အပိုင်း ၁၀၃
Viewers 15k

Chapter 103


ရွှယ်ယန်က အများအားဖြင့် စစ်ရေးနှင့်သက်ဆိုင်သည့်စာအုပ်များကိုသာ ဖတ်လေ့ရှိသူဖြစ်သည်။


၎င်းက သူငယ်စဉ်ကတည်းက ဖြစ်ပေါ်လာခဲ့သည့် အကျင့်တစ်မျိုးဖြစ်သည်။ ယန်ဒေသက ကျတ်တီးမြေဖြစ်ပြီး သူကိုယ်တိုင်ကလည်း စစ်တပ်ထဲတွင်သာ ကြီးပြင်းလာရသူဖြစ်သည်။ သို့ဖြစ်၍ ထိုစာအုပ်များမှလွဲ၍ သူ့ထံတွင် အခြားစာအုပ်များဖတ်စရာမရှိပေ။


သူ ကလေးဘဝတည်းက စစ်‌ဗျူဟာစာအုပ်များကို ပုံပြင်သဖွယ် ဖတ်ခဲ့ရသူဖြစ်သည်။ သို့ဖြစ်၍ အချိန်အတန်ကြာသည့်အခါ အခြားအရာများကို စိတ်မဝင်စားတော့ပေ။


သူတို့နှစ်ယောက် မြင်းလှည်းပေါ်ရောက်သွားသည့်အခါ လွန်ခဲ့သည့် ရက်အနည်းငယ်က ကဲ့သို့ပင် တစ်ယောက်က စာဖတ်ပြပြီး တစ်ယောက်က နားထောင်နေသည်။ မြင်းလှည်းထဲမှ လေထုအခြေအနေက အလွန်ငြိမ်သက်နေသည်။


ယခင်နှင့်မတူသည်မှာ မြင်းလှည်းထဲတွင် သောက်စရာလက်ဖက်ရည်ရှိမနေခြင်းပင်။


ယန်ကျိုးမှ ကျင်းလင်သို့လမ်းခရီးက အနည်းငယ်ဆူးညှောင့်ခလုတ်များလှ၍ မြင်းလှည်းပေါ်တွင် လက်ဖက်ရည်တည်ရန် မီးဖိုလေးထားခြင်းက အခြားအရာများကိုပါ အလွယ်တကူမီးစွဲနိုင်ပေသည်။ သို့ဖြစ်၍ ယန်ကျိုးသို့ မလာမီတည်းက ကျင်းပေါင်က မီးဖိုကို ဖယ်ထားခဲ့သည်။


ရွှယ်ယန်က စာဖတ်ရခြင်းကို သဘောကျခြင်းမဟုတ်ပဲ  ကျွင်းဟွိုင်လန်၏အသံကို  နားထောင်ရခြင်းကိုသာ သဘောကျခြင်းဖြစ်သည်။


သူက စာဖတ်ရန်ဆင်ခြေဖြင့် တစ်ဖက်လူကို မြင်းလှည်းပေါ် ခေါ်လာခဲ့သော်လည်း သောက်စရာရေမရှိသည့်အချိန်တွင် တစ်ချိန်လုံးစာထိုင်ဖတ်ခိုင်းထားမည်မဟုတ်ပေ။


မကြာမီအချိန်တွင် ရွှယ်ယန်က သူစာဖတ်နေသည်ကို ဖြတ်ပြောလိုက်သည်။


" ပြန်ရောက်ရင်ရော ကိုယ့်အိမ်တော်ကိုလာပြီး စာဖတ်ပြဦးမှာလား..."


ကျွင်းဟွိုင်လန်က သူ့မေးခွန်းကိုကြားသည့်အခါ လက်ထဲမှစာအုပ်ကိုအောက်ချပြီး သူ့ကိုမော့ကြည့်လိုက်သည်။

    

ရွှယ်ယန်က မြင်းလှည်းပေါ်မှအိပ်ရာပေါ်တွင် လှဲလျောင်းနေဆဲဖြစ်သော်လည်း ယခင်နေ့များနှင့်မတူပဲ သက်သာလာပြီဖြစ်သည်။


လက်ပိုက်၍ မေးထောက်ကြည့်နေကာ ဝတ်ရုံကို သေသပ်စွာဝတ်ဆင်ထားသည်။ သူ့ပုံစံက ပျင်းရိပျင်းတွဲနှင့် စိတ်အေးလက်အေးဖြစ်နေကာ ဒဏ်ရာရထားသည့်လူတစ်ယောက်နှင့်မတူပေ။


