အပိုင်း ၉၉
Viewers 15k

Chapter 99


ယခုအချိန်တွင် သူ့လက်ခုံပေါ်သို့ တစ်စက်ပြီးတစ်စက်ကျဆင်းလာသည့် မျက်ရည်စများက သူ့နှလုံးသားထဲအထိ စိမ့်ဝင်သွားပြီး ရင်ထဲတွင်ပူလောင်ကာ နာကျင်လာသည်။


" မိုးလေးရွာရုံပဲကို ဘာလို့ငိုနေတာတုန်း..."

သူက နူးညံ့ညင်သာစွာပြောလိုက်သည်။


ကျွင်းဟွိုင်လန်က ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်သည်။

" ကျွန်တော် မငိုပါဘူး..."


သို့သော်လည်း တရှုံ့ရှုံ့ငိုထားသောကြောင့် နှာသံထွက်နေသဖြင့် သူ၏ငြင်းဆိုမှုက မအောင်မြင်လိုက်ပေ။


ရွှယ်ယန် ရယ်လိုက်မိသည်။

" မငိုဘူးဆိုတော့လည်း မငိုဘူးပေါ့..."


ကျွင်းဟွိုင်လန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်သည်။


" တောင်ပေါ်မှ မိုးရွာနေပြီဆိုတော့ ပိုပြီးအန္တရာယ်များလာပြီလေ...ကျွန်တော်တို့ကို တောင်ပေါ်မှာ လာရှာတဲ့လူတွေလည်း မိုးရွာနေတော့ ပိုပြီးရှာရခက်နေမှာပေါ့..."


စကားပြောနေစဉ်တွင် အသံကတဖြည်းဖြည်းတိုးသွားပြီး ငိုရှိုက်သံပါလာသည်။


" အရှင့်သားက ဒဏ်ရာကြီးနဲ့လေ..."


ရွှယ်ယန် ခဏတာရပ်တန့်သွားသည်။


ယခုအချိန်တွင် သူ့ရှေ့မှ ကျောက်ဆောင်ကြီးကို အားကုန်တွန်းထုတ်ပစ်လိုက်ချင်ပြီး သူ့ရှေ့မှလူကိုသာ ဖက်ထားချင်စိတ်များ ကြီးစိုးလာသည်ကို သူတစ်ယောက်တည်းသာသိသည်။


ခဏအကြာတွင် သူ့လက်ချောင်းထိပ်များက ကျွင်းဟွိုင်လန်၏ စိုစွတ်နေသည့်မျက်တောင်များကိ ထိလိုက်သည်။


" မင်းကို ကတိပေးထားတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကတိကိုတည်မှာပါ..."


စကားပြောနေလျက်နှင့် ကျွင်းဟွိုင်လန်၏ပါးကိုညှစ်လိုက်သည်။


" ငါ့ကိုယုံလား..."


ကျွင်းဟွိုင်လန်က ရုတ်တရက် ပြောလာသည်။

" အရှင့်သားက ကျွန်တော့်အတွက် အသက်ရှင်ရမှာမဟုတ်ပဲ ကိုယ်ကိုယ်တိုင်အတွက် အသက်ရှင်သင့်တယ်..."


" ဟုတ်ပြီလား..."


သူ့ရှေ့တွင် အမှောင်ထုကြီးသာရှိသော်လည်း ရွှယ်ယန်၏လက်က ကျွင်းဟွိုင်လန်၏ မျက်နှာထက်တွင်သာရှိသည်။

    

ရှည်လျားကော့ညွတ်နေသည့် မျက်တောင်မွေးများက ကျီးကန်းတောင်ပံလေးများနှင့်တူပြီး သူ့လက်ချောင်းထိပ်နှင့် ပွတ်သပ်လိုက်ချိန်တွင် အနည်းငယ်ယားကျိကျိ ဖြစ်လာမိသည်။


ကျွင်းဟွိုင်လန်က အမှောင်ထဲတွင် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။


" အသက်တစ်ချောင်းကို ဂရုမစိုက်ပဲ လက်လွတ်စပယ်နေလို့မရဘူး... အရှင့်သား 

ကိုယ့်ဘဝကိုယ် တန်ဖိုးထားသင့်တယ်..."


