အပိုင်း ၁၀၅
Viewers 15k

Chapter 105


" သခင်လေး ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား...ဘာလို့ ဒီလောက်တောင် အားမရှိတဲ့ပုံစံဖြစ်နေရတာလဲ..."


ကျွင်းဟွိုင်လန်က  ပြန်ဖြေလိုက်သော်လည်း သူ့အသံက အက်ကွဲနေသည်။


" ဘာမှ မဖြစ်ပါဘူး..."


 " သခင်လေးလက်ထဲက ဘာလေးလဲ..."


ဖုရိက ကျွင်းဟွိုင်လန်၏လက်ထဲမှ စာရွက်ကိုမြင်လိုက်သည်။ ထိုစာရွက်ကို လုံးချေထားသည်ကို မြင်လိုက်ရသည့်အခါ အလျင်အမြန် မေးလိုက်သည်။


" ကျွန်တော် လွှင့်ပစ်ပေးရမလား..."


ကျွင်းဟွိုင်လန်က စာရွက်ကို ပို၍တင်းကြပ်အောင် ဆုပ်ထားလိုက်သည်။


" မလိုဘူးရတယ်..."


   ဖုရိက သူ့စိတ်အခြေအနေမကောင်းသည်ကိုသိ၍ ဘာမှထပ်မပြောတော့ပေ။ သို့ရာတွင် သူက သခင်လေးကို စိတ်ပူနေဆဲဖြစ်သည်။ သူအိမ်မက်ဆိုးများ မက်ခဲ့သောကြောင့်သာ မူမမှန်ဖြစ်နေရခြင်းဟု ထင်လိုက်သည်။


ထိုသို့ဖြစ်ပါက သူအာရုံပြောင်းရန် တစ်ခုခု ပြောရတော့မည်ဖြစ်သည်။


ဖုရိ အသည်းအသန်စဉ်းစားလိုက်သည့်အခါ ယနေ့မနက်တွင် ကျင်းပေါင်နှင့် စင်္ကြန်တွင်တွေ့ခဲ့သည်ကို သတိရသွားသည်။


ဟုတ်သားပဲ... သခင်လေးက ဘုရင်ခံကွမ်းလင်နဲ့ ဆက်ဆံရေးကောင်းတာပဲ...


ဖုရိ အလျင်အမြန်ပြောလိုက်သည်။


" သခင်လေး စကားမစပ် ဒီနေ့မနက်က ကျွန်တော် မိန်းမစိုးကျင်းပေါင်နဲ့ တွေ့ခဲ့တယ်..."


ကျွင်းဟွိုင်လန်၏ မျက်တောင်များ အနည်းငယ်လှုပ်ရှားသွားသည်။ 


ထို့နောက် ဖုရိ ဆက်ပြောသည်ကို သူကြားလိုက်သည်။


 " မိန်းမစိုးကျင်းပေါင်ပြောတာတော့ အရှင့်သားက အထွေထွေကိစ္စတွေနဲ့ အရမ်းအလုပ်များနေလို့ နေမကောင်းတဲ့ကြားက ယာမန်ကို မနက်စောစောထွက်သွားတယ်တဲ့... သူကိုယ်တိုင်ကလည်း သူ့သခင်ကို ဖျောင်းဖျလို့မရတော့ စိတ်ပူနေတယ်တဲ့ တကယ်လို့ သခင်လေး အချိန်ရရင် အရှင့်သားကိုဖျောင်းဖျပေးပါဦးလို့ မှာလိုက်ပါတယ်..."


ကျွင်းဟွိုင်လန် ခေါင်းငုံ့သွားပြီး ခဏတာ စကား‌မပြောနိုင်တော့ပေ။ 


ဖုရိ ပဟေဠိဖြစ်သွားမိသည်။

" သခင်လေး..."


ကျွင်းဟွိုင်လန် အကြည့်လွှဲလိုက်သည်ကိုမြင်၍ သူ လေသံအေးအေးလေးဖြင့် ပြောလိုက်သည်။


" သခင်လေး ဒီနေ့ကျောင်းတော်ကို မသွားဘူးလား..."


ကျောင်းတော်ကို သွားရမယ်တဲ့လား...


