အပိုင်း ၉၃
Viewers 15k

Chapter 93


ကျင်းပေါင်က အပြင်ဘက်မှနေ၍ မြင်းလှည်းကိုလှမ်းခေါက်လိုက်ပြီး ယန်ကျိုးသို့ရောက်ကြောင်း ပြောလိုက်မှသာ ကျွင်းဟွိုင်လန် နိုးလာခဲ့တော့သည်။


တစ်ယောက်ယောက်က မီးအိမ်များကိုငြိမ်းထားသကဲ့သို့ မြင်းလှည်းအတွင်းတွင် မှောင်နေသည်။ သူ တစ်ယောက်ယောက်အပေါ် မှီထားသည်ဟုထင်လိုက်၍ ခေါင်းအနည်းငယ် စောင်းကြည့်လိုက်သည့်အခါ ရွှယ်ယန်၏ပခုံးဖြစ်နေကြောင်း သိလိုက်ရသည်။


ခရီးတစ်လျှောက်လုံး သူ ရွှယ်ယန့်ကိုမှီပြီး အိပ်ပျော်လာခဲ့ပုံပေါ်သည်။


ကျွင်းဟွိုင်လန် လန့်သွားပြီး အမြန်ထရပ်လိုက်သည်။ သူ စကားမပြောနိုင်မီမှာပင် အမှောင်ထဲတွင် ရွှယ်ယန်၏အက်ရှရှအသံ ထွက်ပေါ်လာသည်။


" နိုးလာပြီလား..."

   

ကျွင်းဟွိုင်လန်က ပြန်ဖြေလိုက်ပြီးနောက် ရွှယ်ယန်အသံကလည်း အက်ရှရှဖြစ်နေသည်ကို ကြားလိုက်ရ၍ မေးလိုက်သည်။


" အရှင့်သားရော အိပ်ပျော်သွားတာလား..."


အမှောင်ထဲမှ ရွှယ်ယန်က "အင်း"ဟုသာဖြေလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။


ကျွင်းဟွိုင်လန်က နေရခက်စွာဖြင့် ပြုံးပြလိုက်သည်။


" ကျွန်တော်တောင်းပန်ပါတယ်... တည့်တည့်မအိပ်ပဲ ဒီဘက်ကိုစောင်းအိပ်လိုက်မိတာ အရှင့်သား ပခုံးတွေတော့ ကျဉ်နေပြီထင်တယ်..."


ဆန့်ကျင်ဘက်အားဖြင့် တစ်ဖက်က ရွှယ်ယန်မှာမူ ကျွင်းဟွိုင်လန်အိပ်ပျော်နေသည်ကိုမြင်သည့်အခါ ကျွင်းဟွိုင်လန်ကိုပခုံးမှဆွဲပြီး သူ့ပခုံးပေါ်မှီပေးထားပြီး ‌ဖယောင်းတိုင်မီးများကို ငြှိမ်းလိုက်ခြင်းဖြစ်သည်။


" ကိစ္စမရှိပါဘူး..."


ပြောပြီးသည့်အခ့ လက်မြှောက်၍ မြင်းလှည်း၏ လိုက်ကာစကို မြှောက်လိုက်သည်။


ကျင်းပေါင်က သဘောပေါက်သွားပြီး လိုက်ကာကိုမြှောက်ပေးကာ ခွေးခြေခုံတစ်လုံးကိုယူလာပြီး သူတို့နှစ်ယောက်ဆင်းလာရန် ကူညီပေးလိုက်သည်။


မြို့စားမင်းယုံနင်ရှိလျှင် စုံစမ်းစစ်ဆေးခြင်းကို အချိန်ပြည့်လုပ်ဆောင်ရမည်သာဖြစ်သည်။ တည်းခိုဆောင်တွင် ညစာစားသောက်ကြပြီးနောက် စောစောအနားယူကာ နောက်နေ့မနက်စောစောတွင် ယန်ကျိုးမြို့တစ်ဝိုက်မှ ရွာငယ်လေးများနှင့် မြို့ငယ်များသို့ သွားရောက်မည်ဖြစ်သည်။


ယခုနှစ်တွင် အလွန်မိုးများလှသဖြင့် ယန်ဇီမြစ်တောင်ပိုင်းမှ ရွာ‌များနှင့် မြို့ငယ်လေးများကို သက်ရောက်ခဲ့သည်။ မြစ်ရေလျှံမှုကြောင့် အိုးအိမ်များတွင် ရေတက်လာသည့် ပြဿနာငယ်များက အနည်းနှင့်အများဖြစ်လာခဲ့သည်။


