အပိုင်း ၉၁
Viewers 16k

Chapter 91


လမ်းပြင်ဆင်ပြီးသွားပါက ရေလွှမ်းမိုးမှုကို မကာကွယ်နိုင်လျှင်ပင် အသစ်တည်ဆောက်ထားသည့်လမ်းက ပတ်ဝန်းကျင်ရွာများကို အစားအစာများထောက်ပံ့ပေးနိုင်ပြီး လူများကိုလည်း ဘေးကင်းရာ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။


ထိုအကြောင်းများကြောင့် ကျွင်းဟွိုင်လန်စိတ်သက်သာရာရသွားပြန်သည်။

    

" ကောင်းပါတယ်... လမ်းမကြီးတွေကို ပြင်ဆင်တာကလည်း ပြည်သူတွေအတွက် ကောင်းတာပဲ..."


ကျွင်းဟွိုင်လန် အပြုံးလေးဖြင့် ပြောလိုက်သည်။


မြို့စားမင်းယုံနင်ကလည်း ခေါင်းငြိမ့်ပြပြီး မေးလိုက်သည်။


" နောက်နှစ်ရက်နေရင် အဖေနဲ့ ရှန်းကျီဖုက စုံစမ်းစရာကိစ္စရှိလို့ ယန်ကျိုးကို အတူတူသွားမှာ သားလိုက်ခဲ့ဦးမလား..."

  

" ယန်ကျိုးကို သွားမလို့လား..."

ရှန်းလျှိုဖုန်းကလည်း ယန်ကျိုးသွားမည့်အကြောင်းပြောပြခဲ့သည်ကို ပြန်တွေးမိပြီး အံ့အားသင့်သွားမိသည်။


မြို့စားမင်းယုံနင်က ခေါင်းငြိမ့်ပြလိုက်သည်။


" ဒီနှစ်က တော်တော်လေးမိုးများတယ်လေ ယန်ကျိုးက မြစ်ချောင်းတွေနဲ့ပြည့်နေတာဆိုတော့ ဘေးအန္တရာယ်တစ်ခုခု ဖြစ်လာနိုင်တယ်...အဖေနဲ့ ရှန်းကျီဖု တိုင်ပင်ထားပြီးတော့ ပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ခုခုရှိမလား သွားစုံစမ်းမလို့..."


ကျွင်းဟွိုင်လန် သူ့ယခင်ဘဝကို အမှတ်ရသွားမိသည်။ ကျန်းနန်က ရေလွှမ်းမိုးမှုကြောင့် ဖရိုဖရဲဖြစ်သွားခဲ့သော်လည်း ရေလမ်းကြောင်းများစွာဖြင့်ပြည့်နေသော ယန်ကျိုးကို လုံးဝမသက်ရောက်ခဲ့ပေ။


ယန်ဇီမြစ်ရေကြီးမှုကို ယန်ကျိုးမှ ရေနှုတ်မြောင်းနှင့် ဆည်တမံများက တားဆီးနိုင်ခဲ့သည်။

    

ကျွင်းဟွိုင်လန်က ထိုစကားများကို စိတ်ဝင်တစားဖြစ်သွားပြီး ပြောလိုက်သည်။


" အဆင်ပြေမယ်ဆိုရင်တော့ သားလည်းလိုက်ခဲ့ချင်ပါတယ်..."


သူ့စကားကြောင့် မြို့စားမင်းယုံနင်က ပြုံးလိုက်သည်။


" အဆင်ပြေပါတယ်... မင်းရဲ့ဦးလေးတွေအားလုံးက မင်းကိုသဘောကျပါတယ်..."


