Chapter 106
ဘာလို့ အရင်ဘဝက ဖြစ်ခဲ့တဲ့ကိစ္စတွေကို စိတ်ရှုပ်ခံပြီး တွေးနေတော့မှာလဲ...
အဆုံးတွင် ရွှယ်ယန့်အကြောင်းကို မတွေးသင့်ပဲ တွေးခဲ့သည့်လူက သူကိုယ်တိုင်ဖြစ်နေသည်။ ဤဘဝတွင် ထိုကိစ္စများ ဖြစ်မည်ဖြစ်စေ မဖြစ်မည်ဖြစ်စေ သူ၏ထင်ယောင်ထင်မှားဖြစ်မှုများအပေါ် သိသာထင်ရှားသည့်ရလဒ်မရှိပေ။
ကျွင်းဟွိုင်လန် ခပ်ဖျော့ဖျော့ပြုံးပြလိုက်ပြီး ရှန်းလျှိုဖုန်းပြောသည်ကို ငြင်းဆိုလိုက်ကာ ထိုအကြောင်း ဆက်မပြောတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
ဤတစ်ကြိမ်တွင် ရှန်းလျှိုဖုန်းနှင့် စကားကောင်းကောင်းပြောခဲ့ရ၍ ယခင်ကဲ့သို့ မျက်နှာညှိုးမနေတော့ပေ။
ရှန်းလျှိုဖုန်းမှာ အမြဲတစေ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရသော်လည်း မည်သည့်အရာက မှားယွင်းနေကြောင်းကို သူမသိပေ။
ရိုးသားစွာပြောရလျှင် ကျွင်းဟွိုင်လန်က အစောပိုင်းတွင် စိတ်မကြည်မလင်ဖြစ်နေခဲ့သော်လည်း အသက်ဝင်နေသည့်ပုံ ဖြစ်နေသေးသည်။
ယခုလက်ရှိအချိန်တွင်မူ သူ့မျက်လုံးထဲမှ အလင်းရောင်လေးပင် ပျောက်ကွယ်သွားပြီဟု ထင်ရသည်။
——
ကျွင်းဟွိုင်လန်က နေ့ခင်းပိုင်းစာသင်ချိန် ပြီးဆုံးသည်အထိ ကျောင်းတော်တွင် တစ်နေကုန်နေခဲ့သည်။
သူက ပြဿနာမှထွက်ပြေးနေခြင်းဖြစ်ကြောင်းကို ရှန်းလျှိုဖုန်းက မမြင်နိုင်ဖြစ်နေသည်။ မနက်ပိုင်းက ကိစ္စများကိုလည်း ရှန်းလျှိုဖုန်းက လုံးဝမေ့သွားပြီး သူ့ဘေးနားတွင် အဖော်ပြုပေးမည့်လူတစ်ယောက် ရှိနေ၍ ပျော်ရွှင်နေမိသည်။
အတန်းများပြီးဆုံးသွားသည့်အခါ ဝိုင်သွားသောက်ရန် နေရာရှာထားပြီး ကျွင်းဟွိုင်လန်ကို ခေါ်လိုက်သည်။
ကျွင်းဟွိုင်လန်ကလည်း မငြင်းဆန်ပေ။
မမျှော်လင့်ထားသည်မှာ သူတို့နှစ်ယောက် တံခါးဝသို့ရောက်ချိန်တွင် ခြွေရံသင်းပင်းများစွာနှင့် မြင်းလှည်းတစ်စီးရပ်ထားသည်ကို တွေ့လိုက်ရသည်။
အနေအထားကို တစ်ချက်ကြည့်ရုံဖြင့် သာမန်အရာရှိတစ်ယောက် မဟုတ်ကြောင်း သိနိုင်သည်။ ကျောင်းသားများမှာ မျိုးရိုးမြင့်လူတစ်ယောက်ယောက်နှင့် တိုက်မိမည်စိုး၍ ထိုနေရာမှ ဂရုတစိုက်နှင့် ဖြတ်လာနေကြသည်။
" ငါ့ဦးလေး ရောက်နေတာများလား..."
