အပိုင်း ၉၇
Viewers 15k

Chapter 97


ယန်ကျိုးမြို့၏မြောက်ဘက်တွင် တောင်ကုန်းတစ်ခုရှိပြီး ထိုနေရာမှကျော်လွန်ပါက တောင်တစ်လုံးရှိသည်။


ရွာငယ်တစ်ခုကို ဖြတ်သန်းလာပြီးသည့်နောက်တွင်  တောင်ကို မှုန်ပြပြမြင်လာရသည်။


လမ်းတစ်လျှောက်လုံးတွင် ရှန်းလျှိုဖုန်းက ဒဏ္ဍာရီလာ နတ်ဆေးသမားတော်၏ ဇာတ်လမ်းကို ကျွင်းဟွိုင်လန်အား ရေပက်မဝင်အောင် ပြောပြလာခဲ့သည်။


ထိုဇာတ်လမ်းများက သူ့ပါးစပ်ထဲရောက်သွားလျှင် အလွန်ချဲ့ကားထားသည့် အကြောင်းအရာများ ဖြစ်သွားတတ်သည်။ ထိုသမားတော်မှာ ယခင်က ဟိုင်းပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီးနောက်မှ နတ်ဆေးသမားတော်ဖြစ်လာခဲ့ခြင်းပင်။ သူ သေဆုံးသွားခဲ့သော်လည်း လူသေခန္ဓာကိုယ်ဖြင့် ဆက်လက်ရှင်သန်နေနိုင်ခဲ့ပြီး ကုသ၍မရနိုင်သည့် မည်သည့်ရောဂါမဆို သူ့လက်ထဲရောက်ပါက လျင်မြန်စွာ ဖြေရှင်းနိုင်သည်ဟု ပြောကြသည်။


ကျွင်းဟွိုင်လန်က ကလေးတစ်ယောက်ကို ချော့မော့ပြောဆိုနေသကဲ့သို့ ပြုံးရုံသာပြုံးပြီး ခေါင်းငြိမ့်ပြနေသည်။ ရွှယ်ယန်က သူ့နောက်မှ စကားတစ်ခွန်းမှမပြောပဲ လိုက်လာ၍ သူ့ထံမှ မြင်းခွာသံများကိုသာ ကြားရသည်။


သူတို့သုံးယောက်က လမ်းအတိုင်းလာခဲ့ပြီး နောက်ဆုံးတွင် တောင်ခြေသို့ ရောက်လာခဲ့သည်။

 

ဘေးဘက်မှ တောင်များက တဖြည်းဖြည်းမြင့်တက်သွား အလွှာအထပ်ထပ်ဖြစ်နေပြီး အလယ်တွင် လှည်းအသေးစားလေးပင် မနည်းဖြတ်သန်းသွားရမည် မပြင်ဆင်ရသေးသည့် လမ်းငယ်လေးတစ်လမ်းရှိသည်။

    

ရှန်းလျှိုဖုန်းက စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။


" နတ်ဆေးသမားတော်က ဒီတောင်ပေါ်မှာနေတယ်လို့ ငါကြားထားတယ်... ဒီမှာ လမ်းတစ်လမ်းပဲရှိတာဆိုတော့ အဲ့အတိုင်း တည့်တည့်သွားရင် ရှာတွေ့မလားမသိဘူး..."

  

ပြောပြောဆိုဆိုဖြင့် နောက်ထပ်မစောင့်နိုင်တော့ပေ။ ဤခရီးစဉ်က မကြာမြင့်သော်လည်း သူ့နောက်မှ မျက်နှာသေကြီးဖြင့် လိုက်လာသူကြောင့် ရှန်းလျှိုဖုန်းက သည်းမခံနိုင်တော့ပေ။

မြင်းကို ကြာပွတ်ဖြင့်ရိုက်လိုက်ချိန်တွင် အောက်ဘက်မှမြင်းက လေးကြိုးမှလွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။    

    

" နောက်ကလိုက်လာခဲ့ ငါအရင်သွားနှင့်ပြီနော်..."

ရှန်းလျှိုဖုန်းက စကားဆုံးသည်နှင့် မြင်းဖြင့်တောင်ပေါ်သို့ ဒုန်းစိုင်းတက်သွားသည်။ 


ကျွင်းဟွိုင်လန်က မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။


" ဘာဖြစ်လို့လဲ..."    

