Chapter 94
အချိန်တစ်ခုအထိ အမှုထမ်းများက ထိတ်လန့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
" အရှင့်သား လှေနဲ့ပတ်သက်ပြီး တစ်ခုခု သဘောမကျလို့များလား..."
ရှန်းကျီဖုက ရှေ့ဟို့အမြန်ရောက်လာပြီး အပြုံးဖြင့်မေးလိုက်သည်။
ရွှယ်ယန် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
အဲဒီရှန်းလျှိုဖုန်းဆိုတဲ့တစ်ယောက်က ဒီလူရဲ့တူ ဟုတ်တယ်မလား... သူက နေရာတကာလိုက်လာပြီး အသုံးလည်းမကျဘူး တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ...
" နောက်ဆိုရင် ဒီလိုဇာချဲ့တဲ့ကိစ္စတွေလုပ်စရာမလိုဘူး...ဒီဘုရင်ခံက အပိုတွေလုပ်တာ မကြိုက်ဘူး..."
ရွှယ်ယန်က မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။
ထိုစကားများက သူ့ခန္ဓာကိုယ်ပေါ်ရှိ ပေါင်းကော်ဘုရားကျောင်းမှ စန္ဒကူးနံ့များနှင့် မလိုက်မဖက်ဖြစ်နေသည်ဟု ထင်ရသည်။
ရှန်းကျီဖုက 'နားလည်ပါပြီ' ဟု ကြိမ်ဖန်များစွာပြောလိုက်သော်လည်း သူ့စိတ်ထဲတွင် သိနေသည်။
အရှင်က အပိုတွေလုပ်တာ ဘာလို့မကြိုက်ပါလိမ့်... တစ်ယောက်ယောက်က သူ့မျက်စိရှေ့မှာ အလိုမကျအောင်လုပ်မိလို့ ဇာချဲ့မနေနဲ့လို့ ပြောလိုက်သလိုကြီးပါလား...
ရှန်းကျီဖုက အရိပ်သုံးပါးနားလည်တတ်ပြီး စကားလုံးများကို သတိထားပြီး ဂရုတစိုက်သုံးနှုန်းတတ်သူတစ်ယောက်ဖြစ်သည်။ ၎င်းကို ကျန်းနန်မှ ပညာရှိများသာမက ရှန်းကျီဖုကိုယ်တိုင်လည်း အသိအမှတ်ပြုထားသည်။
ဘုရင်ခံကွမ်းလင်က ယနေ့တွင် စိတ်မကြည်မလင်ဖြစ်နေ၍ သူ့ကို စိတ်ပျော်ရွှင်အောင်လုပ်ပေးရမည်ဖြစ်သည်။
ဤအချိန်အတောအတွင်း ရှန်းကျီဖု၏ လေ့လာထားချက်များအရ ဘုရင်ခံကွမ်းလင်က အလှအပကို မမက်မောသည့်အပြင် မြှောက်ပင့်ပြောဆိုသည်များကိုလည်း သဘောမကျပဲ သူ့အတွက် ငွေကြေးများစွာသုံးစွဲသည်ကိုလည်း မနှစ်သက်ပေ။
သို့ရာတွင် သူက သောက်စားရသည်ကိုနှစ်သက်သူဖြစ်ကြောင်း ကြိုဆိုပွဲကျင်းပစဉ်အချိန်က သိရှိခဲ့ရသည်။
ထိုရက်က မြို့စားမင်းယုံနင်နှင့်အတူတူ သောက်ခဲ့ပြီး ခြေထောက်များခွေမတတ်ဖြစ်သည့်အချိန်မှသာ ပြန်သွားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ အခြားအမှုထမ်းများ နေရာယူနေချိန်တွင် ရှန်းကျီဖုက အပျော်စီးလှေ၏ပိုင်ရှင်ကိုသွားရှာကာ နှစ်ချို့ဝိုင်နီအချို့ကိုရှာဖွေပေးရန် တောင်းဆိုလိုက်သည်။
အနောက်ဘက်ရေကန်ထဲမှ မြစ်ငါးများက ဝိုင်နှင့်တွဲဖက်စားသုံးရာတွင် အကောင်းဆုံးဖြစ်သည်။
ရွှယ်ယန် မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။
မြို့စားမင်းယုံနင်က စည်းမျဉ်းစည်းကမ်းများကို လေးစားသူဖြစ်၍ ကျွင်းဟွိုင်လန်က ဤနေရာမှလူများထက် အဆင့်အတန်းမြင့်သူဖြစ်သော်လည်း တရားဝင်ရာထူးမရှိသေးသူဖြစ်၍ သူ့သားကို ရှန်းလျှိုဖုန်းနှင့်အတူတူ ထိုင်ခိုင်းထားသည်။
