Chapter 100
မကြာမီအချိန်တည်းက သူ့မျက်ခုံးများက လေးလံပြီး ဖွင့်မထားနိုင်တော့ပေ။ကျွင်းဟွိုင်လန်ကြောင့်မဟုတ်ပါက ဤမျှကြာကြာ တောင့်ခံထားနိုင်မည်မဟုတ်ပေ။
စစ်တပ်စခန်းမှာရှိတုန်းက မြင်းစီးလေ့ကျင့်ပြီး သုံးချောင်းထောက်လေ့ကျင့်တာတောင်မှ အဲ့လောက်မခက်ဘူး...
ထိုအချိန်တွင် ရွှယ်ယန်က ကျွင်းဟွိုင်လန်၏ငိုသံကို ကြားလိုက်ရပြန်သည်။
" အရှင့်သား မျက်လုံးဖွင့်ပြီး နားထောင်ကြည့်ပါဦးအပြင်ဘက်မှာ အသံတွေကြားရတယ်..."
ရွှယ်ယန်က အမှောင်ထဲတွင် နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်
နောက်ဆုံးတော့ သူ့လိုမျိုးလိမ်ညာလှည့်ပတ်ပြီး ပြောတတ်နေပြီပေါ့...
လက်ကျန်အင်အားဖြင့် လက်မြှောက်ကာ ကျွင်းဟွိုင်လန်၏ဆံပင်ကို ထိလိုက်သည်။
" ကောင်းပါပြီ ကိုယ်ကြားပါတယ်..."
သူ့လေသံက ချော့မြူနေသည်နှင့်ပင် တူနေသည်။
သို့ရာတွင် သူ စကားကြာကြာမပြောနိုင်တော့သည်ကို သတိမပြုမိပေ။
အလင်းနှင့် ပတ်သက်သည့်အရာ တစ်ခုမှမရှိသော အမှောင်ထုထဲတွင် ရွှယ်ယန်၏နှုတ်ခမ်းများ လှုပ်ရှားသွားပြီး စကားတစ်ခွန်းကိုပြောလိုက်သည်။
ကျွင်းဟွိုင်လန် အပြင်ဘက်မှအသံကို အမှန်တကယ်ကြားလိုက်ခြင်းဖြစ်သည်။
၎င်းက လူများစကားပြောနေသည့် ဆူဆူညံညံအသံများနှင့် ကျောက်တုံးများကို ရွှေ့နေသည့်အသံများဖြစ်သည်။ ရွှေ့နေသည့်အသံများက အလွန်ကျယ်လောင်လွန်း၍ မိုးသံကိုပင်ဖုံးနေပြီး လှိုဏ်ဂူထဲအထိ ခပ်တိုးတိုး ဝင်ရောက်လာသည်။
သို့ရာတွင် ရွှယ်ယန်၏အနေအထားကိုလည်း သူအာရုံခံမိသည်။
ရွှယ်ယန်က သူ့ကိုနောက်ပြောင်ကျီစယ်နေ၍ စကားသံနှင့် အသက်ရှုသံက တဖြည်းဖြည်းအားပျော့လာသည်ကို သတိမပြုမိပေ။ သူ့အပြုံးကလည်း မနည်းအားတင်း၍ ပြုံးပြနေရသည့်ပုံဖြစ်လာသည်။
ကျွင်းဟွိုင်လန် မည်သည့်စကားမှ မပြောရဲတော့ပဲ သူ့စိတ်သူတည်ငြိမ်အောင်ထားကာ တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး သတိမလစ်သွားပဲ စကားအနည်းငယ်ပြောနေရန် ပြုလုပ်ရမည်ဖြစ်သည်။
အဆုံးတွင် ရွှယ်ယန်က လုံးဝငြိမ်ကျသွားသည်။
ကျွင်းဟွိုင်လန်က သူ့ကို တုန်ယင်သည့်အသံဖြင့် ခေါ်လိုက်သော်လည်း သူလုံးဝ မတုံ့ပြန်ခဲ့ပေ။
အချည်းနှီးဖြစ်သည်ကို သိသော်လည်း ကျွင်းဟွိုင်လန်က သူ့ဘေးတွင် စကားအမျှင်မပြတ်အောင်ပြောနေပြီး အပြင်ဘက်မှအသံများကို နားထောင်ခိုင်းနေသည်။
သို့ရာတွင် ရွှယ်ယန်က သူ့ကို လုံးဝမတုံ့ပြန်တော့ပေ။
ကျွင်းဟွိုင်လန်၏ ငိုရှိုက်သံက တဖြည်းဖြည်း ကျယ်လောင်လာပြီး နောက်ဆုံးတွင် အော်ဟစ်ငိုကြွေးနေသည့် အခြေအနေဖြစ်သွားသည်။
" ရွှယ်ယန် မင်း ငါ့ကို ကတိပေးထားတယ်လေ... မင်း သတိမလစ်ပဲ ငါနဲ့တူတူ အပြင်ထွက်မယ်ဆို..."