သူ့အသံက အေးစက်ပြီး ရှိုက်သံများပါဝင်နေသော်လည်း ခက်ထန်မှုအနည်းငယ်လည်း ပါရှိနေသည်။


သူနှင့် သားအဖအရင်းသဖွယ်နေထိုင်‌ခဲ့သည့် ယန်ဘုရင်သည်ပင် သူ့အသက်ကိုတန်ဖိုးထားရန် မပြောပြခဲ့ဖူးပေ။ 

    

၎င်းကို ရွှယ်ယန်အပါအဝင် အားလုံးက ပြောစရာမလိုပဲ သဘောတူထားကြခြင်းဖြစ်သည်။


သူက အထီးကျန်ကြယ်တစ်လုံးဖြစ်ပြီး စက်ဆုပ်စရာဘဝတွင် နေထိုင်ခဲ့ရသူဖြစ်သည်။


ဒီလို စိတ်ပျက်စရာဘဝကြီးကို တန်ဖိုးထားဖို့မှ မလိုတာ...


သူ၏ ရာဇဝတ်မှုကျူးလွန်ရန် ဝန်မလေးတတ်ပုံကြောင့် ရုံးတော်တွင်လည်း လွှမ်းမိုးမှုရှိပြီး မည်သူကမှ သူ့ကို အလွယ်တကူ ရန်မစရဲပေ။


ရွှယ်ယန် ခဏကြာသည်အထိ စကားမပြော‌ပေ။


အချိန်အတော်ကြာတိတ်ဆိတ်နေသောကြောင့် ကျွင်းဟွိုင်လန်က ဆက်ပြောလာသည်။


" ကျွန်တော်ပြောတာ ကြားရဲ့လား..."


" အင်း..."


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် မလုံလောက်သေးဟု တွေးနေမိသည်။

    

ရွှယ်ယန် ဒဏ်ရာရသွားကြောင်း သိပြီးချိန်မှစ၍ သူ့နှလုံးသားကို ကြိုးတစ်ချောင်းဖြင့် ချိတ်ဆွဲထားသကဲ့သို့ ခံစားခဲ့ရသည်။ ထိုကြိုးက အသားထဲထိ ဝင်ရောက်သွားပြီး သူ့ရင်ထဲတွင် နာကျင်လာစေသည်။


သို့ရာတွင် သူ့ရှေ့မှလူက ဒဏ်ရာရလျှင်လည်းအဆင်ပြေပြီး မိမိကိုယ်တိုင်၏ သေရေးရှင်ရေးကိုလည်း အလေးအနက်တွေးတောမနေပေ။ 

    

ကျွင်းဟွိုင်လန်က အကြောင်းအရင်းကိုသေချာမိသသော်လည်း သူပိုပြီး သတိပြုမိလေ စိတ်ထဲတွင် မသက်မသာဖြစ်လာလေဖြစ်သည်။


မူလက သူ့ရှေ့မှလူမှာ ငယ်စဉ်ကလေးဘဝတည်းက သင်ကြားပေးခံရသည့်အတိုင်း လိုက်လျောညီထွေနေတတ်သည့် သနားစရာလူတစ်ယောက်ဟု ထင်ခဲ့မိသည်။


သို့ရာတွင် ဤလူက သူ့ဘဝသူ တန်ဖိုးထားရန်သာ မျှော်လင့်နေမိတော့သည်။


အတိတ်မှ အရိပ်မည်းများက သူ့ထံမှ တဖြည်းဖြည်း ဖယ်ခွာသွားရန်သာ တွေးနေမိတော့သည်။


ရွှယ်ယန်၏ ဂရုမစိုက်သည့်အသံကြောင့် ကျွင်းဟွိုင်လန်က ဆက်ပြောလိုက်သည်။

" ထပ်ပြီးတော့ အသက်စွန့်ဖို့ကြိုးစားမယ်ဆိုရင် ကျွန်တော်..."


ခက်ထန်သည့်စကားများ ပြောထွက်လာတော့မည့်အချိန်တွင် ကျွင်းဟွိုင်လန်ရပ်တန့်လိုက်သည်။


ထိုသို့ ခြိမ်းခြောက်အကြပ်ကိုင်သည့်စကားများပြောရခြင်းကို သူအတွေ့အကြုံမရှိပေ။ ယခုပြောလိုက်တော့မည့်စကားမှာလည်း စိတ်ခံစားချက်အရ ဖြစ်သွားခြင်းသာဖြစ်ပြီး ရွှယ်ယန့်ကို မည်သို့ခြိမ်းခြောက်ရမည်ကို သူမသိပေ။


ပြောလက်စ စကားများ တစ်ဝက်တစ်ပျက်ဖြစ်သွားပြီးနောက် လှိုဏ်ဂူက တိတ်ဆိတ်သွားပြန်သည်။


ကျွင်းဟွိုင်လန် မည်သို့ဆက်ပြောရမည်မသိဖြစ်၍ ငြိမ်သက်နေစဉ်မှာပင် ရွှယ်ယန်က ဦးစွာရယ်လိုက်သည်။


" ကျွန်တော် ဘာဖြစ်လဲ..."