ရှန်းလျှိုဖုန်း လန့်သွားသည်။
သူ့စိတ်ထဲတွင် လိပ်ပြာမလုံသကဲ့သို့ ခံစားနေရသည်။ ယမန်နေ့ညက အိမ်တော်သို့ ပြန်လည်ရောက်ရှိချိန်တွင် သူ့ဦးလေးကသူ့ကို ထပ်မံဆူပူကြိမ်းမောင်းခဲ့သည်။ ကျွင်းဟွိုင်လန်နှင့် ဘုရင်ခံကွမ်းလင်တို့က အလွန်ခင်မင်ရင်းနှီးကြသည့်ပုံပေါ်၍ သူတို့နှစ်ယောက်က တပူးပူးတတွဲတွဲရှိနေနိုင်၍ ကျွင်းဟွိုင်လန်ကို အတင်းကပ်တွယ်မနေရန် ပြောခဲ့သည်။ ထိုသို့ပြုလုပ်မိပါက ဘုရင်ခံကွမ်းလင်၏ခေါင်းကို သွားပုတ်မိသလိုဖြစ်သွားနိုင်ပေသည်။
ငါ ဒီနေ့ ဟွိုင်လန်နဲ့အတူတူ လျှောက်သွားမလို့ကို ကျောင်းတော်ထဲက မထွက်ခင်တည်းက အဖမ်းခံလိုက်ရပြီလား...
သို့ရာတွင် ရှန်းလျှိုဖုန်း၏ လိပ်ပြာမလုံမှုက ခဏသာခံလိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် တွေးလိုက်သည်။
ဘုရင်ခံကွမ်းလင်က ဒီနေရာမှာမှမရှိတာ ဟွိုင်လန့်ကို ခေါ်သွားရင်လည်း ဘာမှမဖြစ်လောက်ပါဘူးလေ...
ထိုအချိန်တွင် ကျွင်းဟွိုင်လန်၏အသံကိုကြားလိုက်ရသည်။
" မိန်းမစိုးကျင်းပေါင်လား..."
ရှန်းလျှိုဖုန်း ထိုနေရာကို လှမ်းကြည့်လိုက်သည်။
ငါ့အကြံတွေ ပျက်ပါပြီ...
ဘုရင်ခံကွမ်းလင်၏ အစေခံခွေးက ကျောင်းတော်၏အပေါက်ဝတွင်ရပ်နေပြီး အလွန်ပြုံးဖီးပြနေသည်မှာ သူ့မျက်လုံးကိုပင် မမြင်ရတော့ပေ။
ထို့နောက် ကျင်းပေါင်နှင့်သူ ခေတ္တခဏ အကြည့်ချင်းဆုံသွားသည်။
ရှန်းလျှိုဖုန်းက အနည်းငယ်တုံးအသော်လည်း သူ့မျက်ဝန်းထဲတွင် နားလည်သည့် အရိပ်အယောင်သန်းသွားသည်။
သူ ချောင်းဟန့်လိုက်ပြီး ဘာမှမပြောတော့ပေ။
ကျွင်းဟွိုင်လန်က ကျင်းပေါင်ရပ်နေသည်ကိုမြင်၍ အားလုံးကို သဘောပေါက်သွားသည်။
ရွှယ်ယန်က အနောက်ဘက်ရှိ မြင်းလှည်းပေါ်တွင် ထိုင်နေခြင်းဖြစ်လိမ့်မည်။
ကျွင်းဟွိုင်လန် နှုတ်ခမ်းများ တင်းတင်းစေ့ထားလိုက်သည်။
ကျင်းပေါင်က ရှေ့တိုးလာပြီး ပြုံးပြကာ ပြောလိုက်သည်။
" သခင်လေး တိုက်ဆိုင်လိုက်တာ ... အရှင့်သားကလည်း ယာမန်က ပြန်လာတဲ့အချိန်မို့ ကျောင်းတော်နားက ဖြတ်သွားတာနဲ့ သခင်လေးများ ဒီမှာရှိမလားဝင်ကြည့်တာ... မြင်းလှည်းရပ်လိုက်တာနဲ့ စာသင်ချိန်ပြီးသွားတာက အတော်ပဲဖြစ်သွားတယ်... အရှင့်သားရဲ့ မြင်းလှည်းနဲ့ပဲ တူတူပြန်ချင်လားမသိဘူး..."