ယခုချိန်တွင် သူ့ကိုယ်သူသာ စကားပြောနေရသော်လည်း လက်လျှော့ခြင်းမရှိပဲ ရွှယ်ယန့်ကိုသာ အဆက်မပြတ်ခေါ်နေမိသည်။
သူ့အသံနှင့် ခန္ဓာကိုယ်က တုန်ယင်လာပြီး ပါးပြင်ထက်တွင် မျက်ရည်များစီးကျလာသည်။
ထိုအချိန်တွင် အပြင်ဘက်မှ အသံသေးသေးလေးကို ကြားလိုက်ရသည်။
" အရှင့်သား... သခင်လေး..."
၎င်းက ကျင်းပေါင်၏အသံဖြစ်သည်။
" ငါတို့ ဒီမှာ..."
တစ်ကြိမ်တစ်ခါမှ စကားကို ကျယ်ကျယ်မပြောဖူးသည့် ကျွင်းဟွိုင်လန်က အသံကုန်အော်ဟစ်ပြီး တုံ့ပြန်လိုက်သည်။
အပြင်ဘက်မှလူများက သူ့အသံကို ချက်ချင်းကြားလိုက်သည်။
" ဒီဘက်ကိုတူးကြ..."
ကျင်းပေါင်က လူအုပ်ကြီးကို ကတိုက်ကရိုက် အမိန့်ပေးလိုက်သည်။
" ရွှယ်ယန် မင်းကြာလိုက်လား... အဲဒါ ကျင်းပေါင်ရဲ့အသံလေ..."
ကျွင်းဟွိုင်လန်က ရွှယ်ယန့်မျက်နှာကို ဂရုတစိုက်ထိပြီး ပြောလိုက်သည်။
" မိုးမစဲသေးတာတောင်မှ သူတို့ရောက်လာကြပြီ... မင်းအပြင်ရောက်ရင် သူတို့ကို အပြစ်ပေးစရာမလိုတော့ဘူး..."
ရွှယ်ယန်က သူ့လှုပ်ရှားမှုကြောင့် ခေါင်းအနည်းငယ်စောင်းသွားသော်လည်း သူ၏ အသက်ရှုသံက အလွန်အားပျော့နေကာ ကျွင်းဟွိုင်လန်၏လည်တိုင်ပေါ်သို့ လေနွေးနွေးက ကျရောက်လာသည်။
သူ့ပုံစံက မည်သည့်အချိန်မဆို ဆွဲချလိုက်နိုင်သည့် ဖဲကြိုးတစ်ချောင်းနှင့် တူနေသည်။
ကျွင်းဟွိုင်လန်၏လက်များက မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်လာသည်။
အပြင်ဘက်မှအသံများက ဝေးရာမှ တဖြည်းဖြည်းနီးလာသည်။ ကျောက်တုံးများကို ကော်ထုတ်ပြီး ရွံ့မြေများကို တူးပစ်နေသည့်အသံများကိုပါ ကျွင်းဟွိုင်လန်ကြားနေရသည်။
အပြင်ဘက်တွင် လူများစွာရောက်နေပြီး မြန်ဆန်စွာ လှုပ်ရှားနေကြခြင်းဖြစ်လိမ့်မည်။ သို့ရာတွင် ကျွင်းဟွိုင်လန်၏စိတ်ထဲတွင်မူ အလွန်နှေးကွေးလွန်းလှပြီး တစ်မိနစ် တစ်စက္ကန့်တိုင်းက တစ်နှစ်ခန့်ကြာမြင့်လှသည်နှင့် တူနေသည်။
ထိုသို့ထင်နေရခြင်းမှာ ရွှယ်ယန်က သူနှင့်အတူ ရှိနေသောကြောင့်သာဖြစ်မည်ဟု သူသဘောပေါက်လိုက်သည်။
ကျွင်းဟွိုင်လန် တုန်တုန်ယင်ယင်နှင့် ရွှယ်ယန်၏ နားနားကိုကပ်၍ တီးတိုးပြောလိုက်သည်။
" မင်း ငါ့ကို ကတိပေးထားတယ်လေ ခဏထလာပါဦး..."