ဖုရိ ကြောင်အနေမိသည်။ သခင်လေးက ကျောင်းတော်သို့ မသွားရသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။


ပြီးတော့ သခင်လေးက မနေ့ညကမှ ကျင်းလင်ကို ပြန်ရောက်တာဆိုတော့ စာလေ့လာချင်နေလွန်းလို့များ အိမ်တော်မှာ ဒီနေ့ အနားမယူတာလား...


သခင်လေးက ဒီနှစ်လည်း နန်းတွင်းစာမေးပွဲမဖြေသေးပါဘူး...


ဖုရိ ‌နားမလည်နိုင်ဖြစ်နေသော်လည်း မမေးရဲပေ။ 


သခင်လေးနှင့် အရှင့်သားအကြားတွင် တစ်ခုခုဖြစ်ပျက်ထားပြီး ထိုအရာက စိတ်မချမ်းမြေ့စရာကိစ္စတစ်ခုခု ဖြစ်နိုင်သည်ဟုသာ အာရုံရနေမိသည်။

    

သူ ထပ်မမေးဝောာ့ ကျွင်းဟွိုင်လန် အိပ်ရာမှထလာသည်ကိုသာ စောင့်နေလိုက်ပြီး သူ့အတွက် မနက်စာစီစဉ်ပေးလိုက်သည်။


ကျောင်းတော်တွင် မနက်ပိုင်းစာသင်ချိန်က မများလှပေ။ သို့ဖြစ်၍ ကျောင်းသားများက မနက်စာအေးဆေးစားနိုင်ပြီး ကျောင်းတော်သို့မလာမီ ယာမန် သို့မဟုတ် ဆည်အနားတစ်ဝိုက်သို့ သွားရောက်နိုင်ပေသည်။


သို့ရာတွင် ယနေ့၌ သခင်လေးက မနက်စာများများမစားပေ။ ဆန်ပြုတ်ပန်းကန်တစ်ဝက်ကိုသာစားပြီးနောက် အလျင်အမြန်ထွက်သွားသည်။


အမြဲတစေ ကျောင်းတော်သို့ လမ်းလျှောက်သွားလေ့ရှိသည့် သခင်လေးက တစ်ယောက်ယောက်ကို မြင်းလှည်းပြင်ဆင်ခိုင်းလိုက်ပေသည်။


တကယ်ကို မူမမှန်တာပဲ...


သူ့သခင်လေးက နှလုံးသားနူးညံ့သူဖြစ်သော်လည်း တစ်ဖြောင့်တည်းသာတွေးခေါ်တတ်သူဖြစ်သည်။ သူ ပို၍ မူမမှန်ဖြစ်စေ သူ့ကိုပို၍ မဖျောင်းဖျရဲလေဖြစ်သောကြောင့် သူ့သခင်လေး၏ညွှန်ကြားချက်အတိုင်း မြင်းလှည်းတစ်စီးစီစဉ်ပေးလိုက်သည်။


ကျွင်းဟွိုင်လန်က မြင်းလှည်းဖြင့် ဘုရင်ခံအိမ်တော်မှ အမြန်ထွက်ခွာသွားသည်။


အိမ်တော်နှင့် ခပ်လှမ်းလှမ်းသို့ရောက်မှသာ မြင်းလှည်းပေါ်တွင် တစ်ယောက်တည်းထိုင်နေသည့် ကျွင်းဟွိုင်လန်က စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး မျက်လုံးများမှိတ်လိုက်သည်။


သူ့အတွေးများက ယုတ္တိမရှိလွန်းသည်ကို သူသိသည်။


အဲ့စာအုပ်က ဘယ်လိုဖြစ်ပြီး အတုအယောင်ဖြစ်နိုင်မှာလဲ... အဲဒါကို သူသေပြီးတဲ့အချိန်မှ မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရပြီးတော့ စာရွက်အပိုင်းလေးတစ်ခုကိုတောင် သူကိုယ်တိုင်ဖြဲယူလာခဲ့သေးတာပဲလေ...