သူ၏ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းက အလွန်အားကောင်းလှသည်။ ဤရက်ပိုင်းအတွင်း သူ့အဝတ်များကိုလဲလှယ်ပေးသည့် ကျင်းပေါင်၏အပြောအရ သူ့ဒဏ်ရာက အနာဖေးများကွာချလာပြီး ပိုမိုကောင်းမွန်လာသည်ဟုဆိုသည်။


သို့ဖြစ်၍ ဤနှစ်ရက်အတောအတွင်း ကျွင်းဟွိုင်လန်က ရွှယ်ယန် ရုတ်တရက် အထိုင်အထပြုလုပ်သည်ကို မတားမြစ်တော့ပေ။


သူ့အခြေအနေအရဆိုလျှင် ကျွင်းဟွိုင်လန်က သူ့ကိုနေ့စဉ်နေ့တိုင်း ဂရုစိုက်ပေးရန် မလိုအပ်တော့၍ ယခင်များကဲ့သို့ စာအုပ်ဖတ်ပြရန်လည်း မလိုအပ်တော့ပေ။


ကျွင်းဟွိုင်လန် ခဏတာတွန့်ဆုတ်နေပြီးနောက် ဘာစကားမှ မပြောနိုင်ဖြစ်နေသည်။


သူ၏ ပုံမှန်အကျင့်စရိုက်အရဆိုလျှင် ရိုးရှင်းစွာသာ ငြင်းဆန်လိုက်မည်ဖြစ်သည်။ ကျင်းလင်သို့ပြန်ရောက်ချိန်တွင် ၅လပိုင်းကိုကျော်လွန်သွားပြီဖြစ်၍ သူကိုယ်တိုင်လုပ်စရာကိစ္စများလည်းရှိနေသည်။


သို့ရာတွင် ဤတစ်ကြိမ်၌ မငြင်းဆန်နိုင်ဖြစ်နေသည်။


ဤရက်အနည်းငယ်အတွင်း ရွှယ်ယန်နှင့်အတူ နေ့ရောညပါ အချိန်ကုန်ဆုံးခဲ့ရ၍ သူ့စိတ်ထဲတွင် ခွဲခွာရန် တွန့်ဆုတ်နေမိသည်။


သူ စာဖတ်ပြနေချိန်နှင့် သူတို့နှစ်ယောက် ရံဖန်ရံခါစကားပြောနေချိန်တွင် ရွှယ်ယန်၏ အမူအရာက သူအမြဲမြင်တွေ့နေရလေ့ရှိသည်။ တည်ကြည်၍ ငြိမ်သက်နေသော လေထုအခြေအနေက သူ့ကိုအနည်းငယ်တုံ့ဆိုင်းနေစေပြီး ထိုသို့ကြာမြင့်စွာ ဆက်ဖြစ်နေတော့မည်ဟု ထင်ရသည်။


ဒါမှမဟုတ် သူက ဒီလိုအခြေအနေမျိုးနဲ့ ခွဲခွာရမှာမို့ ဒီလိုဖြစ်နေတာမဟုတ်ပဲ ရွှယ်ယန်နဲ့ ခွဲရမှာမို့များ...


ရုတ်ချည်း သဘောပေါက်သွားမှုကြောင့် ကျွင်းဟွိုင်လန် လန့်သွားပြီး စာအုပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။


သူ စကားပြန်မပြော၍ ရွှယ်ယန်က သူငြင်းဆိုတော့မည်ဟု ထင်လိုက်သည်။


ရွှယ်ယန်က သူစာဖတ်ပြသည်ကို နားထောင်ချင်၍ မဟုတ်ပဲ သူ့ကိုနေ့တိုင်းတွေ့ရန် အကြောင်းပြချက်တစ်ခု ရှာဖွေလိုခြင်းသာဖြစ်သည်။


သူ၏ ဤရက်ပိုင်းအတွင်းလုပ်ရပ်များက ကျွင်းဟွိုင်လန်ကို လှည့်စားနေသည့်လူလိမ်လူကောက်တစ်ယောက်နှင့် တူနေသည်။ ကျွင်းဟွိုင်လန် စကားပြန်မပြောသည်ကို မြင်သောအခါ သူပြောလိုက်သည်။


" ကိုယ်နေ့တိုင်း ဒီလိုပဲ လှဲနေရမှာဆိုတော့ စာဖတ်ဖို့ အဆင်မပြေဘူးလေ... ပြန်ရောက်ရင်ဖတ်ရမယ့် လျှောက်တင်လွှာတွေ အများကြီးရှိသေးတယ် ကိုယ့်ကို ကူဖတ်ပေးနိုင်မလား..."