သို့ရာတွင် ယန်ကျိုးကမူ အခြားနေရာများနှင့် ကွဲပြားလှသည်။

ယန်ကျိုးက မြစ်ချောင်းများစွာ ကန့်လန့်ဖြတ်တည်ရှိပြီး ရေလမ်းကြောင်းရှုပ်ထွေးလှသော်လည်း ဤနှစ်တွင် မည်သည့်လယ်ယာမြေများမှ ရေဖုံးလွှမ်းမခံခဲ့ရပေ။  ယန်ကျိုးမှ မြစ်ရေထိန်းသိမ်းမှုပုံစံကို လွန်ခဲ့သည့်ဆယ်စုနှစ်များစွာက ယန်ကျိုးဒေသခံအစိုးရက ယန်ကျိုး၏ မြေမျက်နှာသွင်ပြင်အရ တည်ဆောက်ပေးထားခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ ထို့နောက်တွင် နှစ်စဉ်နှစ်တိုင်းရေမကြီးအောင် အားဖြည့်တင်းပေးမှုသာ လုပ်ဆောင်ရတော့သည်။

    

ယန်ကျိုးဒေသ၏ အောက်ရုံးတော်တရားသူကြီးက သူတို့ကို ထိုကိစ္စနှင့်ပတ်သက်၍ အားလုံးရှင်းပြခဲ့သည်။ ကျွင်းဟွိုင်လန်က အံ့အားသင့်သွားခဲ့ရပြီး စုတ်တံနှင့် စာရွက်တစ်ချောင်းကိုရှာကာ သူပြောပြသမျှအားလုံးကိုနားထောင်ပြီး မှတ်သားထားခဲ့သည်။ ချန်အန်းသို့ နေရာအနှံ့မှပို့ဆောင်လိုက်သည့် လျှောက်တင်လွှာများက နားလည်ရုံသာဖြစ်ပြီး ဤမျှအသေးစိတ်မကျပေ။ ထိုအပြင် ဤကိစ္စကို မျက်စိရှေ့တွင် ကိုယ်တိုင်မြင်ရပါက ပို၍လွယ်ကူစွာ သိမြင်နိုင်ပေသည်။

    

ရက်အနည်းငယ်အကြာတွင် ကျွင်းဟွိုင်လန်ထံတွင် မှတ်စုပေါင်းမြောက်များစွာဖြစ်လာ၍ ရှန်းကျီဖုသည်ပင် သိသွားသည်။


" သခင်လေးက ဒီကိစ္စကို တော်တော်စိတ်ဝင်စားနေတာပဲ..."


ပြန်လာသည့်လမ်းတစ်လျှောက်တွင် သူက ကျွင်းဟွိုင်လန်မှတ်သားထားသည့်အရာများကို တောင်းယူပြီး ဂရုတစိုက်ဖတ်ကြည့်သည်။ သူက လိုရင်းတိုရှင်းမှတ်သားထားရုံသာမက သူ့ကိုယ်ပိုင်အတွေးများကိုပါ ထည့်သွင်းရေးသားထားသည်။ သူ ပို၍ ဖတ်ရှုမိလေ သူ့မျက်လုံးများ ပို၍အရောင်တောက်လာလေဖြစ်သည်။ အားလုံးကိုဖတ်ပြီးသွားချိန်တွင်လည်း ထိုစာရွက်များအား မြို့စားမင်းယုံနင်ကို ပြန်လည်ပြသရန် မမေ့ပေ။


" သခင်လေးက ဒီလောက်ထိ အရည်အချင်းရှိလိမ့်မယ်လို့ ကျုပ်မထင်ထားမိဘူး..."


မြို့စားမင်းယုံနင်ကလည်း ထိုစာရွက်များကို ဖတ်ရှု့လေ့လာပြီးသည့်နောက်တွင် ပုံမှန်အချိန်တွင် အေးစက်နေသည့် သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


" ဟွိုင်လန်က မြစ်ရေထိန်းသိမ်းတဲ့ကိစ္စကို စိတ်ဝင်စားနေတာကြာပြီ... ဒီနှစ် ကျင်းလင်ကိုလိုက်လာခဲ့တာ အချည်းနှီးတော့ မဖြစ်ဖူးပဲ..."