ထိုသို့ဖြစ်နေရခြင်းက ပုံမှန်သာဖြစ်သည်။ ကျင်းလင်သို့ ရောက်ရှိပြီး တစ်နှစ်အကြာတွင် ကျွင်းဟွိုင်လန်၏မူလရည်ရွယ်ချက်က ကျင်းလင်မှ အရေးပါဆုံး မင်းမှုထမ်းများကို လိုက်လံစုံစမ်းခဲ့သည်။ သို့မှသာ အနာဂတ်တွင် ကိစ္စတစ်စုံတစ်ရာဖြစ်ပျက်ခဲ့ပါက သဲလွန်စ ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျင်းလင်မှ ရုံးတော်သို့သွားကာ အမြဲတစေ ကူညီခဲ့သည်။ သူ့ယခင်ဘဝတွင် ရုံးတော်မှကိစ္စအဝဝကို နှစ်အနည်းငယ်ခန့် လုပ်ဆောင်ပေးခဲ့ဖူးသည်ဖြစ်၍ အစိုးရနှင့်ဆိုင်သည့်ကိစ္စရပ်များကို စေ့စပ်သေချာစွာကိုင်တွယ်နိုင်ပေသည်။ ကျွင်းဟွိုင်လန်က သွက်လက်သူတစ်ယောက်ဖြစ်ပြီး ကူညီပေးလိုစိတ်ရှိသူဖြစ်၍ သု့ဖခင်ဘေးမှအမှုထမ်းများက သူ့ကိုနှစ်သက်ကြသည်။


ကျွင်းဟွိုင်လန်ခေါင်းငြိမ့်၍ ပြောပြလိုက်ပြီးနောက် သူ့အဖေပြောသည်ကို သဘောတူလိုက်သည်။


ထိုသတင်းက ညတွင်းချင်းပင် ရွှယ်ယန်၏နားသို့ရောက်သွားသည်။


" အရှင် ဘာတွေပြင်ဆင်ထားလိုက်ရမလဲ..."


ရွှယ်ယန် ခုံတွင်ထိုင်ပြီး နက်နက်နဲနဲတွေးနေသည်ကို မြင်လိုက်ရသောအခါ သူ့အကြောင်းသိနေသောကျင်းပေါင်က အနားကပ်လာပြီး ဂရုတစိုက်မေးလိုက်သည်။


ရွှယ်ယန် ခဏတိတ်နေသည်။


" သွားနေကျ မြင်းလှည်းမဟုတ်ပဲ ပိုကျယ်တဲ့မြင်းလှည်းတစ်စီး ပြင်ဆင်ထားလိုက်


ကျင်းပေါင် သဘောပေါက်သွားပြီး ‌ပြုံးလျက်နှင့် နောက်ပြန်ဆုတ်သွားသည်။ 


သို့ဖြစ်၍ နှစ်ရက်ကြားပြီးသည့်နောက် မနက်စောစောတွင် ကျွင်းဟွိုင်လန်က သူ့အဖေနောက်မှလိုက်ပြီး ကျင်းလင်စံအိမ်တံခါးသို့ ရောက်လာချိန်တွင် မြင်းလှည်းတစ်စီးပျောက်နေသည်ကို တွေ့လိုက်ရသည်။


မင်းမှုထမ်းများ၏ စည်းမျဉ်းစည်းကမ်းများက အလွန်တင်းကြပ်သည်။ တစ်ယောက်တည်း မြင်းလှည်းစီးမည့်လူနှင့် အခြားလူများနှင့်အတူတူစီးရမည့်လူများကို ကြိုတင်သတ်မှတ်ထားပြီဖြစ်သည်။ သို့ဖြစ်၍ အားလုံးကို စစ်ဆေးပြီးသွားချိန်တွင် ကျွင်းဟွိုင်လန်အတွက် မြင်းလှည်းမရှိပေ။ 


ရုံးတော်မှ အမှုထမ်းများအားလုံး ခဏတာ ထိတ်ထိတ်ပျာပျာဖြစ်သွားကြသည်။


ဤခရီးရှည်အတွက် မြင်းလှည်းများကို နှစ်ရက်ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ဤခရီးကို ရာထူးကြီးမင်းမှုထမ်းများစွာ လိုက်လာကြမည်ဖြစ်၍ ယာမန်တွင် မြင်းလှည်းအဆင်သင့် မရှိပေ။

