Chapter 101
အချိန်အတန်ကြာပြီးနောက် အခန်းထဲမှ ပျင်းရိပျင်းတွဲအသံတစ်သံ ထွက်ပေါ်လာသည်။
" သေလောက်တဲ့ ဒဏ်ရာမျိုးမဟုတ်ရင် ကျုပ်ကို နောက်တစ်ခါ မခေါ်ပါနဲ့... လူအိုကြီးတစ်ယောက် တောင်ပေါ်ကို အသွားအလာလုပ်ရတာ လွယ်တယ်များထင်နေလား... ယန်ကျိုးမြို့ကလူတွေက ကျုပ်အကြောင်း ကြားဖူးပေမယ့် သေချာမသိကြဘူးထင်တယ်... ကျုပ်က အနားယူသွားပြီးတော့ တောတောင်တွေထဲမှာပင် နေနေတာကြာပြီ... ဒီတစ်ကြိမ်ကတော့ ထားလိုက်ပါတော့..."
ထိုလူကြီးက ပျင်းရိစွာဖြင့် ပြောလိုက်သည်။
ထိုအသံက သမားတော်၏အသံဖြစ်ကြောင်း ကျွင်းဟွိုင်လန်သိလိုက်သည်။
သူ ကတိုက်ကရိုက်ဖြင့် မတ်တပ်ရပ်လိုက်ပြီး တံခါးဝသို့လျှောက်သွားချိန်တွင် ကျင်းပေါင်က သူ့ကိုလာနှုတ်ဆက်သည်။
" သခင်လေး ဝင်ကြည့်လို့ရပါပြီ... သမားတော်ပြောတာတော့ အရှင်နိုးလာမယ့်အချိန်ကို စောင့်နေရုံပါပဲတဲ့... သခင်လေး တစ်ချိန်လုံး စိတ်ပူနေခဲ့တာ အထဲကို သွားကြည့်လိုက်ပါဦး..."
ကျင်းပေါင်၏မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နေသည်။
ကျွင်းဟွိုင်လန်က ကျင်းပေါင်ကိုကျော်၍ အခန်းထဲ ဝင်သွားလိုက်သည်။
အခန်းထဲမှ အစေခံမိန်းကလေးများ အားလုံးနီးပါးထွက်သွားကြပြီးနောက် အသက်၃၀ခန့်သာရှိဦးမည့် လူငယ်တစ်ယောက်က ဆေးပစ္စည်းများကို သိမ်းဆည်းနေသည်။
အခန်းထဲတွင် ဆေးနံ့ပြင်းပြင်းဖြင့်ပြည့်နေပြီး စန္ဒကူးရနံ့များဖြင့် ပြည့်နေသည်။
သူ့ရှေ့တည့်တည့်မှလူငယ်က သူ့ကိုယ်သူ လူအိုကြီးဟု သုံးနှုန်းလိုက်သည့် နတ်ဆေးသမားတော်ဆိုသူဖြစ်သည်။
အခန်းထဲကို တစ်ယောက်ယောက်ဝင်လာသည့်အခါ ထိုလူက မော့ကြည့်လိုက်ပြီးနောက် ကျွင်းဟွိုင်လန်ကို မြင်သည့်အခါ လုပ်လက်စများ ရပ်သွားသည်။
" ဒါက ကျောက်တုံးတွေအောက် အတူတူပိနေခဲ့တဲ့လူ နောက်တစ်ယောက်လား..."
သူ မေးလိုက်သည်။
သမားတော်၏ မျက်နှာပုံပန်းသွင်ပြင်က အတော်ပင် ရိုးစင်းလှပြီး ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်သူဖြစ်ကာ မသေမျိုးတစ်ယောက်နှင့်ပင် တူလှသည်။
ကျင်းပေါင်က အမြန် တုံ့ပြန်လိုက်သည်။
သူက ကျွင်းဟွိုင်လန်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသည့်ပုံ ဖြစ်သွားသည်။
" ဒဏ်ရာတစ်ခုမှ မရဘူးလား..."
