အပိုင်း ၁၀၄
Viewers 15k

Chapter 104


ရှန်တုန်းဘုရင်ခံနေရာက လစ်လပ်နေသည့်အတွက် ရှုမိသားစုက လူသိနည်းသောအရာရှိတစ်ယောက်ကို ထိုနေရာအတွက် ထောက်ခံပေးထားသည်။ ထိုရာထူးနေရာကြောင့် ရှုမိသားစုနှင့် ကျန်းမိသားစုအကြားတွင် အငြင်းပွားဖွယ်ရာဖြစ်နေသည်။ ဧကရာဇ်မှာ မူလက တွန့်ဆုတ်နေခဲ့သည်။ သို့ရာတွင် ထိုအချိန်၌ ရှုမိသားစုဘက်မှ နောက်ခံမရှိသည့် အမှုထမ်းတစ်ယောက်ကို အကြံပြုလာသည့်အခါ ချက်ချင်းသဘောတူလိုက်သည်။


ထိုအမှုထမ်းက ထူးချွန်ပြောင်မြောက်သည့် ဝိသေသလက္ခဏာများ မရှိသော်လည်း သူ့မိသားစုက ချမ်းသာသည်။ သူတို့က ရှုမိသားစုကို ငွေပမာဏများများပေး၍ ထိုရာထူးကို ဝယ်လိုက်ခြင်းသာဖြစ်သည်။


ရွှယ်ယန့်၏အကြည့်က ထိုနေရာတွင် ရပ်တန့်သွားသည်။


ရှုမိသားစုက ငွေကြေးချို့တဲ့နေလို့လား...


ရွှယ်ယန် ဤရာထူးကို လက်ခံလိုက်ချိန်တည်းက ရှုမိသားစုမှယခင်ကဲ့သို့မတည်ငြိမ်တော့ပဲ အင်အားစုကြီးတစ်ခုလုံးက သူ့ကြောင့်ကမောက်ကမ ဖြစ်သွားခဲ့ရသည်ကို သူသိသည်။


ရှုမိသားစုမှသမီးဖြစ်သူ ယီကျဲယွီက မရှိတော့၍ ရှုရှန့်နှင့် သူ့သားများကလည်း ယခင်ကလောက် နေရာမရတော့ပေ။ သို့ဖြစ်၍ တစ်ဦးတည်းသောမြေးဖြစ်သူကို တောင်ပိုင်းသို့ သွားခိုင်းလိုက်ပြီးမှ တစ်ယောက်ယောက်နှင့် ပြန်ခေါ်ခိုင်းလိုက်သည်။


ထိုသို့ဖြစ်သော်လည်း ရှုမိသားစုက စီးပွားရေးပြေလည်ပြီး အခြေခံအုတ်မြစ်ကောင်းများရှိသူဖြစ်၍ ငွေကိစ္စတစ်ခုတည်းကြောင့်နှင့် ကျန်းမိသားစုနှင့် ကစားပွဲကို လက်လျှော့မည်မဟုတ်ပေ။


သို့ဖြစ်၍ ဖြစ်နိုင်ချေက တစ်ခုတည်းသာရှိတော့သည်။


ထိုအမှုထမ်းကို သူတို့က အနာဂတ်တွင် အသုံးချနိုင်ရန်ဖြစ်ပြီး ရှုမိသားစုကလည်း ငွေကြေးအင်အား အမှန်တကယ် လျော့နည်းနေချိန်ဖြစ်၍ အပေးအယူသဘောဖြင့် ပြုလုပ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။


ရွှယ်ယန် နောက်တစ်မျက်နှာကိုလှန်လိုက်သည်။


ဧကရာဇ်ချင်းဖျင်က ယုံနင်ရုံးတော်မှ လျှောက်တင်လွှာတစ်ခုကို ရရှိခဲ့၍ ထိုကိစ္စကို အလေးအနက်ထားပြီး အမတ်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။ ထူးဆန်းသည်မှာ ရှုမိသားစုက ထိုကိစ္စကို လုံးဝမကန့်ကွက်ခဲ့ပေ။ ယန်ဇီမြစ်တောင်ပိုင်းကို ရေကြီးရေလျှံခြင်းမှကာကွယ်ရန် ဘဏ္ဍာငွေအချို့ဝေခြမ်းပေးခြင်းကို ထောက်ခံခဲ့သည်။