    

အကယ်၍ ယခုချိန်မှ သွားရောက်ပြင်ဆင်မည်ဆိုပါက ထွက်ခွာရန်အချိန်က မနက်ခင်းတစ်ပိုင်းစာခန့် နှောင့်နှေးသွားမည်ဖြစ်သည်။


မြင်းလှည်းကိစ္စကို ဆောင်ရွက်ရသည့်စာရေးမှာ အလွန်ကြောက်လန့်လွန်း၍ ဇောချွေးများပြန်နေပြီး ထပ်ခါထပ်ခါတောင်းပန်နေကာ လက်အောက်ငယ်သားများကို မြင်းလှည်းတစ်စီးရှာခိုင်းထားလိုက်သည်။


မြို့စားမင်းယုံနင်က အပြင်ဘက်မှ ဖရိုဖရဲဖြစ်နေသည်များကိုကြားသည့်အခါ လိုက်ကာမ'၍ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မေးလိုက်သည်။


စာရေးက မြင်းလှည်းတစ်စီးမရှိသည့်အကြောင်း အလျင်အမြန်လျှောက်တင်လိုက်ကာ မြို့စားမင်းယုံနင်က "အင်း" ဟုသာ တုံ့ပြန်လိုက်သည်။


" အလုပ်ရှုပ်မခံပါနဲ့တော့... ဟွိုင်လန် အဖေ့မြင်းလှည်းနဲ့ပဲလိုက်ခဲ့..."


ထိုအချိန်တွင် မနီးမဝေးမှ မြင်းလှည်းတစ်စီးရောက်လာသည်။


ထိုမြင်းလှည်းက အလွန်ကြီးမားကျယ်ဝန်းပြီး သာမန်မင်းမှုထမ်းများ ပြင်ဆင်ပေးထားသည့်မြင်းလှည်းများဖြင့် ကွဲပြားခြား‌နားနေကာ ဘုရင်ခံတစ်‌ပါး၏ အဆောင်အယောင်နီးပါးရှိပေသည်။ မြင်းလှည်း၏အရှေ့နှင့် အနောက်ဘက်တွင် ပိုးထည်များဝတ်ဆင်ထားသည့် ဒါဇင်နှင့်ချီသော ကိုယ်ရံတော်မြင်းစစ်သည်များရှိသည်။ ၎င်းတို့အားလုံးက ခမ်းနားထည်ဝါလှ၍ ဘေးနားမှလူများက ကပျာကသီဖြင့် ဘေးသို့ရှောင်ပေးလိုက်ကြသည်။


အမှုထမ်းများက မြင်းလှည်းပေါ်မှဆင်းလာပြီး ထိုမြင်းလှည်းကို အရိုအသေပြုကြသည်။ 


မြင်းလှည်း၏ လိုက်ကာစက ပွင့်လာပြီး ချောမောသည့်မိန်းမစိုးတစ်ယောက်က ရှေ့သို့ထွက်လာပြီး မြင်းလှည်းနှင့်ပတ်သက်သည်ကို တာဝန်ယူထားရသည့်စာရေးကို မေးလိုက်သည်။


" အရှင်က ဒီမှာဘာတွေဖြစ်နေတာလဲလို့ မေးနေတယ်..."


ထိုစာရေးမှာကြောက်လန့်လွန်း၍ ခြေထောက်များတုန်ယင်လာသည်။    


မူလက စကားပြောရအဆင်ပြေသည့် မြို့စားမင်းယုံနင်ကြောင့် သူပြဿနာမဖြစ်အောင် ဖြေရှင်းနိုင်ခဲ့သည်။ မမျှော်လင့်စွာဖြင့် ‌ဝံပုလွေထွက်သွားချိန်တွင် ကျားက ရောက်လာခဲ့သည်။ သူ စိတ်အေးလက်အေးဖြစ်နေစဉ်မှာပင် ဘုရင်ခံကွမ်းလင်ကိုယ်တိုင်ရောက်လာပြီး မေးခွန်းများမေးနေပြီဖြစ်သည်။