ရွှယ်ယန်က သူဇက်ကြိုးကိုဆွဲပြီး အရှိန်နှေးအောင် ပြုလုပ်လိုက်‌သောကြောင့် မေးလိုက်သည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က ဘေးပတ်ပတ်လည်ကိုသာ ကြည့်နေသည်။


ယန်ကျိုးမြို့အပြင်ဘက်ရှိတောင်များမှာ  အများအားဖြင့် စိမ်းလန်းနေပြီး ထင်ရှုးတောပေါင်းများစွာလည်းရှိသည်။ သို့ရာတွင် တောင်အဝင်ဝက ကျောက်တောင်ကြီးသာဖြစ်၍ နှစ်ဖက်စလုံးတွင် အပင်များများစားစားမရှိပဲ သစ်ပင်များကျိုးတိုကျဲတဲသာရှိသည်။  တောင်ခြေတွင် စမ်းချောင်းတစ်ခုရှိပြီး နက်စောက်၍ အန္တရာယ်များလှသည်ယ ၎င်း၏ဘေးဘက်တွင် တောင်တက်လမ်းရှိသည်။


" ဒီတောင်က မတ်ပြီးတော့ အပင်တွေလည်း နည်းတာပဲ..." 


ကျွင်းဟွိုင်လန် ခဏတာ အတွေးနက်နဲနေပြီးသည့်နောက်တွင်  ဖြည်းဖြည်းချင်းပြောလိုက်သည်။


" ဒီလိုနေရာတွေက အန္တရာယ်များတတ်တယ်..."


ယခင်ဘဝတွင် ဆည်မှရေများအား ထိန်းသိမ်းရန်အတွက် ပထဝီဝင်ဆိုင်ရာ အကြောင်းအရာများကို လေ့လာခဲ့ရ၍ မြေမျက်နှာသွင်ပြင်အကြောင်းကို အနည်းငယ်သိနေခြင်းဖြစ်သည်။


ဤတောင်က လူသုအရောက်အပေါက်နည်းပြီး မြေပြင်ပေါ်တွင်  လှည်းလမ်းကြောင်းများ၊ မြင်းခွာရာများနှင့် ခြေရာများမရှ်ိသည့်အတွက် ဖြတ်သွားဖြတ်လာလူများလည်း ရှိမည်မဟုတ်ပေ။

 

၎င်းက နတ်ဆေးသမားတော်တစ်ယောက်အတွက်ဆိုပါက နေရာကောင်းတစ်ခုဖြစ်သော်လည်း  ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် မသက်မသာဖြစ်နေမိသည်။


ရွှယ်ယန်က သူ့စကားကြောင့် ပြန်မေးလိုက်သည်။

" အန္တရာယ်များတာလား..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေသည်။


ရွှယ်ယန်က များများစားစားတွေးတောမနေတော့ပဲ တည်ငြိမ်စွာပြောလိုက်သည်။


" ဒါဆိုရင်လည်း ပြန်ကြတာပေါ့..."


မူလတည်းက သူ ဤနေရာသို့ မလာချင်ခဲ့ပေ။ ရှန်းမိသားစုမှ ငတုံးသခင်လေးက နတ်ဆေးသမားတော်ကို ရှာဖွေချင်သောကြောင့်သာ ဤသို့ဖြစ်လာရခြင်းပင်။


တစ်ယောက်ယောက်ကိုရှာချင်တယ်ဆိုရင် အိမ်တော်က စစ်သားတွေခေါ်လာပြီး တောင်ကိုဝိုင်းထားလိုက်ရင် မတွေ့ပဲနေမလား...


သို့ရာတွင် ထိုငတုံးကောင်က လူကိုယ်တိုင်လာရောက်ရှာဖွေခဲ့သည်။ သူတစ်ယောက်တည်းလာလျှင်ပင် ရွှယ်ယန် ဘာမှပြောမည်မဟုတ်ပေ။ သူက ကျွင်းဟွိုင်လန်ကိုပါ အတူတူသွားရန် ပြန်ပေးဆွဲလာသည်။


ယခုချိန်တွင် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး ‌ချောင်းဘက်မှ ရေစီးဆင်းသံနှင့် တောင်ပေါ်မှ ငှက်သံများသာ ကြားနေရသည်။