ထိုအချိန်တွင် ဂလောင်ခနဲ အသံတစ်သံကို ကြားလိုက်ရသည်။
သူတို့ရှေ့မှ ကျောက်တုံးက အတူးခံလိုက်ရ၍ မိုးရေများက လှိုဏ်ဂူထဲအထိ ဝင်လာသည်။
ကျွင်းဟွိုင်လန် လက်မြှောက်၍ ရွှယ်ယန်၏ ပခုံးကျယ်ကျယ်ကို ဖက်ထားလိုက်ပြီး မိုးရေများနှင့် ကျောက်တုံးများ လာစင်သည်ကို ပိတ်ဆို့ထားပေးလိုက်သည်။။
ထိုအချိန်တွင် သူ့လက်အောက်မှ ပူနွေးစိုစွတ်နေမှုကို ခံစားလိုက်ရသည်။
မှုန်တိမှုန်ဝါး မိုးရေများအကြားတွင် သူ့ရှေ့မှရွှယ်ယန်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။
သူ့ခေါင်းက အောက်ကို ငိုက်စိုက်ကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ကျွင်းဟွိုင်လန်ကိုခပ်တင်းတင်းဖက်၍ ကာကွယ်ပေးထားသည်။
ထို့အပြင် လည်ပင်းအနောက်နားမှ သွေးများစီးကျနေသည်။
ညစ်ပတ်ပေရေနေသည့် ဖဲဝတ်ရုံ၏အောက်တွင် အရိုးများကိုပင် ထိခိုက်သွားနိုင်ပြီး ကျောပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဒဏ်ရာကြီးတစ်ခုရှိနေသည်။ ထိုဒဏ်ရာများမှာ တောင်စောင်းပေါ်မှ ပြုတ်ကျသည့် ကျောက်တုံးများဖြင့် ကျောပြင်ကို အရိုက်ခံထားရသောကြောင့်ဖြစ်သည်။
လူတစ်ယောက်က ဤမျှ သွေးပမာဏများစွာထွက်နိုင်ကြောင်း သူမသိခဲ့ပေ။
သူကိုယ်တိုင်မသိလိုက်ပဲ မျက်နှာထက်တွင် မိုးရေနှင့် ရောနှောနေသည့်မျက်ရည်များစွာ စီးကျလာသည်။
" သူ့ကို ကယ်ကြပါဦး..."
ကျွင်းဟွိုင်လန်က သူ့လက်ကျန် ခွန်အားအနည်းငယ်ဖြင့် စကားလုံးများကို မနည်းညှစ်ထုတ်ပြီး ပြောလိုက်ရသည်။
" သူ့ကို မြန်မြန်ကယ်ပေးကြပါ..."
——
ရွှယ်ယန်၏အခန်းမှ တံခါးမကြီးများကို ဖွင့်ထားပြီး အပျိုတော်များက သွေးများပေနေသည့် ရေဇလုံများနှင့် ပတ်တီးများကို ကိုင်ထားကာ ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်များနေကြသည်။ တည်းခိုဆောင်၏ အတွင်းအပြင်တွင် ကျင်းယီဝေ့များက ကင်းစောင့်နေကြသည်။
အရာရှိများအားလုံးကလည်း အရှေ့ဘက်ခန်းမတွင် စောင့်နေကြပြီး မည်သူမျှ မထွက်သွားရဲကြပေ။
ရွှယ်ယန်၏ အခန်းအပြင်ဘက်တွင် ထိုင်စောင့်နေသည့် ကျွင်းဟွိုင်လန်က မည်သူကိုမှ စကားမပြောပဲ မည်သူကမျှလည်း သူထွက်သွားအောင် ဖျောင်းဖျ၍မရပေ။
ကျင်းပေါင်က အစောပိုင်းတွင် ကျောက်တုံးများကို တူးဆွလိုက်စဉ်က ဒဏ်ရာရသွားပြီး သွေးများထွက်လာသောကြောင့် ပတ်တီးစည်းထားရ၍ ကျွင်းဟွိုင်လန်ကို လက်ဖက်ရည် မယူလာပေးနိုင်ပေ။
ကျင်းပေါင် ရွှယ်ယန့် အခန်းထဲမှထွက်လာသည့်အခါ သူ့ဘေးနားမှ အစေခံက ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး မျက်တောင်ပင် မခတ်နိုင်တော့ပေ။ ကျင်းပေါင်က သူ့ခြေသလုံးကို ဆောင့်ကန်လိုက်သည်။
" သခင်လေးကို ဒီတိုင်းထိုင်ခိုင်းထားရလား..."
