အပိုင်း ၁၀၂
Viewers 15k

Chapter 102


ကျွင်းဟွိုင်လန် အိပ်ရာဘေးတွင် ထိုင်နေသည်။


ကျင်းပေါင်က သူ‌ပျင်းနေမည်စိုး၍ အိပ်ရာဘေးတွင် စာအုပ်အနည်းငယ် ချထားပေးခဲ့သည်။


သို့ရာတွင် သူ တစ်အုပ်ကိုမှ မဖတ်နိုင်ပေ။ သူချထားပေးခဲ့သည့် စာအုပ်များက နေရာမယွင်းရှိနေပြီး လက်ထဲမှ လက်ဖက်ရည်ကိုလည်း တစ်ချက်မှ မထိထား၍ အေးစက်နေသည်။


သူက ရွှယ်ယန့်အိပ်ရာဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာသာ ထိုင်နေသည်။


အချိန်ကုန်သည်က နှေးကွေးလွန်းနေသော်လည်း ကျွင်းဟွိုင်လန်က သတိမပြုမိပေ။ ရွှယ်ယန့်၏မျက်နှာကိုသာ ဘေးမှကြည့်နေပြီး မတွေးထဲ နစ်မျောနေသည်။


မီးစာက ဖြည်းညင်းစွာလောင်ကျွမ်းနေပြီး မီးအိမ်ထဲတွင် ပြာပုံအမျှင်တန်းတစ်ခု ကျန်ရစ်နေခဲ့စေသည်။


ထိုအချိန်တွင် ကျွင်းဟွိုင်လန်က အိပ်ရာပေါ်မှ အသံတစ်သံကြားလိုက်ရသည်။


အလျင်အမြန် ကြည့်လိုက်ချိန်တွင် အိပ်ရာပေါ်မှ ရွှယ်ယန်က မျက်မှောင်ကြုတ်ပြီး မသက်မသာဖြစ်စွာနှင့် ညည်းညူနေသည်။


ထို့နောက် ဘေးနားကိုစောင်းရန် ပြင်လိုက်သည်။


ကျွင်းဟွိုင်လန်၏လက်က သူ့ပခုံးကို အမြန်ဖိထားလိုက်ရသည်။


သူ့လက်ဖဝါးက ကျစ်လျစ်‌တောင့်တင်းနေသည့် ကြွက်သားများကို စမ်းမိသွားသည်။


" အရှင့်သား ဘေးကိုမစောင်းလိုက်ပါနဲ့..."

သူ အမြန်ပြောလိုက်ရသည်။


အချိန်အတန်ကြာသည်အထိ ရေမသောက်ခဲ့ရ၍ အသံက အက်ရှရှဖြစ်နေပြီး ကျွင်းဟွိုင်လန်ပင် သတိမပြုမိအောင် ဖြစ်သွားသည်။


‌တစ်ဖက်ကိုလှည့်တော့မည့်ရွှယ်ယန့်က ပြန်အတွန်းခံလိုက်ရ၍ မျက်မှောင်ကြုတ်ပြီး မျက်လုံးများပွင့်လာသည်။


" မင်း ကိုယ့်ကို ဘယ်လိုခေါ်လိုက်ပြန်တာလဲ..."


သူ့အသံက တိုးညှင်းနေသည်။


မျက်လုံးများနီရဲနေသည့် ကျွင်းဟွိုင်လန်က မရယ်ပဲ မနေနိုင်တော့ပေ။


" ရွှယ်ယန် မင်းနောက်ဆုံးတော့ နိုးလာပြီပေါ့..."


ပြောပြောဆိုဆိုနှင့် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။


" ဘယ်လိုနေသေးလဲ အရမ်းနာနေလား..."


