Chapter 96
သို့ရာတွင် လမ်းတစ်လျှောက်လုံး မူးယစ်နေကာ အိပ်မောကျသွားခဲ့၍ ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိတော့ပေ။
နိုးလာသည်ကိုမြင်သောအခါ ကျင်းပေါင်က အပြင်ဘက်တွင်ရပ်နေပြီး သူ့အမိန့်ကို စောင့်ဆိုင်းနေသည်။
" အောက်ဆင်းမယ်..."
ရွှယ်ယန်က လက်မြှောက်ပြလိုက်ပြီး အက်ရှရှအသံဖြင့် အမိန့်ပေးလိုက်သည်။
ကျင်းပေါင်က သူ မြင်းလှည်းပေါ်မှဆင်းရန် အလျင်အမြန်ကူညီပေးလိုက်သည်။
ကျွင်းဟွိုင်လန်သည်လည်း သူ့နောက်မှလိုက်လာပြီး မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။ မြေပြင်ပေါ်ခြေချပြီး မတ်မတ်ရပ်လိုက်သည့်အချိန်မှသာ သူ့ပခုံးတစ်ဖက် ကျဉ်နေကြောင်းသိလိုက်ရသည်။
ကံကောင်းသည်မှာ ရွှယ်ယန်က အလွန်အမင်းမသောက်နိုင်သော်လည်း မြန်မြန်အမူးပြေသွားခဲ့သည်။ ကျင်းပေါင်က သူ့လက်တစ်ဖက်ကို ထိန်းပေးထား၍ လှေကားပေါ်သို့ လျှောက်နိုင်နေပြီဖြစ်သည်။ ကျွင်းဟွိုင်လန်က သူ့နောက်မှလိုက်လာပြီး အခန်းဝအထိ လိုက်ပို့ပေးခဲ့သည်။
အခန်းတံခါးနားကို ရောက်သည့်အခါ ရွှယ်ယန်က တံခါးဘောင်ကိုမှီ၍ တစ်ဖက်သို့လှည့်လိုက်သော်လည်း ကျွင်းဟွိုင်လန်ကို တစ်ခုခုပြောရန်တွန့်ဆုတ်နေမိသည်။
ငါ မပြောသင့်တဲ့စကားတွေ ပြောလိုက်မိလားလို့ မေးရမယ်ထင်တယ်...
ရွှယ်ယန် လိပ်ပြာမလုံသကဲ့သို့ ခံစားနေရသည်။ အဘယ့်ကြောင့်ဆိုသော် ကျွင်းဟွိုင်လန်အပေါ် မည်သို့သော အတွေးများရှိသည်ကို သူ့ကိုယ်သူသိသည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် အခြားလူက ထိုသို့ဆိုလိုခြင်းမဟုတ်ပဲ သူ့ကိုယ်သူအထင်မှားနေခြင်းဟု တွေးမိနေသည်။
လှောင်အိမ်ထဲမှသားရဲတစ်ကောင်ကဲ့သို့ သူ့ကိုယ်သူ စိတ်ထိန်းထားလိုက်ပြီး သူ့အတွေးအနည်းငယ်ကိုမှ မချပြတော့ပေ။
ဒါပေမဲ့ နောက်ဆိုရင် ဘယ်လိုဖြစ်မယ်ဆိုတာတော့ ပြောလို့မရဘူး...
ရွှယ်ယန်မှာ အရက်မူးသွားသည့်အတွက် သူ့ကိုယ်သူ အပြစ်မကင်းသကဲ့သို့ ခံစားနေရသည်။
သူ မည်သို့ စကားစရမည်မသိဖြစ်နေစဉ်မှာပင် ကျွင်းဟွိုင်လန်က ပြောလာသည်။
" အရှင့်သား ဒီနေ့ည စောစောအနားယူလိုက်ပါ... မနက်ဖြန်ကျရင် ယာမန်ကို ပြန်သွားရမှာမလား..."
