Chapter 92
သူ ပုံမှန်ခရီးသွားတဲ့မြင်းလှည်းပေါ်မှာတောင် အဲ့စာရွက်တွေ ရှိနေတာလား...
ကျွင်းဟွိုင်လန် ရွှယ်ယန့်ကို မော့ကြည့်လိုက်သည်။
ရွှယ်ယန်၏အကြည့်များကလည်း စာရွက်ပုံဘက်သို့ ရောက်သွားသည်။
မူလက ဤကျမ်းစာများကို သူကူးရေးရခြင်းက ဧကရာဇ်ချင်းဖျင်ကြောင့်သာဖြစ်သည်။ သူက သတ်ဖြတ်ခြင်းကြယ် သို့မဟုတ် နတ်ဆိုးကြယ်ဖြင့် ကမ္ဘာပေါ်ရောက်လာခဲ့သူဖြစ်၍ ဧကရာဇ်ချင်းဖျင်က သူ့ကိုကြောက်လန့်ပြီး မုန်းတီးသူဖြစ်သည်။ သို့ရာတွင် သူက ထိုကိစ္စကြောင့် ဗုဒ္ဓကျမ်းစာအနည်းငယ်ကို ကူးရေးလိုက်သည်နှင့် ဧကရာဇ်ချင်းဖျင်က စိတ်ချသွားခဲ့ပြီး သူ့ကို ချစ်ချစ်ခင်ခင်ဆက်ဆံလာခဲ့သည်။
ဤကျမ်းစာများက သူ၏နတ်ဆိုးဝိညာဉ်ကို ဖိနှိပ်ပေးနိုင်ကြောင်း ရွှယ်ယန်မယုံကြည်ခဲ့ပေ။ သို့ရာတွင်ဧကရာဇ်က ဆန္ဒရှိခဲ့သဖြင့် ဆက်လက်ကူးရေးခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤကိစ္စက အကျင့်တစ်ခု ဖြစ်လာခဲ့သည်။
ထိုကျမ်းစာများကို ကြိမ်ဖန်များစွာရေးသားခဲ့ရ၍ အလွတ်ရနေပြီဖြစ်သည်။ သာမန်နေ့ရက်များတွင် စိတ်ရှုပ်ထွေးနေပါက ထိုကျမ်းစာများအနက် ကြုံရာနှစ်အုပ်ကို စာရွက်များပေါ် ရေးချမိသည်။ ကျမ်းစာများရေးနေသော်လည်း သူ့စိတ်ကအခြားနေရာတွင်သာဖြစ်သည်။
သို့ရာတွင် သူ၏လုပ်ဆောင်ချက်က ဧကရာဇ်ချင်းဖျင်ကို အလွန်အမင်း သဘောကျနှစ်ခြိုက်စေသည်။ ဧကရာဇ်က ပေါင်းကော်ဘုရားကျောင်းမှ ဘုန်းကြီးများထံသွားရောက်ကာ ဗုဒ္ဓဆင်းတုတော်ရှေ့မှ သူတို့အထွတ်အမြတ်ထားသော စန္ဒကူးကို ရွှယ်ယန်အသုံးပြုရန်ပေးခဲ့သည်။
အခြားလူများ၏အမြင်တွင် ဧကရာဇ်က ရွှယ်ယန့်အပေါ် မျက်နှာသာပေးခြင်းဖြစ်သည်။ ဧကရာဇ်ချင်းဖျင်၏အမြင်တွင်မူ ရွှယ်ယန်က ဗုဒ္ဓကိုသက်ဝင်ယုံကြည်လာသည့် စိတ်ချရသောလူတစ်ယောက် ဖြစ်လာခြင်းပင်။
ရွှယ်ယန်က ထိုကိစ္စနှင့်စပ်လျဉ်း၍ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ဧကရာဇ်ချင်းဖျင်ကို စိတ်ပိုင်းဆိုင်ရာအရ ချို့ယွင်းနေသည်ဟု ထင်မိသော်လည်း သူ့အလိုအတိုင်း အလိုက်သင့် နေပေးခဲ့သည်။
ကျွင်းဟွိုင်လန်၏မေးခွန်းကိုကြားသည့်အခါ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
" လုပ်စရာ မရှိတဲ့အချိန်ဆိုရင် အပျော်သဘောနဲ့ကူးရေးတာပါ..."