ကျင်းပေါင်က အံကြိတ်ထားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
အစေခံငယ်လေးက အပြေးတစ်ပိုင်းထွက်သွားပြီး လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ယူလာပေးသည်။
သူ့ရှေ့တွင် လက်ဖက်ရည်ခွက်ရောက်လာသော်လည်းကျွင်းဟွိုင်လန်က လှမ်းမယူပဲ စိုက်ကြည့်နေပြီးနောက် ခဏအကြာတွင် အကြည့်လွှဲလိုက်သည်။
" ဒီတိုင်းထားထားလိုက်ပါ..."
သူထိုင်နေသည့်နေရာမှ လွဲ၍ လက်ဖက်ရည်ခွက်တင်ရန်ခုံ မရှိပေ။
" ဒါ..."
ထိုအစေခံလေး ကြောင်အသွားပြီး ကျင်းပေါင်ကို လှမ်းကြည့်လိုက်သည်။
လက်မမြှောက်နိုင်သည့်ကျင်းပေါင်က အစေခံလေးကို မေးငေါ့ပြပြီး ထွက်သွားခိုင်းလိုက်သည်။
ထိုအစေခံလေးထွက်သွားသည်ကို ကြည့်နေပြီးသည့်နောက်တွင် ကျင်းပေါင်က ကျွင်းဟွိုင်လန်၏ဘေးသို့ ဂရုတစိုက် လျှောက်လာသည်။
ယခုချိန်တွင် ကျွင်းဟွိုင်လန်၏ပုံစံက မည်မျှပင် မူမမှန်သည်ကို ကာကယံရှင်ကိုယ်တိုင်ပင် သတိပြုမိပုံ မပေါ်ပေ။
သူ့မျက်ဝန်းများက အသက်မဲ့နေပြီး မျက်လုံးအိမ်က နီရဲနေသည်။ နှုတ်ခမ်းများက သွေးမရှိသကဲ့သို့ ဖြူဖျော့နေကာ သူ့ပုံစံက အလွန်စိတ်ဓာတ်ကျနေပုံရပြီး မည်သူကမှ သူ့ကိုပြန်သွားရန် ဖျောင်းဖျ၍မရပေ။
ယုံနင်မင်းသားလေးက ကြောက်လန့်သွားသည်ဟု အများက ဆိုကြသည်။ ချန်အန်းတွင် နေထိုင်လာသည့် သခင်ငယ်လေးက ဤသို့သော ကြောက်မက်ဖွယ်ရာမြင်ကွင်းကြောင့် ခြောက်ခြားသွားသည်ဟုလည်း ပြောနေကြသည်။ ဘုရင်ခံကွမ်းလင်က သူ့ကိုကယ်တင်ရန်ကြိုးစားခဲ့၍ ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့ပါက မြို့စားမင်းအိမ်တော်နှင့်လည်း ပတ်သက်နေသည်ဖြစ်သောကြောင့် ကြောက်လန့်နေခြင်းဟုလည်း အခြားလူများက ကွယ်ကာတွင် ပြောနေကြသည်။
သို့ရာတွင် နတ်သားလေးက သူ့သခင်ကိုသာစိုးရိမ်နေခြင်းဖြစ်ကြောင်းကို ကျင်းပေါင်သိသည်။
သူတို့နှစ်ယောက်ကို ကယ်တင်ခဲ့စဉ်က ကျင်းပေါင်ကလည်း ဘေးနားတွင် ရှိနေခဲ့သည်။
ထိုအချိန်က သခင်လေးက အရှင့်သားကို တင်းကြပ်စွာဖက်ထားခဲ့ပြီး ငိုယိုထားလွန်း၍ သူ့မျက်လုံးများကလည်း နီရဲနေခဲ့သည်။
ကောင်းကင်ယံမှ တိမ်တိုက်များအကြားထဲတွင်နေထိုင်သည့်သခင်လေး၏ ထိုသို့သော အမူအရာကို ကျင်းပေါင် တစ်ကြိမ်တစ်ခါကမှ မမြင်ဖူးခဲ့ပေ။
ထိုအချိန်က သခင်လေးမှာ အရှင့်သားသေဆုံးသွားမည်ကို ကြောက်လန့်နေခဲ့သည်။
လာရောက်ကယ်ဆယ်သူများအား အရှင့်သားကိုကယ်ပေးရန် တောင်းဆိုနေခဲ့သည်။
ကျင်းပေါင်က ကျွင်းဟွိုင်လန်၏ဘေးတွင်ရပ်ပြီး ဂရုတစိုက်ဖြင့် မေးလိုက်သည်။
" သခင်လေး..."