သူ့လေသံကို အဆုံးနားတွင် မြှင့်၍ပြောလိုက်သည်။ အသက်ရှုသံက အားနည်းနေသော်လည်း သူ့အသံလေးတွင် စနောက်ကျီစယ်မှုများ ပါဝင်နေသည်ကို ခံစား၍ရနိုင်သည်။


ကျွင်းဟွိုင်လန် အံကြိတ်ထားလိုက်သည်။


" ကျွန်တော် အရှင့်သားကို ဂရုမစိုက်တော့ဘူး..."


ရွှယ်ယန်၏ ရယ်သံက ခဏရပ်သွားသော်လည်း ခဏအကြာတွင် အသံတိုးတိုးဖြင့် မရပ်မနားရယ်တော့သည်။


ကျွင်းဟွိုင်လန်က သူ့ဘေးတွင်ရှိနေ၍ ရွှယ်ယန် ရယ်မောလိုက်တိုင်း သူ့ရင်ဘတ်က လှုပ်ခါသွားသည်ကို ခံစားမိသည်။


ကျွင်းဟွိုင်လန် အရယ်ခံရ၍ ရှက်နေစဉ်တွင် ရွှယ်ယန်က အပြုံးဖြင့် ပြောလိုက်သည်။


" ကောင်းပါပြီ ကိုယ်ကတိပေးပါတယ်..."

    

ရွှယ်ယန် အံကြိတ်ထားပြီး သူ့ကိုယ်သူ သနားစရာကောင်းသည့်လူဟု ထင်နေမိသည်။

  

ကျွင်းဟွိုင်လန်ကို နမ်းပစ်ချင်နေသော်လည်း သူ့ကို အမြတ်တနိုးတန်ဖိုးထားလွန်း၍ တစ်ချက်မှ မလှုပ်ရဲပဲ နောက်ပြောင်ကျီစယ်၍သာ ရယ်မောနေပြီး လောစိတ်ကိုချိုးနှိမ်၍ သူ့မျက်နှာကိုသာ လက်ချောင်းထိပ်များဖြင့် ပွတ်သပ်နေမိသည်။


သူ့စိတ်ထဲတွင် မိမိအသက်ကို တန်ဖိုးမထားမှုက အရိုးထဲထိစွဲနေသည်။ သူကတိပေးလိုက်သော်လည်း ထိုသိူ့ပြုလုပ်ရန်က ခက်ခဲနေဆဲဖြစ်သည်။


သို့ရာတွင် ယခုချိန်၌ သူ့အသက်ကို ကျွင်းဟွိုင်လန်နှင့် ချည်နှောင်ထားလိုက်ပြီဖြစ်သည်။


အကယ်၍ သူသေချင်လျှင်ပင် သူ့စိတ်ထဲတွင် ကြောင့်ကြမှုနှင့် ပိုင်ဆိုင်လိုမှုများစွာ ရှိနေပြီဖြစ်၍ လွယ်လွယ်ကူကူသေနိုင်တော့မည်မဟုတ်ပေ။


 ——

    

အပြင်ဘက်မှမိုးက သည်းသည်ထက် ပိုသည်းလာပြီး လှိုဏ်ဂူထဲမှ အပူချိန်က ကျဆင်းလာသည်။ ကျွင်းဟွိုင်လန် သတိထား၍ လက်မြှောက်လိုက်ပြီး ရွှယ်ယန်၏ အနောက်ဘက်မှ ကျောက်နံရံကို ထိကြည့်လိုက်သည်ယ ၎င်းက အလွန်အေးစက်လွန်းနေ၍ တစ်ချက်ထိကြည့်ရုံဖြင့် အေးစက်မှုက အရိုးထဲထိ စိမ့်ဝင်သွားသည်။


ယန်ဇီမြစ်တောင်ပိုင်းမှ ရာသီဥတုက အမြဲတစေ စိုစွတ်ထိုင်းမှိုင်းနေတတ်သည်။ ယခုချိန်တွင်လည်း မိုးရွာသွန်းနေခြင်းဖြစ်၍ စိုထိုင်းမှုက မြေဆီလွှယကြားထဲနှင့် ကျောက်တုံးများအကြားကိုပါ စိမ့်ဝင်လာသည်။


