အပိုင်း ၉၀
Viewers 16k

Chapter 90


ရွှယ်ယန်က သူများကို မကောင်းပြောသည်ကို သူတစ်ခါမှ မကြားဖူးခဲ့ပဲ ရှန်းလျှိုဖုန်းအကြောင်းပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ရွှယ်ယန်က ရှန်းမိသားစုသခင်လေးလျှောက်သွားနေသည်ဟု ပြောပြီး အိမ်တော်ဘက်ရောက်လာသည်နှင့် ရှန်းလျှိုဖုန်းက သူ့ကိုအပျော်ခရီးထွက်ရန် လာခေါ်သည်နှင့် တိုးနေသည်။


ကျွင်းဟွိုင်လန် မရယ်ပဲ မနေနိုင်တော့ပေ။


" မင်း ဘာတွေရယ်နေတာလဲ..."

ရှန်းလျှိုဖုန်း နားမလည်နိုင်ဖြစ်သွားသည်။


သူ့ပြောသည်ကိုကြားသည့်အခါ လေးနက်စွာပြောလိုက်သည်။

" လူမသိ သူမသိနေရာမှာ ပုန်းနေတဲ့ နတ်ဆေးသမားတော်ကို ဘာလို့ ဒီလောက်လွယ်လွယ်ရှာတွေ့ရတာလဲလို့ တွေးနေတာပါ..."


ရှန်းလျှိုဖုန်းက ပြန်ဖြေသည်။


" ဟုတ်တယ်လေ သူက ဘယ်နားမှာမှတန်းမသိလို့ ငါသွားရှာမှာလေ အဲဒါကြောင့် ယန်ကျိုးကိုသွားမှာပေါ့..."


ကျွင်းဟွိုင်လန်လည်း ထိုကိစ္စကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိပေသည်။ သို့ရာတွင် ယခုချိန်က နွေရာသီဖြစ်နေ၍ ယခင်ဘဝမှ ရေကြီးမှုကြီး ဖြစ်ပေါ်တော့မည့်အချိန် နီးကပ်လာပြီဖြစ်သည်။ တခြားနေရာသို့ ခရီးသွားလာပြီး မည်သည့်နေရာတွင် ရှိမှန်းမသိသော မရေရာမသေချာသည့် နတ်ဆေးသမားတော်တစ်ယောက်ကိုရှာခြင်းဖြင့် အေးအေးဆေးဆေးမနေနိုင်ပေ။

    

" ငါ သွားရမှာပျင်းတယ် မင်းပဲသွားလိုက်ပါတော့..."


ကျွင်းဟွိုင်လန်က သူ့ကို အေးအေးဆေးဆေးသာ ငြင်းဆိုလိုက်သည်။


ရှန်းလျှိုဖုန်းက သူ့စကားကြောင့် နှမြောတသဖြစ်မိသွားသော်လည်း ကျွင်းဟွိုင်လန်ကို တွန်းအားမပေးတော့ပေ။ သူတစ်ယောက်တည်းသွားပြီး ပြန်လာမှသာ အရာအားလုံး ပြန်ပြောပြမည်ဟု ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က အပြုံးလေးဖြင့် သဘောတူလိုက်လေသည်။


ခေါင်မိုးပြင်ဆင်ခြင်း ပြီးဆုံးသွားသည့်အခါ ရှန်းလျှိုဖုန်းက လက်သမားဆရာများကို ပြန်ခေါ်သွားသည်။ ကျွင်းဟွိုင်လန်က သူ့အခန်းကိုပြန်လာပြီး အစေခံများကလည်း ယမန်နေ့ညကသိမ်းဆည်းထားသည့် ပစ္စည်းကြီးငယ်များကို အခန်းထဲပြန်လာထည့်ထားကြသည်။


ထိုအချိန်တွင် ကျွင်းဟွိုင်လန်နေထိုင်ရာခြံဝင်းထဲတွင် ဆူဆူညံညံအသံများ ထွက်ပေါ်လာပြန်သည်။


ကျွင်းဟွိုင်လန်အပြင်ဘက်ကိုကြည့်လိုက်သည့်အထါ အစေခံငယ်လေးတစ်အုပ်စုက ပစ္စည်းကြီးငယ်များကို သယ်ဆောင်ကာ သူ့အခန်းသို့ ဦးတည်လာကြသည်။


ဒါ... ရှန်းလျှိုဖုန်း ဘာတွေပို့လိုက်ပြန်တာလဲ...