    

စာရေးက ကျင်းပေါင်၏ရှေ့ကို အပြေးတစ်ပိုင်းရောက်သွားကာ ဒူးထောက်ချလိုက်ပြီး တုန်ယင်နေသည်။ အချိန်အတန်ကြာသည်အထိ ဗလုံးဗထွေးပြောနေပြီးသည့်နောက်တွင် သူ အလုပ်လုပ်ရာတွင် ညံ့ဖျင်းမိ၍ မြင်းလှည်းတစ်စီးစီစဉ်ရန် ကျန်ရစ်ခဲ့ကြောင်း ဝန်ခံလိုက်ရသည်။


ဘုရင်ခံကွမ်းလင်က ရက်စက်ကြမ်းကြုတ်ပြီး လူသတ်ရာတွင်လည်း ပြတ်သားလှသည်ဟု ပြောကြသည်။ စာရေးလေးမှာ ဤမတော်တဆအဖြစ်ကြောင့် ခေါင်းဖြတ်ခံရမည်ကို ကြောက်လန့်နေတော့သည်။


စာရေးလေးက ကြောက်လန့်လွန်း၍ တဆတ်ဆတ်တုန်ယင်နေသော်လည်း ကျင်းပေါင်၏နှုဆ်ခမ်းများက မသိမသာတွန့်ကွေးသွားသည်။


သူက လူဖျင်းလူညံ့တစ်ယောက်ဆိုတာမှန်ပေမယ့် သူ ဒီလိုအသုံးမကျအောင်လုပ်ဖို့ မနေ့က ငါကိုယ်တိုင်လူတစ်ယောက်ကိုခိုင်းပြီး မြင်းလှည်းတစ်စီးအပိုထည့်ခိုင်းထားပြီး ပြန်ထုတ်ခိုင်းလိုက်တာပဲလေ...အဲ့စာရေးလေးက သူ့စာရင်းနဲ့သူ မှားတွက်ပြီးတော့ မြင်းလှည်းတစ်စီးကျန်တယ်ထင်နေတာတော့ မတတ်နိုင်ဘူး...


ကျင်းပေါင်က သူ့ကိုနှိမ့်ချစွာကြည့်ပြီးနောက် ရွှယ်ယန့်ကို အကြောင်းကြားရန် ပြန်လှည့်သွားသည်။


စာရေးလေး၏ခြေထောက်များက ပျော့ခွေမတတ်ဖြစ်နေပြီး မြေပြင်သို့ လဲကျလုဆဲဆဲဖြစ်နေသည်။


တော်ဝင်မိသားစုက သာမန်မှူးမတ်များနှင့် အလွန်ကွဲပြားပေသည်။ မှူးမတ်များက မည်မျှရာထူးကြီးသည်ဖြစ်စေ စည်းမျဉ်းဥပဒေအတိုင်းသာ လိုက်နာရသည်ဖြစ်ပြီး အပေါ်ယံတွင် အခြားလူများ၏ သေရေးရှင်ရေးကို ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ သို့ရာတွင် တော်ဝင်မိသားစုများက ကွဲပြားသည်။ အမှုထမ်းတစ်ယောက်၏အသက်က သူတို့ရှေ့တွင် ဘာမှမဟုတ်တော့ပေ။


သူ့ပုံစံကြောင့် ကျွင်းဟွိုင်လန်က ထိုလူကြောက်လန့်နေကြောင်းသိလိုက်ရသည်။


သူ တီးတိုးပြောလိုက်သည်။


" အဆင်ပြေပါတယ်...မြင်းလှည်းတစ်စီးပဲကို... ဘုရင်ခံကွမ်းလင် ဒေါသထွက်သွားတယ်ဆိုရင် ကျွန်တော်သူ့ကို သက်ညှာဖို့ ပြောပေးပါ့မယ်..."