ဒါကလည်း ဆင်ခြေဆိုတာ သိသာနေတာပဲကို...


ရွှယ်ယန်က အပြင်းအထန် ဒဏ်ရာရထားခြင်းဖြစ်၍ ၎င်းကို ဂရုစိုက်ရန်မလိုအပ်တော့ပါကလည်း ရှန်းကျီဖုနှင့် မြို့စားမင်းယုံနင်က အသေးအဖွဲကိစ္စများဖြင့် သူ့ကိုဒုက္ခပေးရဲမည်မဟုတ်ပေ။ 


၎င်းက ဆင်ခြေတစ်ခုသာဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။


သို့ရာတွင် ထိုဆင်ခြေက သူ့ကို အလွန်စိတ်သက်သာရသွားစေသည်။


" ကောင်းပါပြီ..."

သူ ပြုံးပြလိုက်ပြီးနောက် ရွှယ်ယန်ကိုမော့ကြည့်လိုက်သည်။

   

ရွှယ်ယန်ကလည်း အမှတ်တမဲ့ဖြင့် သူ့ကိုပြန်ပြုံးပြလိုက်သည်။ 


ဒီလောက်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာတောင်မှ ဒီလူကဘာလို့ အရမ်းသဘောကောင်းနေပေးရတာလဲ...

ရွှယ်ယန့်စိတ်ထဲတွင် တွေးလိုက်သည်။


ဤအချိန်အတောအတွင်းတွင် ပို၍ရောင့်တက်လာခြင်းမှာ ကျွင်းဟွိုင်လန်က သူ့ကို အလိုလိုက်ထားသောကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဤမျှပြောရဲသည်အထိ သတ္တိရှိမည်မဟုတ်ပေ။ 


ရွှယ်ယန်က မျက်နှာသာပေးခံရခြင်း၏ ချိုမြိန်မှုကို အတိုင်းအတာတစ်ခုအထိ ခံစားလိုက်ရ၍ ဒဏ်ရာရသည်ကိုပင် ထိုက်တန်သည်ဟု ခံစားနေရသည်။


မြင်းလှည်းပေါ်တွင် ဒဏ်ရာရသည့်လူတစ်ယောက်ပါလာ၍ တဖြည်းဖြည်းသာ မောင်းနှင်လာခဲ့သည်။ မှောင်ရိီပျိုးစအချိန်သို့ရောက်မှသာ ထိုလူအုပ်စုကြီးက ကျင်းလင်သို့ ပြန်ရောက်လာခဲ့ကြသည်။


မြို့မြောက်ဘက်တံခါးကို ဖြတ်သန်းလာပြီးချိန်တွင် ကျွင်းဟွိုင်လန်က အပြင်ဘက်ကို ကြည့်လိုက်သည်။


ဆည်၏ဘေးနားမှ လမ်းမကြီးကို ယခုချိန်ထိ မပြုပြင်ရသေးပေ။


" ဘာတွေကြည့်နေတာလဲ..."

ရွှယ်ယန်၏အကြည့်များ စူးရှသွားသည်။


" အာ ဘာမှမဟုတ်ပါဘူး... လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီလမ်းမကြီးကို ပြင်မယ်ကြားထားလို့ ဘယ်လိုဖြစ်နေပြီလဲဆိုတာ သိချင်လို့ပါ..."


ထိုစကားကြောင့် ရွှယ်ယန် သက်ပြင်းချလိုက်မိသည်။

" ကိုယ် သူတို့ကို မနက်ဖြန်မှ လောလိုက်မယ်... လမ်းတစ်ခုပြင်တာကို ဘာလို့အဲ့လောက်ကြာနေလဲမသိဘူး..."


ကျွင်းဟွိုင်လန်က အပြုံးလေးနှင့် သူ့ကို အလျင်အမြန်တားမြစ်လိုက်ရသည်။

" လဝက်ပဲရှိသေးတာပါ အရမ်းနောက်မကျသေးပါဘူး မလောပါနဲ့..."


ဘုရင်ခံကွမ်းလင် ပါးစပ်ဟလိုက်တာနဲ့ ဘယ်သူကများ ဒီကိစ္စကို အမြန်မလုပ်ပဲ နေရဲတော့မှာလဲ...  အဲ့အချိန်ကျရင် အမြန်လုပ်ရတော့ လူများများပိုသုံးရပြီး ‌ ငွေကုန်ကြေးကျ ပိုများသွားမှာ...