ထိုအစေခံများ၏နောက်မှ လူတစ်ယောက်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။


ထိုလူက ကျင်းပေါင်ဖြစ်ပေသည်။


ကျင်းပေါင်က ပရိဘောဂအစုံလိုက်ကို ကျွင်းဟွိုင်လန်၏အိပ်ဆောင်ထဲ နေရာချရန် အစေခံများကို စေ့စပ်စွာညွှန်ကြားနေသည်။ ထိုပရိဘောဂအစုံလိုက်က ရွှေရောင်ဖြစ်ပြီး ကျက်သရေရှိရှိနှင့် လက်ရာမြောက်စွာပုံဖော်ထားသည်။ အစေခံများက ထိုပစ္စည်းများကို ကျွင်းဟွိုင်လန်၏ စင်္ကြန်တွင် ဂရုတစိုက်နေရာချထားပြီးနောက် အခန်းထဲမှ ပရိဘောဂအဟောင်းများကို သယ်ထုတ်နေသည်။


ထိုပရိဘောဂအဟောင်းများမှာ ဘုရင်ခံအိမ်တော်မှ ပစ္စည်းများဖြစ်သည်။ ကျွင်းဟွိုင်လန်နှင့် သူ့ဖခင်က ဤနေရာတွင် တစ်နှစ်ခန့်သာနေရသေးသည်ဖြစ်၍ အရာအားလုံးကို မပြောင်းလဲထားပေ။


" ဒါတွေက..."

ကျင်းပေါင်အခန်းထဲဝင်လာသည့်အခါ ကျွင်းဟွိုင်လန်က ရှေ့ထွက်သွားပြီး သူ့ကိုမေးလိုက်သည်။


ကျင်းပေါင်က ရယ်‌ရယ်မောမောနှင့် ပြောလိုက်သည်။


" သခင်လေး... အရှင့်သားက သခင်လေးအခန်းထဲက ပရိဘောဂတွေ ရေကြောင့်ပျက်စီးသွားမှာစိုးလို့ အားလုံးကို လဲခိုင်းလိုက်တာပါ..."


ပြောနေလျက်နှင့်ပင် အစေခံများကို ပစ္စည်းများ စနစ်တကျထုတ်ပစ်ရန် ညွှန်ကြားနေသည်။


ကျွင်းဟွိုင်လန်က အလျင်အမြန်တားမြစ်တော့သည်။

" ဘယ်ဟာမှ မပျက်စီးသွားပါဘူး အလုပ်ရှုပ်မခံပါနဲ့..."


ဒါက ဘယ်လိုလုပ် အလုပ်ရှုပ်မှာတဲ့လဲ... သူ့သခင်က မသောက်ပဲနဲ့ မူးနေတဲ့လူလိုပဲ... ရှန်းမိသားစုကသခင်လေးက နတ်သားလေးအတွက် ခေါင်မိုးပြင်ပေးသွားတော့ သူ စိတ်မကျေမနပ်နဲ့ ကျန်ရစ်ခဲ့ပြီး သခင်လေးရဲ့ အခန်းထဲကပစ္စည်းတွေကိုလဲပေးပြီး သူ့ထက်သာအောင် လုပ်ချင်နေတာပဲ...


တောထဲက ဖိုသတ္တဝါတွေ သူတို့အမြီးနဲ့ အမွေးတွေကိုပြပြီး တခြားဖိုသတ္တဝါတွေနဲ့ ခွန်အားချင်းပြိုင်နေကြသလိုပဲ...


သူအလွန်နှစ်သက်သည့် ကောင်လေးကး မျက်နှာသာပေးအောင်ပြုလုပ်ချင်နေသော်လည်း သူ့ရှေ့တွင်ရပ်နေသည့်သခင်လေးက တုံးအလွန်းနေသည်။


ကျင်းပေါင် ပြုံးပြလိုက်သည်။


" သခင်လေး ကျေးဇူးပြုပြီး လက်ခံလိုက်ပါ... အရှင်က ဒီလောက်တော့ တတ်နိုင်ပါတယ်... ဒီပစ္စည်းတွေကို ချန်အန်းက မင်းသားအိမ်တော်ကနေ သယ်လာတဲ့ ပစ္စည်းတွေမို့ စိတ်ချလက်ချနဲ့ လက်ခံလိုက်ပါ... ဘာမှမဖြစ်ပါဘူး..."


ကျွင်းဟွိုင်လန် ပဟေဠိဖြစ်နေဆဲပင်။

" အဲ့လောက်ကြီးမလိုဘူးထင်တယ်..."