ကျင်းပေါင်လည်း သေချာမသိ၍ တစ်ဖက်သို့လှည့်ပြီး ကျွင်းဟွိုင်လန်ကို သေချာကြည့်လိုက်သည်။
ကျွင်းဟွိုင်လန်က ခေါင်းခါလိုက်သည်။ သမားတော်က ခဏတာ အံ့အားသင့်သွားသော်လည်း ရယ်လိုက်သည်။
" ဆန်းကြယ်လိုက်တာ... ကျုပ် အဲဒီလမ်းကို အကြိမ်ပေါင်းများစွာ သွားနေခဲ့တာပဲ ဒါပေမဲ့ တစ်ခါမှ မြေပြိုတာနဲ့ မကြုံဖူးခဲ့ဘူး... အခုလည်း ဒီလောက်အကြီးအကျယ်မြေပြိုတာတောင်မှ ဘာဒဏ်ရာမှမရတဲ့လူ ရှိသေးတယ်ပေါ့လေ..."
ပြောပြောဆိုဆိုနှင့် ဆေးသေတ္တာကိုလွယ်ပြီး မတ်တပ်ရပ်လိုက်သည်။
" ဒါဆို ကျုပ်ပြန်ပြီနော်... မင်းတို့ ဒီမှာနေပြီး သူသတိရလာတာကို စောင့်ကြည့်လိုက်ပါဦး..."
သူ မျက်ခုံးပင့်၍ ပြုံးပြလိုက်သည်။ ကျွင်းဟွိုင်လန်၏ အနားမှ ဖြတ်သွားသည့်အခါ သူ့ပခုံးကိုပုတ်လိုက်သည်။
" မင်း ဒီနေရာမှာ ကောင်းကောင်းမွန်မွန်ရပ်နေနိုင်ဖို့ အိပ်ရာပေါ်မှ လှဲနေတဲ့သူက အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တာ..."
နတ်ဆေးသမားတော်ဆိုသူက အနည်းငယ်ထူးဆန်းလှပေသည်။ သူတို့ကို သူ့နာမည်မပြောပြသကဲ့သို့ ဆေးကုသရာတွင် ကုန်ကျငွေကိုလည်း မတောင်းခံပေ။
သူ့စာပို့ခိုနှစ်ကောင်ကိုပြန်ခေါ်ပြီး နှစ်ချို့ဝိုင်နီ နှစ်ကရားသာတောင်းပြီးနောက် လက်တစ်ဖက်ထဲတွင် ထီးတစ်ချောင်းကိုင်၍ ခိုများကို ပခုံးပေါ်တင်ပြီး ထွက်သွားသည်။
ကျင်းပေါင်က ကျင်းယီဝေ့များအား သူ့ကိုလိုက်ပို့ခိုင်းသည်ကိုလည်း သဘောမတူပေ။
" ငါလို လူအိုကြီးက တစ်သီးတစ်ခြားပဲနေပါတယ်ဆိုမှ... ဒီတစ်ခါတော့ မင်းတို့ ကံကောင်းသွားကြတယ်... ငါ့ကို လိုက်ပို့ပေးပြီးရင်လည်း မင်းတို့ပြန်တတ်မှာ မဟုတ်ပါဘူး..."
စကားဆုံးသည်နှင့် ဝိုင်များကိုယူပြီးထွက်သွားသည်။
သူ့ကို တံခါးဝအထိ လိုက်ပို့ပြီးချိန်တွင် ကျွင်းဟွိုင်လန်အထဲသို့ အပြေးတစ်ပိုင်းပြန်ဝင်လာသည်။
ရွှယ်ယန်က ကျောပြင်တွင် ဒဏ်ရာရထားခြင်းဖြစ်၍ ယခုချိန်တွင် ကုတင်ပေါ်၌ ငြိမ်သက်စွာလဲလျောင်းနေသည်။
သူက အပေါ်ပိုင်းဗလာကျင်းနေပြီး စောင်ကို ခါးနားအထိသာခြုံထားသည်။ ပတ်တီးများက လက်မောင်းအောက်မှတစ်ဆင့် ခါးနှင့် ဗိုက်ပေါ်အထိ ရစ်ပတ်ထားသည်။ ပတ်တီးများက ဖြူဖွေးသန့်စင်နေ၍ သူ့ခန္ဓာကိုယ်မှ ကြွက်သားလိုင်းများကို ရှင်းလင်းစွာမြင်နေရသည်။ အဝေးမှကြည့်ပါက ဒဏ်ရာမရထားသည့် အကောင်းပကတိလူတစ်ယောက်နှင့်ပင်တူနေသည်။