ကျွင်းဟွိုင်လန်လက်မြှောက်ပြီး သူ့နဖူးကိုပွတ်လိုက်သည်။


ထိုအချိန်တွင် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။


စာအုပ်ကို ရေးထားသည့်လူက  "သူ" ဟု သုံးနှုန်းထားသည်ကို သူသတိရသွားသည်။

    

ထိုစာအုပ်က သူ့ညီမနှင့် ရွှယ်ယန်၏ အတ္ထုပ္ပတ္တိအကြောင်းရေးထားသည်နှင့် တူသော်လည်း တစ်ချိန်တည်းမှာပင် အတ္ထုပ္ပတ္တိနှင့်မတူပဲ ပုံပြင်စာအုပ်နှင့် တူနေပြန်သည်။


ကျွင်းဟွိုင်လန် သဘောမပေါက်နိုင်တော့ပေ။


နတ်ဘုရားများက သေမျိုးများ၏ ကံကြမ္မာများကို မည်သို့ဖန်တီးကြောင်း မသိသဖြင့် သူ့လက်ထဲတွင်ကိုင်ထားသည်က မည်သည့်အရာဖြစ်ကြောင်း မသိနိုင်ပေ။


ဒါပေမဲ့ ဒါက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် နတ်ဘုရားတစ်ယောက်ရဲ့လက်ထဲမှာရှိတဲ့စာအုပ်မှာ သေမျိုးဖြစ်တဲ့ ရွှယ်ယန့်နာမည်က ဘာလို့ပါနေရတာလဲ...


ထိုစာအုပ်အပေါ် သူ့သံသယများက ‌အခြေအမြစ်မရှိသည်ကို ကျွင်းဟွိုင်လန်သိသော်လည်း ထိုအတွေးများကို ရင်ထဲမှ မဖျောက်ဖျက်ပစ်နိုင်ပေ။ 


ကျွင်းဟွိုင်လန် မှင်သက်ငေးမောနေမိပြီး ရွှယ်ယန့်အတွက် ကောင်းကင်ပေါ်မှ နတ်ဘုရားများကို မေးခွန်းထုတ်ရမည်ဟု ထင်နေမိသည်။


သူ စိတ်ငြိမ်ငြိမ်ထားရန် လိုအပ်နေသည်။


သို့ဖြစ်၍ ကျောင်းတော်သို့ မနက်စောစောရောက်သွားသည့်အခါ ကျွင်းဟွိုင်လန်က စာသင်ခန်းထဲဝင်သွားပြီး မနက်စောစောအိပ်ရာထနေသူများနှင့် စာလေ့လာနေလိုက်သည်။


သာမန်အချိန်များတွင်လည်း ဤနည်းလမ်းကိုသာသုံးပြီး စိတ်ငြိမ်အောင်ပြုလုပ်ခြင်းဖြစ်သည်။


သို့ရာတွင် ယနေ့၌ ဤနည်းလမ်းက အသုံးမဝင်ပေ။  သူ့ဘေးနားမှ စာဖတ်သံများကိုကြားရသည့်အခါတွင်လည်း နားငြီးသည်ဟု ခံစားမိလာသည်။ သူ့လက်ထဲတွင်ကိုင်ထားသော ကွန်ဖြူးရှပ်၏ ဂန္ဓဝင်စာအုပ်များက သူနှလုံးသားနှင့် ဆီလျော်မှု မရှိသကဲ့သို့ ထင်ရသည်။


ကျွင်းဟွိုင်လန် သူ့လက်ချောင်းများကို စိုးရိမ်တကြီးဖြင့် ခပ်တင်းတင်းဆုပ်ထားလိုက်သည်။ 


ထိုအချိန်တွင် သူ့ပခုံးကို လာပုတ်ခံလိုက်ရသည်။


" ဟွိုင်လန်..." 

သူ လှည့်ကြည့်လိုက်သည့်အခါ ရှန်းလျှိုဖုန်းက သူ့ဘေးနားတွင်ရပ်နေပြီး သွားများအားလုံးပေါ်အောင် ပြုံးပြနေသည်ကို မြင်လိုက်ရသည်။


" လျှိုဖုန်း..."

ကျွင်းဟွိုင်လန် စာအုပ်ကိုချထားလိုက်ပြီး သူ့ကို တွန့်ဆုတ်စွာဖြင့် ပြုံးပြလိုက်သည်။


" ဒီနေ့ ဘာလို့အစောကြီးရောက်နေတာလဲ..."

ရှန်းလျှိုဖုန်းက သတိမပြုမိပဲ သူ့ကိုပြုံးပြနေဆဲဖြစ်သည်။


" ငါ့အိမ်တော်ကလူတွေက မနက်ခင်းလက်ဖက်ရည် ယူလာပေးကြတယ်လေ... အဲဒါနဲ့ မနက်စာစားပြီးတော့မှ စာဖတ်မလို့ကို စာသင်ခန်းရှေ့ကဖြတ်လာတော့ မင်းနဲ့တွေ့မယ် မထင်ထားဘူး... ငါနဲ့တူတူ မနက်စာစားလေ..."