ရွှယ်ယန်၏ခန္ဓာကိုယ်တွင် ကြက်သီးထလာသည်ကို ကျွင်းဟွိုင်လန်ခံစားမိသည်။


သူ့ခန္ဓာကိုယ်က အမြဲတစေ ပူနွေးနေတတ်ပုံရသည်။ မင့်လွမ်နန်းဆောင်တွင် နေထိုင်စဉ်ကလည်း ဆောင်းရာသီအချိန်တွင် ရွှယ်ယန်က အင်္ကျီပါးလေးနစ်ထာ်သာဝတ်ပြီး ဓားရေးလေ့ကျင့်လေ့ရှိသည်ကို ကျွင်းဟွိုင်လန်မှတ်မိသွားသည်။


သူက အေးစက်မှုကို မည်သည့်အချိန်ကမှ ကြောက်လန့်ခဲ့ဖူးသူမဟုတ်ပေ။


သို့ရာတွင် ယခုက နေရာ နွေရာသီရောက်နေပြီး ကျောက်ဆောင်မှ အအေးဓာတ်က သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်စွား၍ အေးစက်နေသည်။


ကျွင်းဟွိုင်လန်က သူ့လက်ကို ရွှယ်ယန့်ပခုံးပေါ်တင်ထားလိုက်ပြီး နွေးထွေးလာအောင် ပြုလုပ်ပေးနေသည်။


" အေးနေလား...  အဆင်ပြေပါတယ် မကြာခင် မိုးတိတ်သွားမှာပါ..."


ကျွင်းဟွိုင်လန်ပြောလိုက်သည်။


အပြင်ဘက်မှ မိုးသံက အလွန်ကျယ်လွန်း၍ နြေဆီလွှာထဲပါ စိမ့်ဝင်လာပြီး ကြားနေရသည်။ ပထဝီဝင်နှင့် မိုးလေဝသအကြောင်း မသိရှိသူများပင် မိုးက အချိန်တိုအတွင်း တိတ်သွားမည်မဟုတ်ကြောင်း သိနိုင်သည်။


"အဆင်ပြေပါတယ်" ဟူသည့်စကားက ရွှယ်ယန့်အတွက်မဟုတ်ပဲ သူ့ကိုယ်သူပြောနေခြင်းဖြစ်သည်။


သူ့စိတ်ထဲတွင် အဆင်ပြေသည်ဟု ထပ်ခါတလဲလဲ ရေရွတ်နေကာ ရွှယ်ယန်လည်း အဆင်ပြေမည်ဟု မျှော်လင့်နေသည်။


ရွှယ်ယန်က အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

" အဆင်ပြေပါတယ် မအေးပါဘူး မင်းလက်ကို ပြန်ရုတ်လိုက်လေ..."

   

သူ့ကျောဘက်မှ ကျောက်ဆောင်နှင့်ကပ်နေသောမြေသားက အနည်းငယ်ပျော့နေပြီဖြစ်၍ အချိန်မရွေးပြိုကျသွားနိုင်ကြောင်း  ကျွင်းဟွိုင်လန်ကို မပြောလိုက်မိပေ။ ကျွင်းဟွိုင်လန်၏အနောက်ဘက်မှ ကျောက်တောင်ကို လက်ဖြင့်ထောက်ထားပြီး သူ့အပေါ် ကျောက်တုံး အစအနများ ပြုတ်မကျ‌လာအောင် ပိတ်ဆို့ပေးထားသည်။


ကျွင်းဟွိုင်လန်ရဲ့လက်က သူ့ပေါ်ရောက်နေတုန်း မြေပြိုလာရင် ဘယ်လိုလုပ်မလဲ...


အဲ့လောက်လှတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို...

    

ကျွင်းဟွိုင်လန်က သူပြောသည်ကို နားထောင်ပဲ ခေါင်းမာစွာဖြင့် ရွှယ်ယန့်ပခုံးကို လက်နှစ်ဖက်လုံးဖြင့် ဖက်ထားလိုက်သည်။


ရွှယ်ယန် ကျစ်ခနဲအသံပြုလိုက်သည်။


" ကိုယ့်ပခုံးပေါ် လက်တင်ထားတာ ဘာအအသုံးဝင်မှာလဲ... တကယ်နွေးအောင်လုပ်ပေးချင်ရင် ရင်ဘတ်နားမှာ ထားထားလေ..."