ကျင်းပေါင်၏အသံကိုကြားသာည့်အခါ ကျွင်းဟွိုင်လန် ခေါင်းမော့ကြည့်လိုက်သည်။
သူ့မျက်ဝန်းများက အသက်မဲ့နေဆဲဖြစ်ပြီး ဝမ်းနည်းမှုကြောင့် စိတ်ရှုပ်ထွေးနေပုံရသည်။
" ပြောလေ..."
သူက ဤတစ်ကြိမ်တွင် ယဉ်ကျေးစွာသာ ပြန်ဖြေသည်။
ကျင်းပေါင်က နှစ်သိမ့်ပေးလိုက်သည်။
" သခင်လေး အရမ်းစိတ်မပူပါနဲ့... တောင်ပေါ်က နတ်ဆေးသမားတော်က အထဲမှရောက်နေပါတယ် အရှင်လည်း သက်သာလာမှာပါ..."
၎င်းက ရှန်းမိသားစုမှ သခင်လေး၏ကျေးဇူးကြောင့်လည်းဖြစ်သည်။ မြေပြိုသည့်အချိန်တွင် တောင်တက်လမ်းတစ်ခုလုံးကို ပိတ်ဆို့သွားခဲ့သည်။ သခင်လေးရှန်းက ထိခိုက်ဒဏ်ရာမရပဲ ပြန်ရောက်လာချိန်တွင် ရွှယ်ယန်၏ မြင်းတစ်ကောင်သာ ကျန်ရစ်နေပြီး လူနှစ်ယောက်လုံး ကျောက်တုံးများအကြား နစ်သွားကြောင်း မြင်လိုက်ရသည်။
သခင်လေးရှန်းက ကြောက်လန့်လွန်း၍ တောင်ပေါ်တစ်ဟုန်ထိုးတက်သွားပြီး နတ်ဆေးသမားတော်၏အိမ်ထဲ ရောက်သွားခဲ့သည်။ သမားတော်က သူ့အိမ်တွင် စာပို့ခိုများ မွေးမြူထားသည်။ သူတို့နှစ်ယောက်လုံးကလည်း တောင်အောက်ဆင်း၍ မရတော့၍ စာပို့ခိုများဖြင့် ကျင်းပေါင်ကို အကြောင်းကြားခဲ့သည်။
အကယ်၍ စာပို့ခိုများက လျင်မြန်စွာ မပျံသန်းသွားခဲ့ပါက ထိုလူအားလုံးကို အချိန်မီ ကယ်တင်လိုက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် သခင်လေးရှန်း၏ တောင်းဆိုချက်ကြောင့် နတ်ဆေးသမားတော်က တောင်အောက်ဆင်းလာပြီး ကူညီကုသပေးခဲ့သည်။
ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အသိစိတ်ပြန်ဝင်သွားပုံရသည်။
" အရှင့်သားရော ဘယ်လိုလဲ..."
သမားတော်က အခြေအနေဆိုးကြောင်းပြောထား၍ ကျင်းပေါင် သူ့ကို အမှန်တိုင်းမပြောနိုင်ဖြစ်နေသည်။
ရွှယ်ယန်၏အရိုးများက အလွန်သန်မာသောကြောင့် ကံကောင်းသွားသည်ဟု ဆိုရပေမည်။ အကယ်၍ တစ်ယောက်ယောက်၏ကိုယ်ပေါ် မမှီထားခဲ့ပါက ကျောရိုးအားလုံး စိစိညက်ညက်ကြေသွားနိုင်သည်ဟု ပြောခဲ့သည်။
နတ်သားလေးက ဒီစကားတွေကြားလို့ ဖြစ်ပါ့မလား...
ကျင်းပေါင် မုသားသုံးလိုက်ရတော့သည်။
" သမားတော်ကတော့ အရိုးထိခိုက်မှုမရှိပဲ အရေပြားမှာပဲ ထိခိုက်ပြီး သွေးထွက်တာ နည်းနည်းများသွားတယ်လို့ ပြောပါတယ်..."