ကျွင်းဟွိုင်လန်က အိပ်ရာဘေးတွင် တဖြည်းဖြည်းထိုင်ချလိုက်သည်။
အပေါ်ပိုင်းကို အင်္ကျီမဝတ်ထား၍ ရွှယ်ယန်၏ သန်မာသောလက်မောင်းများကို မြင်နေရသည်။ ကျွင်းဟွိုင်လန်က ခဏတာတိတ်ဆိတ်စွာကြည့်နေပြီးသည့်နောက် ထူးဆန်းသည့်ပုံစံဖြင့် ရွယ်ယန့် လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။
ညင်သာသော နှလုံးခုန်သံက အသွေးအသားများထဲတွင် လှုပ်ခတ်နေပြီး ကျွင်းဟွိုင်လန်၏ လက်ထိပ်နားအထိရောက်သွားသည်။
ရွှယ်ယန်၏လက်ကောက်ဝတ်ကို အချိန်အတန်ကြာစမ်းကြည့်ပြီးသည့်နောက်တွင်မှ အသိစိတ်ပြန်ကပ်လာသကဲ့သို့ သူ့မျက်နှာထက်တွင် အမူအရာအချို့ ပြန်ပေါ်လာသည်။
သူ့မျက်လုံးအိမ်များ နီရဲလာပြီးသည့်နောက်တွင် မျက်ရည်များဝဲလာကာ အမြင်အာရုံကို ဝေဝါးသွားစေသည်။
ကျွင်းဟွိုင်လန် မျက်ရည်များမကျဆင်းလာမီ သုတ်လိုက်သည်။
ယခုချိန်မှသာ ရွှယ်ယန် အသက်ရှင်နေသည်ဟု သူခံစားလာရသည်။
ရေခဲလှိုဏ်ဂူထဲ ကျရောက်သွားစဉ်က သူ၏နှလုံးခုန်သံများ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။
ရွှယ်ယန် အဆင်ပြေသွားပြီ... သူ မသေတော့ဘူး...
ဤအကြောင်းကို ရှင်းလင်းစွာသိမြင်သွား၍ အချိန်အတော်ကြာ ထုံကျဉ်နေခဲ့သော ကျွင်းဟွိုင်လန်၏ အာရုံကြောများက အသိစိတ်ပြန်ကပ်သွားသည်။
ထိုနေရာတွင်ထိုင်ပြီး ရွှယ်ယန့်ကို မျက်တောင်မခတ်ပဲ ကြည့်နေသည်။
သူကိုယ်တိုင်ပင် မသိလိုက်ပဲ ရွှယ်ယန်၏ လက်ကို ဆုပ်ကိုင်ထားမိသည်။
လက်က အနည်းငယ်ကြမ်းတမ်းနေသော်လည်း ယခင်ကဲ့သို့ မအေးစက်တော့ပဲ နွေးထွေးနေခဲ့သည်။
ထိုအချိန်တွင် ကျင်းပေါင်က တံခါးလာခေါက်သည်။
" သခင်လေး မြို့စားမင်းယုံနင်နဲ့ လူကြီးမင်းရှန်းကျီဖု ရောက်လာပါတယ်..."
ကျွင်းဟွိုင်လန် ရွှယ်ယန့်လက်ကို လွှတ်လိုက်မိသည်။
ကျင်းပေါင် တံခါးဖွင့်လိုက်သည်။
အပြင်ဘက်တွင် ကျွင်းဟွိုင်လန်၏ဖခင်၊ ရှန်းကျီဖုနှင့် ယန်ကျိုးမှ အရာရှိအချို့လည်း ရောက်နေသည်။ သူတို့ဘေးတွင် ရှန်းလျှိုဖုန်း ရပ်နေသည်။
ထိုအရာရှိများက အထဲဝင်လာပြီး မနှောင့်ယှက်ရဲ၍ တံခါးဝတွင်သာ ရပ်နေသည်။ မြို့စားမင်းယုံနင်နှင့် ရှန်းကျီဖုတို့နှစ်ယောက်သာ အခန်းထဲဝင်လာကြသည်။
သူတို့၏နောက်တွင် ပင်ပန်းနွမ်းနယ်နေပုံရသည့် ရှန်းလျှိုဖုန်း ပါလာသည်။
" ဒီတစ်ခါတော့ အရှင်နဲ့ သခင်လေးတို့ ဒုက္ခရောက်သွားရပြီ..."