သူ၏ မူလရည်ရွယ်ချက်က ကျွင်းဟွိုင်လန်ကို သူ့ရင်ခွင်ထဲထည့်ပြီး ကာကွယ်ပေးထားရန်ဖြစ်သည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က ခဏတာ တွန့်ဆုတ်နေပြီးနောက် သူ့လက်ကို ရင်ဘတ်နားရွှေ့လိုက်သည်။ ရွှယ်ယန့်စိတ်ထဲတွင် ခပ်တိုးတိုး ဆဲရေးလိုက်မိသည်။


မင်းကတော့ ကိုယ့်ပြဿနာ ကိုယ်ရှာနေတာပဲ...


နွေးထွေး၍ သွယ်လျသောလက်ချောင်းများက သူ့ပခုံးထက်မှတစ်ဆင့် ဆင်းသက်လာချိန်တွင် တစ်ကိုယ်လုံးထုံကျဉ်သွားသည်။ ထိုလက်များက ရင်ဘတ်နေရာတွင် ရပ်တန့်သွားသည့်အခါ အသက်ရှုရပ်သွားသည်ဟုပင် ခံစားလိုက်ရသည်။


အကယ်၍ ဤသို့သောနေရာတွင် မဟုတ်ပါက သူ့အပြုအမူများက ဒွိဟဖြစ်ဖွယ်ရာပင်။


ကံကောင်းသည်မှာ ယခုအချိန်တွင် ရွှယ်ယန့်၏ကျောပြင်က ဒဏ်ရာကြောင့် နာကျင်နေခြင်းဖြစ်၍ သူတို့နှစ်ယောက် အလွန်နီးကပ်နေသော်လည်း ရှက်စရာကောင်းသည့် တုံ့ပြန်မှုများ မဖြစ်လာခြင်းပင်။


သို့ရာတွင် သူအံကြိတ်ပြီး မနည်းတောင့်ခံထားရသည်ကို သူ့ရှေ့မှ ကျွင်းဟွိုင်လန်က မခံစားမိပေ။


သူ့လက်များက တောင့်တင်းသည့် ကြွက်သားလွှာပေါ် ကျရောက်နေပြီး အရေပြားကို ကျော်ဖြတ်သွားပြီးသည့်နောက်တွင် ရွှယ်ယန်၏ နှလုံးခုန်သံမှန်မှန်ကို ကြားနေရသည်။


သို့ဖြစ်၍ ကျွင်းဟွိုင်လန် စိတ်အေးသွားရသည်။


တစ်ဖက်လူက အသက်ရှင်နေသေးကြောင်းကို သူခံစားကြည့်နိုင်သည်။


တိတ်ဆိတ်ငြိမ်သက်နေသည့် အမှောင်ထုထဲတွင် တည်ငြိမ်နေသောနှလုံးခုန်သံက စည်းချက်ကျကျ  လှုပ်ခတ်နေသည်။


ကျွင်းဟွိုင်လန်၏ရင်ထဲတွင်လည်း တဒိတ်ဒိတ်ခုန်လာသည်။


အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။


ရွှယ်ယန်က ကျွင်းဟွိုင်လန်စိတ်ပူနေမည်စိုး၍ ဖြည်းဖြည်းမှန်မှန်နှင့် စကားပြောလာသည်။


ကျွင်းဟွိုင်လန်၏  လက်ဖဝါးထဲတွင် သူ၏နှလုံးလုန်သံက ပုံမှန်ဖြစ်လာသည်။


အပြင်ဘက်တွင်လည်း မိုးသည်းထန်နေဆဲဖြစ်သည်။


နောက်ဆုံးတွင် ကျွင်းဟွိုင်လန်အိပ်ငိုက်လာ၍ ရွှယ်ယန်က သူ့ပါးကိုခပ်ဖြည်းဖြည်းညှစ်ပြီး နိုးအောင်လုပ်လိုက်သည်။


" နားထောင်ကြည့်ဦး အပြင်မှာဘာသံတွေလဲ..."

ရွှယ်ယန်က ရုတ်တရက်မေးလိုက်သည်။


သို့ဖြစ်၍ ကျွင်းဟွိုင်လန်က ငြိမ်သက်စွာနားစွင့်ကြည့်လိုက်သည်။


သို့ရာတွင် အချိန်အတော်ကြာ နားစွင့်ပြီးချိန်တွင် မိုးသံကိုသာ ကြားရသည်။

    

" ကျွန်တော် ဘာမှ မကြားရဘူး..."

