Chapter 98
သို့ရာတွင် သူ့အသက်ရှုသံထဲမှ တုန်ယင်နေသံကို ဖုံးကွယ်ထား၍ မရပေ။
သူ့ မျက်လုံးအိမ်များကလည်း နီရဲနေသည်။
အရေးကြီးသည့်အချိန်တွင် သူ့စိတ်ထဲ ဗလာကျင်းသွား၍ ရွှယ်ယန်က ရှေ့သို့ခုန်ထွက်လာပြီး သူ့ကိုကယ်တင်လိုက်ခြင်းဖြစ်သည်။
လူတစ်ယောက်စာသာ ပုန်းရန်နေရာရှိသော်လည်း ကျွင်းဟွိုင်လန်ကို အရင်ဝင်ခိုင်းလိုက်သည်။
ဒီလူက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ...ဒီလို သေရေးရှင်ရေးအချိန်မှာတောင်မှ ကိုယ့်အသက်ကိုယ်မကယ်ပဲ တခြားလူကို စဉ်းစားပေးနေတယ်...
မြေပြိုကျလာတဲ့အချိန် ကျောက်တုံးတွေက သူ့ခေါင်းကို ထိသွားရင် ဘယ်လိုလုပ်မလဲ...
၎င်းက မည်သူမျှ သေချာမပြောနိုင်သည့်ကိစ္စဖြစ်သည်။
ကျွင်းဟွိုင်လန် မြင်ခဲ့သည်။ ရွှယ်ယန်က တတ်နိုင်သမျှကြိုးစားပြီး သူ့ကို ဤလှိုဏ်ဂူထဲထည့်နေစဉ်တွင် သူ့နောက်ဘက်မှ အရာများကို ဂရုမစိုက်မိပေ။ အကယ်၍ ဤလှိုဏ်ဂူက အနည်းငယ်ပို၍ ကျဉ်းမြောင်းနေခဲ့ပါက ရွှယ်ယန်မှာ မြေပြိုမှုထဲ ပါသွားခဲ့ပြီးဖြစ်သည်။
" ကျွန်တော့်ကို မလိမ်ပါနဲ့..."
သု့လေသံက ပုံမှန်မဟုတ်ကြောင်းသိ၍ ရွှယ်ယန်က ခဏတာ အံ့အားသင့်သွားပြီးသည့်နောက် ခေတ္တခဏ စကားမပြောနိုင်တော့ပေ။
ခဏအကြာတွင် ကျောက်ဆောင်ကို လက်တစ်ဖက်ဖြင့်ထောက်ပြီး လက်တစ်ဖက်ကို ခက်ခက်ခဲခဲမြှောက်လိုက်ပြီး ကျွင်းဟွိုင်လန်၏ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။
" တကယ် ဘာမှမဖြစ်ပါဘူး..."
သူ့လေသံက အေးစက်နေဆဲဖြစ်သည်။ သို့ရာတွင် သူ့လေသံကို နူးညံ့ညင်သာနေစေရန် အသံတိုးတိုးဖြင့် ပြောနေကြောင်း သိသာလှသည်။
" ကြည့်လေ တကယ်ဘာမှမဖြစ်ပါဘူး..."
သူက ပုံမှန်အချိန်တွင် စကားများများပြောနေကျလူ မဟုတ်သော်လည်း ယခုအခါတွင် စကားဆက်ပြောသည်။
" ကျင်းယီဝေ့တွေက အလုပ်လုပ်တာမြန်ပါတယ်... ပြီးတော့ သွမ့်ရှီးရှီးကလည်း ငါတို့ ဘယ်မှာလဲဆိုတာ သိတယ်လေ... သူတို့ သိပ်မကြာခင်ရောက်လာမှာပါ စိတ်မပူပါနဲ့..."
ကျွင်းဟွိုင်လန်က သူပြောသည်ကို မကျေမနပ်ဖြင့် ပြန်ဖြေလိုက်သည်။
ထိုအခါမှသာ သူ့လေသံထဲတွင် ငိုရှိုက်သံ ပါဝင်နေကြောင်း သိလိုက်ရသည်။
သူ ဝမ်းမနည်းစေရန် ရွှယ်ယန်က နူးညံ့စွာ ပြုံးပြလိုက်သည်။
" ဘာလို့ ငိုနေတာလဲ..."