ရွှယ်ယန်က စားပွဲကြီး၏ထိပ်ဆုံးတွင် ထိုင်နေသူဖြစ်၍ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ဖြစ်နေသည်။
ငါးမူးပျံဟင်းပွဲများ လာချချိန်တွင် ကျွင်းဟွိုင်လန်က ရွှယ်ယန် မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသည်။
ရွှယ်ယန့်ပုံစံက ယနေ့တွင် အားပါးတရသောက်ပစ်မည့်ပုံပေါ်နေသည်။
ရှန်းလျှိုဖုန်းကလည်း ဝိုင်တစ်ခွက်ငှဲ့ပြီး ကျွင်းဟွိုင်လန်နှင့်အတူတူသောက်နေသည်။
" ငါ့ဦးလေးက ဒီနေ့ဝိုင်ကောင်းကို ရှာတွေ့ထားတာပဲ... ဟွိုင်လန် မင်းဒီနေ့တော့ များများသောက်ရမယ်နော်..."
ကျွင်းဟွိုင်လန်က သူ့ကိုအပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး ခွက်ချင်းတိုက်လိုက်သည်။
သို့ရာတွင် သူ့မျက်လုံးထောင့်မှ ရွှယ်ယန်၏အကြည့်ကို မြင်လိုက်သည်။
ကျွင်းဟွိုင်လန် သတိပြုမိလိုက်၍ သူ့ကို အမှတ်တမဲ့လှည့်ကြည့်လိုက်သည်။
ရွှယ်ယန်က အစောပိုင်းကြည့်လိုက်သည်မှ ပုံရိပ်ယောင်တစ်ခုကဲ့သို့ထင်သွားအောင် ချက်ချင်းပင် အကြည့်ပြန်လွှဲလိုက်သည်။ ထိုအချိန်တွင် ကျွင်းဟွိုင်လန်နှင့် ရှန်းလျှိုဖုန်းတို့က ဝိုင်ခွက်ကိုတိုက်လိုက်ပြီး တစ်ခွက်စီသောက်လိုက်သည်။ ရွှယ်ယန်ကလည်း ဝိုင်ခွက်ကို ချက်ချင်းကောက်ကိုင်ပြီး တစ်ကျိုက်တည်းမော့ချလိုက်သည်။
ရှန်းကျီဖု ၎င်းကိုမြင်သည့်အခါ ဝမ်းသာသွားသည်။
သူ့မှန်းဆချက်များ မှန်ကန်သွားပေသည်။ ဘုရင်ခံကွမ်းလင်ကလည်း သူ့တူလေးကဲ့သို့ သောက်စားရခြင်းကို ခုံမင်နှစ်သက်သူတစ်ယောက် ဖြစ်ပေသည်။
သို့ရာတွင် မနီးမဝေးမှ ကျွင်းဟွိုင်လန်က အံ့အားသင့်သွားခဲ့သည်။
ရွှယ်ယန်က ဒေါသထွက်နေချိန်တွင် ဝိုင်မူးအောင်သောက်တတ်သည်ဟု သူထင်လိုက်မိသည်။ သို့သော်လည်း သူဒေါသထွက်နေသူက မည်သူဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်မသိပေ။
သူ့စိတ်ထဲ တုန့်ဆိုင်းစွာဖြင့် ခွက်ထဲမှဝိုင်ကို သောက်လိုက်သည်။
ဝိုင်နီ၏အရသာက အိစက်ညက်ညောလှသော်လည်း ဝိုင်ပြင်းတစ်မျိုးဖြစ်သည်။ လည်ချောင်းထဲဝင်သွားသည်နှင့် မီးတောက်သကဲ့သို့ ပူဆင်းသွားပေသည်။
ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကိုလှမ်းကြည့်ပြီး စိတ်ပူနေမိသည်။
ရွှယ်ယန်က အလွန်အကြူးသောက်တတ်သူမဟုတ်ကြောင်းကို သူသိသည်။
သို့ရာတွင် ရွှယ်ယန့်ဘေးနားမှ အရာရှိများက ထိုသို့မဟုတ်ပေ။
သူတို့အားလုံးက ရွှယ်ယန့်ကိုစောင့်ကြည့်နေကြခြင်းဖြစ်သည်။ အစောပိုင်းတွင် ရှန်းကျီဖုက ရွှယ်ယန်နှင့် ခွက်ချင်းသွားတိုက်ချိန်တည်းက သူတို့အားလုံး သတိထားပြီး ကြည့်ရှု့နေခဲ့ကြသည်။
ပုံမှန်အချိန်ဆိုရင် သူတို့က ဘုရင်ခံကွမ်းလင်ကို စကားတောင်မပြောရဲတာ ခွက်ချင်းသွားတိုက်ဖို့က ဝေးသေးတယ်...