ဧကရာဇ်ချင်းဖျင်က သဘောတူညီခဲ့သည်။ ထို့နောက် ရှုမိသားစုမှ အမှုထမ်းများက ပြန်သွားခဲ့ပြီး လျှို့ဝှက်စာတစ်စောင်ကို ပို့ခဲ့သည်။


တုန်းချန်က ချန်အန်းမြို့တွင်သာ အာဏာသက်ရောက်မှုရှိခြင်းဖြစ်၍ ထိုလျှို့ဝှက်စာကို မည်သည့်နေရာသို့ ပို့လိုက်ကြောင်းကို သူတို့မသိကြပေ။


ရွှယ်ယန်၏နှုတ်ခမ်းများ‌ ကွေးညွတ်သွားသည်။


ထိုလျှို့ဝှက်စာ မည်သည့်နေရာကိုရောက်သွားသည်ကို သူခန့်မှန်းနိုင်ပေသည်။


ထိုစာကို ကျန်းနန်မှ ကောရုန်ဝမ်ဆီသို့ ပို့လိုက်ခြင်းသာ ဖြစ်ပေမည်။


ထိုလူက ဘဏ္ဍာရေးဌာနမှထွက်လာခဲ့ပြီး ယုံနင်အိမ်တော်ကို စီမံခန့်ခွဲပေးနေရသူ ဖြစ်နိုင်သည်။ မြို့စားမင်းယုံနင်က သူ့ကိုကောင်းကောင်းဆက်ဆံပြီး ယုံကြည်သူဖြစ်၍ အိမ်တော်၏ကိစ္စများနှင့် ငွေစာရင်းကိစ္စများကိုပါ အပ်နှံထားမည်မှာ သဘာဝဖြစ်သည်။


သို့ဖြစ်၍ ထိုလူက လုပ်ချင်ရာလုပ်နေနိုင်သည်။


ရှုမိသားစုက ငွေရဖို့အတွက် ဘာလို့ အသည်းအသန်လုပ်နေရတယ်ဆိုတာပဲ...


ရွှယ်ယန် ခပ်ထေ့ထေ့ပြုံးလိုက်သည်။


" ကြည့်ရတာ တုန်းချန်က ရှုမိသားစုကိုတော့ ကြောက်ရသေးတဲ့ပုံပဲ... ယီကျဲယွီသေသွားတာတောင်မှ သူတို့ စိတ်အေးလက်အေး မနေနိုင်ဘူး..."


စာကို စားပွဲပေါ် ပြန်တင်လိုက်ပြီးနောက် လက်ညှိုးဖြင့်ခေါက်နေသည်။


" သူတို့ကို ငါ့လက်နဲ့ သတ်ပစ်ချင်နေတာပဲ... အဲဒါမှ နောက်ကွယ်မှာ သူတို့ရှိတယ်ဆိုတာကို မသိမှာပေါ့လေ..."


တုန်းချန်မှလူများက ကိုယ်လုပ်တော်ရုန်ကို သတ်ခဲ့သည့်အကြောင်း ရွှယ်ယန် သိရှိခဲ့ပြီးဖြစ်သည်။


သူတို့က ရွှယ်ယန့်ကိုတစ်ချိန်လုံး ဂရုမစိုက်ခဲ့သော်လည်း ပြန်လည်ဆုံတွေ့ခဲ့ချိန်တွင် ထိုမိန်းမစိုးများက သူ့ကိုလှည့်စားရန် ကြိုးစားခဲ့သေးသည်။


ရွှယ်ယန် သက်ပြင်းခပ်ဖွဖွချလိုက်သည်။


" သွမ့်ရှီးရှီး... အလုပ်ကောင်းကောင်းလုပ်ပါ... ငါတို့ ဒီနှစ် ချန်အန်းကို ပြန်ရောက်ရင် သွမ့်ချုံးရဲ့ခေါင်းက မင်းအတွက်ပဲ..."


အမှောင်ထဲတွင်ရပ်နေသည့် သွမ့်ရှီးရှီးက ဓားကိုမြှောက်၍ အမိန့်နာခံလိုက်သည်။


ရွှယ်ယန်က နောက်ထပ်စာတစ်စောင်ကို ယူကြည့်လိုက်သည်။


ထိုစာကို သွမ့်ရှီးရှီး ယူလာပေးခဲ့ခြင်းဖြစ်သည်။ သူက လွန်ခဲ့သည့်ရက်အနည်းငယ်တည်းက  သွမ့်ရှီးရှီးကို ကျင်းလင်သို့ ကြိုပြန်ခိုင်းခဲ့သည်။


