Chapter 95
တစ်ဖက်မှ ကျွင်းဟွိုင်လန်မှာ အလွန်စိတ်ရှည်သူဖြစ်သည်။ ရွှယ်ယန့်စကားများကိုကြားသည့်အခါ သူ့လက်မောင်းကို ထိန်းပေးထားသည့်လက်က လက်ဖျံပေါ်ရောက်လာပြီး သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
" နောက်ဆိုရင် မသောက်တော့ဘူးလို့ ငြင်းလိုက်လေ... ဘာလို့ အားလုံးကိုသောက်လိုက်ရတာလဲ..."
ဤကဲ့သို့ သမားရိုးကျကိစ္စမျိုးက သူ ရွှယ်ယန့်ကိုသင်ကြားပေးရန်မလိုအပ်ပေ။ သို့ရာတွင် ရွှယ်ယန်၏ မပျော်မရွှင်ဖြစ်နေသည့်ပုံပန်းသွင်ပြင်ကြောင့် ကျွင်းဟွိုင်လန်က မပြောပဲမနေနိုင်တော့ပေ။
ရွှယ်ယန်က အသံတိုးတိုးဖြင့် "အင်း"ဟု ဖြေလိုက်ပြီးနောက် နာခံစွာဖြင့် နေနေသည်။
တံတားကိုဖြတ်ကူးလာချိန်တွင် ကျွင်းဟွိုင်လန်က သူ့ကို ဂရုတစိုက်ထိန်းလာပေးပြီးနောက် မနီးမဝေးတွင် သူတို့၏မြင်းလှည်းများရပ်ထားသည့်နေရာကို လှမ်းမြင်လိုက်ရသည်။ ကျင်းပေါင်က သူတို့အနားရောက်လာချိန်တွင် ကျွင်းဟွိုင်လန်က ခေါင်းမော့ပြီး ရွှယ်ယန့်ကိုပြောလိုက်သည်။
" အထဲက စားသောက်ပွဲက ပြီးခါနီးပါပြီ... အရှင် အခုနေထွက်သွားလည်း ဘာမှမဖြစ်ပါဘူး... အရှင်လည်း အများကြီးသောက်ထားမိတာဆိုတော့ အရင်ပြန်လိုက်ပါလား..."
လက်မြှောက်၍ ရွှယ်ယန့်ကို ကျင်းပေါင်ထံသို့ လက်လွှဲပေးရန် ပြင်လိုက်သည်။
ကျင်းပေါင်က သူ့သခင်ကို လှမ်းမဆွဲရဲပေ။ ထိုငရဲမင်းကြီးကို ခေါ်ရမည့်အစား သွေးများပေနေသည့် တောခုတ်ဓားကိုသာ လက်ဗလာဖြင့်ကိုင်လိုက်မည်ဖြစ်သည်။
ကျင်းပေါင်က အနောက်သို့ တဖြည်းဖြည်းဆုတ်သွားပြီး ရွှယ်ယန်ကလည်း သူ့နေရာတွင်သာ ရပ်နေသည်။
တစ်ဖက်သို့ လွှဲပေး၍ မရပဲ ရွှယ်ယန်က ကျွင်းဟွိုင်လန်၏ပခုံးကိုသာ ဖိမှီထားလိုက်သည်။
" အရှင်..."
သူ အိပ်ပျော်သွားသည်ဟု ကျွင်းဟွိုင်လန် ထင်လိုက်မိသည်။
သို့သော် ရွှယ်ယန် စကားလှမ်းပြောသည်ကို သူကြားလိုက်ရသည်။
" ငါနဲ့တူတူလိုက်ခဲ့..."
၎င်းက အသိပေးလိုက်ရုံသာဖြစ်ပြီး မေးခွန်းထုတ်ရန်နှင့် ငြင်းဆိုရန် ခွင့်မပြုသည့်စကားတစ်ခွန်းဖြစ်သည်။
ကျွင်းဟွိုင်လန် ထိတ်လန့်သွားရသည်။
" ကျွန်တော်လား..."