သူက ယုတ္တိမဆန်စွာပြောလိုက်ခြင်းသာဖြစ်သည်။ သူ့သခင်က တစ်နေကုန် မပျော်မရွှင်ဖြစ်နေခဲ့ပြီး ယာမန်ကို ခဏသွားပြီးနောက် သခင်လေးကိုစောင့်ရန် ဤနေရာတွင် မြင်းလှည်းကို ရပ်ထားသည်ဟု မပြောလိုက်ပေ။
ကျွင်းဟွိုင်လန်က မြင်းလှည်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းအကြည့်ပြန်လွှဲလိုက်သည်။
" မလိုတော့ပါဘူး... ဖုရိက ဒီနေ့ မြင်းလှည်းစီစဉ်ပေးလိုက်တယ်... ပြီးတော့ ဒီနေ့ သခင်လေးရှန်းနဲ့ သွားစရာလေးရှိလို့ မလိုက်တော့ပါဘူး အရင်ပြန်နှင့်ကြပါ..."
သူ ကျင်းပေါင်ကို ပြုံးပြပြီး ပြောလိုက်သည်။
သူ ယခုအချိန်တွင် အလွန်စိတ်ရှုပ်ထွေးနေ၍ ရွှယ်ယန်နှင့် နှစ်ယောက်တည်းနေရန် မသင့်တော်ဟု တွေးလိုက်မိသည်။
ထိုအကြောင်းတွေးလိုက်သည့်အခါ ရွှယ်ယန်၏ကိုယ်ပေါ်မှ စိတ်တည်ငြိမ်စေသော စန္ဒကူးအနံ့က သူ့ကိုပို၍ စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဟု ထင်လိုက်မိသည်။
ကျင်းပေါင်၏ အမူအရာက ဘာလုပ်ရမည်မသိဖြစ်သွားသည့်ပုံပင်။
" ဒါ..."
ထိုစကားများကိုသာ သူ့သခင်ထံသို့ တဲ့တိုးသွားပြောလိုက်ပါက ထိုနေရာတွင် ဓားနှင့်အထိုးခံရလောက်သည်။
" ဘာဖြစ်လို့လဲ..."
ကျွင်းဟွိုင်လန် သူ့ကိုကြည့်နေသည်။
ကျင်းပေါင်က လိမ္မာပါးနပ်သူဖြစ်၍ သူ့မျက်နှာထက်တွင် သနားစဖွယ်အမူအရာမျိုး ဖြစ်ပေါ်လာသည်။
" သခင်လေး ဘာမှမသိသေးဘူးထင်တယ်..."
သူ့ အသံကိုနှိမ့်လိုက်ပြီး ကျွင်းဟွိုင်လန်ကိုပြောလိုက်သည်။
" ကျွန်တော်တို့ ကျင်းလင်ကိုပြန်ရောက်တာနဲ့ အရှင်က လုပ်စရာကိစ္စတွေ အများကြီးရှိနေတာ... အစောခံတွေ ဖျောင်းဖျတာကိုတောင် နားမထောင်ပဲနဲ့ ယာမန်ကို ဒီနေ့မနက်စောစောထွက်သွားတာ ... နတ်ဆေးသမားတော်ပြောတာတော့ ထိုင်တာကြာရင် အရှင့်ဒဏ်ရာက ပြန်ပွင့်လာနိုင်တယ်တဲ့... အရှင့်ရဲ့ကျောဘက်မှာ သွေးတွေစို့နေတယ်ထင်ပေမယ့် ဒီအစေခံလည်း မမေးရဲလို့ပါ..."
အဲဒါကြောင့်မို့ ကျေးဇူးပြုပြီး သူ့သခင်ကို သနားလိုက်ပါလို့...
သူ့ကျောကုန်းက ဒဏ်ရာက ပွင့်ရုံမကလို့ ပေါက်ပဲထွက်ထွက် ဘာမှမဖြစ်ပေမယ့် သခင်လေးက သူ့ကို တစ်နေကုန်ပစ်ထားရင်တော့ စိတ်မသက်မသာဖြစ်နေတဲ့ခံစားချက်ကြီးက သူ့ကိုသတ်ပစ်တာထက် ပိုဆိုးနေလိမ့်မယ်...
ကျင်းပေါင် ထိုစကားများကိုပြောလိုက်ချိန်တွင် သူ့စိတ်ထဲ၌ ရာနှုန်းပြည့် ယုံကြည်ချက်ရှိနေသည်။
နတ်သားလေးက ဘယ်သူမို့လိုလဲ... သူက တစ်လောကလုံးမှာ အကြင်နာတတ်ဆုံးလေ... အရှင်ကလည်း နေမကောင်းချင်ယောင်ဆောင်လိုက်တာဆိုတော့ သူလည်းစိတ်ပူသွားမှာပဲ... အခု နောက်တစ်ခါထပ်ပြောလိုက်တာဆိုတော့ သူတို့လှည်းနဲ့ လိုက်လာမှာပဲ...
