်မသွားတော့သည်ကိုမြင်၍ အလျင်အမြန်မေးလိုက်သည်။


" သခင်လေး ဘာဖြစ်လို့လဲ..."


မလှမ်းမကန်းမှ အရပ်ရှည်ရှည်နှင့်လူရိပ်က သူတို့ထံသို့ ခပ်သုတ်သုတ်လျှောက်လာနေသည်။


ကျွင်းဟွိုင်လန် အမှတ်တမဲ့ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။

    

ခဏအကြာတွင် ထိုလူက သူတို့နှစ်ယောက်လုံးရှေ့သို့လျှောက်လာသည်။ အစေခံက မီးအိမ်အရောင်ကြောင့် ရှေ့မှလူ၏ မျက်နှာကို မမြင်နိုင်မီမှာပင် ထိုလူက စပြောလာသည်။


" ဘယ်သွားတာလဲ..."


ကျွင်းဟွိုင်လန် တိတ်ဆိတ်နေသည်။


သူ့အနောက်ဘက်မှ အစေခံလေးက တုန်ယင်နေပြီဖြစ်သည်။

" အရှင်..."


" မင်း အရင်သွားနှင်..."

သူ့ရှေ့မှ ဘုရင်ခံကွမ်းလင်က အမိန့်ပေးသည်ကို ကြားလိုက်ရသည်။


ထိုအစေခံ ကျွင်းဟွိုင်လန်ကို လှမ်းကြည့်လိုက်သည့်အခါ သူက ခေါင်းငြိမ့်ပြနေသည်။


အစေခံက မီးအိမ်ကို ကျွင်းဟွိုင်လန်၏လက်ထဲထည့်လိုက်ပြီးနောက် ခြံဝင်းထဲ ပြန်သွားသည်။


ကျွင်းဟွိုင်လန်က ရွှယ်ယန်ကို မျက်လုံးလှန်၍ ကြည့်လိုက်သည့်အခါ ရွှယ်ယန်ကလည်း ခေါင်းငုံ့ပြီး သူ့ကို စူးစူးရဲရဲ ကြည့်နေသည်။


" မင်း ဘယ်သွားတာလဲ..."

ရွှယ်ယန် ထပ်မေးသည်။ 


ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်သည်။


" သောက်လာတာလား..."


" အင်း လျှိုဖုန်းနဲ့ နည်းနည်းသောက်လာတာ..."


" နည်းနည်းတဲ့လား..."

ရွှယ်ယန် မေးခွန်းထုတ်လိုက်သည်။


" ကိုယ် အဝေးကြီးကနေတောင် အနံ့ရနေတာကို နည်းနည်းသောက်လာတယ်တဲ့လား..."


ထိုကိစ္စက ကျွင်းဟွိုင်လန်၏အပြစ်မဟုတ်ပေ။ ရွှယ်ယန်က ဝိုင်သောက်ရခြင်းကို မုန်းတီးပြီး အနံ့ကိုအာရုံခံစားလွယ်ခြင်းကြောင့်သာဖြစ်သည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က အလွန်အကျွံသောက်လာခဲ့သည်။


ကျွင်းဟွိုင်လန် ရွှယ်ယန့်ကို တိတ်ဆိတ်စွာဖြင့် မော့ကြည့်လိုက်သည်။


သူ ပို၍သောက်ထားလေ သူ့အမူအရာက အေးဆေးတည်ငြိမ်နေလေဖြစ်သည်။


ရွှယ်‌ယန်ကို စိုက်ကြည့်နေပြီးနောက် စိတ်ထဲတွင် "ဘာလို့လဲ" ဟုသာ တွေးနေမိသည်။

    

သူ ဘာလို့ ဒီနေရာမှာ ငါ့ကို စောင့်နေရတာလဲ... ငါ သောက်ထားတာကိုရော သူကဘာလို့ ဂရုစိုက်နေရတာလဲ...