ရွှယ်ယန်က သူ့ကိုသာစိုက်ကြည့်နေသည်။
ကျွင်းဟွိုင်လန် အလျင်အမြန်ပြောလိုက်ရသည်။
" စားသောက်ပွဲက မပြီးသေးဘူးဆိုတော့ ကျွန်တော့်အဖေက အထဲမှာပဲ ရှိသေးတယ်... အရှင် အရင်ဆုံးပြန်သွားလိုက်ပြီး ကျန်တဲ့ကိစ္စ ကျွန်တော့်ကိုလွှဲခဲ့ပါ... ကျွန်တော်အရှင့်ကိုယ်စား လူကြီးမင်း ရှန်းကျီဖုကို နှုတ်ဆက်..."
ရွှယ်ယန် နောက်တစ်ကြိမ်ထပ်ပြောသည်။
" ငါနဲ့တူတူလိုက်ခဲ့..."
ဤတစ်ကြိမ်တွင်မူ သူ၏ နွမ်းနယ်ပြီး အရက်မူးနေသည့်အသံထဲတွင် အခြားလူများကို ဗိုလ်ကျတတ်သော ခေါင်းမာသည့်ကလေးတစ်ယောက်၏ လေသံမျိုး ပါဝင်နေသည်။
ကျင်းပေါင် သူ့နဖူးသူပွတ်လိုက်သည်။
" တူတူသွားလိုက်ပါလား သခင်လေးရဲ့..."
သူ ခေါင်းငုံ့အရိုအသေပြုပြီး အပြုံးဖြင့်ပြောလိုက်သည်။
" အရှင်က မူးနေပြီဆိုတော့ သခင်လေး ပြန်ပို့ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ် လူကြီးမင်း ရှန်းကျီဖုနဲ့ မြို့စားမင်းယုံနင်ကို ဒီအစေခံ ရှင်းပြလိုက်ပါ့မယ် စိတ်မပူပါနဲ့..."
ကျွင်းဟွိုင်လန်နှင့် ရွှယ်ယန်တို့ မြင်းလှည်းထဲအတူတူဝင်သွားကြသည်။
ဤအပျော်စီးလှေက အနောက်ဘက်ရေကန်စပ်တွင် ရပ်ထားခြင်းဖြစ်၍ ဤနေရာမှတည်းခိုဆောင်သို့ ခရီးရှည်ကြီးသွားရဦးမည်ဖြစ်သည်။ ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို မြင်းလှည်းပေါ်ထိုင်ရန် ကူညီပေးပြီးနောက် စတင်ထွက်ခွာရန်အမိန့်ပေးလိုက်သည်။
ရွှယ်ယန်က ခုံပေါ်တွင် မတ်မတ်ထိုင်လိုက်သည့်အခါ ပုံမှန်အချိန်ထက်ပို၍ တည်ကြည်နေသည်ဟု ထင်ရသည်။ သူ့မျက်နှာပေါ်တွင် အမူအရာမဲ့နေပြီး ရှေ့တည့်တည့်ကိုသာကြည့်နေ၍ အေးစက်တည်ကြည်နေသည်။
လှည်းမောင်းနှင်သူက မြင်းဇာတ်ကြိုးကိုဆွဲပြီးသည့်နောက် မြင်းလှည်းစထွက်လာသည်။
လှည်းက အနည်းငယ်ယိမ်းခါနေ၍ ရွှယ်ယန်က မြင်းလှည်းနံရံနှင့် တိုက်မိသွားသည်။
ထိုအသံက ကျယ်လွန်းလှသဖြင့် ကျွင်းဟွိုင်လန်သည်ပင် လန့်သွားမိသည်။ ရွှယ်ယန်က အနည်းငယ်ဒေါသထွက်နေသည့်ပုံဖြင့် တစ်ဖက်နံရံကို လက်ဖြင့်ထောက်ထားလိုက်သော်လည်း သေချာမထိုင်နိုင်ပေ။
မြင်းလှည်းက အရှေ့သို့ယိမ်းထိုးနေဆဲဖြစ်၍ ရွှယ်ယန်က လက်တစ်ဖက်ဖြင့်ထောက်ထားသော်လည်း အသုံးမဝင်ဖြစ်နေသည်။ သူ့ခေါင်းက မြင်းလှည်းနှင့် အကြိမ်ပေါင်းများစွာ တိုက်မိနေသည်။
ကျွင်းဟွိုင်လန် : ….