ကျွင်းဟွိုင်လန်က စိတ်မသက်မသာဖြစ်နေပြီဖြစ်၍ ထိုစကားများကိုကြားသည့်အခါ တုံ့ပြန်သည့်အနေဖြင့် ခေါင်းငြိမ့်ပြချင်ခဲ့သည်။

    

သို့ရာတွင် ရှန်းလျှိုဖုန်းက တောင်ပေါ်တက်သွားပြီဖြစ်သည်။ သူ့ကို မမြင်ရရုံသာမက ခွာသံများကိုပါ မကြားရတော့ပေ။


သူ့ကို ဤနေရာတွင် တစ်ယောက်တည်းထားခဲ့၍ မရပေ။


ကျွင်းဟွိုင်လန် ဘေးပတ်ပတ်လည်တွင် ရှာဖွေနေလိုက်သည်။


ဤတောင်က မတ်စောက်သည်ဖြစ်၍ တောင်ပေါ်မှ ကျလာသည့် ကျောက်တုံးများကြောင့် အန္တရာယ်ရှိနိုင်သော်လည်း ဂရုတစိုက်သွားလာပါက ပြဿနာမရှိနိုင်ပေ။ 


ထို့အပြင် မနီးမဝေးရှိနေရာမှာ စိမ်းလန်းသည့်တောအုပ်တစ်ခုရှိပြီး ဤနေရာတွင်သာ မတ်စောက်နေခြင်းဖြစ်သည်။ ဂရုစိုက်၍ မြန်မြန်ဖြတ်သန်းသွားပါက အဆင်ပြေနိုင်သည်။


" အရင်ဆုံး ရှေ့ကို သွားကြတာပေါ့..."

ကျွင်းဟွိုင်လန်က ခေါင်းခါ၍ ပြောလိုက်သည်။


" လျှိုဖုန်းက အဝေးကြီးကိုရောက်သွားပြီထင်တယ် ကျွန်တော်တို့ သူ့ကိုတစ်ယောက်တည်းထားခဲ့လို့မရဘူး... ဒီတောက တော်တော်နက်တယ်... ကျွန်တော် သူ့နောက်က လိုက်သွားပြီးတော့ ပြန်ဖို့ ဖျောင်းဖျကြည့်လိုက်မယ်..."


အဘယ့်ကြောင့်ဆိုသော် သူက နတ်ဆေးသမားတော်ကိုရှာမည်ဟု ပြောသော်လည်း ရှာကြည့်ရုံသာဖြစ်သည်။ သူအပြင်ထွက်လျှင်အတူတူလိုက်ပေးရန် ဆင်ခြေပေးခြင်းလည်းဖြစ်သည်။


သို့ဖြစ်၍ ကျွင်းဟွိုင်လန်က ကြာပွတ်ကိုမြှောက်ပြီးနောက် မြင်းဖြင့် ခပ်သုတ်သုတ်လိုက်ရတော့သည်။


ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် သူ့နောက်မှ လိုက်လာသည်။


ရှန်းလျှိုဖုန်း ပြန်လာခြင်း မပြန်လာခြင်းကို သူဂရုမစိုက်ပေ။ ကျွင်းဟွိုင်လန်ကသူ့နာမည်ကို တရင်းတနှီးခေါ်နေသည်ကို ကြားရရုံဖြင့် နားထောင်ရသည်မှာ စိတ်မသက်မသာဖြစ်နေသည်။


" မင်းတို့နှစ်ယောက်က တော်တော်ခင်ကြတဲ့ပုံပဲ..."

သူက ကျွင်းဟွိုင်လန်၏မြင်းနောက်ကို အမှီလိုက်ပြီး မေးလိုက်သည်။


" အမ်..."


ရွှယ်ယန်က ရုတ်တရက် ထိုမေးခွန်းမျိုးမေးလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။ သူ ခဏတာ အံ့အားသင့်သွားပြီးနောက် ပြုံးပြကာ ပြောလိုက်သည်။


" လျှိုဖုန်းက ကျွန်တော့်အတွက်တော့ စိတ်ထားဖြူစင်တဲ့ သူငယ်ချင်းတစ်ယောက်ပါ..."


ရွှယ်ယန် မျက်လွှာချလိုက်သည်။


သူငယ်ချင်းကောင်းတဲ့ သူ့ပုံစံက နည်းနည်းမှတောင် သံသယဝင်ပုံရဘူး...