မမျှော်လင့်စွာဖြင့် ဘုရင်ခံကွမ်းလင်က သူတို့ကိုမျက်နှာသာပေးခဲ့သည်။ သူက အမူအရာမဲ့စွာဖြင့် ရက်စက်သည့်ပုံစံဖြစ်သော်လည်း ဝိုင်တစ်ခွက်လုံးကုန်အောင် သောက်လိုက်သည်။
အချိန်ခဏကြာသောအခါ အားလုံးသဘောပေါက်သွားကြသည်။
ဘုရင်ခံကွမ်းလင်က ကြိုဆိုပွဲတုန်းက မြို့စားမင်းယုံနင်နဲ့ စကားသိပ်မပြောတာ ဝိုင်သောက်ရတာကို ကြိုက်လို့ကိုး...
အားလုံးက စတင်လှုပ်ရှားရန် ပြင်လိုက်သည်။
ပုံမှန်ရက်များတွင် ဘုရင်ခံကွမ်းလင်ကို စေ့စေ့ပင်မကြည့်ရဲသူ တစ်ယောက်စ နှစ်ယောက်စက ရှေ့တိုးလာပြီး သူ့ကို ဝိုင်အတူတူသောက်ရန် ဖိတ်ခေါ်လာကြသည်။
မမျှော်လင့်ထားသည်မှာ ဘုရင်ခံကွမ်းလင်က သူ့ထံသို့ ရောက်လာသမျှလူတိုင်းကို မငြင်းပေ။
ဘုရင်ခံကွမ်းလင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူကြောင့် သူတို့ကို မငြင်းဆိုခြင်းဖြစ်ကြောင်းကို သူတို့မသိကြပေ။ ထို့အပြင် ထုတ်မဖော်နိုင်သည့် သဝန်တိုမှုကြောင့် ဝိုင်များသာတစ်ခွက်ပြီးတစ်ခွက်သောက်နေ၍ သူတို့အခွင့်အရေးယူ၍ရနေသည်။
စားသောက်ပွဲတစ်ဝက်သို့ရောက်ချိန်တွင် ရွှယ်ယန်၏နားရွက်များက နီရဲလာပြီဖြစ်သည်။
သူက အချိန်တိုင်း စိတ်မကြည်လင်နေတတ်သူဖြစ်ကာ ယခုအချိန်တွင်လည်း ဝိုင်သောက်ထား၍ အခြားလူများ အနားမကပ်ရဲသည့်အရှိန်အဝါက တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။
ဝိုင်သောက်ထားသောကြောင့် သူ့မျက်လုံးများက နီရဲနေပြီး အားလုံးကို အေးစက်ရန်လိုစွာကြည့်နေသည်။ သို့ရာတွင် ယနေ့အားလုံးသောက်ထားသည့်ဝိုင်နီက ပြင်းလွန်း၍ သူတို့၏ စောင့်ကြည့်လေ့လာနိုင်စွမ်းများက ထုံကျဉ်လာပြီး ရွှယ်ယန့်ထံမှထုတ်လွှတ်နေသညိ့ အန္တရာယ်များသောအချက်ပြမှုများကို မသိနိုင်ကြတော့ပေ။
ကျွင်းဟွိုင်လန်က မြင်လိုက်သည်။
ဤကဲ့သို့ အရာရှိများ၏စားသောက်ပွဲများတွင် လူတစ်ဝက်ခန့်ကသာ အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ကျန်သူများက သောက်မြဲသောက်ဆဲသာဖြစ်သည်။
ရွှယ်ယန်က အရက်မူးနေပြီဖြစ်၍ ဤနေရာတွင် ဆက်ထိုင်နေ၍ မရတော့ပေ။
ကျွင်းဟွိုင်လန် အတွေးနက်နဲနေစဉ်တွင် ရှန်းကျီဖုက ရွှယ်ယန်နှင့်အတူ ဝိုင်ခွက်တိုက်ရန် ထလာပြန်သည်။