သူထင်ထားသည့်အတိုင်းပင် နတ်သားလေးက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ညစ်သွားသည့်ပုံပင်။
" သခင်လေး..."
ကျင်းပေါင်က သူ့ကိုတမင်တကာခေါ်လိုက်သည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က မျက်လွှာချ၍ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အနက်ရောင်မျက်ဆံများထဲတွင် ဆိတ်ငြိမ်မှုများကို မြင်လိုက်ရသည်။
" ဒါဆိုရင်တော့ မိန်းမစိုးကျင်းပေါင်က အရှင့်ကို ခုလတ်တလောတော့ အင်္ကျီလဲပေးရတော့မှာပဲ... သွေးထွက်နေတယ်ဆိုရင် အရှင့်သားကို တစ်ခြားဆေးလိမ်းပေးလိုက်ပါ..."
ဟမျ ဘာလဲ...
ကျင်းပေါင် ဆွံ့အသွားသည်။
သူ ပါးစပ်ဟပြီး စကားထပ်ပြောတော့မည့်အချိန်တွင် နတ်သားလေးက ရှန်းမိသားစုမှ ငတုံးသခင်လေးကို ခေါင်းငြိမ့်ပြကာ စကားလှမ်းပြောလိုက်သည်ကို တွေ့လိုက်ရသည်။
" လျှိုဖုန်း သွားမယ်လေ..."
ထို့နောက် ကျင်းပေါင်ကိုပြုံးပြပြီး လှည့်ထွက်သွားတော့သည်။
ကျင်းပေါင် ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားသည်။
သွားပြီပေါ့... သူ သွားပြီလား...
သူ အသိစိတ်ပြန်ကပ်ရန် အချိန်အတော်ကြာအောင် ကြိုးစားလိုက်ပြီးမှ တွေဝေမိန်းမောစွာဖြင့် မြင်းလှည်းရှိရာကို ပြန်လာခဲ့လိုက်သည်။
မြင်းလှည်း၏ လိုက်ကာစကို ဖွင့်လိုက်သည်နှင့် အနည်းငယ်နိမ့်နေသော လေထုဖိအားတစ်မျိုးက သူ့မျက်နှာကို လာရောက်ရိုက်ခတ်သည်။
ရေခဲတမျှအေးစက်နေသော တိတ်ဆိတ်မှုက မှုန်မှိုင်းမှိုင်း စန္ဒကူးနံ့နှင့် ရောယှက်နေသည်။
" လူက ဘယ်မှာလဲ..."
သူ့သခင်၏ ဩရှရှအသံကို ကြားလိုက်ရသည်။
" ထွက်သွားပါပြီ..."
လေဖိအားက ပိုမိုနိမ့်ဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်သည်။
" သူ တစ်နေကုန် ကျောင်းတော်မှာပဲနေနေတာ အခုရော ဘယ်သွားပြန်တာလဲ..."
ကျင်းပေါင် ဘယ်လိုလုပ်ပြောရဲတော့မှာလဲ...အခုနေသာ ရှန်းမိသားစုက ငတုံးသခင်လေးနဲ့တူတူ ထွက်သွားပါတယ်လို့ဖြေလိုက်ရင် သူ့သခင်က သူ့ကိုအရင်သတ်ပြီး ရှန်းလျှိုဖုန်းကို လိုက်သတ်တော့မှာ...
သူ ရွှယ်ယန့်ကို တစ်ချက်ခိုးကြည့်လိုက်သည့်အခါ အလွန်အမင်းမျက်နှာပျက်နေသည်ကို မြင်လိုက်ရသည်။
ရွှယ်ယန်ကိုယ်တိုင်ပင် ဘာဖြစ်သွားသည်ကို မသိလိုက်ပေ။
မနေ့ညကအထိ အဆင်ပြေနေပါသေးတယ်...