ရွှယ်ယန်က သူ့နှဖူးကိုပွတ်နေပြီး "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။
" မင်းရော မနက်ဖြန် ပြန်သွားရမှာလား..."
ရွှယ်ယန် မေးလိုက်သည်။
ကျွင်းဟွိုင်လန်က သူ့အမေးကိုကြားသည့်အခါ မည်သည့်အရာကိုမှ ဖုံးကွယ်မထားပဲ ပြောပြလိုက်သည်။
" ကျွန်တော် မနက်ဖြန် မပြန်သေးပါဘူး... ရှန်းသခင်လေးက ကျွန်တော့်ကို တောင်တွေဘက်လိုက်ခဲ့ဖို့ဖိတ်ထားလို့ မနက်ဖြန် သူနဲ့တူတူသွားမလို့ပါ..."
ရွှယ်ယန်၏အကြည့်များက ချက်ချင်းစူးရှသွားသည်။
ယနေ့စားသောက်ပွဲတွင် ရှန်းလျှိုဖုန်းနှင့် ကျွင်းဟွိုင်လန်၏ လက်ပွန်းတတီးဖြစ်သည်အထိ ရင်းနှီးနေသောအမူအရာများနှင့် ကျွင်းဟွိုင်လန်က သူနှင့်တူတူ ပျော်ရွှင်စွာဝိုင်သောက်နေသည့်ပုံစံများကို ပြန်လည်မြင်ယောင်လာမိသည်။
သူ့ရင်ထဲ ချဉ်တူးတူးဖြစ်လာသည်။ ရှန်းလျှိုဖုန်းကို သူကြည့်မရပေ။
မနက်ဖြန် သူတို့နှစ်ယောက်တည်းအပြင်ထွက်မှာပေါ့...
" တောင်တွေဘက်ကိုသွားဖို့က ဘေးကင်းရဲ့လား..."
သူ့စကားကြောင့် ကျွင်းဟွိုင်လန် ခဏတာရပ်တန့်သွားသည်။
ရှန်းလျှိုဖုန်းက လမ်းကြောင်းတစ်ခု ရှာတွေ့ထားသည်ဟုပြောသော်လည်း မည်သည့်လမ်းကြောင်းဖြစ်သည်ကို မပြောပြသွားပေ။
" ဘေးကင်းမှာပါ..."
ကျွင်းဟွိုင်လန် ခဏတွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်သည်။
ရွှယ်ယန်က ဝိုင်များစွာသောက်ထားသည်ဖြစ်သော်လည်း ကျွင်းဟွိုင်လန်၏လေသံထဲမှ မသေချာမရေရာမှုများကို သတိပြုမိသည်။
" ငါ မနက်ဖြန် မင်းနဲ့တူတူသွားမယ်..."
ကျင်းပေါင် ထိတ်လန့်သွားရသည်။
ဒါ... သူ ဘယ်ကိုသွားမယ်ပြောနေတာလဲ...
ယာမန်မှ ကိစ္စများက အရေးကြီးသည်မှာ ပြောရန်ပင်မလိုချေ။ ထို့အပြင် မနက်ဖြန်က တုန်းချန်က ကျန်းနန်ကို သတင်းစကားပါးမည့်နေ့ဖြစ်သည်။
သခင်က ဘာတစ်လုံးမှမပြောပဲ အဲ့လိုထွက်သွားမလို့လား...
" ဒါ..."
ကျင်းပေါင် အမှတ်တမဲ့ ပြောထွက်သွားသည်။
ထိုအခါ သူ့သခင်ထံမှ အန္တရာယ်များသည့်အကြည့်တစ်ချက်ကို လက်ခံလိုက်ရသည်။
ကျင်းပေါင်က အကြောင်းသိသူဖြစ်၍ ချက်ချင်းပါးစပ်ပိတ်သွားသည်။
ကြိုက်တာလုပ်ပါတော့... ကိစ္စကြီးတွေက သူရှေ့က နတ်သားလေးလောက်မှ အရေးမကြီးတာ...