ကျွင်းဟွိုင်လန်က သူသောက်ရန် ရေယူပေးလိုက်သော်လည်း သူ့လက်ထဲမှ လက်ဖက်ရည်ကြမ်းက လုံးဝအေးစက်နေသည်ကို သိလိုက်သည်။


ကျင်းပေါင်မှာထားသည်ကို သတိရ၍ သူမတ်တပ်ရပ်လိုက်သည်။


" ကျွန်တော် ကျင်းပေါင်ဆီကိုသွားပြီး မီးဖိုပေါ်မှာ တည်ထားတဲ့ဆေး သွားယူလိုက်ဦးမယ်..."


ရွှယ်ယန် သတိရလာသည့်အခါ ဆေးစာအတိုင်း တစ်နေ့ကိုသုံးကြိမ် ဆေးသောက်ရမည်ဟု သမားတော်က မှာသွားခဲ့သည်။


နေရာမှထပြီး ခြေနှစ်လှမ်း လှမ်းလိုက်ချိန်တွင် အိပ်ရာပေါ်မှ ရွှယ်ယန်က လှမ်းပြောလိုက်သည်။

" ပြန်လာခဲ့..."


ကျွင်းဟွိုင်လန် ရပ်သွားပြီး သူ့ဘက်ကိုလှည့်ကြည့်လိုက်သည်။


ရွှယ်ယန်က သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြှောက်၍ ခေါင်းမော့ကာ သူ့ကိုကြည့်နေသည်။


သူက ချောမောခံ့ညားစွာ မွေးဖွားလာခဲ့သူဖြစ်ပြီး အနောက်ဘက်ဒေသမှလူမျိုးများ၏ ရုပ်ရည်မျိုးရှိသည်။ ယခုချိန်တွင် သူ့ဆံပင်များကို စည်းနှောင်မထားသည့်အပြင် ဒဏ်ရာကြောင့် မျက်နှာက အနည်းငယ်ဖြူဖျော့နေ၍ သူ့အမူအရာက ပျင်းတိပျင်းရွဲဖြစ်နေသည်။ ပယင်းရောင်မျက်ဝန်းများက မီးအိမ်အောက်တွင် အရောင်တောက်ပနေပြီး မျက်တောင်ရှည်များက မျက်နှာထက်တွင် အရိပ်ကျနေသည်။


သူတစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ပခုံးကြွက်သားများနှင့် လက်မောင်းကြွက်သားများက ပို၍ထင်ရှားပေါ်လွင်လာပြီး ပျင်းရိနေသော ချီတာကျားသစ်တစ်ကောင်နှင့် တူနေသည်။


" ဒီကို လာခဲ့ပါဦး..."

ရွှယ်ယန်က ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က တစ်စုံတစ်ရာကြောင့် ညှို့ယူဖမ်းစားခံလိုက်ရသကဲ့သို့ ခုတင်ဘက်ကို ပြန်လျှောက်လာသည်။


ထို့နောက် ရွှယ်ယန်က သူ့လက်ကောက်ဝတ်ကိုဆွဲယူလိုက်ပြီး အနားကိုဆွဲခေါ်၍ ထိုင်ခိုင်းလိုက်ပြီး သူ့ကိုကြည့်နေသည်။


" မင်း ဒဏ်ရာရသွားလား ကြည့်ပါရစေဦး..."


ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။


ရွှယ်ယန်က သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးသည့်နောက်တွင် မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


" တော်သေးတာပေါ့..."


မျက်နှာထက်မှ အပြုံးနှင့် အက်ရှရှအသံကြောင့် သူ့ပုံစံက အလွန်ဆွဲဆောင်မှုရှိနေသည်။


 ကျွင်းဟွိုင်လန်၏ နားရွက်များက အကြောင်းပြချက်မဲ့စွာဖြင့် ပူနွေးလားသည်။


" ဘယ်အချိန်ရှိပြီလဲ..."

ရွှယ်ယန် ထပ်မေးလိုက်ပြန်သည်။


" နေထွက်ဖို့ တစ်ရှီချန်လောက် လိုသေးတယ်..."