ထို့နောက်တွင် ရှန်းကျီဖုက ကျွင်းဟွိုင်လန်၏ မှတ်စုများကို ပြန်ပေးလိုက်ပြီးသည့်နောက် သူရေးထားသည့်ကိစ္စများကို ဆွေးနွေးတိုင်ပင်နေသည်။


ကျွင်းဟွိုင်လန်က ကျွမ်းကျင်စွာပြန်လည်ဖြေကြားပြီးနောက် သူ့ကိုလည်း မေးခွန်းအချို့ပြန်မေးသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်က စကားအမျှင်မပြတ်ပဲ ဆက်တိုက်ဆွေးနွေးကြတော့သည်။ မြို့စားမင်းယုံနင်က ရံဖန်ရံခါတွင် သူတို့စကားဝိုင်းထဲ ဝင်ရောက်ဆွေးနွေးသည်။


ရွှယ်ယန်က ဘေးနားတွင် ငြိမ်သက်စွာထိုင်နေပြီး အခြားလူများကို စကားမပြောသဖြင့် သူ့ကိုမည်သူမျှ မနှောင့်ယှက်ရဲကြပေ။


မြင်းလှည်းက ယန်ကျိုးမြို့ဘက်သို့ ပြန်လည်မောင်းနှင်သွားသည်။

    

ကျွင်းဟွိုင်လန်က လမ်းတစ်လျှောက်လုံး ရှန်းကျီဖုနှင့် စကားစမြည်ပြောခဲ့ရသဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ မြို့ထဲသို့ဝင်ပြီးချိန်တွင် အပြင်ဘက်မှ ပျားပန်းခတ်မျှလှုပ်ရှားနေသည့် လူအုပ်ကြီးကိုမြင်ပြီးသည့်နောက် မမေးပဲ မနေနိုင်တော့ပေ။


" လူကြီးမင်းရှန်း...ဒီနှစ်က တော်တော်မိုးများတာဆိုတော့ မြစ်ရေက ကျိန်းသေပေါက်တက်လာမှာပဲ... ကျင်းလင်က ဆည်ကရော တားနိုင်ပါ့မလားဆိုတာ ကျွန်တော်သိချင်မိတယ်..."


သူ့စကားကိုကြားသည့်အခါ ရှန်းကျီဖုက ‌ရှည်ရှည်မဝေးဝေး တွေးတောမနေပဲ ပြုံးပြ၍ ပြောလိုက်သည်။


" သေချာပေါက်ကို အဆင်ပြေပါတယ်... ကျင်းလင်က ဆည်တွေက ယန်ကျိုးလောက်တော့  တီထွင်မှုမရှိပေမယ့် ကျင်းလင်မှာက ရှုပ်ထွေးတဲ့ ရေစနစ်မရှိဘူးလေ... ယန်ဇီမြစ်ရေကြီးချိန်ရောက်လာလို့ ၂၀ကနေ ၃၀%အထိ တက်လာတယ်ဆိုရင်တောင် စီမံနိုင်ပါသေးတယ်..."


သူ့စကားကြောင့်  ကျွင်းဟွိုင်လန်က လေးလေးနက်နက်တွေးတောပြီး ခေါင်းငြိမ့်ပြလိုက်သည်။


၂၀မှ ၃၀%က မြစ်ရေအတွက် အလွန်မြင့်သည့်ပမာဏဟု ဆိုနိုင်ပေသည်။ မိုး မည်မျှများသည်ဖြစ်စေ မြစ်ရေက ဤအခြေအနေထိတက်လာရန် မဖြစ်နိုင်ပေ။


သို့ဖြစ်၍ ကျင်းလင်မှ ဆည်များက အဆင်ပြေသည်ဟုထင်ရသော်လည်း ယခင်ဘဝတွင် တစ်စုံတစ်ရာမှားယွင်းသွားခဲ့သည်။


လမ်းတစ်လျှောက်လုံး အလေးအနက်တွေးတောလာခဲ့ပြီးနောက် မကြာမီအချိန်တွင် မြင်းလှည်းက ရပ်သွားခဲ့သည်။


ကျွင်းဟွိုင်လန် အပြင်ဘက်သို့ကြည့်လိုက်သည့်အခါ မြင်းလှည်းက အနောက်ဘက်ရေကန်နားတွင် ရပ်ထားသည်ကို မြင်လိုက်ရသည်။ အနီးအနားတွင် အပျော်စီးလှေတစ်စင်းရပ်ထားသည်။