သူကရော ကျွင်းဟွိုင်လန်အတွက်ဘာလဲဆိုတာ သိချင်သေးတယ်...


ကျွင်းဟွိုင်လန်က သူ့ကို "အရှင့်သား" ဟုခေါ်ရခြင်းမှာ သူက မင်းမျိုးနွယ်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကြောင်းကို သူသိသည်။ သို့ရာတွင် ထိုသူငယ်ချင်းကောင်းနှင့်ယှဉ်ပါက သူက မည်သို့သောလူဖြစ်သည်ကို သိချင်နေမိသေးသည်။


သူ့ရင်ထဲတွင်မူ သူက ကျွင်းဟွိုင်လန်နှင့် သူငယ်ချင်းမဖြစ်လိုပေ။


သူ ဘာဖြစ်ချင်လဲဆိုတာကတော့.. အဲဒါကို သူ့နှလုံးသားထဲမှာ ပိတ်လှောင်ထားတာပဲ ပိုကောင်းပါတယ်...

    

 သူ ဖြစ်စေချင်သည်ကို ကောင်းကောင်းသိသော်လည်း ထိုကိစ္စကို ရဲရဲပင်မတွေးရဲပေ။


သူတို့နှစ်ယောက် တစ်ဟုန်ထိုးလိုက်သွားပြီးသည့်နောက် ခဏအကြာတွင် မနီးမဝေးမှ မြင်းခွာသံများကို ကြားလိုက်ရသည်။

    

ကျွင်းဟွိုင်လန်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။


ဤနေရာမှ မြေမျက်နှာသွင်ပြင်က မတ်စောက်လွန်း၍ ရှန်းလျှိုဖုန်းက ဤနေရာတွင် မြင်းစီးရခြင်းကို နှစ်သက်သည့်ပုံပေါ်သည်။ သို့ရာတွင် ဤနေရာက အန္တရာယ်များလှသည်။


အခြားလူများဖြင့် လာခဲ့ခြင်းဖြစ်၍ သူတို့ကို ဂရုစိုက်ရမည်ဖြစ်သည်။ သို့ဖြစ်၍ သူ့နောက်မှ နီးကပ်စွာလိုက်သွားပြီး မတော်တဆမှုများမဖြစ်အောင် ကာကွယ်ရမည်ဖြစ်သည်။


ထို့အပြင် ရှန်းလျှိုဖုန်း၏သိုင်းပညာက သူ့ထက်များစွာနိမ့်ကြောင်းကို သူသိထားသည်။


ထိုအချိန်တွင် သူ့အရှေ့ဘက်မှ ရှန်းလျှိုဖုန်း၏ အသံကို ကြားလိုက်ရသည်။


" ဟွိုင်လန် ဒီနေရာမှာ တကယ်ကို လမ်းကျဉ်းလေးတစ်ခုရှိတယ်... တောင်ရှေ့မှာ အိမ်တစ်လုံးလည်း တွေ့ခဲ့သေးတယ် အဲ့နေရာပဲဖြစ်ရမယ်..."


သူက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။


ကျွင်းဟွိုင်လန် သူ့စကားများကို ကြားချိန်တွင်မှ အနည်းငယ် စိတ်အေးသွားရသည်။


" ဒီကို ပြန်လာခဲ့ဦး..."


ကျွင်းဟွိုင်လန်က ပြန်အော်လိုက်သည်။


သို့ရာတွင် ထိုအချိန်၌ သူ့ဦးခေါင်းထက်မှ။အသံတစ်သံကို ကြားလိုက်ရသည်။


ကျွင်းဟွိုင်လန် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်က ကျုံ့ဝင်မတတ်ဖြစ်သွားသည်။


ဤနှစ်တွင် ယန်ဇီမြစ်တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ တောင်ပေါ်တွင် သစ်ပင်များက ကျိုးတို့ကျဲတဲဖြစ်နေသော်လည်း အောက်ခံမြေသားက မြေဆီလွှာနှင့် ကျောက်တုံးများကို ခိုင်မြဲစွာမဖမ်းဆုပ်ထားနိုင်တော့ပေ။ ထိုသို့ဖြစ်ပါက တောင်ပြိုကျခြင်းဖြစ်လာနိုင်သည်။


သူတို့၏ဦးခေါင်းအထက်တွင် မြက်ပင်များကပ်ညိနေသော ကျောက်တုံးကြီးတစ်တုံးက တောင်ပေါ်မှ ပြုတ်ကျလာသည်။


မြေပြိုတာပဲ...