သူတို့နှစ်ယောက် စကားစမြည်ပြောနေစဉ်မှာပင် မြင်းလှည်းက ဘုရင်ခံအိမ်တော်ရှေ့တွင် ရပ်သွားသည်။


ဖုရိက ကြိုတင်စောင့်ဆိုင်းနေပြီး လှည်းပေါ်မှဆင်းရန် ခွေးခြေခုံတစ်လုံး ချပေးလိုက်သည်။  ကျွင်းဟွိုင်လန်က ရွှယ်ယန်အောက်ဆင်းရန် ကူညီပေးလိုက်ပြီးနောက် အိမ်တော်ထဲသို့ သူနှင့်အတူဝင်သွားသည်။


သူတို့အိမ်ဝင်းထဲရောက်၍ လမ်းခွဲရမည့်အချိန်တွင် ရွှယ်ယန်က လက်မြှောက်၍ သူ့ကိုလာထိသောကြောင့် ကျွင်းဟွိုင်လန် ရပ်သွားသည်။


" မနက်ဖြန်လာဖို့ မမေ့နဲ့နော်..."


ကျွင်းဟွိုင်လန် နှုတ်ခမ်းအနည်းငယ်စေ့၍ ခေါင်းငြိမ့်ပြလိုက်သည့်အခါ ရွှယ်ယန် အသံတိုးတိုးဖြင့် ရယ်လိုက်သည်။


ထိုရယ်သံက ကျွင်းဟွိုင်လန်၏နားရွက်များကို လောင်ကျွမ်းလုမတတ် ဖြစ်သွားစေသည်။


ကျွင်းဟွိုင်လန် အခန်းထဲရောက်သည်အထိ စိတ်နှင့်လူနှင့် မကပ်နိုင်သေးပေ။


ဖုရိက သူ့လက်ထဲကို လက်ဖက်ရည်ကြမ်းတစ်ခွက် လာထည့်ပေးသည်။


ကျွင်းဟွိုင်လန်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် ဖုရိကို အမိန့်ပေးလိုက်သည်။


" စာအုပ်တွေထည့်ထားတဲ့သေတ္တာ သွားယူလာခဲ့..."


ရွှယ်ယန်၏နေရာတွင် စစ်ဗျူဟာနှင့်သက်ဆိုင်သည့် စာအုပ်များမှလွဲ၍ အခြားအရာများမရှိသည်ကို သူမှတ်မိနေသေးသည်။ နန်းတွင်းစာမေးပွဲအတွက် အသုံးပြုရသည့် စာအုပ်များအပြင် သူ့ထံတွင် ခရီးသွားမှတ်တမ်းစာအုပ်အချို့ရှိသည်။ စာအုပ်နှစ်အုပ်ကိုရှာပြီးသည့်နောက် မနက်ဖြန် ရွှယ်ယန့်ဆီသွားပါက ယူသွားလိုက်မည်ဟု တွေးလိုက်သည်။


ဖုရိ ပြန်ဖြေလိုက်ပြီးသည့်နောက် အစေခံနှစ်ယောက်ကိုခေါ်၍ သေတ္တာကိုယူလာသည်။


ကျွင်းဟွိုင်လန် သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီးနောက် စာအုပ်ကို လှန်လှောဖတ်ရှု့နေသည်။


သူ့နှုတ်ခမ်းများက ကွေးညွတ်နေပြီး အကြည့်များက နူးညံ့နေကာ သူ၏ အေးစက်၍ တည်ငြိမ်သော ပုံပန်းသွင်ပြင်နှင့် ကွာခြားနေသည်ကို သတိမပြုမိပေ။


စာအုပ်တစ်အုပ်ကို ကောက်ကိုင်တော့မည့်အချိန်တွင် ဖုရိက တီးတိုးပြောလိုက်သည်။


" သခင်လေး ဒီတစ်ခါ ယန်ကျိုးကိုသွားတာ ဘယ်သူနဲ့ တွေ့ခဲ့လို့လဲ..."


" ဟမ်..."

ကျွင်းဟွိုင်လန် ကြောင်အသွားသည်။


ဖုရိက နူးညံ့စွာပြုံးပြ၍ ပြောလိုက်သည်။


" သခင်လေးက ကိစ္စကောင်းတစ်ခုခုနဲ့ ကြုံခဲ့တယ်လို့ ကျွန်တော်ထင်လို့ပါ... ဒါမှမဟုတ်..."