ကျွင်းဟွိုင်လန်က ဤနေရာတွင် နေထိုင်ခဲ့သည်က တစ်နှစ်ခန့်ရှိပြီဖြစ်၍ မှူးမတ်များအကြောင်း အတော်အသင့်သိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှန်းကျီဖုစီစဉ်ထားသည်ဖြစ်ကြောင်း သိလိုက်ပေသည်။


မြင်းလှည်းရပ်သည်နှင့် ရှန်းကျီဖုက မြို့စားမင်းယုံနင်၏ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။


" မြို့စားမင်း... ယန်ကျိုးကိုရောက်လာမှတော့  အနောက်ဘက်ရေကန်ရဲ့ ငါးဟင်းစားသောက်ပွဲတွေကို မြည်းကြည့်ရမှာပေါ့... ကျွန်တော်တို့ ဒီနေ့ တစ်နေ့ကုန် ပြေးလွှားနေခဲ့ကြတာဆိုတော့ ခဏတော့ အနားယူကြတာပေါ့..."


မြို့စားမင်းယုံနင်က စိတ်မချမ်းမသာဖြစ်သွားပြီး ပြောလိုက်သည်။


" ခင်ဗျားကအမြဲတမ်းအဲ့လိုပဲ... ကျုပ်တို့ ယန်ကျိုးကိုလာတာ တာဝန်ကြောင့်လေ... ဘာလို့ အနားယူနေဦးမှာလဲ..."


ရှန်းကျီဖုက သူရှေ့မှလူမှာ ခေါင်းမာတတ်သည့် လူအိုကြီးဖြစ်ကြောင်းကိုသိသည်။ သူက ပွဲလမ်းသဘင်များနှင့် သောက်စားပျော်ပါးရခြင်းကို နှစ်သက်သည့်လူမျိုးမဟုတ်ပေ။ သို့ရာတွင် ဤရက်ပိုင်းအတွင်း မြို့စားမင်းယုံနင်နှင့် လိုက်ပါခဲ့သူများတွင် ချန်အန်းမှမှူးမတ်များသာမက ယန်ကျိုးဒေသခံမင်းမှုထမ်းများလည်း ပါဝင်သည်။ အကယ်၍ ဤနေရာတွင် ထမင်းတစ်နပ်စားပြီး အပန်းမဖြေပါက ချန်အန်းမှ အမတ်များမှာ မြင်းလှည်းများစီးနင်း၍ ခရီးသွားလာရခြင်းကြောင့် ပင်ပန်းနွမ်းနယ်ကုန်ကြပြီး သူတို့ကိုကောင်းမွန်စွာဧည့်ခံခြင်းမရှိဟု ထင်ကြလိမ့်မည်။ ထို့အပြင် သူတို့စိတ်ထဲ မသက်မသာဖြစ်ကြပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အထင်အမြင်လွဲစရာကိစ္စ ဖြစ်လာလိမ့်မည်။


သို့ဖြစ်၍ စားသောက်ပွဲကြီး ပြင်ဆင်ထားရခြင်းဖြစ်သည်။ အပျော်စီးလှေကို နေရာအနှံ့မှ မြင်နေရပြီး ဤနေရာတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။ ဤနေရာတွင် ဒေသခံစားစရာမျိုးစုံကိုလည်း မြည်းစမ်းကြည့်နိုင်ပေသည်။


ရှန်းကျီဖုက မြို့စားမင်းယုံနင်ကို ပြုံးပြပြီး နှစ်သိမ့်ပြောဆိုလိုက်သည်။


" ကျုပ် ယန်ကျိုးကိုရောက်နေတာ ဘယ်နှရက်တောင်ရှိပြီလဲ ဒီက ငါးဟင်းပွဲလေးတွေတော့ မြည်းကြည့်ချင်တာပေါ့ ... ခင်ဗျားကျုပ်‌ကို အဖော်လုပ်ပေးရမယ်နော်..."


လူအုပ်စုကြီးက အပျော်စီးလှေကြီးပေါ်သို့ ‌ရွှင်မြူးစွာတက်သွားကြသည်။


ရွှယ်ယန်ကို လူပေါင်းများစွာဝန်းရံထားသည်။ သူ့ဘေးနားမှ အမှုထမ်းများက စကားစမြည်ပြောနေကြသော်လည်း သူတစ်ယောက်တည်း စကားမပြောပဲ မျက်နှာသေဖြင့် ‌နေနေခြင်းဖြစ်သည်။