ခဏအကြာတွင် တောင်ပေါ်မှ မြေပြိုဆင်းလာပြီး ဧရာမကျောက်တုံးမနှင့် ရွံ့တုံးရွံ့ခဲများက မတ်စောက်သည့်တောင်‌တစ်လျှောက် ကျဆင်းလာသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်တုံးက သူ့မျက်စိရှေ့သို့ ရောက်လာသည်။

    

အရှေ့ဘက်နှင့် အနောက်ဘက်တွင်လည်း မြေပြိုကျနေသည်။


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ဗလာကျင်းသွားရသည်။


" ကျွင်းဟွိုင်လန်..."


ရွှယ်ယန့်အသံကို သူကြားလိုက်ရသည်။


သူ မတုံ့ပြန်နိုင်မီမှာပင် လေပြင်းတစ်ခုက ရုတ်တရက်  တိုက်ခတ်လာသည်။


သန်မာသောအားတစ်ခုက သူ့ကို ချီမ'၍ ကုန်းနှီးပေါ်တင်လိုက်သည်။


ကျောက်တုံးများပြိုကျလာသည့် ဆူညံသံများအကြားတွင် ကျွင်းဟွိုင်လန်မှာ တောင့်တင်းသန်မာပြီး စန္ဒကူးရနံ့ဖြင့်ပြည့်နေသည့် ရင်ခွင်ထဲ ကျရောက်သွားတော့သည်။


ကျွင်းဟွိုင်လန် ဟန်ချက်ပျက်သွား၍ ရွှယ်ယန်၏ အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။


နောက်အခိုက်အတန့်တွင် သူ့ဘေးနားတွင် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ကျောက်တုံးကျောက်ခဲများ မြေပေါ် ကျမလာမီတွင် ရှေ့သို့အနည်းငယ်ခုန်ထွက်သွားပြီးနောက် ကျောက်နံရံတစ်ခုနှင့် ဆောင့်မိသွားသည်။


တောင့်တင်းလှသည့် ကျောက်ဆောင်ကြောင့် သူ့ကျောဘက်တွင် ခဏတာ နာကျင်မှုကို ခံစားလိုက်ရသည်။


ရွှယ်ယန်က သူ့ကိုယ်ကိုအုပ်မိုးထားပြီး ကျွင်းဟွိုင်လန်၏နားရွက်အနားတွင် အသံရှုသံပြင်းပြင်းများ ရိုက်ခတ်နေသည်။


တစ်ချိန်တည်းမှာပင် သူတို့အနောက်ဘက်တွင် ကျောက်တုံးကျောက်ခဲများ ပြုတ်ကျလာပြီး တစ်ခဏတာအချိန်အတွင်းမှာပင် ကျွင်းဟွိုင်လန်၏မျက်လုံးများ အမှောင်ဖုံးသွားသည်။


ထိုအခါမှသာ ရွှယ်ယန်က သူ့ကို တောင်ပေါ်မှလှိုဏ်ဂူငယ်တစ်ခုထဲသို့ တွန်းလိုက်ကြောင်း သူသဘောပေါက်သွားသည်။ ထိုလှိုက်ဂူငယ်က လူတစ်ယောက် နှစ်ယောက်ခန့်သာ အများဆုံးဆန့်သည်။ ၎င်းကို လှိုက်ဂူတစ်ခုဆိုသည်ထက် တောင်ပေါ်မှ ချိုင့်ခွက်ငယ်တစ်ခုဟု ဆိုရပေမည်။

  

ယခုအခါတွင် တောင်တက်လမ်းပေါ်သို့ မြေပြိုကျသွားခဲ့၍ ခဏတိုအတွင်းမှာပင် လမ်းတစ်ခုလုံးကို ကျောက်တုံးများ ရွံ့မြေများဖြင့် ပြည့်သွားသည်။ 


သူတို့ဝင်နေသည့် လှိုက်ဂူလေးကလည်း ထိုမြေကြီးများထဲ နစ်မြှုပ်သွားသည်။


ကျယ်လောင်သော ဆူညံသံများထွက်ပေါ်လာပြီးနောက် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားကာ ကျန်ရစ်နေခဲ့သူနှစ်ယောက်၏ အသက်ရှုသံမျှင်းမျှင်းသာ ကျန်ရစ်ခဲ့တော့သည်။


ထိုအချိန်တွင် ကျယ်လောင်သောအသံတစ်သံ ကြားလိုက်ရသည်။

  

၎င်းက ရုတ်တရက် မြေပြိုမှုကြောင့် သူတို့ဘေးနားကျလာသည့် ကျောက်တုံးတစ်တုံးဖြစ်သည်။ 


ရွှယ်ယန်၏ ညည်းညူသံက ကျွင်းဟွိုင်လန်၏နားထဲ ပဲ့တင်ထပ်လာသည်။


" အရှင့်သား..."