" အရှင် နောက်ကိုမှီထားပါလား..."
သူ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး လက်တစ်ဖက်မြှောက်၍ ရွှယ်ယန့်ကို မ'ပေးပြီး ခုံအနောက်တွင်မှီရန် ကူညီပေးလိုက်သည်။
သို့ရာတွင် ထို့နောက်၌ မြင်းလှည်းက ကျောက်တုံးတစ်ခုအပေါ် ဖြတ်ကျော်သွား၍ ကျွင်းဟွိုင်လန်ကရွှယ်ယန့်ကို နေရာရွှေ့ပေးနေသည်ဖြစ်၍ ရွှယ်ယန်က သူ့ကိုယ်ပေါ် ပြုတ်ကျလာသည်။
ရွှယ်ယန်က အရပ်ရှည်သူဖြစ်၍ သူ ပြုတ်ကျလာသည့်အခါ ကျွင်းဟွိုင်လန်၏ခန္ဓာကိုယ်ကို ဖိထားသကဲ့သို့ဖြစ်သွားပြီး သူ့ကို အုပ်မိုးထားသကဲ့သို့ ဖြစ်သွားသည်။
ရွှယ်ယန်၏ဦးခေါင်းက ကျွင်းဟွိုင်လန်၏ပခုံးထက်တွင် မြုပ်နေပြီး သူ၏အသက်ရှုသံအကြားမှ စန္ဒကူးနံ့ဖျော့ဖျော့နှင့် ညက်ညောသောဝိုင်နီရနံ့တို့က ကျွင်းဟွိုင်လန်ကို ရစ်ပတ်လွှမ်းခြုံထားသည်။
နောက်ဆုံးတွင် ရွှယ်ယန်က ပို၍သက်တောင့်သက်သာဖြစ်သည့် ထိုင်ရန်ပုံစံ ရှာတွေ့သွားသကဲ့သို့ သူ့ခေါင်းကို ကျွင်းဟွိုင်လန်၏ပခုံးထက်တွင်သာနှစ်မြှုပ်ထားပြီး စိတ်အေးစွာဖြင့် သက်ပြင်းရှည်ကြီးချကာ မျက်လုံးများမှိတ်လိုက်သည်။
လေပူများနှင့် အေးစက်သည့်ဆံနွယ်များက ကျွင်းဟွိုင်လန်၏လည်ပင်းပေါ် ကျဆင်းလာသည်။
သူ့ပခုံးတစ်ခြမ်းက ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း ထိုသို့သောထုံကျဉ်အကြားတွင် ယားကျိကျိဖြစ်လာမိသည်။
ကျွင်းဟွိုင်လန်၏နှလုံးသားက အဆက်မပြတ်ခုန်လာ၍ သူ့ကိုအနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်စေသည်။ ခေါင်းမော့၍ ရွှယ်ယန့်ခန္ဓာကိုယ်ကို တွန်းကြည့်လိုက်သည်။
သို့ရာတွင် ထိုအချိန်၌ ရွှယ်ယန်က အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။
" ခေါင်းကိုက်တယ်..."