သူက ခန့်မှန်းရခက်သည့်လူစားမျိုးဖြစ်ကြောင်းကို အားလုံးသိကြသည်။ အားလုံးက စကားပြောနေကြသော်လည်း ရွှယ်ယန်၏ လှုပ်ရှားမှုတိုင်းကို မျက်ခြည်မပြတ်စောင့်ကြည့်နေသည်။


ကျွင်းဟွိုင်လန်က သူ့နောက်မှလိုက်လာ၍ ရွှယ်ယန်၏ကျောပြင်ကို အဝေးမှ လှမ်းမြင်နေသည်။


သူ့စိတ်ထဲ ရယ်ချင်စိတ် ဖြစ်ပေါ်လာသည်။

    

ရှန်းကျီဖုက သူ၏အကျင့်စရိုက်ကြောင့် အမှုထမ်းများအကြားတွင် နာမည်ကြီးသူဖြစ်သည်။ ရာထူးကြီးသူဖြစ်စေ ရာထူးနိမ့်သူဖြစ်စေ သူကိုမနှစ်သက်သူ မရှိကြပေ။


သို့ရာတွင် ရွှယ်ယန်က သူ့ကိုမနှစ်သက်ပေ။


အဝေးမှဖြစ်သော်လည်း ရွှယ်ယန်၏ စိတ်မရှည်မှုကို ကျွင်းဟွိုင်လန်အတိုင်းသား မြင်နေရသည်။


သို့ရာတွင်  မည်သူကမှ သတိမပြုမိကြပဲ သူ့အနားကို ချဉ်းကပ်လာပြီး စကားမရှိ စကားရှာပြောနေကြသည်။ သို့ရာတွင် ရွှယ်ယန် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် ကျွင်းဟွိုင်လန်က သူ့မျက်ခုံး မျက်လုံးများကို မြင်လိုက်ရသည်။


မျက်နှာက အမူအရာမဲ့နေသော်လည်း ထိုပယင်းရောင်မျက်ခုံးများတွင် ပင်ပန်းနွမ်းနယ်မှု ၊ စိတ်မရှည်မှုများဖြင့် ပြည့်နေသည်မှာ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသည့် သားရဲတစ်ကောင်နှင့်တူနေသည်။


"ဟွိုင်လန် ဘာတွေရယ်နေတာတုန်း..."


ထိုအချိန်တွင် ရှန်းလျှိုဖုန်းက ရုတ်တရက်ရောက်လာပြီး ကျွင်းဟွိုင်လန်၏ပခုံးကို ပုတ်လိုက်သည်။


" ဟမျ ဘာလဲ..."

ကျွင်းဟွိုင်လန် လန့်သွား၍ တစ်ဖက်သို့လှည့်ပြီး သူ့ကိုကြည့်လိုက်သည်။


" မင်း ဘာတွေရယ်နေတာလဲမေးတာ..."

ရှန်းလျှိုဖုန်းကလည်း ပြုလိုက်ပြီး ကျွင်းဟွိုင်လန်ကြည့်နေသာ့်ဘက်ကို လှမ်းကြည့်လိုက်သည်။


" တစ်ယောက်တည်း နူးနူးညံ့ညံ့ကို ရယ်နေလို့လေ ဘာတွေကြည့်နေတာလဲ..."


ကျွင်းဟွိုင်လန် ထိတ်လန့်သွားရသည်။

သူ့ကိုယ်သူ ရယ်လိုက်မိတာတောင် သတိမထားလိုက်မိဘူး...


သူ ရွှယ်ယန့်ကို တစ်ကြိမ်ထက်မနည်း ကြည့်နေမိတာပဲ...


သို့ရာတွင် ကျွင်းဟွိုင်လန်က အသိစိတ်ပြန်ကပ်သွားပြီး ရှန်းလျှိုဖုန်းကို မေးလိုက်သည်။


" မင်းကရော ဘာလို့ ဒီရောက်နေတာလဲ..."


သူတို့အားလုံး ဤရက်ပိုင်းအတွင်းတွင် မြို့ထဲ၌ လှည့်လည်စစ်ဆေးနေကြသော်လည်း ရှန်းလျှိုဖုန်းက ပျင်းစရာကောင်းသည်ဟုထင်၍ သူတို့နှင့် မလိုက်ခဲ့ပေ။


" မင်းတို့ စုံစမ်းရာကပြန်လာပြီဆိုလို့ ငါလည်းလိုက်လာတာ..."