စာရေးက သူ့ကိုကျေးဇူးတင်စွာဖြင့်ကြည့်လိုက်ပြီးနောက် သူ့ကိုကြမ်းပြင်နှင့်ဦးခေါင်းထိမတတ် အရိုအသေပြုချင်လာသည်။


ကျွင်းဟွိုင်လန်က ပြုံးပြလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။


ခဏအကြာတွင် ကျင်းပေါင်ပြန်ရောက်လာသည်။


" အရှင်က နောက်ဒီလိုမဖြစ်စေနဲ့လို့ မိန့်လိုက်တယ်..."

သူက စာရေးကိုကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။


စာရေးက သူ့ကို အလျင်အမြန်အရိုအသေပေးလိုက်ပြီး အပြစ်များကိုဝန်ခံပြီးနောက် ကျေးဇူးတင်လိုက်သည်။


ကျင်းပေါင်က သူ့ကိုထူပေးလိုက်ပြီးသည့်နောက် ရှေ့တိုးပြီး ကျွင်းဟွိုင်လန်၏အနားသို့ လျှောက်လာသည်။


" သခင်လေး ကျေးဇူးပြုပြီး..."


ကျင်းပေါင်က သူ့ကိုပြုံးပြပြီးနောက် ဦးညွတ်လိုက်သည်။


ကျွင်းဟွိုင်လန် အံ့ဩသွားသည်။

" ဟမ်..."

   

ကျင်းပေါင်က ပျော်ရွှင်စွာပြုံးလိုက်ပြီး မျက်လုံးများမှေးကျဉ်း၍ သူ့မျက်ဝန်းထဲမှ အောင်နိုင်သူကဲ့သို့အပြုံးများကို ကွယ်ဝှက်ထားလိုက်သည်။


" အရှင်က သူ့မြင်းလှည်းက ပိုကျယ်တာမို့ သခင်လေး သူနဲ့တူတူစီးလို့ရပါတယ်လို့ ပြောလိုက်ပါတယ်..."


ကျင်းပေါင်က ကျွင်းဟွိုင်လန်အတွက် လိုက်ကာလှပ်ပေးလိုက်သည်။


ရွှယ်ယန်၏မြင်းလှည်းက အတော်အတန်ပင် ကျယ်ဝန်းလှပြီး အခန်းငယ်လေးကဲ့သို့ အတွင်းတွင် ထိုင်ခုံနှင့်စားပွဲများပါဝင်သည်။ ယခုချိန်တွင် ရွှယ်ယန်က ခုံတန်းရှည်ပေါ်တွင်ထိုင်ကာ လက်တစ်ဖက်ထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ထားသည်။ ကျွင်းဟွိုင်လန်ဝင်လာသည်ကိုမြင်သည့်အခါ လက်မြှောက်၍ သူ့ဘေးနားမှနေရာကိုညွှန်ပြလိုက်ပြီး ထိုနေရာတွင် ထိုင်ခိုင်းလိုက်သည်။


ကျင်းပေါင်က ခေါင်းငုံ့၍ လှည်းပေါ်တက်လာပြီးနောက် ကျွင်းဟွိုင်လန်အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ပြီး နောက်ဆုတ်လိုက်သည်။


မြင်းလှည်းပေါ်တွင် စန္ဒကူးနံ့ဖျော့ဖျော့လေး ရစ်ဝဲနေသည်။ ၎င်း၏ရနံ့က အနည်းငယ်မှုန်မှိုင်းမှိုင်းဖြစ်နေသော်လည်း လူတစ်ယောက်၏စိတ်ကို ချက်ချင်းအေးချမ်းစေနိုင်သည်။ 


ကျွင်းဟွိုင်လန်သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး ရွှယ်ယန်က သူ့ကိုမော့ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ခေါင်းငြိမ့်၍ ပြုံးပြလိုက်သည်


" အရှင့်ကို ဒုက္ခပေးမိပြန်ပါပြီ..."