သူ့လေသံက အေးစက်နေ၍ ရယ်လိုက်သည့်အချိန်တွင် ကြင်နာမှုများပါဝင်နေပုံနှင့် မတူပဲ ဆန့်ကျင့်ဘက်အားဖြင့် အကျင့်မကောင်းသည့် အနိုင်ကျင့်သူတစ်ယောက်နှင့် တူညီနေသည်။
ကျွင်းဟွိုင်လန်က နှာရှုံ့လိုက်သည်။
" အရှင့်သား အဆင်ပြေတယ်ပြောတည်းက ကျွန်တော်မယုံပါဘူး... ဘာလို့ ကျွန်တော့်ကို ကယ်လိုက်တာလဲ အရှင့်သား တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
အမှောင်ထဲတွင် ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အပြုံးက ပျောက်ကွယ်သွားသည်။
" မင်းကို လျစ်လျူရှု့ထားလို့မှ မရတာ... ခုနက နေရာမှာ အဲ့တိုင်းပဲ ထားခဲ့ရမှာလား..."
သူ့လေသံက အနည်းငယ် ခက်ထန်နေသည်။
သူပြောသည်က မှန်ကန်နေပြီး စောဒကတက်ရန် အကြောင်းပြချက် ရှာမရသည့်အတွက် ကျွင်းဟွိုင်လန် မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။
သူ နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီး ဘာမှမပြောတော့ပေ။
ခဏအကြာတွင် ရွှယ်ယန် သက်ပြင်းချလိုက်သည်။
" ငါ့ကို မင်းစိတ်ဆိုးသွားမှာပေါ့..."
သူ အံကြိတ်ပြီးပြောလိုက်သည်။
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားသည်။
" ဟမ်..."
ရွှယ်ယန်က ကျွင်းဟွိုင်လန်၏မျက်လုံးများကို ရှင်းလင်းစွာ မမြင်လိုက်ရပေ။ သူတို့နှစ်ယောက်က ယခုချိန်တွင် အလွန်နီးကပ်လွန်းနေ၍ အသက်ရှုသံနှင့် ခန္ဓာကိုယ်အပူချိန်များက ရောယှက်နေသည်။ ကျွင်းဟွိုင်လန်၏ ကိုယ်သင်းရနံ့ကို သူ့ရင်ခွင်ထဲထည့်၍ ပွေ့ဖက်ထားသကဲ့သို့ပင် ထင်ရသည်။
ကျောက်တုံးနှင့်ရိုက်မိသွားသော သူ့ကျောပြင်တွင် ဒဏ်ရာကြီးကြီးမားမားဖြစ်သွားနိုင်သည်။ ယခုချိန်တွင် နာကျင်မှုက အလွန်ပြင်းထန်လွန်း၍ သူ့ကျောရိုးကို ဓားနှင့် ထိုးဖောက်နေသကဲ့သို့ပင်ထင်ရကာ မူးဝေလာစေသည်။
အတိုချုပ်ပြောရမည်ဆိုပါက ယခုချိန်တွင် သူ့သတ္တိများက ကြီးထွားလာသည်။
"ငါတို့က မိသားစုတွေလို့ အရင်တုန်းက ပြောခဲ့ဖူးတယ်မလား..."
ရွှယ်ယန် တီးတိုးပြောလိုက်သည်။
ကျွင်းဟွိုင်လန်က နူးညံ့သည့်အသံဖြင့် ပြန်ဖြေလိုက်သည်။
" ကျွန်တော် ပြောခဲ့ဖူးတယ်လေ... ဒါပေမဲ့..."
အဲ့လိုပြောခဲ့ဖူးပေမယ့် ရွှယ်ယန်က သူကိုယ်တိုင်ရဲ့အသက်ကိုစွန့်ပြီး ငါ့ကိုကယ်ရမယ်လို့မှ မဆိုလိုတာ...
ရွှယ်ယန်၏နှုတ်မှ "မိသားစု" ဟူသည့်စကားထွက်လာတိုင်း အနည်းငယ်ထူးဆန်းနေသည်။
" အဲဒါဆိုရင်တော့ ဒါပေမဲ့ ဆိုတာတွေ မလိုတော့ဘူး..."
ဒီကောင်လေးပြောတာက ကျိုးကြောင်းမဆီလျော်လိုက်တာ...