ကျွင်းဟွိုင်လန် သူ့ကိုလှမ်းကြည့်လိုက်သည့်အခါ လိမ်ညာပြောနေသည်နှင့်မတူ၍ စိတ်အေးသွားရသည်။
" တကယ်လို့ မင်းကြီးက အရှင့်သား ကျမ်းစာကူးရေးတာကိုနှစ်သက်တယ်ဆိုရင်တော့ ကြိုက်သလောက်ရေးပါ ဒါပေမဲ့ ဒါကို အမြဲကူးရေးနေတာတော့ အသုံးမဝင်ဘူး..."
ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။
၎င်းက အသုံးမဝင်သည်ကို သူလည်းသိသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးဝိညာဉ်ကို ကောင်းကင်ယံရှိ သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်မှ ယူဆောင်လာခြင်းဖြစ်သည်။ ၎င်းကို ကျမ်းစာကူးရေးလိုက်ရုံဖြင့် ပျောက်ကင်းသွားမည်ဆိုပါက ဟာသဖြစ်နေပေလိမ့်မည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က ဆက်ပြောသည်။
" ပြီးတော့ နတ်ဆိုးကြယ်ဆိုတဲ့ကိစ္စက အစတည်းက အခြေအမြစ်မှ မရှိတာ..."
သူ့စကားကြောင့် ရွှယ်ယန် သူ့ကိုချက်ချင်းလှည့်ကြည့်လိုက်သည်။ သူ့အကြည့်များက လေးနက်နေပြီး အတွင်းမှ စိတ်ခံစားချက်များကို မမြင်ရပေ။
ကျွင်းဟွိုင်လန်က သူ့ကိုအစတည်းက ခိုင်မာစွာယုံကြည်နေရသည့်အကြောင်းကို သူ နားမလည်ပေ။
သူက သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်ဖြင့် ဤလောကကို ရောက်ရှိလာခဲ့သူဖြစ်၍ သူ့ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်ခဲ့သည်။ အကယ်၍ လင်းထိုက်လန်တစ်ယောက်တည်းက ထိုသို့ဟောကိန်းထုတ်ခဲ့ခြင်းဆိုပါက ရွှယ်ယန်လည်း ယုံကြည်မည်မဟုတ်ပေ။ သို့ရာတွင် ယန်ဒေသမှ လှည့်လည်သွားလာနေသည့် နတ်ဝိဇ္ဇာဆရာများသာမက ချင်ထျန်ကျန့်မှ နက္ခတ်ဗေဒပညာရှင်များ၏ တွက်ချက်မှုများကလည်း တစ်ပုံစံတည်းပင်ဖြစ်သည်။
ထို့အပြင် ရွှယ်ယန်၏ ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ မြောက်များစွာသောအတွေ့အကြုံများက ၎င်းကိုသက်သေပြခဲ့သည်။
အဲဒါကို ကျွင်းဟွိုင်လန်က ဘာလို့မယုံရတာလဲ...
သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်နေစဉ်တွင် ရွှယ်ယန်၏မျက်လုံးထဲမှ တွန့်ဆုတ်မှုနှင့် စိတ်ရှုပ်ထွေးမှုများကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။
တစ်စုံတစ်ကို သတိပြုမိသွားသကဲ့သို့ ရွှယ်ယန်က အကြည့်ပြန်လွှဲလိုက်ပြီးနောက် လက်ထဲမှစာအုပ်ကိုပြန်ကိုင်ကာ ဘာမှမဖြစ်ပျက်သွားသကဲ့သို့ နေလိုက်သည်။
သူ စာအုပ်ပေါ်တွင် အာရုံစိုက်ရန် အသည်းအသန်ကြိုးစားနေရသည်။
ကလေးဘဝမှ ယခုချိန်ထိ သူ့ကံကြမ္မာကိုယုံကြည်ခဲ့ပြီး အသွေးအသားထဲတွင်ပါ စွဲမြဲနေပြီဖြစ်သည်။ သာမန်နေ့ရက်များတွင်မူ ထိုအကြောင်းကို သူမေ့ပျောက်နေမိသည်။ ပြောဆိုရန် လိုအပ်သည့်အချိန်တွင်လည်း အပေါ်ယံတွင် ဘာမှမဖြစ်သကဲ့သို့သာ ပြောဆိုတတ်သည်။
သူ ဂရုမစိုက်ခြင်းမဟုတ်ပဲ ဤအခြေအနေမျိုးနှင့် ကျင့်သားရသွားခြင်းသာဖြစ်သည်။
ရွှယ်ယန်၏အကြည့်က မည်းမှောင်သွားသည်။
ယခုချိန်တွင် ကျွင်းဟွိုင်လန်က ဦးစွာစကားပြောလာသည်။
" ဒါက ကံကြမ္မာဆိုတာသိပေမယ့် ကျွန်တော်ကတော့ ကံကြမ္မာကို တစ်ခါမှ မယုံကြည်ခဲ့ဖူးဘူး..."