သူက ဒဏ်ရာကိုအကြောင်းပြု၍ မျိုးစုံ လှည့်စားထားသော်လည်း ကျွင်းဟွိုင်လန်ကိုယ်တိုင်က သူ့ကို လိုက်လျောစွာနေပေးခြင်းဖြစ်သည်။ သို့ရာတွင် သူပြန်သွားပြီး မကြာမီအချိန်၌ ကျွင်းဟွိုင်လန်က မလာနိုင်တော့သည့်အကြောင်း အကြောင်းကြားခဲ့သည်။
ထို့အပြင် သူ့ကို လာမရှာရန်လည်း ပြောခဲ့သည်။
ရွှယ်ယန် နားမလည်နိုင်ဖြစ်နေသည်။ သူ့ဒဏ်ရာပြင်းထန်နေသည်ဟု ဟန်ဆောင်ထားသည်ကို ကျွင်းဟွိုင်လန်သိသွားခြင်းလည်းဖြစ်နိုင်သည်။
အခြားအကြောင်းပြချက်များကို ရွှယ်ယန် မစဉ်းစားနိုင်ပေ။ သို့ဖြစ်၍ မနက်အထိစောင့်ပြီးမှ သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
မမျှော်လင့်ထားသည်မှာ ကျွင်းဟွိုင်လန်က အိမ်မှ မနက်စောစောထွက်သွားပြီး တစ်နေ့လုံးလည်း သူ့ကို မတွေ့ခဲ့ရပေ။
နောက်ဆုံးမှ သူ့ကို ဖမ်းမိသွားတာကို အခု ထွက်သွားတယ်တဲ့လား...
ရွှယ်ယန် သဘောမပေါက်နိုင်ဖြစ်နေသည်။
ထိုအခါမှ ကျင်းပေါင်က သူ့ကိုခိုးကြည့်နေခြင်းအား သိလိုက်သည်။
သူ မျက်လုံးလှန်ကြည့်လိုက်သည့်အခါ အေးစက်စက်အကြည့်များက ကျင်းပေါင်နှင့် အကြည့်ချင်းဆုံသွားသည်။
ကျင်းပေါင် မရဲတရဲဖြင့်ပြောလိုက်သည်။
" အရှင်... သခင်လေးစိတ်ဆိုးအောင် ဘာလုပ်ထားမိလို့လဲ..."
တစ်ကမ္ဘာလုံးမှာ လူဘယ်နှယောက်ကများ သခင်လေးကို ဒီလောက်ရက်စက်သွားအောင် လုပ်နိုင်လို့လဲ....
——
ကျွင်းဟွိုင်လန် ယနေ့တွင် ဝိုင်များစွာသောက်ခဲ့သည်။
သူက ယခင်တည်းက သောက်နိုင်သူဖြစ်၍ အမူးလွန်ခဲသည်။ သို့သော်လည်း ယနေ့တွင် စိတ်မကြည်မလင်ဖြစ်နေ၍ ဝိုင်သောက်ပြီးသည့်အခါ အခြေအနေက ပိုဆိုးလာတော့သည်။
ထို့အပြင် သူ မည်မျှသောက်နိုင်သည်ဖြစ်စေ အလွန်အကျွံသောက်နေခြင်းကြောင့် မူးဝေလာတော့သည်။
ရှန်းလျှိုဖုန်းက အနည်းငယ်ပျော်ရွှင်နေပေသည်။ သမန်နေ့ရက်များတွင်မူ ကျွင်းဟွိုင်လန်က သူ့ကို အမူးမလွန်အောင် သတိပေးနေကျဖြစ်သော်လည်း ယနေ့တွင် စကားတစ်ခွန်းမှမပြောပဲ ဆက်တိုက်သောက်နေသည်။
ထိုညက ကျွင်းဟွိုင်လန် အလွန်မူးသွားပြီး ရှန်းလျှိုဖုန်းကလည်း စားပွဲတွင်မှောက်သည်အထိ အခြေအနေဆိုးသွားသည်။
ကျွင်းဟွိုင်လန်၏ မျက်လုံးများက ရီဝေနေသည်။
ဝိုင်ခွက်ကို လက်တစ်ဖက်ထဲတွင် ကိုင်ထားလျက် စားပွဲခုံပေါ်တွင် မှောက်နေသည့် ရှန်းလျှိုဖုန်းကိုကြည့်ကာ ရယ်လိုက်သည်။
" ငါ သိပ်မသောက်နိုင်တော့ပေမယ့် ထပ်သောက်ချင်သေးတယ်..."