ထိုအချိန်တွင် ကျွင်းဟွိုင်လန်၏ပခုံးက အောက်သို့အနည်းငယ်နိမ့်ဆင်းသွားသည်။
ရွှယ်ယန်က ခေါင်းအနည်းငယ်ငုံ့ပြီး သူ့မေးစေ့ကို ကျွင်းဟွိုင်လန်၏ပခုံးပေါ် တင်လိုက်သည်။
" ငါ့ကို ပြန်မပြောပါနဲ့ဦး... "
သူ အသက်ပြင်းပြင်းရှုပြီး အသံကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
" နည်းနည်းပင်ပန်းနေလို့ပါ..."
ကျွင်းဟွိုင်လန် အလန့်တကြားဖြစ်သွားရသည်။
ရွှယ်ယန်က မသိမသာ ညည်းညူလိုက်သည်ကိုကြား၍ သူနာကျင်နေကြောင်း သိလိုက်သည်။
" ရွှယ်ယန်..."
ကျွင်းဟွိုင်လန်၏အသံက တုန်ယင်နေသည်။
" နောက်ဆုံးတော့ ကိုယ့်နာမည်ကို ခေါ်ပြီပေါ့... "
ရွှယ်ယန်က ပြုံးပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" စကားပြန်မပြောပါနဲ့ဦး ကိုယ်ခဏအိပ်လိုက်ဦးမယ်..."
——
ကျွင်းဟွိုင်လန် ဤနေရာတွင်ပင် တောင့်တင်းစွာ ထိုင်နေမိသည်။
သူတို့နှစ်ယောက်၏ အသက်ရှုသံများသာ ဤနေရာတွင် ရိုက်ခတ်နေသည်။
ရွှယ်ယန်၏ လက်နှစ်ဖက်လုံးက ဘေးနားတွင် ကျနေသည်ကို ကျွင်းဟွိုင်လန် ခံစားမိသည်။ အနောက်ဘက်မှ ကျောက်ဆောင်သည်ပင် သူ့ခန္ဓာကိုယ်အပူချိန်ကြောင့် နွေးထွေးလာပြီး သူ့ရှေ့တည့်တည့်တွင်လည်း ရွှယ်ယန်၏ တောင့်တင်းသော ခန္ဓာကိုယ် ရှိနေသည်။ ကျွင်းဟွိုင်လန်က ဤနေရာတွင် အနည်းငယ်ပြည့်ကျပ်နေသည်မှလွဲ၍ စိတ်မသက်မသာဖြစ်မှုမျိုးကို အနည်းငယ်မျှပင် မခံစားရပေ။
သို့ရာတွင် ကျွင်းဟွိုင်လန်၏နှလုံးသားက အောက်ဆုံးအထိ ပြုတ်ကျသွားပြီး ထိတ်ထိတ်ပျာပျာဖြစ်နေသည်။
" အရှင့်သား... ခေါင်းမူးနေတယ်မလား မအိပ်ပျော်သွားပါနဲ့ မျက်လုံးလေးဖွင့်ထားပါ..."
သူ အလျင်အမြန် ခေါ်လိုက်သည်။
ရွှယ်ယန်က ပျင်းရိပျင်းတွဲဖြင့် အာမေဋိတ်သံတစ်သံပြုလိုက်သည်ကို သူကြားလိုက်ရသည်။
အကယ်၍ အစောပိုင်းတွင် ရွှယ်ယန်၏ခေါင်းကို မထိခိုက်သွားပါက ဒဏ်ရာက မပြင်းထန်သည်ကို ကျွင်းဟွိုင်လန်သိသည်။ အကယ်၍ ဒဏ်ရာပြင်းထန်ပါက သတိမေ့သွားပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေပေလိမ့်မည်။
အိပ်ပျော်သွားပါက ပြန်နိုးလာနိုင်မည်မဟုတ်တော့ပေ။
ရွှယ်ယန် ပြန်ဖြေသည်ကိုကြားသည့်အခါ ကျွင်းဟွိုင်လန်က သူသတိမလစ်သွားပဲ ပြောစရာစကားလုံးများ ရွေးချယ်လိုက်ပြီး စကားဆက်ပြောနေအောင် လုပ်ရန်ကြံလိုက်သည်။
" ခုနက အလျင်စလိုဖြစ်သွားလို့ ကျွန်တော် ဓလေ့ထုံးတမ်းတွေကို မလိုက်နာမိလိုက်ပါဘူး..."