သူ့အသံက ဩရှရှဖြစ်နေကာ ကျွင်းဟွိုင်လန်၏နားနားကပ်၍ တီးတိုးပြောလိုက်သကဲ့သို့ဖြစ်နေသည်။
ကျွင်းဟွိုင်လန်က သူ့ကိုတွန်းလွှတ်ပစ်ရန်တွေးလိုက်မိသော်လည်း အကြောင်းပြချက်မရှိပဲ ထိုနေရာတွင်သာ တောင့်တောင့်ကြီး နေနေမိသည်။
ခဏအကြာတွင် ကျွင်းဟွိုင်လန် သက်ပြင်းချလိုက်ပြီး ရွှယ်ယန့်ပခုံးကိုကိုင်ထားသည့်လက်ကို ချထားလိုက်သည်။
ရွှယ်ယန်က သူ့ကိုယ်ပေါ်တွင် ငြိမ်သက်စွာလှဲနေပြီး မြင်းလှည်းတစ်ကြိမ်လှုပ်ရှားသွားတိုင်း သူ့မျက်နှာက ကျွင်းဟွိုင်လန်၏ ပခုံးကိုပို၍မှီလာသည်။ ဝင်လေထွက်လေများက ပူနွေးနေကာ နှာသီးဖျားက ကျွင်းဟွိုင်လန်၏လည်ပင်းနှင့် ပွတ်သပ်နေကာ အသက်ရှုသံမျှင်းမျှင်းက သူ့အင်္ကျီကော်လံအနားပင် ရောက်နေသည်။
မြင်းလှည်းအတွင်းမှ အပူချိန်က ရုတ်ချည်းမြင့်မားလာသည်ဟု ကျွင်းဟွိုင်လန်ခံစားမိလာသည်။ ထို့ကြောင့် မြင်းလှည်းဘေးမှလိုက်ကာကို ဖွင့်လိုက်ပြီး ညဦးပိုင်းလေပြည်များကို မြင်းလှည်းထဲ ဝင်ရောက်တိုက်ခတ်သွားစေလိုက်သည်။
သို့သော်လည်း မလုပ်မဖြစ်ပေ။
" အရှင် နောက်တစ်ခါဆိုရင်တော့ နည်းနည်းပဲသောက်မှဖြစ်တော့မယ်..."
ခဏအကြာတွင် ကျွင်းဟွိုင်လန်က နူးညံ့ချိုသာစွာပြောလိုက်သည်။
ရွှယ်ယန်က အိပ်မပျော်သေးသည်ဖြစ်၍ ထိုစကားများကြားသည့်အခါ "အင်း"ဟု အသံရှည်ဆွဲပြီး ပြောလိုက်သည်။
တုံ့ပြန်သည့်အနေဖြင့် သူ့ခန္ဓာကိုယ်က အနည်းငယ်လှုပ်လာသည်။ ကျွင်းဟွိုင်လန်က ဤအခွင့်အရေးကိုအရယူ၍ သူ့ခန္ဓာကိုယ်ကို ဘေးသို့အနည်းငယ်တွန်းလိုက်ပြီး လည်ပင်းတွင်ကပ်နေရမည့်အစား ပခုံးပေါ် မှီပေးလိုက်သည်။
ထုံကျဉ်နေသည့်အရေပြားက အသိစိတ်ပြန်ဝင်လာပုံရသည်။ ညဦးပိုင်းလေပြည်က သူ့မျက်နှာကိုဖြတ်သန်းတိုက်ခတ်လာ၍ ရွှယ်ယန့်မျက်လုံးများ ပွင့်လာပြန်သည်။ သို့ရာတွင် မြင်းလှည်းပေါ်ရောက်လာစဉ်က အရက်မူးနေပြီးဖြစ်၍ ယခုချိန်တွင် တွေဝေငေးငိုင်နေပြီး မည်သည့်နေရာသို့ရောက်နေကြောင်း မသိပေ။
ပြတင်းပေါက်၏ အပြင်ဘက်တွင် ပျားပန်းခတ်မျှစည်ကားနေသည့်မြို့ကြီးရှိသည်။ ယန်ကျိုးတွင် သတ်မှတ်ချိန်များ၌ အပြင်မထွက်ရ အမိန့်မရှိပေ။ ယခုချိန်တွင် စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်ငယ်များက မီးရောင်များတောက်ပစွာထွန်းညှိထားပြီး စည်ကားနေသည်။ ထိုအလင်းရောင်များက မြင်းလှည်းပေါ်သို့ ရောက်ပြန်ဟပ်လာပြီး ရွှယ်ယန်၏အရောင်ဖျော့ဖျော့မျက်ဝန်းများထဲတွင် ထွန်းလင်းနေသည်။
ကျွင်းဟွိုင်လန်၏နှလုံးသားက အကြောင်းပြချက်ရေရေရာရာမရှိပဲ ဒုတိယအကြိမ်မြောက် ခုန်လာပြန်သည်။
" သူတို့အားလုံးက စိတ်ပျက်စရာကောင်းတယ် ငါ့ကို ဖြားယောင်းသွေးဆောင်ဖို့ပဲ ကြိုးစားနေတာ..."