သူ့နောက်မှဖုရိမှာ ဝင်ထွက်သွားလာနေကြသည့်လူများကိုကြည့်ကာ အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်နေသည်။ ရှိသမျှစားပွဲများနှင့် ထိုင်ခုံများအားလုံးကလည်း တစ်ဖက်ခန်းသို့ ရောက်သွားပြီဖြစ်သည်။


" မျက်နှာသာပေးခံရဖို့ ပြိုင်ဆိုင်နေကြတာနဲ့တူလိုက်တာ..."


ဖုရိ တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။

  


ကျွင်းဟွိုင်လန်၏အခန်းကို ပရိဘောဂအသစ် ပစ္စည်းအသစ်များနှင့် အစားထိုးပြီးချိန်တွင် နေ့လယ်ခင်းအချိန်သို့ ရောက်လုပြီဖြစ်သည်။။


ကျွင်းဟွိုင်လန် အခန်းထဲ ပြန်ဝင်လာချိန်တွင် ခြံဝင်းထဲမှအစေခံများက သူ့ပစ္စည်းများကို ထုတ်ပိုးပေးနေသည်။ သူ စားပွဲတွင်ထိုင်လိုက်ပြီး ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီးနောက် နေသားမကျဖြစ်နေမိသည်။


ဤပရိဘောဂများကို ရွှယ်ယန်၏ သင်္ဘောပေါ်တွင်တင်ထားခဲ့သည်ကိုလည်း သူ မတွေ့ခဲ့မိပေ။


အဲ့လိုစဉ်းစားကြည့်တော့ ဒါတွေက သူအရင်ကသုံးခဲ့တဲ့ပစ္စည်းတွေရော ဟုတ်ပါ့မလား...


လက်ရာမြောက်သည့် သစ်သားပရိဘောဂများကိုကြည့်ပြီးနောက်  ကျွင်းဟွိုင်လန်၏နှုတ်ခမ်းထက်တွင် ကူကယ်ရာမဲ့သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


ထိုအချိန်‌တွင် ထောက်ခနဲအသံတစ်သံကို ကြားလိုက်ရသည်။


ဖုရိ၏လက်ထဲမှ ဘူးငယ်လေးထဲမှ ပစ္စည်းအသေးလေးတစ်ခုထွက်လာသည်။ ကျွင်းဟွိုင်လန်ကြည့်လိုက်သည့်အခါ သားရေကြိုးလေးဖြင့် လည်ဆွဲသဖွယ်စည်းထားသည့် ဝံပုလွေသွားတစ်ချောင်း မြေပေါ်ကျနေသည်ကို မြင်လိုက်ရသည်။

    

ထိုအရာလေးမှာ ရွှယ်ယန် သူ့ကို နှစ်သစ်ကူးနေ့ကပေးခဲ့သည့်လက်ဆောင်ငယ်လေးဖြစ်သည်။


၎င်းကို ယူပြီးသည့်နောက်တွင် ပျောက်သွားမည်စိုး၍ လုံခြုံစွာသိမ်းထားရန်အတွက် ဖုရိကိုပေးထားခဲ့သည်။ မမျှော်လင့်ထားသည်မှာ ထိုအရာလေးက ကျန်းနန်အထိ ပါလာခဲ့သည်။


တစ်ခုခုပြုတ်ကျသွားသည်ကိုမြင်၍ ဖုရိက ခါးကုန်း၍ လျင်မြန်စွာကောက်လိုက်သည်။ ကောက်ယူပြီးသည့်အခါတွင် ၎င်းက တိရစ္ဆာန်သွားတစ်ချောင်းသာဖြစ်ကြောင်း သိလိုက်ရသည်။


" အယ်..."

ဖုရိက ဝံပုလွေစွယ်လေးကိုကောက်ယူလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

" သခင်လေး ဒါကို ဘယ်နေရာက ရလာတာလဲ..."