ရွှယ်ယန်၏အကြည့်များက သူ့လက်ထဲမှ စာအုပ်ပေါ်တွင်သာရှိနေသော်လည်း စာလုံးတစ်လုံးကိုမျှ မဖတ်နိုင်ပေ။
ကျွင်းဟွိုင်လန်ဆက်ပြောမည့်စကားကိုသာ နားထောင်နေမိသည်။
" ကံကြမ္မာဆိုတဲ့အရာကို လူသားတွေကိုယ်တိုင်ဖန်တီးကြတာပဲ... အရှင့်သားက ကိုယ့်ကိုကိုယ်နတ်ဆိုးကြယ်လို့ ထင်နေမယ်ဆိုရင်တော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ခက်ခဲနေမှာပဲ... ဒါပေမဲ့ အရှင့်သားကိုယ်တိုင်မယုံဘူးဆိုရင်တော့ ဘယ်သူကမှ အရှင့်သားကို နတ်ဆိုးကြယ်လို့ သမုတ်လို့မရဘူး..."
သူ ပြောနေလျက်နှင့်ပင် ရွှယ်ယန့်လက်ထဲမှစာအုပ်ကိုထိကာ သူ့ကိုကြည့်ရန် လက်အမူအရာပြလိုက်သည်။
ရွှယ်ယန်က နာခံစွာဖြင့် မော့ကြည့်လိုက်သည်။
ကျွင်းဟွိုင်လန်က မျက်နှာထက်တွင် နွေးထွေးသောအပြုံးတစ်ပွင့်ဖြင့် သူ့ကိုကြည့်နေသည်။
" ကျွန်တော့်စကားတွေကို ယုံကြည်ဖို့ကြိုးစားချင်လား..."
ကျွင်းဟွိုင်လန်က မေးလိုက်သည်။
ရွှယ်ယန်က ယုံကြည်ချင်သည် မယုံကြည်ချင်သည်ကိုပင် မသိတော့ပေ။
သူ့စိတ်ထဲတွင် ဗလာကျင်းနေပြီး ယခုချိန်တွင် သူ့ရှေ့မှ ကျွင်းဟွိုင်လန်ကို နမ်းချင်စိတ်ရှိသည်ကိုသာ သိတော့သည်။
သူ့ကို နမ်းချင်တယ်...
——
ရွှယ်ယန်၏ မျက်ဝန်းများက အနည်းငယ်နက်မှောင်သွားပြီး သူနားမလည်နိုင်သည့် ခံစားချက်အချို့ပါဝင်နေသည်ကို ကျွင်းဟွိုင်လန် မြင်လိုက်ရသည်။
သို့ရာတွင် သူ့မျက်ဝန်းထဲမှ ကြမ်းကြုတ်မှုက အလွန်လေးလံလွန်း၍ သူ့စိတ်ထဲ အလိုလို ထိတ်ပျာသွားမိသည်။
သို့ဖြစ်၍ ထိတ်ထိတ်ပျာပျာဖြစ်မှုကို ချိုးနှိမ်ထားလိုက်ပြီး ရွှယ်ယန့်ကိုသာစိတ်ရှည်ရှည်ဖြင့် ကြည့်နေလိုက်သည်။
သို့ရာတွင် ရွှယ်ယန်က သူ့လက်ထဲတွင်ကိုင်ထားသောစာအုပ်မှ စာရွက်များကို ဖိကြေမတတ်ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။
" အရှင့်သား..."