" အင်း... မင်း ညစာစားပြီးသွားပြီလား..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


ရွှယ်ယန် သူ့ကိုမော့ကြည့်လိုက်သည်။ သူက ခုတင်ပေါ်တွင် လှဲနေခြင်းဖြစ်၍ အကြည့်က အနည်းငယ်အောက်သို့နိမ့်နေပြီး မျက်လုံးလှန်ကြည့်လိုက်ချိန်တွင် မျက်ခုံးနှစ်ဖက်က ထိစပ်လုမတတ်‌ တွန့်ကွေးသွားသည်။


ထိုမျက်ဝန်းများက မီးရောင်မှိန်မှိန်အောက်တွင် အနည်းငယ်ရီဝေဝေဖြစ်ပြီး ကျွင်းဟွိုင်လန်၏ အက်ကွဲနေသည့် နှုတ်ခမ်းများကို ကြည့်နေသည်။


" လိမ်နေတာပဲ... ကျင်းပေါင် ဘယ်မှာလဲ သူ့ကို မနက်စာပြင်ခိုင်းလိုက်... မင်း စားတာကို ကိုယ်စောင့်ကြည့်နေမယ်..."


ကျွင်းဟွိုင်လန်က ရှက်သွားသည့်ပုံဖြင့် မျက်လွှာချလိုက်သည်။


" ကျွန်တော် ဗိုက်မဆာပါဘူး..."


" ဒါဆိုရင် ကိုယ်ဗိုက်ဆာတယ် ကိုယ်နဲ့တူတူစားပေးလေ..."


ကျွင်းဟွိုင်လန် သူ့ကိုပြန်ဖြေပြီးနောက် မတ်တပ်ရပ်လိုက်မည် ပြင်လိုက်သည်။

   

ထိုအချိန်တွင် ရွှယ်ယန်က လက်တစ်ဖက်ကိုမြှောက်၍ သူ့လည်ပင်းအနောက်ကိုဖိကိုင်ပြီး သူ့ကို ပြန်တွန်းလိုက်ပြန်သည်။


သူ့အမူအရာများက ကိုးရို့ကားယားဖြစ်သွားပြီး  ကျွင်းဟွိုင်လန်ကို ရင်ခွင်ထဲတွင် ဖက်ထားသကဲ့သို့ ဖြစ်သွားသည်။


" ဘာဖြစ်လို့လဲ..."


ကျွင်းဟွိုင်လန်၏ ခန္ဓာကိုယ်က အနည်းငယ်တောင့်တင်းသွားသည်။


ရွှယ်ယန်က သူ့ကိုစိုက်ကြည့်ပြီး ရယ်မောနေကာ သူ့မျက်ဝန်းများက အရောင်တလက်လက်တောက်ပနေပြီး ပုံမှန်ပြုံးရယ်လိုက်ချိန်တွင် သိသာပေါ်လွင်ခြင်းမရှိသည့် ပါးချိုင့်တစ်စုံကိုပင် မြင်နေရသည်။    


" ဘယ်အချိန်တည်းက ဝတ်ထားတာလဲ..."


သူလက်ချောင်းများက ကျွင်းဟွိုင်လန်၏အင်္ကျီရှေ့တွင် တွဲလျက်ကျနေသည့် ဝံပုလွေစွယ်လေးကို ညင်ညင်သာသာ လှမ်းကိုင်လိုက်သည်။


" တော်တော်လှတယ် ..."