ရှန်းလျှိုဖုန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။


" ငါ ဒီနေ့ဦးလေးဆီက ကြားခဲ့တယ် မင်းတို့ အနောက်ဘက်ရေကန်က ငါးဟင်းလျာတွေစားကြမယ်ဆို... ဒါမျိုးကို ငါလွတ်သွားလို့ဖြစ်မလား..."

 

ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ပါပြီ... မင်းမပါပဲ ငါလည်းမစားပါဘူး..."


သွက်လတ်ပြီးပျော်ရွှင်စွာနေတတ်မှုက  ရှန်းမိသားစုဝင်များအကြား လက်ဆင့်ကမ်းလာပုံရသည်။    


ရှန်းလျှိုဖုန်းက ကျွင်းဟွိုင်လန်၏ပခုံးကိုဖက်ကာ ပြောလိုက်သည်။


" ဟွိုင်လန်ရေ စကားမစပ်ပြောရဦးမယ်... ငါ လွန်ခဲ့တဲ့ရက်အနည်းငယ်က မြေပုံတစ်ခုရလာခဲ့တယ်... မနက်ဖြန် ငါ့ဦးလေးနဲ့ တခြားလူတွေ ရုံးတော်ကိုသွားနေကြတုန်း မင်းငါနဲ့လိုက်ခဲ့ပါလား... တောင်တွေဘက်ကို အတူတူသွားပြီး နတ်ဆေးသမားတော်ကို ရှာကြည့်ကြမယ်လေ..."


စကားဆုံးသည်နှင့် သူကတိပေးလိုက်သည်။

" စိတ်မပူပါနဲ့ မမှောင်ခင် ပြန်လာကြမယ်လေ..."


ရှန်းလျှိုဖုန်းက သူ့ကို ထိုကိစ္စအကြောင်း မေးသည်က ဒုတိယအကြိမ်ဖြစ်သည်။ ကျွင်းဟွိုင်လန် ခဏတွေးတောလိုက်သည်။ ဆည်အကြောင်းကိုလေ့လာစစ်ဆေးခြင်းက ပြီးဆုံးသွားပြီဖြစ်၍ နောက်ရက်တွင် သွားစရာမလိုတော့သဖြင့် ခေါင်းငြိမ့်ပြပြီး သဘောတူလိုက်သည်။


ရှန်းလျှိုဖုန်းက ပျော်ရွှင်သွားပြီး သူ့ပခုံးကို နှစ်ကြိမ်တိတိပုတ်လိုက်သည်။


" ငါ့မြင်းနှစ်ကောင်ကို ဒီာအစာကျွေးခိုင်းထားမယ်... မနက်ဖြန်ကျရင် မင်း ငါ့မြင်းယူစီးလို့ရတယ်လေ..."


ကျွင်းဟွိုင်လန်ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။


လူအုပ်စုကြီးက လှေပေါ်သို့ရောက်လာပြီဖြစ်သည်။


ရွှယ်ယန် တံတားကိုကျော်ဖြတ်လာပြီးသည့်အချိန်တွင် အနောက်သို့လှည့်ကြည့်လိုက်သောအခါ လူအုပ်ကြီး၏နောက်ဆုံးမှလိုက်လာသည့် လူငယ်လေးနှစ်ယောက်ကို မြင်လိုက်ရသည်။ 


တောက်ပနေသည့်လရောင်အောက်တွင် ထိုလူနှစ်ယောက်အနက် တစ်ယောက်က ချောမောခံ့ညားသည့်ကောင်လေးတစ်ယောက်ဖြစ်သည်ကို မြင်လိုက်ရသည်။


အခြားတစ်ယောက်က မျက်ဆံနှစ်ထပ်ရှိသည့်လူတစ်ယောက်ဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် လူကောင်းဟု မထင်ရပေ။


ထိုလူက အရိုးမရှိသည့်လူတစ်ယောက်ကဲ့သို့ ကျွင်းဟွိုင်လန်၏ပခုံးကို လက်တစ်ဖက်ဖြင့်ဖက်ထားပြီး အနားနားကပ်၍ စကားပြောနေသည်။


ကျွင်းဟွိုင်လန်ကလည်း သူ့ကိုပြုံးပြနေသည်။


ရွှယ်ယန်၏မျက်နှာက ချက်ချင်းမဲနက်သွားသည်။


သူ့အနားမှလူများကလည်း အရှိန်အဝါက ရုတ်ချည်းပြောင်းလဲသွားသည်ကို ခံစားမိ၍ ပြောလက်စ စကားများပင် တစ်ဝက်တစ်ပျက်နှင့် ရပ်ကုန်ကြသည်။


Xxxxxxx