ကျွင်းဟွိုင်လန် လက်ဖြန့်ထားလိုက်သည့်အခါ ဖုရိက သူ့ကို ထိုသွားစွယ်လေး ပေးလိုက်သည်။


ကျွင်းဟွိုင်လန်က ဝံပုလွေသွားစွယ်လေးကိုယူ၍ စေ့စေ့စပ်စပ်ကြည့်နေသည်။


၎င်းကို လက်ခံခဲ့စဉ်က ဂရုတစိုက်မကြည့်ခဲ့ရပေ။ ယခု သေချာကြည့်မှသာ ဝံပုလွေသွားတွင်ချည်ထားသော သားရည်ကြိုးလေးက လည်ဆွဲအဖြစ်ဝတ်ဆင်ရန် အပေါက်ဖောက်ပြီး ပြုလုပ်ထားကြောင်း သိလိုက်ရသည်။ ဝံပုလွေသွားစွယ်က လက်ထဲတွင်ကိုင်ကြည့်သောအခါ ချောမွတ်နေ၍ အချိန်အတော်ကြာ ပွတ်တိုက်ထားကြောင်း သိသာလှသည်။


ကျွင်းဟွိုင်လန်က ထိုအရာကို အမှတ်တမဲ့ဖြင့် သူ့လက်ထဲထည့်လိုက်သည်။


ချောမွတ်နေသည့် ဝံပုလွေသွားစွယ်လေးက ရေခဲတမျှအေးစက်နေပြီး သူ့ခန္ဓာကိုယ်အပူချိန်ကို တစ်ခဏအတွင်း စုပ်ယူသွားသည်။


ထိုသွားစွယ်လေးကို ပေးခဲ့သည့်နေ့က  ရွှယ်ယန်က စကားများများစားစားမပြောခဲ့ပဲ ၎င်းက သူပထမဆုံးအမဲလိုက်ခဲ့သည့်ဝံပုလွေမှ ရရှိခဲ့သည့်သွားစွယ်ဖြစ်ကြောင်းသာ ပြောပြခဲ့သည်။ ယခုချိန်တွင် သေချာကြည့်လိုက်သည့်အခါမှ ၎င်းက သူနေ့စဉ်နေ့တိုင်း ကိုယ်နှင့်မကွာ‌ဆောင်ထားသည့်အရာဖြစ်ကြောင်း သိသာနေသည်။ သူ့အတွက် ထိုသွားစွယ်လေးက ငွေစာရွက်တစ်ထပ်ကြီးထက်ပို၍ အဖိုးတန်ပုံရသည်။


ကျွင်းဟွိုင်လန်က သူ့လက်မဖြင့် ဝံပုလွေသွားစွယ်ကို ခပ်ဖြည်းဖြည်းပွတ်နေသည်။


" သခင်လေး ကျွန်တော်သိမ်းပေးထားရဦးမလား..."


ထိုသွားစွယ်လေးဖြင့် အချိန်အတော်ကြာဆော့ကစားနေပြီးသည့်နောက်တွင် ဖုရိက ရှေ့တိုးလာပြီးနောက် သာမန်အတိုင်းပင် မေးလိုက်သည်။


ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ့မျက်လုံးများက ‌ဝံပုလွေသွားစွယ်အပေါ်တွင်သာ ရှိနေသည်။


အကြောင်းရင်းအချို့ကြောင့် ရွှယ်ယန်၏ခေါင်းအုံးအောက်မှဓားကိုသတိရသွားပြီးနောက် ထိုသွားစွယ်လေးကို ပေးခဲ့သည့်အချိန်က ရွှယ်ယန်၏မျက်ဝန်းထဲမှ တောက်ပနေသည့် မီးရောင်ဖျော့ဖျော့ကိုပါ ပြန်အမှတ်ရသွားသည်။


" ဒါက လည်ပင်းမှာဆွဲရမယ့်ဟာမျိုး ဟုတ်လား..."

ကျွင်းဟွိုင်လန် မေးလိုက်သည်။


ဖုရိ တအံ့တဩဖြစ်သွားမိသည်။

" သခင်လေး ဒါကို ဝတ်ထားချင်လို့လား..."


ကျွင်းဟွိုင်လန်က သွားစွယ်လေးကို လက်ဖြင့်ဆော့ကစားနေပြီးသည့်နောက် ပြန်မဖြေပေ။ ထို့နောက် သားရည်ကြိုးလေးကို လည်ပင်းတွင် ချည်နှောင်ရန် ပြင်လိုက်သည်။


ဖုရိက အမြန်ရှေ့တိုးလာပြီးနောက် သူ့ကိုချည်ပေးလိုက်သည်။


သခင်လေးက သာမန်အချိန်ဆို  နှုတ်ကနေ ထုတ်မပြောဘူးဆိုပေမယ့် အစားစားတဲ့နေရာ၊ အဝတ်အစားဝတ်တဲ့နေရာ၊ ခရီးသွားလာတဲ့နေရာ ဘယ်နေရာပဲဖြင်ဖြစ်တ ‌ကျက်သရေရှိရှိနဲ့ပဲနေပြီး မြင့်မြတ်မှုက အရိုးထဲထိ စွဲနေတာလေ... ဒီလိုမျိုး အကြမ်းထည်ပစ္စည်းတွေကို ဘာလို့ထိနေပါလိမ့်...