 ရွှယ်ယန့်အသံက အက်ရှရှဖြစ်နေပြီး မျက်နှာထက်တွင်လည်း အပြုံးများဖြင့် ဝေဆာနေသည်။


ကျွင်းဟွိုင်လန် ခဏတာ အံ့အားသင့်သွားပြီးမှ ရွှယ်ယန်ပြောနေသည်ကို သဘောပေါက်သွားသည်။


ခေါင်းငုံ့လိုက်ချိန်တွင် ဝံပုလွေသွားစွယ်လေးက ရွှယ်ယန်၏လက်ထဲရောက်သွားသည်ကို မြင်လိုက်ရသည်။ အရောင်ကစွန်းထင်းနေသော်လည်း မီးရောင်အောက်တွင် ရောင်ပြန်ဟပ်နေသည်ဟုထင်ရသည်။ 


ကျွင်းဟွိုင်လန် လိပ်ပြာမလုံသကဲ့သို့ ခံစားလိုက်ရပြီး ဝံပုလွေသွားစွယ်ကို ပြန်ဆွဲယူချင်နေမိသည်။


၎င်းကိုလည်ပင်းတွင် ဝတ်ထားမိသည့်ရက်မှစ၍ လုံးမချွတ်မိတော့ပေ။ သို့ဖြစ်၍ နေ့တိုင်းဝတ်ဆင်ထားရသည်က အကျင့်တစ်ခုဖြစ်နေခဲ့သည်။


သို့သော်လည်း တစ်ဖက်လူက ထိုအကြောင်းကိုသိသွားခြင်းက သူ့အတွက် မပြောပြနိုင်လောက်အောင် ရှက်စရာကောင်းနေသည်။


သို့ရာတွင် ရွှယ်ယန်က သူ့လက်ထဲတွင် ဝံပုလွေစွယ်လေးကို ဆုပ်ကိုင်ထားပြီး ကျွင်းဟွိုင်လန်ကိုစနောက်နေသကဲ့သို့ မလွှတ်ပေးပေ။


" ဝတ်ထားရင်လည်း ဘာလို့မပြတာလဲ..."

ရွှယ်ယန် အသံတိုးတိုးဖြင့်ရယ်လိုက်ပြီးသည့်နောက် သိလိုစိတ်ဖြင့် မေးလိုက်သည်။


သို့ရာတွင် သူက တစ်ဖက်သတ်ချစ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၍ ကျွင်းဟွိုင်လန်က အခြားရည်ရွယ်ချက်ရှိသည်ဟု မထင်ခဲ့မိပေ။


ကျွင်းဟွိုင်လန်က သူပေးသည့်အရာလေးကို ဝတ်ဆင်ထားခြင်းဖြစ်၍ ပျော်ရွှင်နေရုံသာဖြစ်သည်။


သို့သော်လည်း မီးရောင်မှိန်မှိန်အောက်မှ  ကျွင်းဟွိုင်လန်၏နီရဲနေသောနားရွက်များကို သူ မမြင်ခဲ့ပေ။


ထိုအချိန်တွင် အပြင်ဘက်မှကျင်းပေါင်က အခန်းထဲမှ လှုပ်ရှားသံများကြား၍ ကတိုက်ကရိုက်ဖြင့် တံခါးဖွင့်လိုက်သည်။


အခန်းထဲတွင် ကျွင်းဟွိုင်လန်က ကိုယ်ကိုအနည်းငယ်ကိုင်းညွတ်၍ အိပ်ရာဘေးတွင်ထိုင်နေသည်။ သူ့သခင်က ဒဏ်ရာရနေသောကြောင့် မထိုင်နိုင်ပေ။ သူ့လက်တစ်ဖက်က ကျွင်းဟွိုင်လန်၏လည်ပင်းကိုထိထားသည်။


ကျင်းပေါင် : …….

    

သူ့သခင်က မျက်လုံးလှန်ကြည့်လိုက်သည်နှင့် အေးစက်စက်အကြည့်များ သူ့ကိုယ်ပေါ် ကျရောက်လာ၍ ကျင်းပေါင် မဆင်မခြင်လုပ်လိုက်မိကြောင်း သိသွားသည်။


သူ တံခါးနောက်တွင်ကွယ်၍ ပုန်းနေရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။


ကျွင်းဟွိုင်လန်က အလျင်အမြန်ထလာပြီး အင်္ကျီကော်လံအောက်သို့ တစ်ခုခုကို ထိုးထည့်လိုက်သည်။


ကျင်းပေါင် : ဟမ် ဘာလဲ...