အခန်းထဲရောက်သည်နှင့် ရှန်းကျီဖုက ဝမ်းနည်းပက်လက်ဖြစ်နေပုံဖြင့် ပြောလိုက်သည်။ သူက လူရေလည်ပြီး ပါးနပ်သူတစ်ယောက်ဖြစ်သော်လည်း ယခုချိန်တွင် ဘာပြောရမည်မသိဖြစ်နေသည်။ ရှန်းလျှိုဖုန်းကို ရှေ့သို့ဆွဲခေါ်လာပြီးသာ ပြောတော့သည်။
" ကျုပ်ရဲ့ အသုံးမကျတဲ့တူကို တောင်းပန်ခိုင်းဖို့ ခေါ်လာပါတယ်..."
အကယ်၍ ရွှယ်ယန် သို့မဟုတ် ကျွင်းဟွိုင်လန် တစ်ခုခုဖြစ်ခဲ့ပါက သူ့အပြစ်ကင်းတော့မည်မဟုတ်ပေ။
အထူးသဖြင့် ရွှယ်ယန်ဖြစ်သည်။
ဤကိစ္စက သေလုမျောပါးဖြစ်သွားခဲ့သည်မှာ ပြောစရာမလိုတော့ပေ။ အကယ်၍ ရွှယ်ယန် ဤတစ်ကြိမ်တွင် အကောင်းပကတိအတိုင်း ပြန်မလာနိုင်ခြင်း သို့မဟုတ် လက်ချောင်းတစ်ချောင်းပင် ကျိုးသွားခဲ့ပါက သူ့အပြစ်သာဖြစ်သည်။
ရွှယ်ယန်က ယခုလက်ရှိအချိန်တွင် ဧကရာဇ်၏ မျက်နှာသာအပေးခံရဆုံး မင်းသားတစ်ပါးဖြစ်သည်။
ကျွင်းဟွိုင်လန်က ယခုချိန်တွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်သော်လည်း မျက်လုံးများက နီရဲနေပြီဖြစ်သည်။
" ဘာမှမဖြစ်တော့ပါဘူး လျှိုဖုန်းကလည်း တမင်လုပ်တာမှ မဟုတ်တာ..."
သူ မနည်းအားတင်း၍ ပြုံးပြလိုက်ပြီးနောက် သူ့အကြည့်များက ရှန်းလျှိုဖုန်းဘက်ကို ရောက်သွားသည်။
" လျှိုဖုန်း ဒါတွေက..."
သူ ရှန်းလျှိုဖုန်း၏ ခြေထောက်များကို ကြည့်လိုက်သည်။
ရှန်းလျှိုဖုန်းက အနည်းငယ် ရှက်ရွံ့သည့်ပုံဖြစ်သွားသည်။
" ဒဏ်ရာက အရမ်းမပြင်းပါဘူး... နတ်ဆေးသမားတော်ကို သွားရှာတုန်းက တောင်တက်လမ်းကချောနေလို့ မြင်းပေါ်က ပြုတ်ကျသွားတာ... သမားတော်ကလည်း ခုနက ကြည့်ပေးပြီးတော့ ဘာမှ ထွေထွေထူးထူးမဖြစ်ဘူးလို့ ပြောသွားတယ်... ဘယ်မှမသွားပဲ အိမ်မှာပဲ ရက်နည်းနည်းလောက်နေရင် ပျောက်သွားမှာပါ..."
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။
" မင်းသား အဆင်ပြေရဲ့လား..."
မြို့စားမင်းယုံနင်က မေးလိုက်သည်။
ကျွင်းဟွိုင်လန်က ပြန်ဖြေလိုက်သည်။
" သမားတော်ပြောတာတော့ ဒဏ်ရာက အရမ်းမပြင်းလို့ မင်းသားနိုးလာတာကို စောင့်ကြည့်ရုံပါပဲတဲ့..."
မြို့စားမင်းယုံနင်က ခေါင်းငြိမ့်ပြလိုက်သည်။
သူက စကားများများပြောလေ့ရှိသူမဟုတ်သော်လည်း ယခုအခါတွင် ကျွင်းဟွိုင်လန်ကို ပြောလာသည်။
" ဒီတစ်ကြိမ်မှာ မင်းသားက သူ့အသက်ကိုစွန့်ပြီး ကယ်ခဲ့တာ... ဒါကို စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားရမယ်..."