သူတို့အားလုံးမရှိချိန်တွင် ကောရုန်ဝမ်က ခြေလက်များကို အလွန်လှုပ်ရှားထားခဲ့သည့်ပုံပေါ်သည်။


ရှုမိသားစုမှသခင်လေးကို ပြဿနာရှာရန် သွမ့်ရှီးရှီးကို ပြောပြထားခဲ့သည်။ သွမ့်ရှီးရှီးကလည်း မပြတ်မသားမလုပ်ပေ။  သခင်လေးမှာ ‌မကြာမီအချိန်မှာပင် လောင်းကစားအကြွေးများကြောင့် တရားစွဲခံရတော့သည်။ ရှုစုန့်အန်းက ကျင်းလင်တွင် တစ်ယောက်တည်းရောက်နေခြင်းဖြစ်၍ အိမ်တော်မှ ငွေတောင်းခံရန် အဆင်မပြေသောကြောင့် သူ့ဖခင်၏လက်ပါးစေများကို ရှာဖွေရတော့သည်။


ထိုလူက ကောရုန်ဝမ်ဖြစ်သည်။


ကောရုန်ဝမ်က အမှုထမ်းငယ်တစ်ယောက်သာ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ရှုမိသားစုကို နောက်ကွယ်မှထောက်ပံ့ပေးပြီး သူတို့လက်အောက်ထဲ ဝင်လာခြင်းဖြစ်သည်။ ရှုမိသားစုတွင်  သခင်လေးတစ်ယောက်သာရှိ၍ သူ့ကိုမစော်ကားရဲပေ။ သို့ဖြစ်၍ ရှုသခင်လေး ငွေကြေးလိုအပ်ချိန်တိုင်း သူက သွားရောက်ပို့ဆောင်ပေးလေ့ရှိသည်။


သို့ရာတွင် ၎င်းက သူ့လွှမ်းမိုးမှုအောက်တွင် လုပ်ကိုင်နိုင်သောကိစ္စများဖြစ်၍ ခြေရာလက်ရာ မကျန်ရစ်ခဲ့ပေ။

    

ရွှယ်ယန် လိုအပ်သည်ကလည်း ခြေရာလက်ရာများမဟုတ်ပေ။


ယခုအချိန်တွင် ကောရုန်ဝမ်၏လက်ထဲ၌ ငွေပိုမရှိဖြစ်နေသည်။ သို့ဖြစ်၍ သခင်လေးရှုက ငွေထပ်မံတောင်းလာသည့်အခါ စွန့်စားရုံသာတတ်နိုင်တော့သည်။


စွန့်စားလိုက်သည်နှင့် ကိစ္စတိုင်းက ကိုင်တွယ်မရဖြစ်လာပြီး ခြေရာလက်ရာများ ပေါ်လာနိုင်ပေသည်။


ရွှယ်ယန်က ထိုသို့ဖြစ်ရန်သာ အလိုရှိခြင်းဖြစ်သည်။


" ငါရှာခိုင်းထားတဲ့ ပြည့်တန်ဆာအိမ်ကို ရှာပြီးပြီလား..."


သွမ့်ရှီးရှီးကပြန်ဖြေသည်။


" အရှင့်ကို လျှောက်တင်ပါတယ်... အကုန်လုပ်ပြီးသွားပါပြီ... ဟွားလျို့က ကျင်းလင်မြို့ထဲမှ နာမည်ကောင်းရထားတဲ့နေရာပါ... ယွီကျင်းဆိုတဲ့နာမည်နဲ့ မိန်းကလေးကို ကျွန်တော်မျိုး ရှာတွေ့ခဲ့ပါတယ်... အခု သူက ကျွန်တော်မျိုးတို့ဘက်ကလူ ဖြစ်သွားပါပြီ... အရှင် အမိန့်ပေးဖို့ပဲ ကျန်ပါတော့တယ်..."


ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။

" အချိန်ကျခါနီးပြီပဲ စကြတာပေါ့..."


သွမ့်ရှီးရှီးက သဘောတူလိုက်သည်။

  

" မင်းရဲ့မျက်နှာကိုတော့ လွယ်လွယ်နဲ့ လူမြင်မခံနဲ့... ရှားပါးတဲ့ ကုန်ပစ္စည်းတွေက ဘယ်လိုရှင်သန်နေထိုင်ရတယ်ဆိုတဲ့ အမှန်တရားကို သွမ့်ချုံးက မင်းကိုမသင်‌ပေးထားဘူးဆိုရင် ငါကိုယ်တိုင် ဒီနေ့သင်ပေးမယ်..."