ကျွင်းဟွိုင်လန် သူ့ကို အလျင်အမြန်ခေါ်လိုက်ပြီး သူ့နောက်စေ့ကို စမ်းကြည့်လိုက်သည်။


အကယ်၍ သူ့ခေါင်းကို ကျောက်တုံးဖြင့် ရိုက်မိသွားပါက တစ်ခုခုဖြစ်သွားနိုင်သည်။


" မလှုပ်နဲ့..."

ရွှယ်ယန်၏ အက်ရှရှအသံတိုးတိုးက သူ့နားထဲဝင်လာသည်။


ကျွင်းဟွိုင်လန်က သူ့အသံကြောင့် ထိုနေရာတွင်ပင် ရပ်‌လိုက်သည်။


" အရှင့်ကို ထိသွားသေးလား..."

ကျွင်းဟွိုင်လန် မေးလိုက်သည်။


ရွှယ်ယန်က ခဏတိတ်နေပြီးမှ အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်။

" အဆင်ပြေပါတယ်..."


သူတို့နှစ်ယောက်က ယခုချိန်တွင် အလွန်နီးကပ်နေကြပြီး ရွှယ်ယန်က သူ့တစ်ကိုယ်လုံးနီးပါးကို ကာပေးထားသည်။ သူစကားပြောနေစဉ် ဝင်လေ‌ထွက်လေ နွေးနွေးလေးက ကျွင်းဟွိုင်လန်၏လည်တိုင်ကို လာရောက်ထိခတ်နေသည်။


ရွှယ်ယန်၏ အသက်ရှုသံထဲတွင် တုန်ယင်မှုအချို့ ပါဝင်နေသည်ကို ကျွင်းဟွိုင်လန် ခံစားမိသွားသည်။

    

ရွှယ်ယန်က မည်မျှ တောင့်ခံနိုင်စွမ်းရှိသည်ကို ကျွင်းဟွိုင်လန် အသိဆုံးဖြစ်သည်။ သူ့အသံမှတစ်ဆင့် နာကျင်နေသည်ကို ကြားသိရပါက ဒဏ်ရာက အသေးအမွား မဖြစ်နိုင်ပေ။


" ကျောက်တုံးနဲ့ထိသွားတာမလား..."


ကျွင်းဟွိုင်လန်၏ အသံက မသိမသာ တုန်လှုပ်နေသည်။


ရွှယ်ယန်၏ဒဏ်ရာက အပြင်ဘက်မှ ကျောက်ဆောင်နှင့် ထိသွားမည်ဆိုး၍ သူ မလှုပ်ရှားရဲပေ။


သို့ဖြစ်၍ သူ့တစ်ကိုယ်လုံးက တောင့်တင်းနေပြီး သူ့ကိုယ်သူ ဂရုမစိုက်မိရန် ထိန်းချုပ်ထားလေ သူ့လေသံထဲမှ ကြောက်လန့်မှုက ပို၍ သိသာလာသည်။


" ဘယ်နားကိုထိသွားတာလဲ ဒဏ်ရာတော်တော်ပြင်းလား..."


ရွှယ်ယန်က သူ့နားရွက်နားကပ်၍ ရယ်လိုက်သည်ကို ကြားလိုက်သည်။


" ဘာလို့ အရမ်းကြောက်နေတာလဲ... ဒဏ်ရာအရမ်းပြင်းတယ်ဆို ငါစကားပြောနိုင်ပါ့မလား..."

 

သူ စကားထပ်ပြောချိန်တွင် အသက်ရှုသံမှန်အောင် မနည်းထိန်းထားပြီး ဘာမှမဖြစ်ဟန်ဆောင်နေသည်ကို ကျွင်းဟွိုင်လန်ကြားလိုက်ရသည်။


Xxxxxx