ကျွင်းဟွိုင်လန် ဝိုင်သောက်နေရာမှထလာအောင် လုပ်လာနိုင်သူနှစ်ယောက်သာရှိသည်။ တစ်ယောက်က နေရာမှထကာ လက်ဖက်ရည်သွားသောက်သည့် သူ့ဖခင်ဖြစ်သည်။
ကျန်ရှိနေသည့်တစ်ယောက်က ရွှယ်ယန်ဖြစ်သည်။
ကျွင်းဟွိုင်လန် သက်ပြင်းချလိုက်ပြီးနောက် သူ့ဘေးနားမှ အရက်မူးနေသည့် ရှန်းလျှိုဖုန်းကို လျစ်လျူရှု့ကာ ဝိုင်ခွက်ကိုကိုင်ပြီး လျှောက်သွားလိုက်သည်။
သူက ဝိုင်ကို အကန့်သတ်ထက်ကျော်လွန်၍ မသောက်ထားသောကြောင့် ကိုယ့်ကိုကိုယ် ကောင်းကောင်းထိန်းနိုင်ပြီး လမ်းမြန်မြန်လျှောက်နိုင်နေသေး၍ ရှန်းကျီဖုက ရွှယ်ယန်ထံသို့မရောက်မီ တားမြစ်လိုက်နိုင်သည်။
" လူကြီးမင်းရှန်း ကျွန်တော်နဲ့ တစ်ခွက်လောက်သောက်ပါဦး..."
ကျွင်းဟွိုင်လန်က သူ့ကိုပြုံးပြလိုက်ပြီးနောက် ခွက်ကိုမြှောက်လိုက်သည်။
" ကျင်းလင်မှာ ဒီတစ်နှစ်လုံး လူကြီးမင်းက ဂရုစိုက်ခဲ့လို့ အများကြီး သင်ယူခဲ့ရပါတယ်..."
စကားအနည်းငယ်ပြောပြီးသည့်နောက်တွင်လည်း အရက်မူးနေသည့် ရှန်းကျီဖုကို သူနှင့်စကားပြောရန်ဆွဲထားသည်။
သူတို့နှစ်ဦးလုံးမှာ ဤတစ်နှစ်တာကလတွင် ဖြစ်ပျက်ခဲ့သည်များနှင့် ကျွင်းဟွိုင်လန်ကူးရေးထားသည့် မြစ်ရေထိန်းသိမ်းနည်းမှတ်စုများအကြောင်း ပြောဖြစ်ကြသည်။ ထိုအကြောင်းများက ကျွင်းဟွိုင်လန် ကျွမ်းကျင်သည့်နယ်ပယ်ဖြစ်၍ သူနှင့် စကားအေးဆေးပြောပြီး ထိန်းထားနိုင်သည်။
သို့ရာတွင် မီးဝင်းဝင်းတောက်နေသည့် အကြည့်တစ်ချက်က သူ နေရာမှ ထလာစဉ်တည်းက သူ့ကိုယ်ပေါ်တွင် ကပ်ညိနေခဲ့သည်ကို သူသတိမပြုမိပေ။
ရှန်းကျီဖုကလည်း ကျွင်းဟွိုင်လန်ကို လေးစားသူဖြစ်၍ ဝိုင်များစွာသောက်ထားပြီးနောက်တွင် တွန့်ဆုတ်ခြင်းမရှိတော့ပဲ သူ့ကိုထပ်ခါတလဲလဲချီးကျူးတော့သည်။
" မင်းက အနာဂတ်မှာ အရမ်းထူးချွန််မယ့်လူလို့ မင်းအဖေကို ဦးလေး ခဏခဏပြောဖြစ်တယ်... မင်းကိုကြည့်ပါဦး... မြို့စားမင်းရာထူးကို မခံယူရသေးတာတောင်မှ ဒီလောက်ထိ ထိုးထွင်းသိမြင်နိုင်စွမ်းရှိနေတာ... မင်းအဖေကတော့ သားသမီးကို ထူချွန်လာအောင် ပျိုးထောင်နိုင်စွမ်းရှိတာပဲ ကလေးတိုင်းက တော်ကြတယ်..."