သူက စနောက်ခြင်းတစ်ဝက်နှင့် ပြောလိုက်သည်။

" ဒါမှမဟုတ် သခင်လေး သဘောကျတဲ့တစ်ယောက်ယောက်ကို တွေ့ခဲ့လို့လား..."


ကျွင်းဟွိုင်လန်က စာအုပ်ကိုကိုင်နေရာမှ ရပ်သွားသည်။


၎င်းက ဟာသတစ်ခုသာဖြစ်သော်လည်း အကြောင်းအရင်းအချို့ကြောင့် "သခင်လေးကြိုက်တဲ့တစ်ယောက်ယောက်" ဟူသည့်စကားက သူ့နားထဲတွင် နားဝင်ချိုနေသည်။


ထိုစကားကြောင့် ယခုလေးတင်ကြားလိုက်ရသည့် ရွှယ်ယန့်ထံမှ ရယ်သံတိုးတိုးကို တွေးမိသွားသည်။


ထိုအသံတိုးတိုးထဲတွင် မရှင်းလင်းသည့်အဓိပ္ပါယ်များပါဝင်နေပြီး အပြင်လူများကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်အချို့ပါဝင်နေသည်ဟု ထင်ရသည်။ 


သူ့ကို ရက်နည်းနည်းလောက် စာသွားဖတ်ပေးရရုံပဲကို...


ကျွင်းဟွိုင်လန်၏နှလုံးသားထဲတွင် ပရမ်းပတာဖြစ်နေသည်။


စာအုပ်ကိုကိုင်ထား၍ တည်ငြိမ်ချင်ယောင်ဆောင်ပြီး အေးအေးလူလူသာမေးလိုက်သည်။


" သဘောကျတဲ့သူတဲ့လား...သဘောကျတဲ့သူဆိုတာ ဘာလဲ..."


ဖုရိ အံ့အားသင့်သွားသည်။


ငါက နောက်ရုံပဲ နောက်လိုက်တာကို အဲဒါတကယ်ဖြစ်နေတာလား...   


" သူ့ကိုနေ့တိုင်းလွမ်းနေပြီး သူ့ဘေးနားမှာပဲ တစ်ချိန်လုံးရှိနေချင်တာမျိုးပေါ့..."

ဖုရိက စာအုပ်များဖတ်ထားဖူးသူဖြစ်၍ တဲ့တိုးပြန်ဖြေလိုက်သည်။


" သူနဲ့အတူတူရှိရင် ပျော်ရမယ်... သူ့အ‌ကြောင်းအရာအားလုံးကိုတွေးနေမိရင် ပျော်ရမယ်... ကျွန်တော် ဒါတွေကိုပြောနေတဲ့အချိန် တစ်ယောက်ယောက်အကြောင်းကို တွေးနေမိရင် အဲ့လူက သခင်လေး သဘောကျတဲ့သူပဲ..."


ကျွင်းဟွိုင်လန် လန့်သွား၍ စာအုပ်က ကြမ်းပေါ်ပြုတ်ကျသွားသည်။


ထို့နောက် ထိုစာအုပ်၏ စာမျက်နှာတစ်ခုထဲမှ လုံးချေထားသည့် စာရွက်အပိုင်းအစတစ်ခုထွက်လာသည်။


ကျွင်းဟွိုင်လန်က တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ ထိုစာရွက်ကို မြန်မြန်ပြန်ကောက်လိုက်သည်။


ထို့နောက် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားရတော့သည်။


ထိုစာရွက်အပိုင်းလေး၏တစ်ဖက်က သေသပ်စွာဖြတ်တောက်ထားပြီး  တစ်ဖက်ခြမ်းက ခွေးစွယ်လေးနှင့်တူနေသည်။ ၎င်းကို စာအုပ်တစ်အုပ်ထဲမှ ဖြဲထားသည့်ပုံရသည်။


ထိပ်မှာစာလုံးများက ပျောက်ကွယ်နေသော်လည်း မျဉ်းတားထား၍ စာလုံးများ၏အဓိပ္ပါယ်ကို ဝိုးတဝါးသာမြင်ရသည်။

    

[ ရွှယ်ယန်၏ နှုတ်ခမ်းများက အေးစက်စွာဖြင့်တွန့်ချိုးသွားပြီး သူ့လက်ကိုဆန့်ထုတ်၍ သူမမေးစေ့ကိုမော့လိုက်သည်။ ]


........