ကျွင်းဟွိုင်လန် သူ့ကိုခေါ်ကြည့်ရန် ကြိုးစားလိုက်သည်။
ရွှယ်ယန်က "အင်း" ဟုသာပြောပြီး စကားတစ်ခွန်းမှ မပြောပေ။
သူ့အသံက အက်ရှရှဖြစ်နေလွန်း၍ အကြောင်းအရင်းတချို့ကြောင့် ကျွင်းဟွိုင်လန်၏နားစည်များ လှုပ်ခါသွားပြီး နားရွက်မျထုံကျဉ်လာကာ မြင်းလှည်းကို မသိမသာလှမ်းမီလိုက်ရသည်။
ထိုကြမ်းကြုတ်မှုအာရုံက မရပ်တန့်နိုင်လောက်သည်အထိ ဖြစ်လာသည်။
ထိုအချိန်တွင် တချောက်ချောက်အသံကြားလိုက်ရပြီးနောက် မြင်းလှည်း၏ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်က နေရာအနှံ့ဖြာကျလာသည်။
လှည်းပေါ်မှ အလင်းရောင်ဖျော့ဖျော့ကိုသာ ကျင့်သားရနေသည့် ကျွင်းဟွိုင်လန်က မျက်လုံးကိုမှေးလိုက်ပြီစသည့်နောက် ရှန်းလျှိုဖုန်း၏အသံကိုကြားလိုက်ရသည်။
" ဟွိုင်လန် မင်းဒီမှာရောက်နေတယ်လို့ဦးလေးကပြောတယ်... မင်း လိုက်လာမယ်လို့တောင် မထင်ထားဘူး..."
သူ၏ အားတက်သရောဖြစ်မှုက သိသာလွန်းလှသည်။
ရွှယ်ယန် မျက်မှောင်ကြုတ်ပြီး သူ့ကိုလှမ်းကြည့်လိုက်သည်။
ရှန်းကျီဖုက သားဖြစ်သူငတုံးကောင်က မြင်းစီး၍ သူတို့မြင်းလှည်းဘေးမှကပ်လိုက်လာပြီး လိုက်ကာကို က်တစ်ဖက်ဖြင့် လှန်လိုက်ကာ ကျွင်းဟွိုင်လန်ကိုပြုံးပြနေ၍ သူ အလွန်အမင်းဒေါသထွက်သွားရသည်။
ကျွင်းဟွိုင်လန် ခဏတာအံ့အားသင့်သွားပြီးနောက် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
" လျှိုဖုန်း... မင်းဘာလို့ ဒီကိုရောက်နေတာလဲ..."
ရှန်းလျှိုဖုန်းက ခါးသီးနေသည့်မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
" ဦးလေးက ငါယန်ကျိုးကိုသွားမှာသိတော့ သူနဲ့တူတူလိုက်လာခိုင်းတာ... မင်းလည်း ယန်ကျိုးကိုလိုက်လာမယ်မှန်းမသိခဲ့ဘူး... အခု မင်းရှိနေတော့ ငါအထီးမကျန်တော့ဘူးပေါ့..."
ရွှယ်ယန်က ဘေးနားတွင်ထိုင်နေပြီး သူတို့နှစ်ယောက်က "လျှိုဖုန်း" နှင့် "ဟွိုင်လန်" ဟု ချစ်စနိုးခေါ်နေကြသည်ကို မြင်လိုက်ရသည်။
ဆန့်ကျင်ဘက်အားဖြင့် ကျွင်းဟွိုင်လန်က သူ့နာမည်ကို တစ်ကြိမ်တစ်ခါမှ မခေါ်ခဲ့ဖူးပေ။
ရွှယ်ယန် စိတ်အနှောင့်အယှက်ဖြစ်သွား၍ မျက်လုံးများ ခဏမှိတ်ထားလိုက်သည်။
ရှန်းလျှိုဖုန်းက မြင်းလှည်းဘေးမှသာ ကပ်လိုက်လာပြီး မထွက်သွားပေ။ လိုက်ကာကို ဆွဲမ'ပြီး စကားဆက်ပြောနေသည်။
" ဟွိုင်လန် မင်းက ငါနဲ့တူတူလျှောက်လည်ရမယ့်အစား ဦးလေးနဲ့တူတူ စုံစမ်းတာကိုလိုက်သွားမယ်မထင်ထားဘူး... သူတို့အလုပ်တွေက ပျင်းစရာကြီး... ငါနဲ့တူတူ လျှောက်သွားရအောင်လေ..."
သူ နောင်ပြောင်နေ၍ ကျွင်းဟွိုင်လန်က ခပ်တိုးတိုးရယ်လိုက်သည်။
" အဖေ့ရဲ့အမိန့်လေ ငါမငြင်းရဲဘူး..."
" ငါ မင်းကိုဖမ်းမိသွားမှတော့ ဒီတစ်ခါမငြင်းနဲ့တော့လေ... ငါနဲ့တူတူ တောင်တွေဘက်သွားမှာ လိုက်ခဲ့ရမယ်..."