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်လိုက်သည်။
" သမားတော်က အရှင့်သား ဘယ်တော့ သတိရလာမယ်ပြောလဲ..."
ရှန်းကျီဖုက အလျင်အမြန် မေးလိုက်သည်။
ကျွင်းဟွိုင်လန် သူ့ကိုခေါင်းခါပြလိုက်သည်။
" အဲဒါတော့ မပြောသွားဘူး... ရှန်းလူကြီးမင်း စိတ်မပူပါနဲ့ ကျွန်တော် အရှင့်သားနိုးလာတဲ့အထိ ဒီမှာ စောင့်နေလိုက်ပါ့မယ်..."
မြို့စားမင်းယုံနင်က သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ကျွင်းဟွိုင်လန်က သူ့အမူအရာထဲမှ အဓိပ္ပါယ်များကို မြင်လိုက်သည်။ ရွှယ်ယန်က ဤတစ်ကြိမ်တွင် သူ့ကိုကယ်တင်ခဲ့သူဖြစ်၍ သူ၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်မှာ မှန်ကန်သည့် အဓိပ္ပါယ်ပင်ဖြစ်သည်။
ကျွင်းဟွိုင်လန် မျက်လွှာချလိုက်သည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က ရွှယ်ယန်၏ ကျေးဇူးကိုပြန်ဆပ်ချင်၍ ဤသို့ပြုလုပ်ခြင်းမဟုတ်ပေ။
သူက ရွှယ်ယန်အနားတွင်စောင့်နေသည်မှာ သူ သတိပြန်ရလာသည်ကိုသာ မြင်ချင်၍ဖြစ်သည်။
——
အခန်းထဲတွင် ဖယောင်းတိုင်များထွန်းထားသည်။
ရွှယ်ယန်က အနားယူရန် လိုအပ်သည်ဖြစ်၍ အရာရှိများက ကြာကြာမနေတော့ပဲ ယာမန်ကို ပြန်သွားကြသည်။
အချိန်တစ်ခုကြာသည်အထိ ကျွင်းဟွိုင်လန်နှင့် အစေခံတချို့သာ အခန်းထဲတွင်ရှိသည်။
ကျင်းပေါင်၏လက်က ယခုချိန်တွင် ဒဏ်ရာရထား၍ အသုံးမပြုနိုင်ဖြစ်နေသောကြောင့် ခစားရန်အတွက် လူနှစ်ယောက်ကို လွှတ်ထားသည်။ ကျွင်းဟွိုင်လန်အတွက် လက်ဖက်ရည်ကြမ်းပြင်ဆင်ပေးပြီး ညစာ ပါ ပြင်ဆင်ပေးရန် ထိုလူများကို ညွှန်ကြားထားသည်။
ညသန်းခေါင်ယံအချိန်ရောက်နေပြီဖြစ်သော်လည်း ကျွင်းဟွိုင်လန်က မနက်မှ ယခုချိန်ထိ ဘာမှ မစားရသေးပေ။
စားစရာများ လာရောက်ပြင်ဆင်ပေးချိန်တွင်လည်း အနည်းငယ်သာစားပြီး ပြန်သိမ်းခိုင်းလိုက်သည်။
အကယ်၍ သူ့သခင် ရက်အနည်းငယ်အတွင်း ပြန်မနိုးလာပါက သခင်လေးကလည်း ထိုရက်များအတွင်း မစားနိုင်မသောက်နိုင်ဖြစ်မည်ကို ကျင်းပေါင်သိနေသည်။
သို့ဖြစ်၍ ကျွင်းဟွိုင်လန်ကို မဖျောင်းဖျတော့ပဲ ညအချိန်ရောက်လာသည့်အခါ လက်ဖက်ရည်ပြင်ဆင်ပေး၍ မီးအိမ်များထွန်းထားပြီး အစေခံအနည်းငယ်ကိုဦးဆောင်၍ ပြန်ထွက်သွားခဲ့သည်။
တံခါးမပိတ်မီတွင် ကျင်းပေါင် အခန်းထဲကို လှမ်းကြည့်လိုက်သည်။
ကျွင်းဟွိုင်လန်က ယခုအချိန်တွင် ဆံပင်များဖြည်ချထား၍ အိပ်ရာဘေးတွင် ထိုင်နေသည်မှာ ကျောက်စိမ်းပင်လေးနှင့်တူနေပြီး သူ့ပုံရိပ်တစ်မျိုးတည်းကိုကြည့်ရုံဖြင့် မျက်စိပသာဒဖြစ်စေသည်။
လူပေါင်းများစွာက မနီးမဝေးတွင် ရပ်နေကြသည်။
တစ်ရက်လုံး ခစားနေခဲ့ရသည့် အစေခံငယ်လေးက ကျင်းပေါင်ကို ရဲတင်းစွာဖြင့် မေးလိုက်သည်။
" မိန်းမစိုးကျင်း ဘာကိုကြည့်ပြီးပြုံးနေတာလဲ..."