သွမ့်ရှီးရှီးက ခေါင်းငြိမ့်ပြလိုက်သည်။


" သွားလို့ရပြီ..."


ရွှယ်ယန်က လျှို့ဝှက်စာကို ပြန်ချထားပြီး ပြောလိုက်သည်။


သွမ့်ရှီးရှီးက အရိပ်တစ်ခုကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားသည်။


ရွှယ်ယန်  သူ့ရှေ့မှ ဖယောင်းတိုင်မီးကို ကြည့်လိုက်သည်။ တစ်ခဏတာခန့် သူ့မျက်လုံးများက နူးညံ့သွားပြီးနောက် နှုတ်ခမ်းများ တွန့်ကွေးသွားသည်။


ထိုသို့ နူးညံ့ပျော့ပျောင်းသည့်အမူအရာမျိုးကို သူ့မျက်နှာထက်တွင် မြင်တွေ့ခဲလှသည်။ သို့ရာတွင် ၎င်းက ခဏသာခံလိုက်ပြီး ချက်ချင်းပျောက်ကွယ်သွားသည်။


ထိုတစ်ခဏတွင် ကျွင်းဟွိုင်လန်အကြောင်းကို သူတွေးမိသွားခြင်းဖြစ်သည်။


ယုံနင်မြို့စားကို ရှုမိသားစုက သူလျှိုတစ်ယောက်နှင့်အကောက်ကြံမည်ကို ကျွင်းဟွိုင်လန်မသိသည်မှာ ဖြစ်နိုင်သည်။


သို့ရာတွင် သူ သိစရာလည်း မလိုအပ်ပေ။ 


ရွှယ်ယန်က ထိုသူလျှိုကို ကျွင်းမိသားစုများအား နောက်ကွယ်မှ အန္တရာယ်ပြုမည့်လူများနှင့်အတူ တိတ်တဆိတ် ပျောက်ကွယ်သွားစေမည်ဖြစ်သည်။

    

  ရွှယ်ယန် အကြည့်ပြန်လွှဲလိုက်ပြီးနောက် အခြားစာများကို ဖတ်ကြည့်ရန် ပြင်လိုက်သည်။


ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံကြားလိုက်ရသည်။


  

ရွှယ်ယန့်လက်အောက်မှလူအားလုံးတွင် စည်းမျဉ်းစည်းကမ်းများရှိသည်။ ၎င်းတို့ထဲမှတစ်ခုက အရေးကြီးကိစ္စမရှိပါက ရွှယ်ယန်စာကြည့်ခန်းထဲဝင်နေချိန် တံခါးမခေါက်ရဟူသောစည်းမျဉ်းဖြစ်သည်။


ကျင်းပေါင်က အလျင်အမြန်တံခါးဖွင့်ပေးလိုက်သည်။


အစေခံငယ်တစ်ယောက်က စိုးရိမ်နေသည့်အမူအရာဖြင့် တံခါးဝတွင် ရပ်နေသည်။


" ပြောစရာရှိရင် မြန်မြန်ပြောလေ ဘာတွေ နှေးတိနှေးတုံ့လုပ်နေတာလဲ..."

ကျင်းပေါင်က ကြိမ်းမောင်းလိုက်သည်။


ထိုအစေခံငယ်လေး ခေါင်းမော့လိုက်ချိန်တွင် ရွှယ်ယန်ကလည်း သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသည်။


သူ့ခြေထောက်များ ပျော့ခွေသွားပြီးနောက် လဲကျလုမတတ်ဖြစ်သွားသည်။


" အရှင့်သားကိုလျှောက်တင်ပါတယ်... ခုနက သခင်လေးကျွင်းဟွိုင်လန်အနားက ဖုရိရောက်လာပါတယ်..."


" သူ ဘာပြောလဲ..."

ရွှယ်ယန်က မေးလိုက်သည်။


အစေခံငယ်က ဆက်ပြောသည်။

" သခင်လေးက အရှင့်သားကို ဒဏ်ရာတွေကနေသက်သာလာအောင် ဂရုစိုက်နေဖို့ပြောလိုက်ပါတယ်... ပြီးတော့ နောက်ထပ် ရက်အနည်းငယ်လောက်အထိ သူမလာနိုင်ပါဘူးတဲ့..."