ကျွင်းဟွိုင်လန် ခေါင်းသာငြိမ့်ပြလိုက်တော့သည်။
ဘေးတွင် မျက်လုံးမှိတ်ကာ ဘာမှမပြောပဲထိုင်နေသည့်ရွှယ်ယန်က ရုတ်တရက် မျက်လုံးများပွင့်လာပြီး ရှန်းလျှိုဖုန်းကို မျက်မှောက်ကြုတ်ကြည့်လိုက်သည်။
ဒီကောင့်က ခွေးမွှေးလိုမျိုး လိုက်ကပ်နေတော့တာပဲ... နန်းတွင်းထဲက ရွှယ်ယွင်ဟွမ်တောင် သူ့လောက်ရွံစရာမကောင်းဘူး...
သို့ရာတွင် ရှန်းလျှိုဖုန်းက ဘေးနားမှဆက်တိုက်လိုက်လာပြီး ခေါင်းကိုဘေးစောင်းကာ စကားဆက်ပြောနေဆဲဖြစ်သည်။
" အပြင်မှာ ရာသီဥတုသာယာတယ် အပြင်ထွက်လာပြီး ငါနဲ့တူတူမြင်းစီးပါလား ဟွိုင်လန်..."
ရွှယ်ယန် နှုတ်ခမ်းများတင်းတင်းစေ့ထားတော့သည်။
နောက်အခိုက်အတန့်တွင် လိုက်ကာအပြင်ဘက်၌ ထိုင်နေသော ကျင်းပေါင်၏တင်ပါးကို ဆောင့်ကန်လိုက်တော့သည်။
ကျင်းပေါင် ဒယိမ်းဒယိုင်ဖြစ်သွားသော်လည်း အာမေဋိတ်များပင်ထွက်လာမည်ကို မျိုသိပ်ထားလိုက်ရသည်။
မော့ကြည့်လိုက်သည့်အခါ ချောမောသည့်လူငယ်လေးတစ်ယောက်က မြင်းလှည်းဘေးမှ ကပ်လိုက်လာသည်ကို တွေ့လိုက်ရသည်။ ယခုချိန်တွင် သူက လိုက်ကာစကိုလှန်ထားပြီး သခင်လေးနှင့် ချစ်ခင်စွာ စကားပြောနေသည်။
ကျွင်းဟွိုင်လန်ပြောလိုက်သည်ကိုပင် သူကြားလိုက်ရသည်။
" ငါဒီနေ့ မြင်းမယူခဲ့တော့ စီးလို့မရတော့ဘူးထင်တယ်..."
သို့သော် လူငယ်လေးက လက်မလျှော့ပေ။
" ပြဿနာမရှိပါဘူး... ငါနဲ့တူတူ မြင်းတစ်ကောင်အပိုယူလာသေးတယ် အဲဒါကိုစီးလေ..."
အရှင့်ကို မျက်စိရှေ့မှာထားပြီး တခြားတစ်ယောက်က သခင်လေးကို ပြန်ပေးဆွဲဖို့လုပ်နေတာပဲ...
ကျင်းပေါင်က နာကျင်သွားသည့်တင်ပါးကို မသိမသာပွတ်လိုက်ပြီး ချောင်းဟန့်ကာ မျက်နှာကိုတည်ထားလိုက်သည်။
" သခင်လေး ဒါက ဘုရင်ခံကွမ်းလင်ရဲ့မြင်းလှည်းပါ... ကျေးဇူးပြုပြီး ဝေးဝေးမှာနေပေးလို့ရမလား အရှင်အနားယူနေတာကို မနှောင့်ယှက်ပါနဲ့..."
သူ့သခင်က သဝန်တိုနေပြီးတော့ သခင်လေးနားကပ်သမျှ လူတွေအကုန်လုံးကို နှင်ထုတ်နေတာပဲ...
ဘယ်လိုတောင် ဖြစ်နေတာလဲ...