ယခုအခါ သူ တိတ်တိတ်နေသင့်မနေသင့်ကို စိုးရိမ်စပြုလာပြီဖြစ်သည်။


ထိုအချိန်တွင် ကျွင်းဟွိုင်လန်က တစ်ဖက်ကိုလှည့်လာပြီး ပြောလိုက်သည်။


" ကျင်းပေါင် မင်းအချိန်ကိုက် ရောက်လာတာပဲ.. အရှင် သတိပြန်ရနေပြီ သူ့အတွက် ဆေးသွားယူလိုက်လေ..."


ခဏရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။

" ပြီးတော့ ပေါ့ပေါ့ပါးပါးစားလို့ရမှာလေးတွေ ပြင်ဆင်လာခဲ့ပါဦး..."


ကျင်းပေါင် ပြန်ဖြေကြားလိုက်ပြီးနောက် တစ်ဖက်သို့လှည့်၍ အပြေးတစ်ပိုင်း ထွက်သွားတော့သည်။


နတ်သားလေးကတော့ တကယ့်နတ်သားလေးပါပဲ... သူ့ကို အရှင်က ပလ္လင်ပေါ်က ဆွဲချလိုက်ရင်တောင်မှ သူက ကောင်းကင်ဘုံပေါ်မှာ အကောင်းဆုံးလူတစ်ယောက် ဖြစ်နေတုန်းပဲ...

    

 ——

  

ထိုညက ရွှယ်ယန်ညစာစားသည်ကို ကျွင်းဟွိုင်လန် အဖော်ပြုပေးခဲ့ပြီးနောက် သူဆေးသောက်သည့်အချိန်ထိ နေခဲ့ပေးသည်။ ထို့နောက် ရွှယ်ယန်က သူ့ကိုအနားယူရန် ပြန်လွှတ်ပေးခဲ့သည်။


သူ ယနေ့မနက်ကလည်း စောစောအိပ်ရာထခဲ့ရပြီး သူ့အခန်းသို့ပြန်ရောက်ချိန်တွင်လည်း ကောင်းကင်က လင်းထိန်နေပြီဖြစ်သည်။


သို့ဖြစ်၍ သူတစ်နေ့လုံးမအိပ်ခဲ့ရပေ။


ယခုအချိန်မှ စိတ်အေးလက်အေးဖြစ်၍ ပင်ပန်းနွမ်းနယ်မှုများက ဒီရေကဲ့သို့ တစ်ဟုန်ထိုးဝင်ရောက်လာသည်။ ကျွင်းဟွိုင်လန် သူ့အခန်းသို့ပြန်ရောက်သည်နှင့် နေ့လယ်ခင်းအချိန်ထိ အိပ်ပျော်သွားတော့သည်။


ထို့နောက်တွင် သူ ရွှယ်ယန်၏အခန်းသို့နေ့တိုင်းသွားပြီး အဖော်ပြုပေးခဲ့သည်။


မူလက ထိုမျှအထိ ပြုလုပ်ပေးရန် မလိုအပ်သော်လည်း ရွှယ်ယန်က ဒဏ်ရာရပြီးသည့်နောက်တွင်  ကဂျီကကြောင်ပြုလုပ်တတ်လာသည်။


အိပ်ရာမနိုးခင်အချိန်တွင် ကုတင်ပေါ်၌သာ ငြိမ်သက်စွာအိပ်နေ၍ ကိစ္စမရှိပေ။ သို့ရာတွင် နိုးလာသည့်အချိန်မှစ၍ ခန္ဓာကိုယ်ကိုမှောက်ပြီးလှဲနေရသည်ကို အသက်ရှုမဝဟု ထင်မိ၍ အခွင့်အရေးရတိုင်း ထထိုင်ရန် ကြိုးစားတော့သည်။