ကျွင်းဟွိုင်လန်က ရွှယ်ယန်၏စကားကြောင့် အံ့အားသင့်သွားရသည်။ ကျင်းပေါင်၏ပုံစံကိုကြည့်ပါက မနက်ဖြန်တွင် ယန်ကျိုး၌ အရေးကြီးကိစ္စတစ်ခုခု ရှိနေပုံရသည်။
ရွှယ်ယန်က အရက်မူးနေ၍ ပေါက်ကရများပြောနေသည်ထင်၍ သူနှင့် စကားအချေအတင်မပြောတော့ပဲ သဘောတူလိုက်သည်။
ငါတို့က မနက်အစောကြီးထရမှာဆိုတော့ သူတို့ယာမန်သွားမယ့်အချိန်ထက်စောပြီး ထွက်သွားရမှာပဲ...
ရွှယ်ယန်က ယနေ့ညတွင် ဝိုင်အမူးလွန်သွား၍ မနက်စောစောအိပ်ရာမနိုးနိုင်သောကြောင့် သူတို့နှင့်အတူတူ အာရုဏ်တက်ချိန်တွင် ထွက်သွားရန် မဖြစ်နိုင်ပေ။
သို့ဖြစ်၍ ကျွင်းဟွိုင်လန်က သဘောတူလိုက်ပြီးနောက် ထွက်ခွာမည့်အချိန်ကို ရွှယ်ယန့်အားမပြောလိုက်ပေ။ ကျင်းပေါင်ကို တစ်ချက်ခေါင်းငြိမ့်ပြပြီးနောက် သူ့အိပ်ခန်းကို ပြန်လာခဲ့လိုက်သည်။
ရွှယ်ယန်က အကင်းပါးသူဖြစ်ကြောင်းကို ကျွင်းဟွိုင်လန် မေ့သွားခဲ့သည်။
သို့ဖြစ်၍ နောက်နေ့မနက်စောစောတွင် ကျွင်းဟွိုင်လန်မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း သမ်းဝေလျက်နှင့်ပင် ပစ္စည်းများထုတ်ပိုပြီးနောက် တည်းခိုဆောက်မှထွက်လာချိန်တွင် မမျှော်လင့်ပဲ လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။
တစ်ယောက်က အနီရောင်မြင်းပေါ်တွင်ထိုင်နေသည့် ရှန်းလျှိုဖုန်းဖြစ်ပြီး သူ့မျက်လုံးများက ကျွင်းဟွိုင်လန်ကို တည့်တည့်ကြည့်နေသည်။
သူ့အကြည့်များ၏ အဓိပ္ပါယ်ကို ကျွင်းဟွိုင်လန်နားလည်ပေသည်။ "ဒီလူက ဘာလို့ ဒီနေရာရောက်နေရတာလဲ" ဟူသည့်သဘောပင်။
ကျွင်းဟွိုင်လန်က သူမေးငေါ့ပြသည့်နေရာကိုကြည့်လိုက်သည်။
ရွှယ်ယန်က အကောင်ကြီးကြီးမြင်းနက်ကြီးပေါ်တွင် ငြိမ်သက်စွာထိုင်နေသည်။ အာရုဏ်တက်ချိန်မရောက်သေး၍ အနောက်ဘက်ကောင်းကင်ယံက ဖြူဖျော့ဖျော့အရောင်အနည်းငယ်သာ ရှိနေသေးသည်။
ပယင်းရောင်မျက်ဝန်းများက တိတ်ဆိတ်စွာဖြင့် ကျွင်းဟွိုင်လန်နှင့် အကြည့်ချင်းဆုံသွားသည်။
ရွှယ်ယန်၏မြင်းက ချန်အန်းမြို့တွင်ပင် ရှာရခက်သည့် မျိုးကောင်းမျိုးသန့်ဖြစ်သည်။ ထိုမြင်းက ကိုယ်လုံးကိုယ်ထည်ကြီး၍ ခြေချောင်းလက်ချောင်းများသန်မာကာ မျက်လုံးများကလည်း ကြယ်ကဲ့သို့တောက်ပနေပြီး ချောမွေ့နေသည့် လည်ဆံမွေးများက မနက်ခင်းလေပြည်ကြောင့် တဖျတ်ဖျတ်လွင့်နေသည်။