ကျွင်းဟွိုင်လန်က အခန်းထဲတွင် စိတ်မပါစွာဖြင့်သာ စာဖတ်နေရခြင်းဖြစ်၍ သူဖိတ်ကြားသည့်အခါတွင်လည်း ငြင်းဆန်မနေတော့ပေ။


ရှန်းလျှိုဖုန်းက အမြဲတစေ တက်ကြွပြီး စကားများသူဖြစ်၍ သူ့ခံစားချက်များကို မျှဝေချင်နေသည်။


သို့ဖြစ်၍ သူတို့နှစ်ယောက်က ကျောင်းတော်၏နောက်ဘက်မှ အဆောင်ငယ်လေးတစ်ခုရှိရာသို့ သွားကြသည်။


ထိုအဆောင်လေးကို ကြာကန်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရံဖန်ရံခါတွင် ကျောင်းသားများက ဤနေရာသို့လာရောက်ကာ ကဗျာရွတ်ဆိုလေ့ရှိကြသည်။ ယခုအချိန်တွင်မူ ကျောင်းသားအားလုံးက စာသင်ခန်းများထဲတွင် စာသင်ရမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဖြစ်သည်။ ရှန်းလျှိုဖုန်းကလည်း စိတ်မရှည်လက်မရှည်ဖြစ်နေ၍ ဤတစ်ချိန်ကို အနားယူလိုက်ပြီး သရေစာစားရန် ထွက်လာကြခြင်းဖြစ်သည်။


" မင်း ငါနဲ့တူတူလိုက်လာမယ်လို့တောင် မထင်ထားဘူး..."


ရှန်းလျှိုဖုန်းက အစေခံနှစ်ယောက်ကို စားစရာများ ထုတ်ခိုင်းလိုက်ပြီး ယပ်တောင်ကိုဖြန့်၍ တဖျတ်ဖျတ်ခတ်နေလျက်နှင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က ဘာစကားမှမပြောပဲ ခေါင်းငြိမ့်ပြလိုက်သည်။


ရှန်းလျှိုဖုန်းက အချိန်အတန်ကြာသည်အထိ လွန်ခဲ့သည့်နှစ်ရက်မှ ကိစ္စရပ်များအကြောင်းကိုပါ တတွတ်တွတ်ပြောနေသည်။


ကျွင်းဟွိုင်လန်က တစ်ခုချင်းစီ ပြန်‌တုံ့ပြန်ပေးနေသည်။


ခဏအကြာတွင် ရှန်းလျှိုဖုန်းက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသွားသည်။


" ဟွိုင်လန်... မနေ့ညက ဘာဖြစ်ခဲ့လို့လဲ..."


ကျွင်းဟွိုင်လန် ထိတ်လန့်သွားသည်။

" ဟမ်..."


" မင်း ဒီနေ့ စိတ်မပျော်ဘူးလို့ ငါထင်နေလို့..."


ကျွင်းဟွိုင်လန် ငြိမ်ကျသွားသည်။


ရှန်းလျှိုဖုန်း၏ မှန်းဆချက်များကို အတည်ပြုပြီးသားဖြစ်သွားသည်။


ကျွင်းဟွိုင်လန်နှင့် ခင်မင်ရင်းနှီးပြီးသည့်အချိန်မှစ၍ ထိုသို့ဖြစ်နေသည်ကို သူမမြင်ဖူးခဲ့ပေ။ ကျွင်းဟွိုင်လန်က စိတ်ထားကောင်းပြီး နှလုံးသားလှသူဖြစ်သည်။ ကိစ္စတစ်စုံတစ်ရာကြောင့် စိတ်ညစ်နေသည်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။


ရှန်းလျှိုဖုန်းက ရှေ့ကိုအမြန်တိုးလာပြီး မေးလိုက်သည်။

" ဘာဖြစ်လို့လဲ... ငါကူညီပေးလို့ရလား..."