ရွှယ်ယန်က သူ့စကားများကြားသည့်အခါ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
" ဟုတ်သားပဲ... မင်းက ရွှယ်ယွင်ဟွမ်ကိုတောင် တစ်ကြိမ်မှ နာမည်တပ် မခေါ်ဖူးဘူးပဲ..."
သို့သော် ရွှယ်ယန်က ချက်ချင်းပင် မျက်မှောင်ကြတ်သွားပြီး ဖြေလိုက်သည်။
" ငါကရော ရွှယ်ယွင်ဟွမ်နဲ့ တူတူပဲလား..."
အမ် ဘာများကွာလို့လဲ... သူတို့အားလုံးက မင်းကြီးရဲ့သားတွေပဲလေ...
ရွှယ်ယန်က နာကျင်မှုကြောင့် ခေါင်းက မူးဝေနေ၍ သူ့အတွေးများက ကျိုးကြောင်းဆီလျော်မှုမရှိ ဖြစ်နေသည်။
" အခုကစပြီး နှစ်ယောက်တည်းရှိရင် နာမည်ကိုပဲခေါ်လေ..."
" အဲ့လိုလုပ်ဖို့ အဆင်မပြေဘူးထင်တယ်..."
ရွှယ်ယန်က ကျစ်ခနဲအသံပြုလိုက်ပြီးနောက် သူ့အသံက လူဆိုးလူညစ်နှင့်တူလာသည်။
" မင်း ငါအိပ်ပျော်သွားမှာ မကြောက်ဘူးလား... မင်း သဘောမတူရင် ငါ အိပ်တော့မယ်..."
ကျွင်းဟွိုင်လန် စိုးရိမ်တကြီးဖြင့် ပြောလိုက်ရသည်။
" ရွှယ်ယန်..."
ရွှယ်ယန်က နူးညံ့စွာ ပြန်ပြောလိုက်သည်။
" ဒီလိုမှပေါ့..."
ရွှယ်ယန့်ကို လုံးဝဥဿုံ လူကောင်းတစ်ယောက်မဖြစ်နိုင်ကြောင်းသိသော်လည်း သူ့အကျင့်စရိုက်များကို ကျွင်းဟွိုင်လန်၏ရှေ့တွင် တစ်ကြိမ်တစ်ခါမှ မပြသခဲ့ဖူးပေ။
သို့ရာတွင် ယခုချိန်၌ သူက ညစ်ပတ်သောနည်းလမ်းများ သုံးလာမည်ဟု သူ မထင်မှတ်ခဲ့ပေ။
ကျွင်းဟွိုင်လန်က ခဏရပ်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အပြင်ရောက်သွားလို့ အရှင့်သားသာ အဆင်ပြေမယ်ဆို ကျွန်တော်ဘယ်အရာဖြစ်ဖြစ် ကတိပေးပါတယ်..."
" ဘာပဲဖြစ်ဖြစ်လား..."
ရွှယ်ယန်က ထပ်ပြောလိုက်သည်။
ကျွင်းဟွိုင်လန်က သူ့ကိုမေးလာသည်။
" ကျွန်တော့်ဆီက ဘယ်လိုကတိမျိုးလိုချင်လို့လဲ..."
ရွှယ်ယန် ခဏတာ တိတ်ဆိတ်သွားပြီး ဘာမှမပြောတော့ပေ။
ဤသို့ တိတ်ဆိတ်နေခြင်းကြောင့် ကျွင်းဟွိုင်လန်၏ရင်ခုန်သံများ အကြောင်းအရင်းမဲ့စွာဖြင့် မြန်ဆန်လာသည်။ သူက တစ်စုံတစ်ရာကို မျှော်လင့်နေပုံရသော်လည်း မည်သည့်အရာဖြစ်ကြောင်းကို မပြောနိုင်ပေ။
ခဏအကြာတွင် ရွှယ်ယန်က ပြောလာသည်။
" ဘာမှမဟုတ်တော့ပါဘူး... တခြားကိစ္စတွေတော့ နောက်မှ ပြောကြမယ်လေ..."