ရှန်းလျှိုဖုန်းက မည်သည့်အခါကမှ ကျဉ်းထဲကျပ်ထဲမရောက်ခဲ့ဖူးပေ။
သူက ကျွင်းဟွိုင်လန်နှင့် စကားပြောချင်စိတ်များနေသည့်အတွက် မည်သူ၏လှည်းဖြစ်သည်ကို မေ့သွားခဲ့သည်။ သူ့ရှေ့မှ အထက်စီးဆန်ဆန်မိန်းမစိုးတစ်ယောက်ကိုမြင်မှသာ ဤလှည်းကို မည်သူပိုင်ဆိုင်ကြောင်း သတိပြုမိသွားခဲ့သည်။
မြင်းလှည်း၏အတွင်းပိုင်းကိုလှမ်းကြည့်လိုက်သည့်အခါ အတွင်းမှ ရွှယ်ယန်နှင့် အကြည့်ချင်းဆုံသွားသည်။
သူ့မျက်ခုံးနှစ်ဖက်က ထိစပ်လုမတတ်တွန့်ချိုးနေပြီး မျက်နှာက အမူအရာမဲ့နေကာ မျက်လုံးများက အေးစက်ပြီး ထည်ဝါမှုအပြည့်ရှိနေသည်။ သူ့အကြည့်တစ်ချက်နှင့်ပင် ရှန်းလျှိုဖုန်းက တုန်ယင်သွားပြီးနောက် လှည်း၏လိုက်ကာကို ပြန်ချထားလိုက်ရသည်။
" ဒါဆိုလည်း ငါတို့ဟိုကိုရောက်မှတွေ့ကြတာပေါ့ ဟွိုင်လန်..."
သူ့အသံက မြင်းခွာသံများနှင့်အတူ ပျောက်ကွယ်သွားသည်။
" ဟမ်..."
ကျွင်းဟွိုင်လန်က သူ၏ရုတ်ချည်းပြောင်းလဲသွားမှုကြောင့် တအံ့တဩဖြစ်သွားမိသည်။
သူက မြင်းစီးရခြင်းကို ကြိုက်နှစ်သက်သူမဟုတ်ပေ။ အကယ်၍ လမ်းခရီးက ခလုတ်ကန်သင်းများနေလျှင်ပင် နေ့လည်ဘက် ယန်ကျိုးသို့ရောက်သည့်အခါ ကျောများနာကျင်နေပြီး နှစ်ရက်သုံးရက်အတွင်း ပြန်လည်ကောင်းမွန်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
သူက ရှန်းလျှိုဖုန်းကို တစ်ကြိမ်သာငြင်းလိုက်သော်လည်း ဤကဲ့သို့ ရုတ်ချည်းထွက်ပြေးသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
အံ့အားသင့်စွာဖြင့် ဘေးနားကိုလှည့်ကြည့်လိုက်သည့်အခါ ရွှယ်ယန်က မျက်လုံးလှန်မကြည့်ပဲ တိတ်ဆိတ်စွာဖြင့် စာဖတ်နေသည်ကို မြင်လိုက်ရသည်။
သူက ကျွင်းဟွိုင်လန်၏အကြည့်ကို ရိပ်စားမိသကဲ့သို့ ခေါင်းမော့လာပြီး အပြင်ဘက်ပြတင်းပေါက်ကို ကြည့်လိုက်သည်။
" ထွက်သွားပြီလား..."
ရှန်းလျှိုဖုန်းက အဝေးသို့ထွက်သွားသည်ကို ယခုမှသိလိုက်ရသည့်ပုံစံဖမ်းလိုက်သည်။
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။
ရွှယ်ယန်က မျက်ခုံးများကိုပွတ်၍ ပြောလိုက်သည်။
" ကျင်းပေါင်က မစဉ်းစားတတ်ဘူးပဲ..."
ကျင်းပေါင်က ရှန်းလျှိုဖုန်းကို အနိုင်ကျင့်ပြီးအဝေးသို့နှင်ထုတ်လိုက်သကဲ့သို့ ရိုးသားသည့်လေသံဖြင့် ပြောလိုက်ပြန်သည်။
——
မြင်းလှည်းက လမ်းတစ်လျှောက်လုံးတွင် လှုပ်ခါနေသော်လည်း အတွင်းတွင်မူ တိတ်ဆိတ်နေသည်။ စန္ဒကူးအနံ့က သူ့စိတ်ကို သက်တောင့်သက်သာဖြစ်ပြီး အိပ်ချင်စိတ်ဖြစ်ပေါ်လာစေသည်။ ခရီးတစ်ဝက်ခန့်ရောက်သည့်အခါ ကျွင်းဟွိုင်လန်အိပ်ပျော်သွားတော့သည်။
အိမ်မက်ထဲတွင် သူက စန္ဒကူးနံ့ဖျော့ဖျော့လေး၏ ရစ်ပတ်လွှမ်းခြုံခြင်း ခံထားလိုက်သည်။ သူက ခလုတ်ကန်သင်းများသည့်လမ်းပေါ်တွင် ခရီးသွားနေသော်လည်း အေးအေးချမ်းချမ်းအိပ်၍ရပေသည်။
Xxxxxx