ကျွင်းဟွိုင်လန် နှုတ်ခမ်းများတင်းတင်းစေ့ထားသည်။

    

သူက အခြားလူများအတွက် ပြဿနာများကိုသာ ဖြေရှင်းပေးနေကြဖြစ်သည်။ သူ့ပြဿနာများကိုလည်း သူကိုယ်တိုင်ဖြေရှင်းနေကျဖြစ်၍ ထိုကိစ္စကို မပြောချင်ဖြစ်နေမိသည်။


သို့သော် ယခုချိန်၌ သူဘာလုပ်ရမည်မသိဖြစ်နေသည်။


သူ ရှန်းလျှိုဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး အချိန်အတန်ကြာသည်အထိ ငြိမ်နေပြီးမှ ပြောလိုက်သည်။


" တကယ်လို့ မင်းကို တစ်ယောက်ယောက်က အလွန်အကျွံဖြစ်တဲ့ ကိစ္စတစ်ခုခုလုပ်ထားတယ်လို့ နောက်ထပ်တစ်ယောက်ယောက်က မင်းကိုပြောလာရင် ဘယ်လိုလုပ်မလဲ..."


ရှန်းလျှိုဖုန်း ပြောစရာစကားမဲ့သွားသည်။


ဒါ ဘယ်လိုပြဿနာကြီးလဲ... တစ်ယောက်ယောက်က ဟွိုင်လန့်ကို မကောင်းပြောလို့လား...


သူက ပြောသင့်ပြောထိုက်သည့်အတိုင်းသာ ပြန်ဖြေလိုက်သည်။


" အဲ့လူက ယုံရလား... တကယ်လို့ မယုံရဘူးဆိုရင်တော့ သူ့ကိုလျစ်လျှူရှု့ထားလိုက်"


ကျွင်းဟွိုင်လန် မျက်လွှာချလိုက်သည်။


" သူက အရမ်းယုံရတဲ့သူ... သူ ပြောသမျှအကြောင်းတိုင်းက မှန်တယ်... ဒါပေမဲ့ ငါမယုံနိုင်ဖြစ်နေတာ... အဲ့ဒါက အမှန်တရားဖြစ်နေတာကိုသိပေမယ့် ငါကိုယ်တိုင်ကိုက အမှန်လို့ လက်မခံနိုင်တာ..."


ယပ်တောင် တဖျတ်ဖျတ်ခတ်နေသည့် ရှန်းလျှိုဖုန်း၏လက်များ ရပ်တန့်သွားသည်။


" ဒါဆိုရင် သူပြောတဲ့ကိစ္စတွေက အရေးကြီးလား..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


အရမ်းအရေးကြီးတာပေါ့...


အရင်ဘဝက ရွှယ်ယန်နဲ့ဟွိုင်လန်မှာ ဘယ်လိုကိစ္စမျိုးတွေဖြစ်ခဲ့တယ်ဆိုတာ သိရဲ့သားနဲ့ ဒီဘဝမှာ ရွှယ်ယန့်ကို ခံစားချက်တွေ ရှိနေမိတယ်ဆိုရင် တစ်ဘဝလုံး သူ့ကိုယ်သူ စက်ဆုပ်နေတော့မှာ...


သူ ဒီဘဝမှာ ပြန်လည်မွေးဖွားလာပြီးတော့ အရင်ဘဝက ရွှယ်ယန် သူ့ညီမကို လုပ်ခဲ့တာတွေအတွက် မုန်းတီးနေသင့်ပြီး သူ့ကိုအမြန်ရှင်းထုတ်ပစ်ရမှာကိုတောင်မှ စိတ်ရှုပ်ထွေးပြီး သူ့ကို ကြိုက်သွားသင့်တယ်တဲ့ သူ ဘယ်လိုလူမျိုးဖြစ်လာတာလဲ...


ကျွင်းဟွိုင်လန်၏ မျက်လုံးများက မည်းမှောင်သွားသည်။


ထိုအချိန်တွင် ရှန်းလျှိုဖုန်းက သူ့ယပ်တောင်ကို ဖျတ်ခနဲပိတ်လိုက်သည်ကို ကြားလိုက်ရသည်။


" ငါသိပြီ မြင်ရတာကိုပဲ ယုံတာပဲ... အဲ့လူရဲ့စကားတွေက တိကျတယ်ဆိုရင်တောင် သူ မယုံဘူးလို့ အာမခံနိုင်လို့လား...မင်းက မျက်စိနဲ့မြင်ရတဲ့အရာကိုပဲ ယုံနေတာပဲ..."