" ဒီအစေခံ သခင်လေးအတွက် ကြိုးကိုလဲပေးရမလား..."


ဖုရိက အကြံပြုလိုက်သည်။


သခင်လေးက ပုံမှန်အချိန်ဆိုလျှင် လည်ပင်းတွင် အဆင်တန်ဆာများ ဝတ်ဆင်ရသည်ကို မနှစ်သက်ပေ။ အကယ်၍ ဝတ်ဆင်မည်ဆိုပါကလည်း နူးညံ့သည့်ဖဲကြိုးများဖြင့်သာ ဝတ်ဆင်လေ့ရှိသည်။ မျိုးရိုးမြင့်မိသားစုဖြစ်၍ ယခုမှ ချမ်းသာလာသည့်လူများကဲ့သို့ ရွှေငွေ ရတနာများကို ဝတ်ဆင်‌လေ့မရှိကြပေ။ သူတို့က ရိုးရှင်းစွာသာနေထိုင်ကြသော်လည်း အမှန်တွင် ‌မျိုးရိုးစဉ်ဆက်ချမ်းသာကြသည့်လူများဖြစ်သည်။


သို့ရာတွင် သူတို့မိသားစု၏သခင်လေးမှာ သူ့အကြံပြုချက်ကိုကြားသော်လည်း တွန့်ဆုတ်မနေပေ။


" မလဲပါနဲ့...ဒီတိုင်းပဲဆွဲမယ်..."


ကျွင်းဟွိုင်လန် ပြောလိုက်လေသည်။


 ——

    

ရွှယ်ယန် ထိုနေ့က တားမြစ်လိုက်သော်လည်း ကျွင်းဟွိုင်လန်က လင်းကျန်းကျောင်းတော်သို့ နေ့တိုင်းသွားနေဆဲဖြစ်သည်။


ဆည်က အလွန်ကျယ်ပြန့်လွန်း၍ တစ်ယောက်တည်းစုံစမ်းစစ်ဆေးရန်က စွမ်းအင်နှင့် အားစိုက်ထုတ်မှုများစွာ ရှိရမည်ဖြစ်သည်။ သို့သော်လည်း သူ၏ပြန်လည်မွေးဖွားလာမှုကို အခြားလူများကို ပြောပြ၍မရနိုင်သည့်အပြင် အခြားလူများက မြစ်ရေထိန်းသိမ်းနည်းများကို သူ့ထက်ပို၍ မသိကြသည့်အတွက် ထိုနေရာသို့ နေ့တိုင်းသွား၍ သူကိုယ်တိုင်သွားရောက်လုပ်ဆောင်နေရသည်။


သို့ရာတွင်  ဆည်တစ်ဝက်ခန့်ကို လေ့လာပြီးစီးသည့်အခါ ဆည်၏ပတ်ဝန်းကျင်နေရာဒေသတစ်ဝိုက်တွင်  ဆောက်လုပ်ရေးများစတင်ပြီဖြစ်သည်။


ပတ်ဝန်းကျင်မှလူများ၏ ပြောကြားချက်များအရ မြို့မြောက်ဘက်တံခါးအနားမှ လမ်းမကြီးမှာ အလွန်ကျဉ်းမြောင်း၍ မညီမညာဖြစ်နေ၍ မင်းမှုထမ်းများက ပြန်လည်ပြင်ဆင်ပေးသည်ဟုဆိုကြသည်။ ထိုလမ်းမကြီးမှာ ဆည်၏နံဘေးတွင် တည်ရှိခြင်းဖြစ်၍ ပတ်ပတ်လည်တွင်လည်း ဆည်တာတမံများဖြင့်သာ ဝန်းရံထားခြင်းဖြစ်သည်။


ယခုအခါတွင် ကျွင်းဟွိုင်လန်က ဆည်အနားသို့ မကပ်နိုင်တော့ပေ။ 


သို့ဖြစ်၍ သူ့အဖေဆီသို့သွားရန် ကျင်းလင်မင်းမှုထမ်းရုံးတော်သို့ ခရီးထွက်ရတော့မည်ဖြစ်သည်။