မနက်စောစောအချိန်ဖြစ်၍ မနက်ခင်းနေရောင်ခြည်ဖျော့ဖျော့လေးက မြှောက်တင်ထားသောလိုက်ကာမှတစ်ဆင့် လှည်းအတွင်းသို့ ဖြာကျလာသည်။ ကျွင်းဟွိုင်လန်၏ မျက်နှာထက်တွင် အလင်းတန်းဖြာကျနေ၍ သူ၏ ရှည်လျားကော့ညွတ်နေသောမျက်တောင်မွှေးများက မျက်နှာပေါ်တွင် ငှက်မွေး‌၏အရိပ်တစ်ခုကဲ့သို့ ထင်ဟပ်နေသည်။


သူပြုံးလိုက်သည့်အခါ မျက်ဝန်းများထဲတွင် ရွှေရောင်ငှက်တစ်ကောင် ပုန်းအောင်းနေသကဲ့သို့ အရောင်လင်းလက်တောက်ပနေသည်။


ရွှယ်ယန်၏ရင်ခုန်သံများမြန်ဆန်သွား၍ နေရခက်စွာဖြင့် အကြည့်လွှဲလိုက်သည်။


" အဆင်ပြေပါတယ်..."

သူ့အသံက အက်ရှရှဖြစ်နေသည်။


မျက်လွှာချပြီးနောက် သူ့လက်ထဲမှစာအုပ်ကိုကိုင်ပြီး ပြန်ဖတ်နေရန်တွေးလိုက်သည်။ သို့သော်လည်း စာလုံးတစ်လုံးကိုမှ မဖတ်နိုင်သည့်အပြင် သူ့စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ကျန်ရှိနေသည်။ 

    

လူတစ်ယောက်က ဘာလို့ အဲ့လောက်ချောနိုင်ရတာလဲ...


ရွှယ်ယန်၏စိတ်ထဲတွင် ထိုသို့သောသံသယမျိုးဖြစ်ပေါ်လာရန်က အလွန်ရှားပါးလှပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျွင်းဟွိုင်လန်နှင့် မတွေ့မီက အခြားလူများ၏ ချောမောခြင်း၊ အကျည်းတန်ခြင်းကို သူဂရုမစိုက်ခဲ့ဖူးပေ။


မကြာမီအချိန်တွင် မြင်းလှည်းက စတင်လှုပ်ရှားလာသည်။


မြင်းလှည်းက ဖြည်းဖြည်းမှန်မှန်မောင်းနေစဉ်တွင် ရွှယ်ယန်က စာအုပ်တစ်အုပ်ကိုသာငြိမ်သက်စွာဖတ်နေ၍ ကျွင်းဟွိုင်လန်သူ့ကိုမနှောင့်ယှက်တော့ပေ။


မြင်းလှည်း၏နံရံတစ်ဖက်ခြမ်းတွင် စာအုပ်စင်ငယ်လေးတစ်ခုရှိသည်။ ကျွင်းဟွိုင်လန်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည့်အခါ အတွင်းမှ စာရွက်ပေါင်းများစွာ ပြုတ်ကျလာသည်။


အသံတိုးတိုးလေးသာဖြစ်သော်လည်း ရွှယ်ယန်၏အာရုံက ထိုနေရာသို့ရောက်သွားသည်။


မြေပြင်တွင် စာရွက်ဒါဇင်ပေါင်းများစွာ ပြန့်ကျဲသွားပြီး ၎င်းတို့အပေါ်တွင် တစ်စုံတစ်ရာကိုရေးထားသည်။ကျွင်းဟွိုင်လန်က ခေါင်းငုံ့ပြီး ထိုစာရွက်များကိုကောက်ယူရန်ပြင်လိုက်သည်။ သူ တမင်တကာကြည့်ရန် မရည်ရွယ်လိုက်သော်လည်း မြင်နေကျဖြစ်သည့် စာကြောင်းနှစ်ကြောင်းက သူ့မျက်လုံးထဲရောက်လာသည်။

    