ရွှယ်ယန် သူ့လက်ထဲမှစာကို အချိန်အတော်ကြာသည်အထိ ကိုင်ထားသည်။


မမျှော်လင့်ထားသည်မှာ ထိုအစေခံငယ်လေး၏ စကားမဆုံးသေးပေ။


" ပြီး... ပြီးတော့ သခင်လေးက မှာလိုက်ပါသေးတယ်... တကယ်လို့ အရေးတကြီးကိစ္စမရှိရင် ကျေးဇူးပြုပြီး သူ့ကို လာမရှာပါနဲ့တဲ့..."


  ——

   

ကျွင်းဟွိုင်လန် တစ်ညလုံးအိပ်မ‌ပျော်ခဲ့ပေ။


ထိုစာရွက်အပိုင်းလေးကို ကိုင်ထားသော်လည်း ထပ်မကြည့်ရဲတော့ပေ။ သို့ရာတွင် စာရွက်ကို သူ့လက်ထဲ၌ မြဲမြဲဆုပ်ကိုင်ထားခဲ့သည်။


သူ့ဘဝက အလွန်ပြောင်းလဲသွားခဲ့၍ အေးအေးချမ်းချမ်း နေနေခဲ့ပြီး သူ့ဖခင်၏အရေးကိစ္စကိုသာ အာရုံစိုက်နေရ၍ ယခင်ဘဝအကြောင်းကို လုံးဝမေ့သွားခဲ့သည်။


ယခင်ဘဝက ရွှယ်ယန်၊ သူနှင့် ရွှယ်ယန်၏ ယခင်ကဆက်ဆံရေး၊ ရွှယ်ယန်နှင့် လင်ဟွမ်တို့အကြားမှဆက်ဆံရေး အရာအားလုံးကို မေ့သွားခဲ့သည်။


ရွှယ်ယန်က ဤဘဝတွင် မကောင်းသည့်ကိစ္စတစ်စုံတစ်ရာမှ မပြုလုပ်ထားသည့် အပြစ်ကင်းသူဖြစ်သော်လည်း ကျွင်းဟွိုင်လန်က သူ့ကိုချစ်သွားရန် မဖြစ်နိုင်ပေ။


ယခင်ဘဝက ကိစ္စများက ယခုဘဝတွင် တစ်ခုမှ မဖြစ်ခဲ့သေးပဲ ထိုအကြောင်းများကို မည်သူမှ မသိသော်လည်း သူ့အနေဖြင့် ဂရုစိုက်နေရဆဲဖြစ်သည်။


သူကိုယ်တိုင်ပင် မသိလိုက်ပဲ တစ်ဖက်လူအပေါ် ထိုသို့သောခံစားချက်မျိုး ထားနေ၍ မဖြစ်ပေ။


ဒါပေမဲ့ သူအဲ့လို လုပ်ခဲ့မိတာပဲ...


သူက သဘာဝနဲ့ ပုံမှန်စဉ်းစားဆင်ခြင်နိုင်စွမ်းတွေနဲ့ ဆန့်ကျင်ပြီးနေလို့မဖြစ်ဘူးလေ...


သူကိုယ်တိုင်က စိတ်ထားနူညံ့လွန်းတဲ့သူဆိုပေမယ့် အမြဲတမ်း စည်းကမ်းတကျပဲ နေထိုင်ခဲ့တာပါ...


သူ၏ အကျင့်သိက္ခာနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ၏အောက်တွင် လုပ်သင့်လုပ်ထိုက်သည့်အရာများကို လုပ်ဆောင်ရန် မပျက်ကွက်ခဲ့ပဲ မလုပ်သင့်သည့်အရာဆိုလျှင် တစ်ကြိမ်တစ်ခ့မှ လှည့်မကြည့်ခဲ့ပေ။


သို့ရာတွင် ဤတစ်ကြိမ်က ကွာခြားနေခဲ့သည်။


ဗရမ်းဗတာတွေ ဖြစ်ကုန်ပြီ...


သူ ရွှယ်ယန့်ကို မကြိုက်သင့်ကြောင်း သိ၍ အချိန်မီ ရပ်တန့်ပစ်ရမည်ဖြစ်သည်။ တစ်ဖက်လူနှင့် အဆက်အသွယ်ဖြတ်ပစ်မှသာ ထိုအတွေးများကို ဖယ်ရှားထားနိုင်မည်ဖြစ်သည်။


ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူးဖြစ်နေတာပဲ...