သူတို့နှစ်ယောက်က အကြောင်းအရာ တစ်ခုပြီးတစ်ခု ပြောဆိုနေခဲ့ကြသည်။
ဤနှစ်ပိုင်းအတွင်း ချန်အန်းတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများနှင့် ကျွင်းဟွိုင်လန် ကျန်းနန်တွင်နေထိုင်ခဲ့စဉ်က အတွေ့အကြုံများအကြောင်းကိုလည်း ပြောဖြစ်ကြသည်။ ယမန်နှစ်တွင် ကျွင်းရှောင်ဝူက ရွှယ်ယန့်ကို ဖော်ရွှေခြင်းမရှိကြောင်းကိုလည်း ကျွင်းဟွိုင်လန် သိခဲ့သည်။ ရွှယ်ယန် နန်းတွင်းမှ ပြောင်းရွှေ့လာခဲ့စဉ်က ကိုယ်လုပ်တော်ရှု့က သဘောမတူချင်ခဲ့ပေ။ ရွှယ်ယန်၏ လက်နက်စင်ကို အနောက်ဘက်ခြံဝင်းထဲတွင် အမှတ်တရအနေဖြင့် ထားခဲ့သည်။
ရွှယ်ယန်၏ အသက်ရှုသံက တဖြည်းဖြည်း အားပျော့လာသည်ကို ကျွင်းဟွိုင်လန် သတိပြုမိလာသည်။
သူ့ရင်ထဲတွင် ကပျာကသီဖြစ်သွားသော်လည်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မသိချင်ယောင်ဆောင်ကာ ရွှယ်ယန့်ကို စနောက်နေသည်။
ရွှယ်ယန့်ကို အာရုံလွှဲရန် ကြိုးစားရမည်ကို သူသိသည်။ အကယ်၍ သူကိုယ်တိုင်က ထိတ်ထိတ်ပျာပျာဖြစ်နေပါက ရွှယ်ယန်က ဒဏ်ရာပေါ်တွင်သာ စိတ်ရောက်နေလိမ့်မည်။
တစ်ယောက်ယောက်က သူတို့ကိုလာကယ်မယ့်အချိန်ထိပဲ သူသတိမမေ့သွားအောင်ထားရမယ်...
ထိုအချိန်တွင် အပြင်ဘက်မှ တဖျောက်ဖျောက်အသံများကို ကြားလ်ုက်ရသည်။
ကျောက်တုံးများက သူ့အလိုလို လှိမ့်ဆင်းလာသည့်အသံမဟုတ်ပဲ ပေါ့ပါး၍ သိပ်သည်းသော အရာတစ်ခုခုက ကျောက်တုံးများအပေါ် ကျဆင်းလာသံဖြစ်သည်။
ရွှယ်ယန်လည်း ထိုအသံကိုကြားပြီး မျက်မှောင်ကြုတ်သွားသည်။
ကျွင်းဟွိုင်လန်က ခဏခန့် ငြိမ်သက်စွာ နားထောင်နေပြီးသည့်နောက်တွင် တုန်ယင်စွာပြောလိုက်သည်။
" မိုးရွာနေတာထင်တယ်..."
ယခုအချိန်တွင် တောင်ပေါ်၌ မိုးရွာပါက မြေပြိုမှု ဆက်လက်ဖြစ်ပေါ်နိုင်ပြီး သူတို့နှစ်ယောက်ကိုရှာတွေ့ရန် ခဲယဉ်းသွားလိမ့်မည်။
သူက ဒဏ်ရာမရထားသူဖြစ်၍ အနည်းငယ် ကျန့်ကြာနေပါက စောင့်ဆိုင်းနိုင်သော်လည်း ရွှယ်ယန်က ယခုချိန်တွင် ဒဏ်ရာအပြင်းအထန် ရရှိထား၍ သတိမလစ်စေရန်က အရေးကြီးနေသည်။ ကြာကြာစောင့်လေ ပို၍ အန္တရာယ်များလာလေဖြစ်မည်။
တစ်လောကလုံးက သူ့ကို နတ်ဆိုးကြယ်ဟု သမုတ်ကြသော်လည်း သူကိုယ်တိုင်က အသွေးအသားနှင့် ဖွဲ့စည်းထားသော လူတစ်ယောက်ဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး မြောက်များစွာသော ကျောက်တုံးကျောက်ခဲများကို ဟန့်တားခဲ့ရခြင်းဖြစ်သည်။
ကျွင်းဟွိုင်လန်၏ မျက်လုံးအိမ်က ပူနွေးလာပြန်သည်။
ရွှယ်ယန်က အသက်မျှင်းမျှင်းရှုလိုက်သည်။
အေးစက်၍ အသားမာအနည်းငယ်ရှိနေသည့် လက်တစ်ဖက်က ကျွင်းဟွိုင်လန်၏ မျက်နှာပေါ် ရောက်လာပြီး ညင်သာစွာ ပွတ်သပ်ပေးနေသည်ကို ခံစားမိသည်။
" မကြောက်ပါနဲ့... ခုနက ငါ မကြားဘူးဆိုလို့ ကြောက်သွားတာမလား... အဆင်ပြေပါတယ်... ငါက အမြဲတမ်း ကတိတည်တတ်တဲ့သူပါ... လုံးဝအိပ်မပျော်သွားဘူးလို့ ကတိပေးတယ်..."