သွေးထွက်တာ နည်းနည်းပဲ များသွားတာလား...
ရွှယ်ယန်၏ကျောဘက်မှ ကျောက်ဆောင်က သွေးများဖြင့် စိုရွှဲနေခဲ့ပြီး မိုးရေဖြင့်ပင် မဆေးကြောနိုင်ကြောင်းကို ရှင်းလင်းစွာမြင်ခဲ့သည်။
သူ အသံတိုးတိုးဖြင့်သာ တုံ့ပြန်လိုက်သည်။
သူ့တုံ့ပြန်မှုကိုမြင်သည့်အခါ ကျင်းပေါင်က မဝံ့မရဲဆက်ပြောသည်။
" ဒါဆိုရင် သခင်လေး အဝတ်အစားသွားလဲပြီး အနားယူပါလား..."
တောင်ပေါ်မှ ဆင်းလာချိန်တွင် ကျွင်းဟွိုင်လန်က မိုးများစွာမိခဲ့သည်။
အရှင်နိုးလာလို့ သခင်လေးက ဖျားနေတယ်ဆိုရင် ငါသူ့ကို ဘယ်လိုရှင်းပြရမလဲ...
ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။
" ငါ ဒီမှာပဲစောင့်နေမယ်... သမားတော်က ဒဏ်ရာကို ကုပေးပြီးပြီဆိုရင် အခန်းထဲ ဝင်ကြည့်လို့ရပြီမလား အဲ့အချိန်ကျမှ ငါ့ကိုခေါ်လိုက်လေ..."
စကားဆုံးသည်နှင့် မျက်လွှာချလိုက်ပြီး ကျင်းပေါင်ကို ထပ်မကြည့်တော့ပေ။
ကျင်းပေါင်က သူ့ဖျောင်းဖျ၍ မရတော့သဖြင့် ရွှယ်ယန့်အခန်းထဲ ပြန်ဝင်သွားသည်။
ဤနေရာမှ အစေခံများမှာ ချန်အန်းမှ ခေါ်လာသူများမဟုတ်၍ နန်းတွင်းအစေခံများလောက် ကျွမ်းကျင်မှုမရှိကြပေ။ သို့ဖြစ်၍ ကျင်းပေါင်က လက်နှစ်ဖက်လုံးဒဏ်ရာရနေသော်လည်း အခန်းထဲမှ မခွာနိုင်ပဲ ညွှန်ကြားနေရသည်။
ကျင်းပေါင်က သူ့ကိုနှုတ်ဆက်ပြီး အခန်းထဲပြန်ဝင်သွားတွင် ကျွင်းဟွိုင်လန်က ခေါင်းမော့ကြည့်လိုက်သည်။
သူကြည့်လိုက်ချိန်တွင် အစေခံများက ဝင်ထွက်သွားလာနေကြဆဲဖြစ်သည်။
ရွှယ်ယန့်၏ပုံစံကို သူ့မျက်လုံးထဲ မြင်ယောင်လာမိပြန်သည်။ အကယ်၍ အားနည်းနေသော နှလုံးခုန်သံကို မခံစားမိပါက ရွှယ်ယန်သေသွားလိမ့်မည်ဟု ထင်မိမည်ဖြစ်သည်။
ဒီလိုဒဏ်ရာကြီးကို သူဘယ်လိုများ တောင့်ခံနေခဲ့တာလဲ...
သူက ဘယ်လိုမှမဖြစ်သလိုတောင် စနောက်ကျီစယ်ပြီး ငါ့ကို စကားပြောနေပေးခဲ့တာပဲ...
ကျွင်းဟွိုင်လန် မျက်ရည်များ နောက်တစ်ကြိမ်ဝဲတက်လာ၍ ပြန်ထိန်းထားလိုက်ရသည်။
အကြည့်လွှဲပြီးနောက် သူ့လက်ကို လည်တိုင်ပေါ် အမှတ်တမဲ့ တင်လိုက်မိသည်။
ထိုနေရာတွင် သားရေကြိုးဖြင့်ချည်ထားသော ဝံပုလွေသွားစွယ်လေးက လူ့ခန္ဓာကိုယ်အပူချိန်ကြောင့် နွေးထွေးနေသည်။
အေးစက်သည့်လက်ချောင်းများဖြင့် ဝံပုလွေလည်ဆွဲလေးကိုဖြုတ်လိုက်ပြီး လက်ဝါးထဲ ထည့်ကိုင်ထားလိုက်သည်။
——
Xxxxx