တစ်ဖက်တွင်မူ မြင်းပေါ်တွင်ထိုင်နေသည့်ရွှယ်ယန်က အဆင်တန်ဆာများမပါဝင်သည့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သို့ရာတွင် သူက တည်ကြည်၍ ခမ်းနားထည်ဝါသည့် အရှိန်အဝါ ရှိနေဆဲပင်ဖြစ်သည်။
လူတစ်ယောက်နှင့် မြင်းတစ်ကောင်က မနက်စောစောတွင် ရပ်နေသည်မှာ အဝေးမှကြည့်လျှင်ပင် ဖိနှိပ်ချုပ်ခြယ်နိုင်သည့် အရှိန်အဝါမျိုးရှိနေသည်။
ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ယမန်နေ့ညက မြင်းလှည်းထဲတွင် သူ့လည်တိုင်ပေါ်သို့ ကျရောက်လာခဲ့ ဝင်လေထွက်လေနွေးနွေးကို ရုတ်တရက်တွေးမိသွားသည်။
သူ ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်ပြီး တစ်ဖက်မှ ရှန်းလျှိုဖုန်းကိုကြည့်လိုက်ကာ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
" လျှိုဖုန်း မင်းရောက်နေပြီလား..."
တည်ကြည်နေသည့် အမူအရာဖြင့်ရွှယ်ယန်က သူ့ကိုလှမ်းမကြည့်နေသော်လည်း သူ့မျက်လုံးများက မည်းနက်သွားသည်။
တစ်ဖက်မှ ရှန်းလျှိုဖုန်းမှာမူ အသက်သခင်ကျေးဇူးရှင်ကို ရှာတွေ့သွားပုံရသည်။
သူ ယနေ့မနက်တွင် ပျော်ရွှင်စွာဖြင့် မြင်းများကို အစာကျွေးထားပြီး ကျွင်းဟွိုင်လန်ထွက်လာမည်ကို တည်းခိုဆောင်အပြင်ဘက်တွင် စောစောစောင့်ဆိုင်းနေစဉ် မျက်နှာသေကြီးနှင့်လူက ရောက်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူ မြင်းပေါ်ထိုင်နေစဉ် ရွှယ်ယန့်ကို နှုတ်ဆက်လိုက်သော်လည်း ထိုလူက သူ့ကိုခေါင်းသာပြန်ငြိမ့်ပြသည်။ ထို့နောက် စကားတစ်ခွန်းမှမပြောပဲ ထိုနေရာတွင်သား မျက်နှာထား အေးစက်စက်ကြီးဖြင့် ရပ်နေ၍ ဘာမှ ထပ်မပြောရဲတော့ပေ။
ရှန်းလျှိုဖုန်းမှာ အပ်ပေါ်တွင် ထိုင်နေရသကဲ့သို့ခံစားလိုက်ရပြီး ကျွင်းဟွိုင်လန် မြန်မြန်ရောက်လာရန်သာ မျှော်လင့်နေလိုက်ရသည်။
" ဟွိုင်လန် ငါမင်းအတွက် မြင်းတစ်ကောင်ပြင်ပေးထားတယ်... တစ်ယောက်ယောက်က ယူလာပေးလိမ့်မယ်..."
သူက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ကျင်းပေါင်က မြင်းတစ်ကောင်ကို ဇာတ်ကြိုးဆွဲ၍ ခပ်သုတ်သုတ်လျှောက်လာသည်။
" သခင်လေး ရောက်လာပြီလား..."