ကျွင်းဟွိုင်လန် မရှိချိန်တွင် ကျင်းပေါင်က သူ့ကိုဘာမှမပြောရဲပေ။ သူ မည်မျှတောင်းပန်သည်ဖြစ်စေ ရွှယ်ယန်၏ တုန်လှုပ်ခြင်းမရှိသည့် အေးစက်စက်မျက်နှာကြီးကိုသာ မြင်ရသည်။


ကျင်းပေါင် နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ပဲ ကျွင်းဟွိုင်လန်ကို ခေါ်လိုက်ရတော့သည်။


ကျွင်းဟွိုင်လန်က သူ့ကို နေ့တိုင်းစောင့်ကြည့်ပေးနေရသည်။ 


ကျွင်းဟွိုင်လန်ရှိချိန်တွင် ရွှယ်ယန်က မည်မျှသက်တောင့်သက်သာမရှိသည်ဖြစ်စေ ငြိမ်ငြိမ်လေးလှဲနေပြီး ပြဿနာမရှာရဲပေ။ စိတ်မသက်မသာဖြစ်နေလျှင်ပင် အသံတိုးတိုးဖြင့်သာ စောဒကတက်သည်။


" ခန္ဓာကိုယ်မှာ ဒဏ်ရာရထားတဲ့လူကို ဒီလိုထားကြတာ ကိုယ်တစ်ခါမှ မမြင်ဖူးဘူး... ယန်ဒေသမှာ နေခဲ့ရတုန်းကဆိုရင် ခြေတွေလက်တွေကျိုးနေရင်တောင်မှ သုံးရက်အတွင်း စစ်မြေပြင်ကို ပြန်သွားရတယ်..."

ရွှယ်ယန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ဘာပြောလိုက်တာလဲ..."

ဘေးနားမှခုံတွင်ထိုင်နေသည့် ကျွင်းဟွိုင်လန်က သူပြောသည်ကို ရှင်းလင်းစွာ မကြားလိုက်ပေ။


ရွှယ်ယန် အံကြိတ်ထားပြီး တီးတိုးရေရွတ်လိုက်သည်။

" ကိုယ်ဘာမှမပြောပါဘူး... ဒီတိုင်းအိပ်ရာပေါ်လှဲနေရတာ ပျင်းလို့ပါ..."


ကျွင်းဟွိုင်လန်က သူပြောသည်ကို အမှန်တကယ် မကြားလိုက်ပေ။ ယခုချိန်တွင်မှ သူ့စကားကို အာရုံစိုက်လိုက်မိ၍ ရွှယ်ယန်က အမှန်တကယ်ပျင်းနေသည်ဟု ထင်လိုက်မိသည်။


ညစာစားပြီးသည့်နောက်တွင် ကျင်းပေါင်ကို ရွှယ်ယန်ယူလာခဲ့သည့်စာအုပ်များ သယ်လာခိုင်းလိုက်သည်။ ထို့နောက် ကုတင်ဘေးတွင်ထိုင်ပြီး ရွှယ်ယန့်ကို စာအုပ်ဖတ်ပြနေသည်။ 


ယခုချိန်တွင် ရွှယ်ယန်က အလွန်စိတ်ကျေနပ်နေသည်။


စာအုပ်က စိတ်ဝင်စားစရာမကောင်းသော်လည်း ကျွင်းဟွိုင်လန်၏အသံလေးက နားထောင်ကောင်းနေသည်။ အသံက ကြည်လင်ပြတ်သားနေပြီး နူးညံ့မှုများလည်း ပါဝင်နေသည်။


သူ့အသံကိုကြားသည့်အချိန်တိုင်း ရွှယ်ယန့်နှလုံးသားထဲ ယားကျိကျိဖြစ်လာသည်။


သို့ဖြစ်၍ ရက်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်စွာနေခဲ့သည်။

   