သူတို့နှစ်ယောက်က သာမန်မိတ်ဆွေများသာဖြစ်သင့်ပေသည်။ တစ်ယောက်နှင့်တစ်ယောက် တွေ့ချိန်၌ စကားနည်းနည်းပြောပြီး၊ ရံဖန်ရံခါတွင် ခရီးတူတူထွက်ခြင်း အစရှိသည့် သာမန်ကိစ္စများကိုသာ ပြုလုပ်သင့်ပေသည်။ ယခုအချိန်တွင် သူ့ကိုမြင်လိုက်တိုင်း ကျွင်းဟွိုင်လန်၏ ကိုယ်ကျင့်သိက္ခာနှင့် အသိစိတ်က သူ့ဘက်မရောက်သွားအောင် ဆွဲထားသကဲ့သို့ဖြစ်နေသည် 


ဒါမှမဟုတ် အစတည်းက ကြိုးစားပမ်းစားနဲ့ ကောင််းကောင်းမဆက်ဆံခဲ့သင့်တာလား...


ကျွင်းဟွိုင်လန်က မည်သည့်အရာမှ ချို့ယွင်းမနေပဲ သူ့အနားတွင်လည်း ကောင်းမွန်စွာဆက်ဆံပေးသည့်လူများ အလွန်များသည်ဟု တွေးလိုက်သည်။ သို့ရာတွင် ရွှယ်ယန့်ကို ကောင်းကောင်းဆက်ဆံပေးလိုက်ချိန်တွင်မူ သူက ကျွင်းဟွိုင်လန်ကို တဖြည်းဖြည်း ကပ်တွယ်လာခဲ့သည့်ပုံပေါ်သည်။


ငါ သူ့ကို သဘောကျပေမယ့် အဲ့လိုလုပ်လို့မရဘူးလေ...  ဒီလူကလည်း ငါ့ကြောင့် ပြဿနာဖြစ်လို့ မရဘူးလေ...


ရွှယ်ယန် သူ့ကိုကြည့်နေလျက် ပို၍ပို၍ မျက်မှောင်ကြုတ်ထားမိသည်။


မင်းဘာလို့ ရှန်းလျှိုဖုန်းနဲ့ သောက်ရတာလဲ... အဲ့အရူးကောင်နဲ့သွားသောက်ပြီး ကိုယ့်ကိုကိုယ်လျစ်လျူရှု့ထားရတာလား...


သူ့ကိုကြည့်နေသော ကျွင်းဟွိုင်လန်၏မျက်လုံးများက အလွန်အေးစက်နေ၍ ရွှယ်ယန်အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားမိပြီး ထိုအကြည့်ကို တောင့်မခံနိုင်တော့ပေ။


သူ့ရင်ထဲမှ စိတ်ကသိကအောက်ဖြစ်မှုနှင့် ဒေါသများက ချက်ချင်းပျောက်ကွယ်သွားပြီး ရင်ထဲတွင် ‌စိုးရိမ်မှုများသာ ကျန်ရစ်ခဲ့ကာ ကျွင်းဟွိုင်လန်၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။


" မင်း ဘာလို့..."


သို့ရာတွင် ကျွင်းဟွိုင်လန်က သူ့လက်ကိုရှောင်လိုက်သောကြောင့် လေကိုသာ ဖမ်းဆုပ်မိသွားသည်။


" ကျွန်တော်ဘာလုပ်လုပ် ဝမ်ရယ်(အရှင်) ဂရုစိုက်စရာမလိုပါဘူး... ကျွန်တော့်မှာလည်း ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေခွင့်ရှိတာပဲ...ကျွန်တော် ဘယ်သူနဲ့သောက်သောက် ဝမ်ရယ် ဂရုစိုက်စရာမလိုပါဘူး..."


သူ့ကို သုံးနှုန်းသည်ကပင် ရွှယ်ယန်မှ ဝမ်ရယ် အဖြစ်သို့ပြောင်းသွားသော်လည်း ရွှယ်ယန် ထိုကိစ္စကိုပြောရန်ပင် ကြောက်လန့်သွားမိသည်။


သူ ကျွင်းဟွိုင်လန်ကို ငေးစိုက်ကြည့်နေသည်။


" မင်း ဘာပြောလိုက်တာလဲ..."