သူက ကျောက်တုံးစားပွဲကို လက်တစ်ဖက်ဖြင့်ထောက်ကာ ပြောလိုက်သည်။


ကျွင်းဟွိုင်လန် ရင်ခုန်သွားမိသည်။


ဟုတ်တယ်... ရွှယ်ယန်က အဲ့လိုလူမျိုးမဟုတ်ဘူးလို့ အမြဲတမ်းခံစားနေရလို့ သူ့စိတ်ထဲ စည်းချက်မကျဖြစ်နေတာပဲ...    


ယခင်ဘဝတွင် ရွှယ်ယန်နှင့် ဆက်နွယ်မှုမရှိခဲ့၍ စာအုပ်ထဲတွင် ရေးထားသမျှအရာတိုင်းကို ယုံကြည်နေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူနှင့် အချိန်အတော်ကြာ သိကျွမ်းလာပြီးသည့်အခါ ရွှယ်ယန့်ကို အလွန်ဂရုမစိုက်မိသော်လည်း အလွန်ယုံကြည်လာခဲ့သည်။


သူက အရင်ဘဝမှာ အကာအကွယ်မဲ့နေတဲ့ ကလေးမလေးတစ်ယောက်ကို ဘာကြောင့်အဲ့လိုလုပ်မှာလဲ...


ရှန်းလျှိုဖုန်း ရုတ်တရက် ရယ်လိုက်သည်။

" ငါ မင်းကို တခြားနည်းလမ်းတစ်ခု သင်ပေးမယ်..."


‌" ပြောပြပါဦး..."


" အဲ့လူက တစ်ယောက်ယောက် လုပ်ထားတာ ဟုတ်လား မဟုတ်လား မင်းသိချင်တာမလား... အဲဒါဆိုရင် အဲ့လိုအခြေအနေမျိုးဖြစ်အောင် ပြန်ဖန်တီးလိုက်ပြီးတော့ အဲ့လူက မင်းကြားထားတဲ့လူမျိုးဟုတ်မဟုတ် ကိုယ့်မျက်လုံးနဲ့ တပ်အပ်မြင်အောင်လုပ်လိုက်ပေါ့..."


ထိုစကားကိုကြားသည့်အခါ ကျွင်းဟွိုင်လန် ပြုံးပြလိုက်သော်လည်း အနည်းငယ် ကိုးရို့ကားယားဖြစ်သွားမိသည်။


အဲ့လိုအခြေအနေမျိုးဖြစ်အောင် ပြန်ဖန်တီးရမှာလား...


လင်ဟွမ်ကို အဲလိုအဖြစ်မျိုး ပြန်ဖြစ်ခိုင်းလို့မှ မရတာ... ပြီးတော့ ဒီဘဝမှာ သူတို့နှစ်ယောက် နီးစပ်လာမှာကို အစပိုင်းတည်းက သူက ဖြတ်တောက်ပစ်ခဲ့တာပဲ... လင်ဟွမ်က ရွှယ်ယန့်ကို အရင်ဘဝကလိုမျိုး သနားခဲ့တာမှမဟုတ်တာ...ပြီးတော့ သူ့က်ိုတောင် နည်းနည်းဆန့်ကျင်တဲ့ပုံစံ ဖြစ်နေသေးတယ်...


ကျွင်းဟွိုင်လန် ရုတ်ချည်း အံ့အားသင့်သွားမိသည်။


ဤဘဝတွင် ရွှယ်ယန့်ကို စာနာမှုနှင့်ကြင်နာမှုများ ပေးခဲ့သည့်လူမှာ သူကိုယ်တိုင်ဖြစ်နေသည်။


တကယ်လို့ သူက ဒီဘဝမှာ ရွှယ်ယန့်ကို ဆန့်ကျင်ခဲ့မိရင် အရင်ဘဝတုန်းကနဲ့ တစ်ထပ်တည်းဖြစ်လာမှာလား...

    

ကျွင်းဟွိုင်လန်၏မျက်လုံးများ ရုတ်ချည်းမည်းနက်သွားရသည်။


သူက ယောက်ျားလေးတစ်ယောက်လေ... ရွှယ်ယန်ကသူ့ကို ဒီကိစ္စမျိုး လုပ်ပါ့မလား...


သူ့ရင်ထဲတွင် တင်းကြပ်လာမိပြီး ယခင်ကထက်ပို၍ စိတ်မသက်မသာဖြစ်လာမိသည်။


Xxxxx