ရွှယ်ယန်က သူ့ကိုမှီထားပြီး ပြတင်းပေါက်အပြင်ဘက်ကို စိတ်ရှုပ်ထွေးနေသည့်ပုံစံဖြင့်ကြည့်ကာ အရက်မူးနေသည့်အသံဖြင့် ပြောလိုက်သည်။
ထိုအက်ရှရှအသံက သူ့နားထဲတွင် အနည်းငယ် ချစ်စရာကောင်းနေသည်။
ကျွင်းဟွိုင်လန် အသိစိတ်ပြန်ကပ်လာသည့်အခါ ရယ်လိုက်မိသည်။
" အားလုံးက စိတ်ပျက်စရာကောင်းတာလား..."
သူမေးလိုက်သည်။
ရွှယ်ယန် ခဏရပ်သွားပြီး စကားမပြောတော့ပေ။
ကျွင်းဟွိုင်လန်ကို မှီထားသော်လည်း သူ့မျက်နှာက အေးစက်တည်ငြိမ်နေသည်။ ကျွင်းဟွိုင်လန်ငုံ့ကြည့်လိုက်ချိန်တွင် သူ့မျက်ခုံးနှင့် မျက်လုံးများက ဓားတစ်ချောင်းကဲ့သို့ ဖြောင့်တန်းပြီး စူးရှနေသည်။
သို့ရာတွင် သူ့မျက်ဝန်းများက တစ်နေရာသို့ စိုက်ကြည့်နေပြီး ကျွင်းဟွိုင်လန်၏မေးခွန်းကို အလေးအနက်စဉ်းစားနေသကဲ့သို့ ဖြစ်နေသည်။
ပြတင်းပေါက်၏အပြင်ဘက်တွင် သက်ဝင်လှုပ်ရှားနေသည့် အသံပေါင်းများစွာရှိပြီး စကားစမြည်ပြောသံ၊ အော်ဟစ်သံနှင့် ရယ်မောနေသည့်အသံများက မြင်းလှည်းထဲသို့ ဝိုးတဝါးဝင်ရောက်လာသည်။ သူ့ဘေးနားမှလူက တိတ်ဆိတ်လွန်းနေ၍ ကျွင်းဟွိုင်လန်၏နှလုံးသားထဲတွင် စိတ်အေးလက်အေးဖြစ်နေမိသည်။
ဤကဲ့သို့သော စိတ်အခြေအနေမျိုးကို လွန်ခဲ့သည့်တစ်နှစ်အတွင်းက မဖြစ်ခဲ့ဖူးပေ။
သူသည်လည်း ဝိုင်ကြောင့် အနည်းငယ်မူးဝေနေသည်ဟု ပြော၍ရနိုင်ပေသည်။
ထိုအချိန်တွင် ရွှယ်ယန်က စကားထပ်ပြောလာသည်။
" အကုန်လုံးတော့မဟုတ်ဘူး..."
ကျွင်းဟွိုင်လန်က အသိစိတ်ပြန်ဝင်လာသည်။
" ဟမ်..."