ကျွင်းဟွိုင်လန်၏ အမူအရာက တည်ငြိမ်နေ၍ သူပြောလိုက်သမျှကိစ္စတိုင်းကို အတည်ယူရမည့်ပုံဖြစ်နေသည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က အလွန်မူးနေပြီဖြစ်၍ ထိုစကားများက ရွှယ်ယန့်ကိုပြောခြင်းမဟုတ်ပဲ သူ့ကိုယ်သူသာပြောနေခြင်းဖြစ်ကြောင်းကို သူကိုယ်တိုင်သာသိသည်။


သူက သူ့ကိုယ်သူ ဖျောင်းဖျနေခြင်းဖြစ်သည်။


" ကျွန်တော်ပြောချင်တာက ကျွန်တော် ဘယ်သူနဲ့သောက်သောက် အရှင့်ကို အနှောင့်အယှက်မဖြစ်စေပါဘူး... အရှင်က ကျွန်တော်မျိုးအရီးတော်ရဲ့ နာမည်ခံသားဆိုပေမယ့် ကျွန်တော်မျိုးအတွက် ညီအစ်ကိုတစ်ယောက်လို သတ်မှတ်ထားလို့ ရပါတယ်... ရှောင်ဝူကတောင် ကျွန်တော်မျိုးကို ဒီလိုမျိုး မထိန်းချုပ်ဖူးပါဘူး..."


ကျွင်းဟွိုင်လန် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီးပြောလိုက်သည်။ သူ့လေသံက နူးညံ့သော်လည်း ပြတ်သားနေသည်။


" အဲဒါကြောင့်မို့ နောက်ဆိုရင် ကျွန်တော်နဲ့ ခပ်ကင်းကင်းနေပေးပါ..."


အဲဒါမှ အရှင့်ကိုမြင်ရင် စိတ်မတည်မငြိမ်ဖြစ်တာတွေ မရှိတော့မှာ...

နောက်ဆုံးတစ်ခွန်းကိုမူ ကျွင်းဟွိုင်လန်၏စိတ်ထဲတွင်သာ ပြောလိုက်ခြင်းဖြစ်သည်။


ထိုစကားများပြောပြီးသည့်အခါ ရွှယ်ယန့်ကိုကျော်ပြီး သူ့အခန်းထဲဝင်ရန် ပြင်လိုက်သည်။


ရွှယ်ယန့်ကို ဖြတ်လာသည့်အခါတွင် သူက ကျွင်းဟွိုင်လန်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။


" ကိုယ့်ကို ကျွင်းရှောင်ဝူနဲ့တူတယ်လို့ မင်းထင်နေတာလားပြောပါဦး..."


ရွှယ်ယန်၏လေသံက အတက်အကျမရှိပဲ အေးစက်နေ၍ သူ့စိတ်ခံစားချက်များကို မကြားရနိုင်ပေ။


ယခု ပြောလိုက်သည့် စကားများကို ကြားလိုက်ရသည့်အခါ ရွှယ်ယန်၏ မျက်နှာ‌ကပြောင်းလဲသွားပြီး မျက်လုံးများ နီရဲလာသည်ကို ကျွင်းဟွိုင်လန် သတိမပြုလိုက်မိပေ။ 


သူ့ပုံစံက ကျဉ်းထဲကြပ်ထဲရောက်သွားသည့် သားရဲတစ်ကာင်နှင့် တူနေသည်။


ကျွင်းဟွိုင်လန် ခေါင်းခါပြလိုက်သည်။


" မထင်ပါဘူး... အရှင်က ကျွန်တော့်အသက်ကို ကယ်ခဲ့တာပဲ အဲ့ဒါကို ကျွန်တော် တစ်ရက်မှ မေ့တော့မှာမဟုတ်ပါဘူး... ဒါပေမဲ့ အဆုံးမှာတော့ အရှင်သခင်နဲ့  လက်အောက်ငယ်သားအကြားမှာ ကွာခြားချက်တွေ ရှိနေတာပဲလေ... အရှင်က မြင့်မြတ်တဲ့လူတစ်ယောက်ပါ... ကျွန်တော်မျိုးက အမှုထမ်းတစ်ယောက်ပဲဆိုတော့ ကွဲပြားချက်တွေ အများကြီးရှိပါတယ်..."


ကျွင်းဟွိုင်လန်မှာ သူစကားပြောနေသည်က မည်သူဖြစ်မှန်းပင် မသိတော့ပေ။


သက်ပြင်းချလိုက်ပြီးနောက် သူ့အကြည့်များက လက်ထဲမှ မီးအိမ်ပေါ်ရောက်သွားပြီး ရေရွတ်လိုက်သည်။


" ကြင်နာမှုတွေအတွက် ပြန်ပေးဆပ်ဖို့ လိုတယ်ဆိုပေမယ့်... အနာဂတ်မှာတော့ တဖြည်းဖြည်းနဲ့ ခပ်ကင်းကင်းနေကြတာ အကောင်းဆုံးပါပဲ..."