" တစ်လပိုင်းမှ ပြင်လို့ပြီးမယ်တဲ့... လွန်ခဲ့တဲ့ရက်အနည်းငယ်က စည်းဝေးပွဲမှာ မြောက်ဘက်ကလမ်းမကြီးက ဆူးငြှောင့်ခလုတ်တွေများနေတယ်လို့ အားလုံးက ပြောကြတယ်... ကုန်သည်တွေရဲ့ ကုန်တင်သင်္ဘောတွေက တောင်ပိုင်းကနေမြောက်ပိုင်းကို သွားလာနေကျ‌ဆိုတော့ ပုံမှန်ဆိုရင်တော့ ရေလမ်းကိုပဲသုံးကြတာများတော့ ကုန်းလမ်းကနေခရီးသွားလေ့မရှိဘူးလေ... အဲ့တော့ လမ်းပြင်ဖို့ကို အမြဲရွှေ့ဆိုင်းနေကြတာ အခုတော့ အခွင့်အရေးရတုန်း လမ်းမကြီးကို ပြင်တော့မယ်ထင်တယ်..."


ကျွင်းဟွိုင်လန် တွန့်ဆုတ်သွားမိသည်။


လမ်းပြင်ဆင်ခြင်းလုပ်ငန်းက ကောင်းမွန်သည်ဖြစ်သော်လည်း ယခုနှစ်၏အခြေအနေက တစ်မူထူးခြားနေသည်။ နှစ်လအတွင်းတွင် ဆည်က ကျိုးပေါက်သွားမည်ဖြစ်၍ ယခုအချိန်တွင် လမ်းပြုပြင်မည့်ဘဏ္ဍာငွေကို သုံးရမည့်အစား စုဆောင်းထားသင့်ပေသည်။


သို့သော်လည်း ယခင်ဘဝက ဖြစ်ပျက်ခဲ့သည့်အကြောင်းများအား သူ့ဖခင်ကို တိုက်ရိုက်ပြောပြ၍မရပေ။


" ဘာဖြစ်လို့လဲ... တစ်ခုခု စိတ်ထဲထင့်နေတာရှိရင် အဖေ့ကိုပြောလေ..."


သူ၏ တွန့်ဆုတ်နေသည့် အမူအရာကြောင့် မြို့စားမင်းယုံနင်က မေးလာသည်။


" လမ်းပြုပြင်တာက ဘဏ္ဍာငွေဘယ်လောက်တောင်ကုန်မှာလဲ အဖေ..."


အဘယ့်ကြောင့်ဆိုသော် ထိုလမ်းကိုပြုပြင်သည်နှင့် မြို့ထဲမှ အစားအသောက်များ၏ဈေးနှုန်းက တစ်ဟုန်ထိုးမြင့်တက်လာမည်ဖြစ်သည်။ အစိုးရက သိုလှောင်ထားသော ဆန်စပါးများကို သာမန်ပြည်သူများအား ဝေငှပေးရန် လိုအပ်ပြီး လက်သမားဆရာများနှင့် အမှုထမ်းများကို ထောက်ပံ့ရပေမည်။ ထိုမျှနှင့် မလုံလောက်ပါက ကုန်သည်များထံမှ ဝယ်ယူရတော့မည်ဖြစ်သည်။


ထိုမေးခွန်းကိုကြားသည့်အခါ မြို့စားမင်းယုံနင်က ပြန်ဖြေလိုက်သည်။

" လမ်းကိုအဆင့်မြှင့်ရုံပါပဲ ငွေစအများကြီး မကုန်ပါဘူး... ပြီးတော့ လမ်းပြင်ပြီးသွားရင် ဘေးနားက ရွာတွေနဲ့ မြို့ငယ်လေးတွေက ကုန်သွယ်လို့ရပြီဆိုတော့ အကျိုးအမြတ်တွေက ကုန်ကျငွေထက် ပိုများနေမှာပဲ..."


ကျွင်းဟွိုင်လန်ကြားသည့်အခါ စိတ်အေးသွားသည်။

    

၎င်းကို တစ်လပိုင်းတွင်မှ ပြန်လည်ပြင်ဆင်မည်ဟု သု့အဖေပြောထား၍ ထိုအချိန်ရောက်ပါက အချိန်မီရုံသာဖြစ်လိမ့်မည်။ လမ်းကိုပြင်ဆင်ပြီးပါက ဆည်၏ ကျန်ရှိနေသောနေရာများကို ဆက်လက်စစ်ဆေးပြီး ပုန်းကွယ်နေသည့် အန္တရာယ်များကို သိနိုင်လိမ့်မည်ဖြစ်သည်။


Xxxxxx