ကျွင်းဟွိုင်လန် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။


ရွှယ်ယန်က ခပ်တိုးတိုးရယ်လိုက်သည်။


" သေချာပေါက် မကြားရဘူးပေါ့ ကိုယ်မင်းကို နောက်နေတာလေ..."


ဤလူက အလွန်ကလေးဆန်သည်ဟု ကျွင်းဟွိုင်လန် ပထမဦးဆုံးအကြိမ် သဘောပေါက်လိုက်သည်။ 


ရွှယ်ယန်က ထိုသို့သောလှည့်စားမှုကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သည်။

    

ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို တစ်ယောက်ယောက်လာကယ်တော့မည်ကို အားတက်သရောစောင့်ဆိုင်းနေမိ‌ခြင်းဖြစ်သည်။ ထိုသို့ဖြစ်သော်လည်း စနောက်ခံရသည့်အကြိမ်တိုင်းတွင်လည်း စိတ်အနှောင့်အယှက်မဖြစ်ပေ။


ခဏအကြာတွင် ရွှယ်ယန်ကပြုံးလိုက်ပြီး သူ့မေးစေ့ကို ကျွင်းဟွိုင်လန်၏ပခုံးပေါ်တင်ကာပြောလိုက်သည်။


" မင်းကို နောက်ရတာ အရမ်းလွယ်တာပဲ ဘယ်လိုလုပ်ရမလဲ..."


ကျွင်းဟွိုင်လန်က နူးညံ့သည့်လေသံဖြင့်သာ ပြန်ပြောလိုက်သည်။


" အရှင့်သားက အရမ်းကလေးဆန်လို့လေ..."


ရွှယ်ယန် သက်ပြင်းချလိုက်သည်။

" အဲ့လိုမဟုတ်ပါဘူး... အပြင်ဘက်ကိုရောက်ရင် ကျင်းပေါင်နဲ့ သွမ့်ရှီးရှီးကို ပညာပြရဦးမယ်..."


ပြောနေချိန်တွင် သူ့မျက်လုံးများ တဖြည်းဖြည်းပိတ်သွားသည်။


ဒဏ်ရာက အလွန်နာကျင်လာပြီဖြစ်သည်။


ကျွင်းဟွိုင်လန်ကို အကြိမ်ပေါင်းများစွာ နောက်ပြောင်ကျီစယ်နေရခြင်းမှာ အာရုံလွှဲရန်အတွက်သာဖြစ်သည်။ သူ့စိတ်ထဲတွင် ထင်ယောင်ထင်မှားပုံရိပ်များပေါ်လာပြီး ခဏတာခန့် အမှန်ကို မခွဲခြားနိုင်ဖြစ်သွားသည်။


သူ မျက်လုံးမှိတ်ပြီး ခဏနားချင်နေသည်။


သို့ရာတွင် မျက်လုံးမှတ်လိုက်တော့မည့်အချိန်မှာပင် ကျွင်းဟွိုင်လန်၏ စိုးရိမ်ကြီးအော်ခေါ်သံကို ကြားလိုက်ရသည်။


" ရွှယ်ယန် ရွှယ်ယန် ထပါဦး... မျက်လုံးတွေဖွင့်ထား မအိပ်ပျော်သွားနဲ့နော်..."


ရွှယ်ယန်က ပြုံးပြ၍ မအိပ်သေးကြောင်းပြောလိုသော်လည်း အသံတိုးတိုးသာထွက်လာသည်။


သူ့အသံက အလွန်နူးညံ့ကာ အက်ရှရှဖြစ်နေပြီး ပြောလိုက်သည်။

" အဆင်ပြေပါတယ်..."


ကျွင်းဟွိုင်လန်က သူ့စကားကိုကြားပုံမရပဲ သူ့အသံက ငိုရှိုက်သံများဖြင့် ပြည့်လာသည်။


ကျစ်... မင်းဘာလို့ ထပ်ငိုနေရပြန်တာလဲ...အရင်က ဒီလောက်ငိုတာ မတွေ့ဖူးပါဘူး...

    

ရွှယ်ယန်က မျက်လုံးများဖွင့်၍ သူ့ကိုပြုံးပြရန်ပြင်လိုက်သော်လည်း မျက်ခွံများက လေးလံနေပြီဖြစ်သည်။


Xxxxx