သူ ပြောပြီးသည်နှင့် ထွက်သွားရန်ပြင်နေသည်။


သူ့စကားများက ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း ထိုစကားများကို ကိုယ်တိုင်ပြန်ကြားရသည့်အခါ စိတ်မသက်မသာဖြစ်နေမိဆဲ ဖြစ်သည်။


သူ အလွန်သောက်လာပြီး ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ စိတ်မချမ်းမြေ့စရာကောင်းသည့်အရာများကို မတွေးချင်တော့ပေ။


အခန်းသို့ ပြန်၍သာ အိပ်ချင်နေပြီဖြစ်သည်။


သို့ရာတွင် သူရှေ့မတိုးမီမှာပင် ရွှယ်ယန်က သူ့လက်မောင်းကိုကိုင်ပြီး နောက်သို့ပြန်ဆွဲထားသည်။


ကျွင်းဟွိုင်လန်က သတိလက်လွတ်ဖြစ်သွား၍ နောက်သို့ခြေနှစ်လှမ်းခန့်ဆုပ်ပြီး ဒယိမ်းဒယိုင်ဖြစ်သွား၍ ရွှယ်ယန်က သူ့ပခုံးကို လှမ်းထိန်းထားလိုက်သည်။

    

" တဖြည်းဖြည်းနဲ့ ခပ်ကင်းကင်းနေမယ်တဲ့လား..."


မီးရောင်မှိန်မှိန်အောက်တွင် ခေါင်းမော့၍ ရွှယ်ယန့်ကိုကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့ပခုံးကိုကိုင်ထားပြီး စူးစူးရဲရဲပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


" တခြားသူတွေကိုတော့ မင်း ကိုယ့်လိုမျိုး မဆက်ဆံဘူးမလား..."


ကျွင်းဟွိုင်လန် ပါးစပ်ဟလိုက်သော်လည်း အသံမထွက်နိုင်ပေ။ 


ယခုအချိန်တွင် အဖြစ်မှန်နှင့် စိတ်ကူးယဉ်မှုကို ခွဲခြားပြီး မပြောနိုင်ဖြစ်နေသည်။


ထိုအချိန်တွင် ရွှယ်ယန်က ထပ်ပြောလိုက်ပြန်သည်။


" ခပ်ခွာခွာနေဖို့လိုတယ်ဆိုတော့လည်း နေကြတာပေါ့... "


သူ အံကြိတ်လိုက်သည်။

    

" မင်းနဲ့ တခြားလူတွေကြားက ကွာခြားချက်က ဘာလဲဆိုတာ မင်းကို ဒီနေ့ပြောပြမယ်..."


ကျွင်းဟွိုင်လန်က ရင်တုန်နေသော်လည်း သူ့ကိုငေးငိုင်ကြည့်ပြီး မေးလိုက်သည်။


" ကွာခြားချက်က ဘာများပါလဲ..."


ရွှယ်ယန် သူ့ကိုစိုက်ကြည့်နေသည်။


သူ ကျွင်းဟွိုင်လန်ကို ချစ်တယ်ဆိုတဲ့အကြောင်းကို အရင်တည်းက ပြောပြချင်ခဲ့ပေမဲ့ မပြောနိုင်ခဲ့ဘူး... ဒီနေ့ သူ့ဘက်ကစပြီး အဲ့လိုတွေပြောလာမှတော့ သူလည်း ပြောမှဖြစ်တော့မယ်...

    

သို့ရာတွင် ကျွင်းဟွိုင်လန်၏ အေးစက်စက်မျက်လုံးများကိုကြည့်ပြီး သူဘာမှမပြောနိုင်ပေ။


ကျွင်းဟွိုင်လန်ကို ဤကမ္ဘာပေါ်တွင် စိတ်ထားအနူးညံ့ဆုံးလူဟု ထင်ခဲ့မိသော်လည်း သူက လူကဲခတ်ညံ့နေသေးသည့်ပုံပင်။


ရက်အနည်းငယ်ခန့်ကအထိ အဆင်ပြေနေခဲ့သော်လည်း ယခုအခါတွင်မူ မေးခွန်းအချို့မေးလိုက်ရုံဖြင့် သူနှင့် ခပ်ကင်းကင်းနေချင်သွားပြီး ကြင်နာမှုကို ပြန်လည်ပေးဆပ်ပြီးသည်နှင့် မသက်ဆိုင်သကဲ့သို့နေမည်ဟု ပြောနေပြန်သည်။


ဒီလူရဲ့နှလုံးသားက ကျောက်တုံးတစ်တုံးလို မာကျောနေတာပဲ...