ကျွင်းဟွိုင်လန်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
" လူကြီးမင်းရှန်း ချီးကျူးလွန်းနေတာပါ ကျွန်တော်က အဲ့လောက်လည်း မချီးကျူးထိုက်ပါဘူး..."
ထိုအချိန်တွင် အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
" ချီးကျူးထိုက်ပါတယ်..."
ကျွင်းဟွိုင်လန်လှည့်ကြည့်လိုက်သည့်အခါ ဘုရင်ခံကွမ်းလင်က ထိုနေရာတွင်သာထိုင်နေပြီး သူ့အမူအရာက အေးစက်တည်ငြိမ်နေသည်။ သို့ရာတွင် သူ့မျက်လုံးများက နီရဲနေပြီး ကျွင်းဟွိုင်လန်ကို စူးစူးရဲရဲကြည့်နေသည်။
ကြည့်ရတာ သူတော်တော်သောက်ထားပုံပဲ...
ရွှယ်ယန် ဖြတ်ပြောလိုက်သည့်အခါ ကျွင်းဟွိုင်လန် ရယ်ချင်သွားသော်လည်း သူ့အကြည့်များကြောင့် ရပ်တန့်သွားရသည်။
ကတိုက်ကရိုက်ဖြင့် အကြည့်ပြန်လွှဲလိုက်ရသည်။
သူ့ဘေးမှ ရှန်းကျီဖုက ခဏတာ အံ့အားသင့်သွားပြီးသည့်နောက်တွင် ရယ်လိုက်သည်။
" သေချာတာပေါ့ အရှင့်သားကတောင် သခင်လေးကို ချီးကျူးရတယ်... ကျွန်တော်မျိုးက အမြင်စူးရှတာပဲ..."
ရွှယ်ယန်က သူပြောသည်များကို မကြားသကဲ့သို့ တိတ်ဆိတ်နေသောလည်း မျက်လုံးများက ကျွင်းဟွိုင်လန်ကို ကြည့်နေဆဲဖြစ်သည်။
ကျွင်းဟွိုင်လန်က ရှန်းကျီဖုနှင့်အတူ ခွက်ချင်းတိုက်၍ ဝိုင်တစ်ခွက်သောက်လိုက်သည်။
ထိုအခါမှသာ ရှန်းကျီဖုက အနားမှထွက်သွားပေသည်။ သူထွက်သွားသည်နှင့် ကျွင်းဟွိုင်လန်က ဝိုင်ခွက်ကို ထိုနေရာတွင် ချထားလိုက်ပြီး ရွှယ်ယန်ရှိရာသို့သွားကာ ပြောလိုက်သည်။
" အရှင် လှေပေါ်မှာက နည်းနည်းပူတယ်...ကျွန်တော်နဲ့အတူတူ လေညှင်းခံထွက်ကြမလား..."
ယခုလေးတင် ရှန်းကျီဖု၏စကားများကို မကြားချင်ယောင်ဆောင်လိုက်သည့်ရွှယ်ယန်က ယခုအခါတွင် ကျွင်းဟွိုင်လန်၏ အသံချိုချိုလေးကို ကြားလိုက်ရသည့်အခါ အကြားအာရုံများက ချက်ချင်းကောင်းမွန်သွားပုံရသည်။
" ကောင်းပြီလေ..."