ကျင်းပေါင်က ကျွင်းဟွိုင်လန်ကိုပြုံးပြပြီး အရိုအသေပြုလိုက်သည်။
" မနက်စောစောထရတာ မလွယ်ဘူးနော်..."
သူ ရောက်လာ၍ ကျွင်းဟွိုင်လန်က သူ့ကိုပြုံးပြ၍ တုံ့ပြန်လိုက်သည်။
" မိန်းမစိုးကျင်းပေါင်..."
ကျင်းပေါင်က သူဆွဲလာသည့် အဖြူရောင်မြင်းကို ကျွင်းဟွိုင်လန်၏ရှေ့တွင် ရပ်ထားလိုက်ပြီး ပြောလိုက်သည်။
" ဒီအစေခံက သခင်လေးအတွက် မြင်းတစ်ကောင်ပြင်ပေးထားပါတယ်...ဒါ အရှင့်ရဲ့လက်အောက်က ကျင်းယီဝေ့တစ်ယောက်ရဲ့မြင်းပါ... သူက မြင်းတွေထဲမှာ အလိမ္မာဆုံးပဲမို့ စိတ်မပူပါနဲ့... ကျင်းယီဝေ့တွေက လောလောဆယ် ယန်ကျိုးမှာပဲနေတာမို့ မြင်းခဏငှားလာလည်း ဘာမှမဖြစ်ပါဘူး..."
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားမိသည်။
" မင်းတို့ရော မလိုက်ဘူးလား..."
ကျင်းပေါင်က သတိကြီးကြီးထား၍ ရွှယ်ယန့်ကို လှမ်းကြည့်လိုက်သည်။
သူ လိုက်လာ၍ မရပေ။ ယာမန်တွင် အရေးကြီးကိစ္စများစွာရှိနေပြီး တုန်းချန်မှ စာပို့ခိုများ ရောက်လာတော့မည်ဖြစ်သည်။ ထိုသို့သောအချိန်တွင် သခင်ဖြစ်သူက မရှိ၍ ထိုကိစ္စများကို သူကိုယ်တိုင်သာ လက်လွှဲယူထားရတော့မည်ဖြစ်သည်။
ကျင်းပေါင် ပြုံးရုံသာပြုံးပြီး ပြောလိုက်သည်။
" တောင်ပေါ်ကိုသွားတဲ့လမ်းက ကျဉ်းကျဉ်းလေးမို့ ကျွန်တော်တို့လို ဆူဆူညံညံလူအုပ်ကြီးလိုက်လာရင် ပျော်စရာလေးတွေ ပျက်သွားပါလိမ့်မယ်..."
ပြောပြောဆိုဆိုနှင့် ကျွင်းဟွိုင်လန် မြင်းပေါ်တက်ရန် ကူညီပေးလိုက်သည်။
ကျွင်းဟွိုင်လန်က မြင်းစီးရခြင်းကို မနှစ်သက်သော်လည်း မြင်းမစီးတတ်သူတစ်ယောက် မဟုတ်ပေ။ ကျင်းပေါင် ကူညီပေးသည်ကို ငြင်းဆန်လိုက်ပြီးနောက် ခြေနင်းကိုနင်း၍ မြင်းကုန်းနှီးပေါ်ခုန်တက်လိုက်သည်။
သာမန်နေ့များတွင် ဝတ်ရုံလက်ရှည်များသာ ဝတ်လေ့ရှိသည့် ကျွင်းဟွိုင်လန်က ယနေ့တွင် မြင်းစီး၍ ခရီးသွားလာရမည်ဖြစ်သောကြောင့် ဝတ်ရုံလက်တိုသာ ဝတ်သာပြီး ဆံပင်ကိုလည်း ခပ်မြင့်မြင့်စည်းနှောင်ထားသည်။ မြင်းပေါ်သို့ တက်လိုက်ချိန်တွင် သူ၏ သေးသွယ်သည့်ခြေတံများနှင့် ခါးသွယ်သွယ်လေးက မျက်စိပသာဒဖြစ်စေသည်။
ရွှယ်ယန်၏ လည်ချောင်းထဲ ခြောက်ကပ်သွားပြီး ရေငတ်သွားသကဲသို့ ခံစားလိုက်ရသည်။
စိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက် မြင်းဇာတ်ကြိုးဆွဲကာ ကျွင်းဟွိုင်လန်၏ဘေးကို ရောက်လာသည်။
" သွားကြမလား..."