သူတို့ က ယန်ကျိုးတွင် အချိန်ကြာမြင့်စွာနေခဲ့ပြီးသည့်နောက် အလုပ်ကိစ္စများက ရက်အနည်းငယ်စော၍ ပြီးဆုံးသွားခဲ့သည်။ ဤတစ်ကြိမ် ယန်ကျိုးကို ရောက်ရှိလာခဲ့ကြသူများတွင် အောက်ရုံးတော်တရားသူကြီး၊ မြို့စားမင်းယုံနင်နှင့် မင်းကြီးက အထူးတလည်စေလွှတ်လိုက်သည့် ရွှယ်ယန်တို့ပင်ပါဝင်၍ ကျင်းလင်က ဤရက်ပိုင်းအတွင်း တာဝန်ဝတ္တရားများ လစ်လပ်နေခဲ့သည်။


အချိန်ကြာမြင့်သွားခဲ့ပြီဖြစ်၍ ရှန်းကျိီဖုက ကျင်းလင်သို့ စောစီးစွာပြန်ရန် စီစဉ်လိုက်သည်။


သူ၏ မူလရည်ရွယ်ချက်က ရွှယ်ယန်၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည်အထိ ယန်ကျိုးတွင် အနားယူခိုင်းရန် ဖြစ်သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် ရွှယ်ယန်က လှုပ်လှုပ်ရှားရှားနေနိုင်နေပြီဖြစ်ကာ ယန်ကျိုးတွင်လည်း ကြာကြာမနေချင်တော့၍ ရှန်းကျီဖုတို့နှင့်အတူ ကျင်းလင်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။


ကျွင်းဟွိုင်လန်ကို သူနှင့်အတူ မြင်းလှည်းတစ်စီးထဲတွင် လိုက်လာခိုင်းလိုက်သည်။


ကျွင်းဟွိုင်လန်က သူစီးရန် မြင်းတစ်ကောင်ပြင်ဆင်နေခိုင်းချိန်တွင် ရွှယ်ယန်က သူ့ကိုတားမြစ်လိုက်သည်။


" ကိုယ့်မြင်းလှည်းက ကျယ်တာပဲ ဘာလို့ မြင်းနဲ့သက်သက်သွားနေတော့မှာလဲ..."

ရွှယ်ယန်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က ကြင်နာစွာပြန်ဖြေသည်။

" အရှင်က အနားယူဖို့ လိုသေးတယ်လေ..."


" တစ်ယောက်တည်းဆို ပျင်းစရာကောင်းတာပေါ့... ကိုယ့်ကိုစာအုပ်ဖတ်ပြလေ..."


ဤရက်ပိုင်းများတွင် ရွှယ်ယန်က သူ့ဒဏ်ရာကိုအကြောင်းပြပြီး လူလိမ်လူကောက်လေးဖြစ်လာပုံရသည်။ ကျွင်းဟွိုင်လန်လည်း သူ့စကားကိုမငြင်းဆိုနိုင်ဖြစ်သွားရ၍တွေဝေမိန်းမောစွာဖြင့်သာ မြင်းလှည်းပေါ်တက်သွားရတော့သည်။


ရွှယ်ယန် ကျင်းပေါင်ကိုတစ်ချက်ကြည့်လိုက်သည့်အခါ ကျင်းပေါင်က ချက်ချင်းသဘောပေါက်သွားသည်။


သူတို့နှစ်ယောက် မြင်းလှည်းထဲဝင်သွားသည်နှင့် ကျင်းပေါင်က လှည်းမောင်းသူ၏ဘေးတွင်ထိုင်လိုက်သည်။


" လှည်းကိုဖြည်းဖြည်းမောင်းပါ...  အရှင်က ခုမှ ဒဏ်ရာတွေသက်သာလာတာဆိုတော့ လှည်းက အရမ်းခုန်နေလို့မဖြစ်ဘူး နားလည်လား..."

သူ အမိန့်ပေးလိုက်သည်။


မြင်းလှည်းမောင်းသူက ခေါင်းငြိမ့်ပြလိုက်သည်။

    

——

    

Xxxxxx