ထိုကဲ့သို့ အတွေးမျိုးက တစ်ကြိမ်မွေးဖွားလာသည်နှင့် ဖယ်ထုတ်သိမ်းဆည်းထား၍မရသည့် အရာမျိုးဖြစ်သည်။


အခြားလူများကို မထိန်းချုပ်နိုင်သော်လည်း မိမိကိုယ်ကို ထိန်းချုပ်သင့်သည်ဟု သူအမြဲတစေ တွေးနေခဲ့ဖူးသည်။


ဒါပေမဲ့ အခုတော့ သူ့ရဲ့နှလုံးသားကိုယ်တိုင်ကိုက ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့တာပဲ...

 

လုပ်သင့်လုပ်ထိုက်သည့်အရာများကိုသိ၍ ထိုသို့လုပ်ရန် ပိုကြိုးစားလေ သူ့ရင်ထဖြ မသက်မသာဖြစ်လာလေပင်။ သူ့နှလုံးသားထဲတွင် ရေစိုနေသည့် ချည်လုံးတစ်လုံး ထိုးထည့်ထားသကဲ့သို့ နာကျင်နေပြီး အသက်ရှုရန် ခက်ခဲနေသည်။


သူက နူးညံ့သိမ်မွေ့သူဖြစ်သော်လည်း အေးစက်သည့်အကျင့်စရိုက်ရှိသူဖြစ်သည်။ ယခင်ဘဝနှင့်ယခုဘဝတွင် အသက် ၂၀ကျော်သည်အထိ နေထိုင်ခဲ့ဖူးသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ သူ့နှလုံးသားကို မလှုပ်ခတ်စေနိုင်ခဲ့ပေ။ 


သို့ရာတွင် ဤလူကလည်း သူလုံးဝ မတပ်မက်သင့်သည့်လူဖြစ်နေသည်။


ကျွင်းဟွိုင်လန် အိပ်ရာပေါ်လှဲနေပြီး လက်ထဲတွင် ကြေမွနေသည့်စာရွက်တစ်ရွက်ကို ကိုင်ထားသည်။  သူ မသိလိုက်မီအချိန်မှာပင် မနက်ခင်းနေရောင်ခြည်က ခန်းစီးလိုက်ကာများအကြားမှတစ်ဆင့် ဖြာကျလာသည်။


အလင်းရောင်က သူ့လက်ခုံပေါ် ရောက်လာသည်။


ကျွင်းဟွိုင်လန်က အလင်းတန်းတစ်တန်းကိုကြည့်လိုက်ပြီးသည့်နောက် သူ့လက်ကိုဖြန့်ပြီး စာရွက်ထဲမှ စာလုံးလေးများကို တိတ်ဆိတ်စွာဖတ်နေသည်။


[ ရွှယ်ယန်၏ နှုတ်ခမ်းများက အေးစက်စွာဖြင့်တွန့်ချိုးသွားပြီး...]


ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်မိသည်။


ဤစာရွက်ထဲတွင် ဖော်ညွှန်းထားသော ရွှယ်ယန်၏ပုံစံက အလွန်ထူးဆန်းသည်ဟု ရုတ်ချည်းသဘောပေါက်သွားသည်။


သူသိသောရွှယ်ယန်က ထိုနည်းလမ်းမျိုးဖြင့် လက်စားချေရန်မဆိုနှင့် ထိုသို့သောအမူအရာမျိုးကို တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးသည့်အပြင် ထိုသို့သော စကားများကို မပြောခဲ့ဖူပေ။ တစ်ဖက်လူက သူ့အပေါ်  ကောင်းကောင်းဆက်ဆံပါက သူကလည်း ကောင်းမွန်စွာ ပြန်လည်ဆက်ဆံခဲ့သည်သာ။


ကျွင်းဟွိုင်လန်က ထိုစာရွက်ကိုကိုင်ထားသည့်လက်ကို တင်းတင်းဆုပ်လိုက်ပြီးနောက် နေရောင်ကို မျက်နှာမူပြီး တဖြည်းဖြည်းထလာသည်။


ထိုစာအုပ်ထဲတွင် ရေးသားထားသည်များက အတုအယောင်ဖြစ်နိုင်သည်ဟု သံသယဝင်လာမိသည်။


အပြင်ဘက်မှ ဖုရိက သူလှုပ်ရှားနေသံများကိုကြားသည့်အခါ အခန်းထဲဝင်လာလိုက်သည်။


ကျွင်းဟွိုင်လန်က စကားတစ်ခွန်းမှမပြောသော်လည်း ဖုရိက သူ့မျက်နှာအမူအရာကို မြင်လိုက်သည်။


Xxxxxx