သူ လုံးဝ တွန့်ဆုတ်ခြင်းမရှိပဲ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် စားပွဲကိုလက်ထောက်၍ ချက်ချင်းထလာသည်။
အားလုံးက သူ့ကိုကြည့်လိုက်ပါက အေးစက်တည်ငြိမ်နေ၍ အရက်မမူးဟု ထင်ရသော်လည်း သူ့မျက်လုံးသူငယ်အိမ်များက မတည်မငြိမ်ဖြစ်နေကာ ခြေထောက်များ ပျော့ခွေနေသည်ကို ကျွင်းဟွိုင်လန်က သတိပြုမိပေသည်။
သူ ထင်ထားသည့်အတိုင်းပင် ရွှယ်ယန်က အရက်အလွန်အကျွံမူးနေပြီဖြစ်သည်။
ကျွင်းဟွိုင်လန် အလျင်အမြန်ပင် လက်လှမ်းပြီး ရွှယ်ယန့်ကို ထူပေးလိုက်သည်။ သို့ရာတွင် တစ်ဖက်လူက အရပ်ရှည်၍ သူ့ထက်ကိုယ်လုံးကိုယ်ထည်ကြီးသူတစ်ယောက်ဖြစ်ကာ တောင့်တင်းသည့်ကြွက်သားများနှင့် သန်မာသည့်အရိုးများရှိသူဖြစ်၍ ယခုချိန်တွင် အရက်မူးနေသော်လည်း တောင်တစ်လုံးကဲ့သို့ဖြစ်နေ၍ ကျွင်းဟွိုင်လန်ပင် ယိုင်လဲလုဆဲဆဲဖြစ်သွားသည်။
ရွှယ်ယန်က စိတ်အနှောင့်အယှက်ဖြစ်စွာနှင့် ကျစ်ခနဲအသံပြုလိုက်သည်။
ကျွင်းဟွိုင်လန်ကို ဖိမိသွားသည်ဟုထင်၍ လက်ကိုပြန်ဆွဲလိုက်ပြီး တစ်ဖက်သို့ရှောင်ရန် ပြင်လိုက်သည်။
ကျွင်းဟွိုင်လန်က သူ့ကိုပြန်ဆွဲထားသည်။
" အရှင့်ခြေထောက်တွေက မတ်မတ်မရပ်နိုင်ဘူးဖြစ်နေတယ် ကျွန်တော့်ကိုမှီထားတာ ပိုကောင်းပါတယ်..."
ရွှယ်ယန်က ထိုစကားများကိုကြားသည့်အခါ ဘာမှပြန်မပြောပဲ ကြိုးချည်ထားသည့် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ကျွင်းဟွိုင်လန်၏နောက်ကို လိုက်လာသည်။
လမ်းတစ်လျှောက်တွင် သူ့ခြေလှမ်းများက ဒယိမ်းဒယိုင်ဖြစ်နေသော်လည်း ရှေ့တည့်တည့်တွင် ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ဟန်ချက်ညီအောင်ထိန်းထားလိုက်သည်။
ကျွင်းဟွိုင်လန်က သူ့ကိုစနောက်ပြီး ခပ်တိုးတိုးရယ်လိုက်သည်။
" အရှင် တော်တော်သောက်ထားဝာာပဲ..."
လှေပေါ်မှ ဆင်းလာပြီးသည့်နောက်တွင် ပတ်ဝန်းကျင်က ခဏတာတိတ်ဆိတ်သွားသည်။ နွေရာသီ၏ ညဦးပိုင်းလေက အေးစက်နေခြင်းမရှိပဲ မျက်နှာကို ညင်သာစွာ တိုက်ခတ်သွား၍ ၎င်းက ကျွင်းဟွိုင်လန်၏အသံနှင့်အတူ ရွှယ်ယန်၏နားထဲသို့ တိုးဝင်လာသည်။
သို့ဖြစ်၍ အပျော်စီးလှေ၏အပြင်ဘက်တွင်ရပ်နေသော ကျင်းပေါင်က ရွှယ်ယန့်ကို ဤသို့သောပုံစံဖြင့် တွေ့မြင်လိုက်ရသည်။
ကျွင်းဟွိုင်လန်ထက် ခေါင်းတစ်လုံးစာနီးပါးမြင့်နေသော ယောက်ျားတစ်ယောက်က သူ့ကိုမှီနေပြီး ခေါင်းငုံ့၍ကြည့်နေကာ မျက်ခုံးများတွန့်ချိုး၍ တီးတိုးပြောလိုက်သည်။
" သူတို့က အမြဲတမ်း ဝိုင်သောက်ဖို့ ဖိအားပေးကြတယ်..."
သူ့မျက်နှာပေါ်မှ စိတ်ပသိကအောက်ဖြစ်မှုနှင့် စိတ်မရှည်မှုများက ရှင်းလင်းသွားပြီဖြစ်ကာ ကျွင်းဟွိုင်လန်နှင့် မျက်နှာချင်းဆိုင်လိုက်ချိန်တိုင်းတွင် သူ့မျက်နှာအမူအရာက အဆပေါင်းများစွာနူးညံ့သွားပြီး အလိုလိုက်ခံရသော ကျားတစ်ကောင်ကဲ့သို့ ပြုမူနေသည်။
ကျင်းပေါင် : …….
သူ မမြင်ဘူး သူ့မျက်စိကန်းနေတယ်...
ကျင်းပေါင်မှာ မျက်စိကန်း၍ နားလေးနေသူအဖြစ် ဟန်ဆောင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
Xxxxxx