ကျွင်းဟွိုင်လန်က မျက်ရည်များဝဲလာပြီး ပြောစရာစကားမဲ့သွားသည်။
ရွှယ်ယန်က ထပ်ပြောလိုက်သည်။
" ငရဲမင်းက ငါ့အသက်ကို ယူချင်တယ်ဆိုရင်တောင် သူ ယူရဲ မယူရဲတဲ့အပေါ် မူတည်သေးတယ်..."
သူ အသံတိုးတိုးဖြင့် ပြောလိုက်ပြီးနောက် ကျွင်းဟွိုင်လန် ပျော်ရွှင်အောင် လုပ်ပေးနေသည်။
" ငါလိုမျိုး သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်နဲ့ လောကကြီးထဲ ရောက်လာတဲ့လူရဲ့အသက်ကို ယူချင်တယ်တို ဝန်ထုပ်ဝန်ပိုးဖြစ်ကုန်မှာပဲ... ကပ်ဘေးကြီးက နှစ်တစ်ထောင်လောက် ကြာသွားနိုင်တယ်လို့ ပြောကြတာပဲ... ငါမင်းကို ကာကွယ်ခဲ့တယ်ဆိုပေမယ့် ငါ့ဘဝက ကြမ်းတမ်းပြီး လွယ်လွယ်မသေနိုင်ပါဘူး..."
သူ့အသံက စိတ်အေးလက်အေးဖြစ်နေသော်လည်း သူ့လက်ပေါ် ကျဆင်းနေသည့် မျက်ရည်များက ပူနွေးနေသည်။
၎င်းက ကျွင်းဟွိုင်လန်၏ မျက်ရည်များဖြစ်သည်။
ရွှယ်ယန်၏လက်များအေးခဲသွားသည်။
သူ့လက်ပေါ် သို့ကျလာသည်များမှာ မည်သည့်အရာများဖြစ်ကြောင်း မူလက သဘောမပေါက်ခဲ့ပေ။ သို့ရာတွင် ခဏအကြာ၌ ကျွင်းဟွိုင်လန်၏မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။
သူ့လှုပ်ရှားမှုများက အနည်းငယ် ကိုးရို့ကားယားနိုင်ပြီး လက်ချောင်းထိပ်များက ကျွင်းဟွိုင်လန်၏ မျက်လုံးအောက်နားကို ခြစ်မိသွားသည်။ အားမပြင်းသော်လည်း အရေပြားကို အနည်းငယ် နာကျင်သွားစေသည်။
ကျွင်းဟွိုင်လန်၏မျက်ရည်များက အထိန်းအကွပ်မဲ့စွာ ကျဆင်းလာသည်။ မျက်ရည်တစ်စက်ထွက်လာလျှင် သုတ်လိုက်ပါက နောက်ထပ်မျက်ရည်တစ်စက်ထွက်လာသည်။
ကျွင်းဟွိုင်လန်က အသံမထွက်ပဲ တိတ်တဆိတ် ငိုကြွေးနေသည်။
ပုံမှန်အချိန်တွင်မူ ရွှယ်ယန်က အခြားလူများငိုကြွေးနေသည်ကို မြင်ပါက စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ အထူးသဖြင့် စစ်တပ်တွင်နေစဉ်က အခက်အခဲများကို မတောင့်ခံနိုင်၍ ငိုကြွေးနေသောလူများဖြစ်သည်။ အကယ်၍ ထိုလူများကို ရွှယ်ယန်မြင်ပါက အငိုရပ်သည်အထိ ရိုက်နှက်လေ့ရှိသည်။
ထိုသို့မဟုတ်ပဲ သေရေးရှင်ရေးနှင့် ခြိမ်းခြောက်လိုက်လျှင်လည်း သူတို့မျက်ရည်မထွက်ရဲတော့ပေ။
Xxxxx