ရွှယ်ယန်က ကျွင်းဟွိုင်လန်ရှေ့တွင် တစ်ယောက်ယောက်က ကူညီမှ လမ်းလျှောက်နိုင်သည့်ပုံစံဖြင့်နေသည်။ ကျွင်းဟွိုက်လန်မရှိသည့်အချိန်တွင်မူ သူတစ်ယောက်တည်း ခြံဝင်းထဲသို့ လျင်မြန်စွာလျှောက်သွားတော့သည်။


အိပ်ခန်းနားမှဖြတ်လာချိန်တွင် ၎င်းကိုတစ်ချက်မှ လှည့်မကြည့်ပဲ စာကြည့်ခန်းထဲတည့်တည့်ဝင်လာသည်။ 


" အားလုံးကို ငါ့စားပွဲပေါ် ယူလာခဲ့..."

သူပြောလိုက်သည်။


ကျင်းပေါင်က လျင်မြန်စွာပြန်ဖြေလိုက်ပြီးနောက် ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။ လွန်ခဲ့သည့်ရက်များအတွင်းက ကျင်းယီဝေ့နှစ်ယောက်ပို့ထားသည့် အရေးကြီးသတင်းများကို ရွှယ်ယန့်စာကြည့်ခန်းထဲ ထည့်ထားလိုက်သည်။


ရွှယ်ယန်က စားပွဲကို လက်တစ်ဖက်ဖြင့်ခေါက်နေပြီး အခြားတစ်ဖက်တွင် စာအုပ်တစ်အုပ်ကိုင်ထားသည်။ သူ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ချောမွတ်၍ သဘာဝကျနေသောကြောင့် ဒဏ်ရာရထားသည့် လူတစ်ယောက်နှင့်ပင် မတူပေ။


ကျင်းပေါင်းက ဘေးနားတွင် ရပ်စောင့်နေသည်။


သူ လုံးဝ အံ့အားမသင့်သွားပေ။ သူ့သခင်၏ခန္ဓာကိုယ်က မည်မျှရုန်းကန်ခဲ့ရသည်ကို အခြားလူများထက် သူကအသိဆုံးဖြစ်သည်။


လွန်ခဲ့သည့်တစ်နှစ်ခွဲခန့်က ဧကရာဇ်က သူ့ကိုကြိမ်ဒဏ်အချက်၃၀ ရိုက်ခဲ့ပြီး နန်းတွင်းသမားတော်လည်း မခေါ်ပေးခဲ့ပေ။ သူတစ်ယောက်တည်း ဒဏ်ရာကိုဆေးထည့်ရပြီး မည်သူ့အကူအညီမှမယူပဲ ရေခပ်ပြီး ဒဏ်ရာကို သန့်စင်ခြင်းများကို နေ့တိုင်း သူကိုယ်တိုင်လုပ်ခဲ့ရသည်။ အခြားလူများဆိုပါက ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။


ဤတစ်ကြိမ်တွင်မူ ဒဏ်ရာအကြီးအကျယ်ရခဲ့သော်လည်း စည်းစနစ်ကျနစွာ ကုသမှုခံယူခဲ့ရပြီး သခင်လေးကလည်း သူ့ကိုအဖော်ပြုပေးခဲ့၍ ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။


သူ့သခင်က ပြန်ကောင်းနေသည်မှာကြာပြီဖြစ်ပြီး သခင်လေးရှေ့တွင်သာ သနားစရာကောင်းချင်ယောင်ဆောင်နေသည်ကို ကျင်းပေါင်သိသည်။ ထိုသို့ပြုလုပ်မှသာ သခင်လေးကို နေ့တိုင်းတွေ့ရန် အကြောင်းရှာ၍ရနိုင်မည်ဖြစ်သည်။


သခင်လေးက စိတ်ထားကောင်းလွန်း၍ သူ့သခင်၏အရူးလုပ်ခြင်း ခံနေရသည်။

    

ရွှယ်ယန်က သူ့လက်ထဲမှစာကိုသာ ကြည့်နေသည်။


ထိုစာက တုန်းချန်မှဖြစ်သည်။ ညီလာခံမှ နေ့စဉ်လုပ်ဆောင်ချက်များသာမက ရှုမိသားစုအရေးကိစ္စများအကြောင်းကိုလည်း ‌စာထဲတွင် ရေးသားထားသည်။


Xxxxxx