၎င်းက "ခေတ်တစ်ခေတ်၏ကျန်းဂန်" စာအုပ်မှ ဗုဒ္ဓ၏အဆုံးအမကျမ်းစာများဖြစ်သည်။


ကျွင်းဟွိုင်လန် ကြောင်အသွားပြီးနောက် သူ့အကြည့်က ထိုစာရွက်အထပ်လိုက်ပေါ်သို့ ကျရောက်သွားသည်။


ထိပ်တွင်သံချိတ်နှင့် ငွေစာလုံးများပုံစံဖြစ်နေသည့်စာလုံးများက သတ်ဖြတ်လိုစိတ် ပြင်းထန်နေပုံရသည်။ ထိုကဲ့သို့သော ဗုဒ္ဓစာပေများကို ကူးယူခြင်းက မကောင်းမှုများကို ကွယ်ပျောက်သွားစေရန်လည်းဖြစ်သည်။ စာလုံးများက အောက်ဘက်သို့ရောက်လေ သတ်ဖြတ်လိုစိတ်များ လျော့နည်းလာ လေဖြစ်၍ ကြည့်ရသည်က အံ့အားသင့်ဖွယ်ရာကောင်းနေသည်။


ကျွင်းဟွိုင်လန် တအံ့တဩဖြစ်နေပြီးနောက် စိတ်နှင့်လူ ပြန်မကပ်လာမီမှာပင် သူ့ဘေးနားမှရွှယ်ယန်က ရုတ်တရက် ကိုယ်ကိုကိုင်းညွတ်ပြီးနောက် ပြန့်ကျဲနေသည့်စာရွက်များကို ကောက်ယူလိုက်သည်။


" လက်နာသွားသေးလား... ပြပါဦး..."


စာရွက်ပုံကြီးကို ဘေးနားဖယ်ထားလိုက်ပြီးနောက် မေးလိုက်သည်။


ကျွင်းဟွိုင်လန်က အစိတ်ပြန်ကပ်လာပြီးနောက် ရွှယ်ယန်က သူ့ဒဏ်ရာကိုထိသွားသည်ထင်၍မေးမြန်းကြောင်းသိလိုက်သောကြောင့် ခေါင်းခါပြလိုက်သည်။


" မဟုတ်ပါဘူး ဒါက..."


သူ့အကြည့်များက ကျမ်းစာများကူးရေးထားသည့် စာရွက်ပုံကြီးပေါ် ကျရောက်သွားပြန်သည်။


" အရှင့်သား ဒါတွေကူးရေးထားတာလား..."


အမှန်တွင် ထိုသို့မေးစရာပင် မလိုအပ်တော့ပေ။ ထိုစာလုံးများကိုကြည့်ရုံဖြင့် ရွှယ်ယန်ရေးထားခြင်းဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။


လွန်ခဲ့သည့်တစ်နှစ် သူရေကန်ထဲကျသွားခဲ့စဉ်က ရွှယ်ယန်က ‌ သူ့ကိုကယ်တင်ရန် "ခေတ်တစ်ခေတ်၏ကျမ်းဂန်" မှ ဗုဒ္ဓအဆုံးအမများကို ကူးရေးခဲ့သည့်အကြောင့် သူ့အမေက ပြောပြခဲ့ဖူးသည်။


နတ်ဆိုးဝိညာဥ်ကိုဖိနှိပ်ရန် ထိုကျမ်းစာများကို ကူး‌ရေးပြီး သူ့အသက်ကိုကယ်တင်ခဲ့ခြင်းက အခြေအမြစ်မရှိသည့်ကိစ္စများဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။ ထိုသို့တွေးကြည့်လိုက်သောအခါ ရွှယ်ယန်က ထိုစဉ်အချိန်က အခြားနည်းလမ်းများကိုသုံးခဲ့ပြီး ကျမ်းစာများကိုကူးရေးခြင်းဖြင့် ဖုံးကွယ်ထားခဲ့သည်ဟု ထင်လိုက်သည်။


တစ်နှစ်တောင်ကြာပြီကို သူဒါတွေ ဆက်ရေးနေတုန်းပဲလား...


Xxxxxxxxx