ရွှယ်ယန်၏ နောက်ဆုံးကျန်ရှိနေသော အသိစိတ်အနည်းငယ်က ကျွင်းဟွိုင်လန်၏အကြည့်အောက်တွင် ပြိုလဲသွားခဲ့သည်။


သူ့စိတ်ထဲတွင် မည်သည့်အရာမှ အရေးမပါတော့ဟုသာ တွေးလိုက်သည်။


နောက်အခိုက်အတန့်တွင်  ကျွင်းဟွိုင်လန်ကို သူ့ရှေ့ရောက်အောင် ဆွဲလိုက်သည်။


ထို့နောက် ချက်ချင်းပင် ပြင်းပြပြီး ကြမ်းတမ်းသည့် အနမ်းတစ်ပွင့်က ကျွင်းဟွိုင်လန်၏နှုတ်ခမ်းပါးများပေါ်သို့ ကျရောက်လာသည်။

 

ညက ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး အရောင်မှိန်မှိန်မီူအိမ်လေးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။   


လေးလံမြန်ဆန်သော အသက်ရှုသံအကြားတွင် ဝိုင်၏ သိမ့်မွေ့သောရနံ့က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

   

........


နောက်တစ်နေ့မနက်တွင်...


 ကျွင်းဟွိုင်လန်၏ခေါင်းက ကွဲလုမတတ် ကိုက်ခဲနေသည်။


သူ့မျက်လုံးများမဖွင့်နိုင်မီ လက်မြှောက်၍ နဖူးပြင်ကို ပွတ်နေသည်။


ယမန်နေ့က သူအလွန်အကျွံသောက်မိသွားသည်။ သူ အရက်မူးနေလျှင်ပင် မူးနေကြောင်း မသိသာသော်လည်း အမူးပြေသွားပါက အလွန်မအီမသာဖြစ်နေတတ်သည်။


သက်ပြင်းဖွဖွချပြီး နဖူးကိုဖိ၍ တဖြည်းဖြည်းပွတ်နေသည်။


သူ့အသိစိတ်က တဖြည်းဖြည်းကြည်လင်လာပြီးသည့်နောက် နှုတ်ခမ်းတွင် နာကျင်မှုအနည်းငယ် ခံစားလိုက်ရသည်။


နှုတ်ခမ်း‌ပေါက်သွားတာပဲ...


ယမန်နေ့ညက မှတ်ဉာဏ်များက ရေစီးဆင်းသကဲ့သို့ အစုံအပြုံလိုက်ဝင်ရောက်လာ၍ ကျွင်းဟွိုင်လန်ချက်ချင်းပင် ထထိုင်လိုက်သည်။


သူ မူးနေသော်လည်း အသိစိတ်မပျောက်သွားခဲ့ပေ။ 


ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။


ရှန်းလျှိုဖုန်းကို အိမ်ပြန်ပို့ပြီးသည့်အခါ အိမ်တော်သို့ ပြန်လာခဲ့သည်။ သူ့အခန်းသို့ပြန်သွားရာ လမ်းတစ်ဝက်တွင် ရွှယ်ယန်ကစောင့်နေခဲ့ပြီး သူ့နောက်မှ လိုက်လာသည့် အစေခံကောင်လေးကို မောင်းထုတ်ခဲ့သည်။


သူ့ကို ပြောခဲ့သည်အားလုံးက ယုတ္တိမဆန်သည့်အကြောင်းများသာဖြစ်သည်။ ထိုစကားလုံးများက သူ့ကိုယ်သူ ဖျောင်းဖျသည့်အနေဖြင့်ပြောသောစကားများဖြစ်၍ အခြားလူများကြား၍မရပေ။ သို့ရာတွင် အရက်မူးသွားချိန်၌ ရွှယ်ယန့်ကို အမှန်တရားများ ပြောမိသွားသည်။


အဲဒါပြီးတော့...