ကျွင်းဟွိုင်လန် ခေါင်းမော့၍ သူ့ကိုပြုံးပြပြီးသည့်နောက် ခေါင်းငြိမ့်ပြလိုက်သည်။
ရွှယ်ယန်က ပုံမှန်အတိုင်းသာဖြစ်နေသော်လည်း အရက်မူးမပြေသေးပဲ ခေါင်းကိုက်ကာ မူးဝေနေသေးသည်။
မျက်လုံးဖွင့်လိုက်ချိန်တည်းက ခေါင်းကိုက်၍ စိတ်ကသိကအောက်ဖြစ်နေခဲ့သော်လည်း ကျွင်းဟွိုင်လန် သူ့ကိုပြုံးပြသည်ကို မြင်လိုက်ရချိန်တွင် သဲကန္တာရထဲသို့ စမ်းချောင်းလေး စီးဆင်းသွားသကဲ့သို့ စိတ်တည်ငြိမ်သွားတော့သည်။
ရွှယ်ယန်က တစ်ဖက်လှည့်ပြီး အင်းဟု ခပ်တိုးတိုးပြောလိုက်ပေသည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က ရှန်းလျှိုဖုန်းဘက်ကိုလှည့်၍ ပြောလိုက်ပြန်သည်။
" လျှိုဖုန်းသွားကြမယ်လေ..."
ကျွင်းဟွိုင်လန်က အဆင်ပြေအောင်နေတတ်သူဖြစ်ပြီး ရွှယ်ယန်က စကားနည်းသည်ကိုလည်း သူသိသည်။ ယနေ့ သူတို့သုံးယောက်က တူတူသွားရမည်ဖြစ်၍ ရွှယ်ယန်ကလည်း ရှန်းလျှိုဖုန်းကို စကားစမြည်ပြောမည်မဟုတ်သောကြောင့် ကျွင်းဟွိုင်လန်ကသာ ကြားထဲမှ နှစ်ယောက်လုံးနှင့် အဆင်ပြေအောင် နေပေးရမည်ဖြစ်သည်။
ရှန်းလျှိုဖုန်းက နှာမှုတ်လိုက်ပြီး နောက်မှလိုက်လာသည်။
သို့ဖြစ်၍ ရွှယ်ယန်တစ်ဖက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ကျွင်းဟွိုင်လန်က ရှန်းလျှိုဖုန်းကို ရယ်ပြနေသည်ကို တွေ့လိုက်ရသည်။
သူ့မျက်လုံးက တောက်ပနေပြီး လေသံကလည်း နူးညံ့ညင်သာနေသည်။
ရွှယ်ယန် အကြောင်းပြချက်မဲ့စွာဖြင့် ခေါင်းကိုက်လာပြန်သည်။
ကျွင်းဟွိုင်လန်က အမြဲတမ်း ထိုသို့သောအကျင့်စရိုက်ရှိသည်ကို သူသိသည်။ သူက အေးဆေးသာနေတတ်သူဖြစ်သော်လည်း မက်မွန်ပွင့်ကဲ့သို့ လှပသည့်မျက်ဝန်းတစ်စုံရှိကာ သူပြုံးလိုက်သည့်အချိန်တိုင်း နွေးထွေးမှုများစွာ ပါဝင်နေသည်။
လွန်ခဲ့သည့်တစ်နှစ်ကျော်တွင် မင့်လွမ်နန်းဆောင်သို့ ပထမဦးဆုံးအကြိမ် ခြေချခဲ့စဉ်က သူ ဗျပ်စောင်းတီးနေပြီး သူ့ညီမလေးကို ထိုသို့သောပုံစံဖြင့် ပြုံးပြနေခဲ့ဖူးသည်ကို ရုတ်တရက် တွေးမိသွားသည်။