ရွှယ်ယန်၏ လေးနက်နေသည့်အမူအရာကို သူမြင်လိုက်ရသည်။
" ကျွင်းဟွိုင်လန်ကတော့ အဲ့လိုမဟုတ်ဘူး..."
ရွှယ်ယန်က သူ့နာမည်အပြည့်အစုံက်ုခေါ်သည်ကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
" သူကတော့ သဘောကျစရာကောင်းပါတယ်..."
ထို့နောက် ရွှယ်ယန်က ဤသို့ပြောသည်ကို ကျွင်းဟွိုင်လန် ကြားလိုက်ရသည်။
ပယင်းရောင်မျက်ဝန်းများက သူ့ကိုကြည့်မနေသော်လည်း ဆုံးဖြတ်ချက်ပြတ်သားမှု၊ လေးနက်မှုများဖြင့်ပြည့်နေကာ ချစ်ခင်မြတ်နိုးမှုများလည်း ပါဝင်နေသည်။
——
ဝိုင်နီက အလွန်ပြင်းလွန်း၍ ကျွင်းဟွိုင်လန်၏ရင်ထဲတွင် အနည်းငယ်ပူလာသည်။
ကလေးဘဝမှ အရွယ်ရောက်သည်အထိ ၊ ယခင်ဘဝနှင့် ယခုဘဝတွင်လည်း မရေမတွက်နိုင်သည့် ချီးကျူးစကားပေါင်းများစွာကို ကြားလိုက်ရသည်။ သူ ငယ်ရွယ်စဉ်အချိန်ကလည်း သူ၏အရည်အချင်းနှင့် ဉာဏ်ရည်ထက်မြက်မှုကြောင့် ချီးကျူးကြသည်။ အရွယ်ရောက်လာချိန်တွင်လည်း ထင်ပေါ်သော ပုံပန်းသွင်ပြင်နှင့် စွမ်းရည်များကြောင့် ချီးကျူးခံရသည်။ ယခင်ဘဝ၏ နောက်ဆုံးနှစ်များတွင်မူ ချန်အန်းမှ မိန်းကလေးများက သူ့ကို သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ ချဉ်းကပ်ကြပြီး ချစ်ခင်နှစ်သက်ကြောင်း ဖွင့်ပြောခဲ့ကြသည်။
ချီးကျူးခံရသည်ကို အသားကျနေပြီဖြစ်၍ ချီးကျူးစကားပေါင်းစုံကို ကြားဖူးနေပြီဖြစ်သည်။ အချိန်အတန်ကြာပြီးသည့်နောက်တွင် ထိုစကားများကို အပြုံးနှင့် ကျေးဇူးတင်စကားအနည်းငယ်ဖြင့်သာတုံ့ပြန်လိုက်တော့ပြီး သူ့ရင်ထဲတွင် မည်သို့မျှ မခံစားရတော့ပေ။
သို့ရာတွင် ရွှယ်ယန်၏နှုတ်မှထွက်လာသည့် ချီးကျူးစကားတစ်ခွန်းကြောင့် သူ့ရင်ခုန်သံများ မြန်ဆန်လာစေပြီး ကမောက်ကမဖြစ်သွားစေတော့သည်။
သူ့စိတ်ထဲတွင် ပထမဆုံးဖြစ်ပေါ်လာသည့် အတွေးတစ်ခုရှိသည်။
သူပြောတာ ဘယ်လိုမျိုးသဘောကျတာကိုလဲ...