ကျွင်းဟွိုင်လန် အမှတ်တမဲ့ဖြင့်သူ့နှုတ်ခမ်းများကိုဖိပြီး ညင်သာစွာပွတ်လိုက်သည်။


ထို့နောက်တွင် အရိုင်းဆန်၍ ကြမ်းတမ်းပြင်းပြသော အနမ်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ စန္ဒကူးအနံက ဝိုင်အနံ့နှင့် ရောယှက်သွားပြီး သူတို့နှစ်ယောက်အကြားမှ အသက်ရှုခြင်းကို အနှောင့်အယှက်ပေးခဲ့သည်။


ထိုအနမ်းကြောင့် သူ့အသက်ရှုရပ်မတတ်ဖြစ်သွားရပြီး သူ့နှုတ်ခမ်းပေါက်သွားသည်ကလည်း ထိုအချိန်က ရွှယ်ယန် ကိုက်သွားသောကြောင့်ဖြစ်လိမ့်မည်။


ကျွင်းဟွိုင်လန်၏စိတ်ထဲ ရှုပ်ထွေးသွားရသည်။


ထိုအချိန်တွင် ဖုရိက ကျွင်းဟွိုင်လန်အိပ်ရာ‌ပေါ်တွင် လှုပ်ရှားနေသည့်အသံကို ကြားသွားသည်။


အိပ်ရာပေါ်မှ လိုက်ကာစကို အနည်းငယ်ဟလိုက်ပြီး ချိုသာစွာပြောလိုက်သည်။


" သခင်လေး အစောကြီးနိုးနေတာလား... မနေ့က ဝိုင်သောက်တာများသွားတယ် ထပ်အိပ်ပါလား..."


အိပ်ရာ၏အထက် လိုက်ကာစမှ တိုးဝင်လာသည့်အလင်းရောင်က သူ့အတွက် အလွန်လင်းထိန်လွန်းနေသည်။


ကျွင်းဟွိုင်လန် ပြန်ဖြေလိုက်ပြီးနောက် ခဏရပ်သွားပြီး မေးလိုက်သည်။


" ငါ ညတုန်းက ဘယ်လိုပြန်ရောက်လာတာလဲ..."


ယမန်နေ့ညက သူ၏မှတ်ဉာဏ်က အနမ်းခံလိုက်ရသည့်နေရာတွင်သာ ရပ်သွားသည်။


ကျွင်းဟွိုင်လန်၏လက်များက အိပ်ရာခင်းကို ခပ်တင်းတင်းဆုပ်မိသွားသည်။


ထို့နောက် ဖုရိက အသံတိုးတိုးဖြင့်ပြောလိုက်သည်။


" အာ ... ဘုရင်ခံကွမ်းလင်က သခင်လေးကို ပြန်ပို့ပေးသွားတာပါ..."


ထင်တဲ့အတိုင်းပဲ...


ဖုရိက ဆက်ပြောသည်။


" ကျွန်တော် သခင်လေးရဲ့နှုတ်ခမ်းပေါက်လာတာမြင်လို့ အရှင့်ကိုတောင် ဘာဖြစ်ခဲ့တာလဲ မေးလိုက်သေးတယ်..."


ကျွင်းဟွိုင်လန်က အိပ်ရာခင်းစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။


" သူ ဘာပြောလဲ..."


သူ့အသံက အက်ရှရှဖြစ်နေသည်။


အလင်းရောင်ကမှိန်နေ၍သာ ဖုရိက သူ၏စိတ်လှုပ်ရှားနေမှုနှင့် တောင်းတင်းနေမှုကြီးကို မမြင်ရခြင်းဖြစ်သည်။


" အာ အရှင်က မနက်ဖြန်မှ သခင်လေးကိုမေးလိုက်လို့ပြောပါတယ်..."


ကျွင်းဟွိုင်လန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။


" သခင်လေး ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ မှတ်မိရဲ့လား..."


ဖုရိက မေးလိုက်ပြန်သည်။


ကျွင်းဟွိုင်လန် အံကြိတ်ထားလိုက်သည်။


ခွေးကိုက်တာလေ...

သူ့စိတ်ထဲတွင်သာ ပြောလိုက်ခြင်းဖြစ်သည်။


" ဖန်ကွဲစရှလာတာပါ... မနေ့က သောက်တဲ့ဝိုင်ခွက်ကပဲ့နေတာကို မသိပဲသောက်လိုက်မိတော့ နှုတ်ခမ်းကိုရှသွားတာ..."


သူ စကားကို တစ်လုံးချင်းပြောနေလိုက်သည်။


Xxxxxxx