သူ ရှန်းလျှိုဖုန်းကို ပြုံးပြပြီး ပြောလိုက်သည်။
သို့သော်လည်း သူ့အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။
သူ့လက်ထဲမှ ကျောက်စိမ်းဖြူရောင် ဝိုင်ခွက်ကို ကြည့်လိုက်သည်။ ခွက်ထဲမှဝိုင်က ကြည်လင်နေပြီး အလင်းရောင်အောက်တွင် လှိုင်းဂယက်ငယ်လေးများဖြစ်နေသည်။
" ဒီလို မလုပ်သင့်ဘူးဆိုတာသိပေမယ့် ငါသူ့ကို သဘောကျနေတုန်းပဲ... လူသားတစ်ယောက်ဖြစ်ရင်တော့ ဒီလိုရူးနှမ်းမှုတွေကနေ မလွတ်မြောက်နိုင်ဘူးထင်တယ်..."
သူ တစ်ယောက်တည်း ရေရွတ်နေလိုက်သည်။
ခဏတာ ငြိမ်ကျသွားပြီးနောက် ပြုံး၍ ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ကျွင်းဟွိုင်လန်က အလွန်မူးနေပြီဖြစ်သော်လည်း မူးနေသည်ဟု မထင်ရပေ။ သောက်ပြီးသည့်အခါ တဖြည်းဖြည်း ထရပ်လိုက်ပြီးနောက် ရှန်းလျှိုဖုန်းကို မြင်းလှည်းပေါ်တင်လိုက်ရန် ရှန်းမိသားစုမှ အစေခံများကို ပြောလိုက်သည်။ ငွေရှင်းပြီးနောက် ဘုရင်ခံအိမ်တော်သို့ မပြန်မီ ရှန်းလျှိုဖုန်းကို ဦးစွာပို့ပေးလိုက်သည်။
ကျွင်းဟွိုင်လန်ရောက်လာသည်ကို မြင်သောအခါ ရှန်းကျီဖုက သူ့တူက အမြဲတမ်းသောက်စားနေပြီး အရေးကြီးသည့်အရာများကိုမသိ၍ သူလည်း။ဘာလုပ်ရမည်မသိဖြစ်နေကြောင်းလာပြောသည်။
ကျွင်းဟွိုင်လန်က သူ့ကိုနှုတ်ဆက်လိုက်ပြီးနောက် သူ့မြင်းလှည်းပေါ် ပြန်တက်လာခဲ့သည်။
ဤသို့ဖြင့် ကျွင်းဟွိုင်လန်က ဘုရင်ခံစံအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။
ညမှောင်နေပြီဖြစ်၍ သူမူးလာသည်ကို မည်သူမှ သတိမပြုမိကြပေ။ ကျွင်းဟွိုင်လန်က မည်သူမှ တွဲပေးစရာမလိုပဲ ခြံဝင်းထဲသို့ တစ်ယောက်တည်းလျှောက်လာခဲ့သည်။
အိမ်တော်တစ်ခုလုံးက တိတ်ဆိတ်နေသည်။ လူသွားလမ်းနံဘေးရှိ မီးအိမ်မှ အလင်းရောင်က ချောမွေ့သည့် အပြာရောင်ကျောက်တုံးများအပေါ် ရောင်ပြန်ဟပ်နေသည်။
ညနေ့ညတွင် လရောင်မရှိသောကြောင့် ကြယ်များက ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ တောက်ပနေသည်။ လမ်းဘေးရှိ မြက်ခင်းနှင့် သစ်ပင်ပေါ်တို့မှ အင်းဆက်ငယ်လေးများ၏ အသံကိုလည်း ကြားနေရသည်။
ထိုအချိန်တွင် မနီးမဝေး၌ မတ်တပ်ရပ်နေသူတစ်ယောက်ကို ကျွင်းဟွိုင်လန်မြင်လိုက်သည်။
ထိုလူက အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့်၊ ပခုံးကျယ်ကျယ်နှင့် ခြေတံရှည်များရှိသည်။ အဝေးမှ ကြည့်လိုက်သည့်အခါ အစိမ်းရောင်ထင်းရှုးပင်နှင့်ပင် တူနေသည်။
သူက လမ်းဘေးတွင် တိတ်ဆိတ်စွာရပ်နေပြီး သူ့အနားတွင် မည်သူမျှ မရှိပေ။
ကျွင်းဟွိုင်လန်က အရက်မူးနေသော်လည်း သူ့အရိပ်ကိုကြည့်ရုံဖြင့် ထိုလူက ရွှယ်ယန်ဖြစ်ကြောင်း ပြောနိုင်သည်။
ကျွင်းဟွိုင်လန်၏ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
Xxxxx