ထိုအတွေးကြောင့် ကျွင်းဟွိုင်လန်က အခြေအမြစ်မရှိသည်များကို တွေးလိုက်မိသည်ဟု သူ့ကိုယ်သူထင်လိုက်သည်။
ရွှယ်ယန်က အမူးလွန်နေ၍ သူ့ကို သမားရိုးကျအတိုင်း ချီးကျူးလိုက်ရုံသာဖြစ်လိမ့်မည်။ သူတို့၏ လက်ရှိ ဆက်ဆံရေးအရ သာမန်ချီးကျူးစကားတစ်ခွန်းနှင့် ပတ်သက်ပြီး မည်သည့်အရာမှ မှားယွင်းမနေပေ။
ထိုအချိန်က ရွှယ်ယန်၏ အမူအရာကြောင့်သာ သူ့ကိုအတွေးလွန်သွားစေသည်ဟု တွေးလိုက်မိသည်။
ဤကဲ့သို့သော အခြေအနေမျိုးက သူ့ဘဝတွင် မည်သည့်အခါကမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
ကျွင်းဟွိုင်လန်က အမြန်ခေါင်းမော့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။
သူ့မျက်နှာက တည်ကြည်နေသော်လည်း နှလုံးသားထဲတွင် ကမောက်ကမဖြစ်နေကာ သူ့စိတ်ကို ဖရိုဖရဲဖြစ်နေစေသည်။ သို့ဖြစ်၍ မြင်းလှည်းက တည်းခိုဆောင်သို့အမြန်ရောက်ရန်အချိန်ကိုသာ စောင့်ဆိုင်းနေတော့သည်။
မြင်းလှည်းရပ်သွားသည့်အချိန်တွင် သူကိုယ်တိုင်ကလည်း ဝိုင်အသောက်များသွားသည်ဟု ထင်လိုက်မိသည်။
ယနေ့သောက်ခဲ့မိသော ဝိုင်နီက အလွန်ပင် ယစ်မူးဖွယ်ကောင်းလှပေသည်။
ကျင်းပေါင် လိုက်ကာကိုဖွင့်လိုက်ချိန်တွင် သူ့ရှေ့မှ မြင်ကွင်းကြောင့် အလွန်ကြောက်လန့်သွားမိသည်။
သခင်လေးက လှည်း၏တစ်ဖက်စွန်းတွင် အေးစက်သောအမူအရာဖြင့်ထိုင်နေပြီး သူ့သခင်က သခင်လေးပခုံးပေါ် မှီထားပြီး အိပ်ပျော်နေပေသည်။
ကျင်းပေါင်ကိုမြင်သည့်အခါ ကျွင်းဟွိုင်လန်က အသိစိတ်ပြန်ဝင်လာပြီး မေးလိုက်သည်။
" ရောက်ပြီလား..."
ကျင်းပေါင် အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
" ကျွန်တော်တို့ တည်းခိုဆောင်ရောက်ပါပြီ သခင်လေး... သခင်လေး ပင်ပန်းသွားရပြီ ကျေးဇူးတင်ပါတယ်... အရှင်က ဒီနေ့တော်တော်မူးလာတာပဲ..."
ကျင်းပေါင်က ပြောပြောဆိုဆိုနှင့် ရှေ့တိုးလာပြီး ရွှယ်ယန်ကိုထိန်းထားပေးသည့် ကျွင်းဟွိုင်လန်ကို အောက်ဆင်းရအဆင်ပြေအောင် ကူညီပေးလိုက်သည်။
ထိုအချိန်တွင် ရွှယ်ယန်က မျက်လုံးများတဖြည်းဖြည်းပွင့်ကာ နိုးလာပြီး ထထိုင်လိုက်သည်။
ခဏတာအိပ်မောကျသွားခဲ့၍ မူးဝေနေခြင်းက အနည်းငယ်သက်သာသွားခဲ့ပြီး နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာခဲ့သည်။ လက်မြှောက်၍ နဖူးကိုပွတ်လိုက်ပြီးနောက် ဘေးနားမှ ကျွင်းဟွိုင်လန်ကို ကြည့်လိုက်သည်။
သူနှင့်အကြည့်ချင်းဆုံသွားသည်နှင့် ကျွင်းဟွိုင်လန်က ကတိုက်ကရိုက်ပင် အကြည့်လွှဲလိုက်ပြီး သူ့ကို စကားတစ်ခွန်းမှ မပြောပေ။
ရွှယ်ယန် ကြောင်အသွားမိသည်။
သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်ခုခုလုပ်လိုက်မိတာများလား...
Xxxxxx