ကျင်းပေါင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
" ငါ ဘယ်တုန်းက ပြုံးလို့လဲ..."
နောက်ထပ်အစေခံတစ်ယောက်က ပြောလိုက်သည်။
" ခုနတုန်းက တံခါးကိုပိတ်နေတဲ့အချိန်ကလေ..."
ကျင်းပေါင်က သူတို့ကို တစ်ချက်စောင်းကြည့်လိုက်သည်။
" မမေးသင့်တဲ့ကိစ္စကို မမေးနဲ့..."
ဒီလူတွေက ငတုံးတွေပဲ ဘယ်ချိန်လက်ဖက်ရည်ချပေးရမှန်းတောင်မသိပဲနဲ့ ဒီလိုမျိုး အရိပ်အခြည်နားလည်ချင်နေသေးတယ်...
သူ့သခင်က ချန်အန်းကနေကျင်းလင်၊ ပြီးတော့ ယန်ကျိုးအထိရောက်လာတာ အဲဒီလူတစ်ယောက်တည်းကြောင့် မဟုတ်ဘူးလား...
ပြီးတော့ သူ့သခင်က သခင်လေးကို လက်ဖျားနဲ့တောင်ထိတာမဟုတ်ပဲ သူ့ရင်ထဲမှာပဲ အချစ်တွေကို သိမ်းထားတာ... တစ်ကမ္ဘာလုံး မဟုတ်သေးဘူး ဧကရာဇ်ကိုတောင် သူအဲ့လို ဆက်ဆံခဲ့တာမဟုတ်ဘူး...
သခင်လေးကတော့ ကောင်းကင်ပေါ်က နတ်ဘုရားလေးပဲ...
သူက သခင့်အပေါ်မှာ ကောင်းရုံတင်မကဘူး အားလုံးကိုပါ ကောင်းကောင်းမွန်မွန်ဆက်ဆံတာ... အားလုံးကလည်း သူ့ကိုချစ်ကြတယ်...
သူက ကောင်းကင်ပေါ်မှာ အမြဲရှိနေပြီး အောက်ဘက်က လူတွေကို ငုံ့ကြည့်နေတတ်တဲ့သူပဲ...
ကျင်းပေါင်လိုမျိုး သာမန်လူတစ်ယောက်အတွက်တောင်မှ သခင်လေးက အကြင်နာတတ်ဆုံးလူတစ်ယောက်လို့ ပြောလို့ရနေတာ သူ့သခင်ဆိုရင်တော့ ပိုပြီး ကွာခြားနေမှာပဲ...
သူက တခြားလူတွေနဲ့ အလှမ်းဝေးကွာလွန်းတဲ့နေရာမှာ ရပ်နေတာပဲ...
သေမျိုးလူသားတွေက နတ်ဘုရားတွေကို ကြိုက်ရဲရတယ်လို့...
သို့ဖြစ်၍ ကျင်းပေါင် ရံဖန်ရံခါတွင် သူ့သခင်အတွက် စိတ်မကောင်းဖြစ်မိသည်။
သို့ရာတွင် ယနေ့က တစ်မူထူးခြားနေသည်။
သူ့သခင်က ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ငရဲပြည်တံခါးဝကို ရောက်ရှ်ိသွားသော်လည်း ပြစ်မျိုးမှဲ့မထင်သည့် နတ်သားလေးက သူ့သခင်ကို ပြန်ဆွဲခေါ်ထားသည်ကို မြင်လိုက်ရသည်။
သူ့မျက်ဝန်းထဲမှ ကြင်နာမှုများကို မဖုံးကွယ်ထားတော့ပဲ သူ့သခင်အတွက် ငိုကြွေးပေးနေခဲ့သည်။
——
Xxxxx