ထိုအချိန်က သူ့စိတ်ထဲတွင် ထုတ်ဖော်မပြောပြနိုင်သည့် အတွေးတစ်ခု ရှိခဲ့သည်။ ဤလူကို သူ့ရှေ့တွင် ထိုသို့ ပြုံးရယ်စေလိုခြင်းဖြစ်သည်။
မကြာမီအချိန်မှာပင် ကျွင်းဟွိုင်လန်က အားလုံးက မုန်းတီးစက်ဆုပ်သည့် နတ်ဆိုးကြယ်ဖြစ်သောသူ့ကို အနားတွင်ထားပြီး အခြားလူများနှင့်တန်းတူ ဆက်ဆံပေးခဲ့သည်။
သူ ပျော်ရွှင်သင့်သည်ဖြစ်သော်လည်း လူအးလုံး၏နှလုံးသားထဲမှ တပ်မက်မှုများက အမြဲတစေ စက်ဆုပ်ဖွယ်ရာဖြစ်သည်။
ကျွင်းဟွိုင်လန်အတွက် သူက အခြားလူများနှင့်မတူပဲ ကွဲပြားမည်ဟု စတင်မျှော်လင့်လာမိသည်။
အခြားလူများကိုမကြည့်ပဲ သူတစ်ယောက်တည်းကိုသာ အထူးတလည် ဆက်ဆံပေးစေလိုသည်။ အတိုချုပ်ပြောရသော် ကျွင်းဟွိုင်လန်၏ရှေ့တွင် သူက အခြားလူများထက် ထူးခြားသူဖြစ်ချင်ခဲ့သည်။
ထိုဆန္ဒက သူ့နှလုံးသားထဲတွင် ပျံ့နှံ့ကြီးထွားလာပြီး မထိန်းချုပ်နိုင်သည့် သားရဲတစ်ကောင်သဖွယ် ဖြစ်လာခဲ့သည်။ ဤသို့ ရက်စက်ကြမ်းကြုတ်သည့် သားရဲကို လှောင်အိမ်ထဲ ပိတ်လှောင်ထားပြီး ကျွင်းဟွိုင်လန် လုံးဝမသိအောင် ထားချင်ခဲ့မိသည်။
သို့ရာတွင် ယခုကဲ့သို့ဖြစ်လာချိန်တိုင်းတွင် ထိုသားရဲကောင်က လှောင်အိမ်ကို လက်သည်းဖြင့်ကုတ်ခြစ်ပြီး အပြင်ထွက်လာရန် ကြိုးစားတော့သည်။
ရွှယ်ယန်ကိုယ်တိုင်ပင် ထိုလှောင်အိမ်တံခါးကိုမပွင့်အောင် ထိန်းချုပ်နိုင်မည်ဟု မထင်ပေ။
ခက်ခက်ခဲခဲဖြင့် ခေါင်းကိုတစ်ဖက်သို့ ပြန်လှည့်လိုက်ပြီးနောက် သူ့ကိုမကြည့်တော့ပေ။ သို့ရာတွင် ယခု သူမြင်တွေ့လိုက်ရသည့် တောက်ပသောအပြုံးကြောင့် သူ့ကိုယ်တွင်းမှသားရဲက အော်ဟစ်ဟိန်းဟောက်နေခဲ့သည်။
ထိန်းချုပ်ထားရင်လည်း ဘာအသုံးဝင်တော့မှာလဲ... သူက တခြားလူတွေကို ကောင်းကောင်းဆက်ဆံသလိုမျိုး ငါ့ကိုတူတူဆက်ဆံတာပဲလေ...
——
Xxxxxxx