အပိုင်း ၈၉
Viewers 15k

Chapter 89


သူ ကျင်းလင်သို့ မလာမီအချိန်တွင် အမေက ပေါင်းကော်ဘုရားကျောင်းသို့သွားပြီး သူ့အဖေနှင့်သူ့အတွက် အဆောင်တစ်ခုစီ ယူလာပေးခဲ့သည်။ သူ့အမေက ထိုသို့သောကိစ္စများအား ယုံကြည်သည်ကို ကျွင်းဟွိုင်လန်သိ၍ ချန်အန်းမှ ထွက်ခွာလာစဉ်တည်းမှ ယနေ့ချိန်အထိ ထိုအဆောင်ကို ကိုယ်နှင့်မကွာဆောင်ထားခဲ့သည်။


ခေါင်းအုံးအောက်ရှိ သွေးများစွန်းထင်းနေသော ဓားမြှောင်ကို ဘေးနားမှ စားပွဲပေါ်တင်လိုက်ပြီး ထိုအဆောင်ကို ရွှယ်ယန်၏ခေါင်းအုံးအောက် ထည့်ပေးလိုက်သည်။


" နောက်ဆို ဒီခေါင်းအုံးနဲ့အိပ်ရင် အရှင် အမြဲဘေးကင်းနေမှာပါ... အဲ့ဓားကို ကျွန်တော့်ကိုပေးလိုက်ရင်ရော ဘယ်လိုလဲ..."


ကျွင်းဟွိုင်လန်က သူ့ကို နူးညံ့ညင်သာသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။


ရွှယ်ယန်က ကျွင်းဟွိုင်လန်ကို  ပတ်တီးစည်းနေပေးသည့်အချိန်မော့ကြည့်လိုက်ရာ တစ်ဖက်လူက သူ့ကို ပြုံးပြနေသည်ကို မြင်လိုက်ရသည်။


သူ့ခေါင်းအုံးအောက်မှဓားကို အပြင်သို့ဆွဲထုတ်လိုက်ပြီဖြစ်ပြီး သေးငယ်၍ အနုစိတ်သော စိမ်းပြာရောင် အဆောင်လေးက သူ့ခေါင်းအုံးအောက်တွင် ငြိမ်သက်စွာ လှဲလျောင်းနေပြီဖြစ်သည်။


......


ဒုတိယမြောက်နေ့တွင် မိုးကောင်းကင်က တိမ်ကင်းစင်သွားသည်။


ကျင်းပေါင်က မနက်စောစောသမ်းဝေနေပြီး ရွှယ်ယန့်ကို မနက်စာပြင်ဆင်ပေးရန်အတွက် စင်္ကြန်အတိုင်းပြန်လျှောက်လာချိန်တွင် ကိစ္စများလုပ်ဆောင်ပြီး၍ ပြန်လာသော စုရှောင်ချမ့်နှင့်တွေ့သည်။


" ဘယ်လိုဖြစ်သွားပြီလဲ..."

ကျင်းပေါင် မေးလိုက်သည်။


" မိန်းမစိုးကို ပြန်ဖြေပါတယ်... သခင်လေးရဲ့ အခန်းထဲက ပစ္စည်းတွေကို ရွှေ့ပြီးတော့ ပျက်စီးသွားတဲ့အမိုးကိုလည်း ယာယီပြင်ဆင်တာ ပြီးသွားပါပြီ... လက်သမားတချို့ ခေါ်ပြီးပြင်လိုက်မယ်ဆိုရင် ဒီနေ့အတွင်း ပြင်ပြီးပါတယ်..."


သူမအသံက သီချင်းသီဆိုနေသကဲ့သို့ ချိုသာလှသည်။


ကျင်းပေါင် မျက်လုံးများမှေးပြီးနောက် အိမ်တော်ထဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။


" ဒီနေ့ ပြင်လို့ပြီးမယ်ပေါ့ ဟုတ်လား..."


စုရှောင်ချမ့်က ခေါင်းငြိမ့်ပြလိုက်သည်။


ကျင်းပေါင်က ထပ်မေးသည်။

" နှစ်ရက်အတွင်း ပြီးအောင်ပြင်လို့ရလား..."


စုရှောင်ချမ့် အံ့အားသင့်သွားသည်။

" နှစ်ရက်လား..."


ကျင်းပေါင်က သူမကိုကြည့်နေ၍ သူမလည်း ဒွိဟဖြစ်စွာဖြင့် ပင်မအိမ်တော်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မည်သည့်ကိစ္စမှ မဖြစ်ပျက်ထားသကဲ့သို့ ပြန်လှည့်လာသည်။


သူက စကားမပြောပဲ နှာမှုတ်ရုံသာမှုတ်လိုက်သည်။


စုရှောင်ချမ့် ခဏတာ အံ့အားသင့်သွားပြီးနောက် အသိစိတ်ပြန်ကပ်လာသည်။


သူမနှုတ်ခမ်းများကိုအုပ်ပြီး ပြုံးလိုက်သည်။

" ရပါတယ်... ဒါဆိုရင်တော့ လက်သမားတွေကို ကျွန်တော်မျိုးမကိုယ်တိုင် သွားခေါ်လိုက်ပါ့မယ်..."


ကျင်းပေါင်က သူမကို သဘောတူဟန်ဖြင့် ပြောလိုက်သည်။


" ဒါဆိုလည်း အဲ့လိုပဲ လုပ်ကြတာပေါ့..."


စုရှောင်ချမ့်က ကျင်းပေါင်ကို အရိုအပြုလိုက်ပြီးသည့်နောက် ပြန်ထွက်သွားသည်။     


" အချစ်ရောဂါတစ်ခုကို လူတွေမြင်အောင်ထုတ်မပြပေမယ့် ခံစားချက်တွေက နက်ရှိုင်းနေပုံပဲ... ဒါပေမဲ့ ဒီအချစ်ရဲ့ မူလရင်းမြစ်ကိုတော့ ငါသေချာမသိဘူး..."

စုရှောင်ချမ့်က ခပ်ဝေးဝေးကိုရောက်သည့်အခါမှ အချစ်သီချင်းတစ်ပုဒ်ကို ညည်းလိုက်သည်။


တောက်ပနေသော နွေရာသီ၏ နေရောင်အောက်တွင် သူမအသံက ကြားရသူတိုင်းကို စိတ်ချမ်းမြေ့စေသည်။


ကျင်းပေါင်က သူမသီချင်းကို နားမလည်သော်လည်း စိတ်အခြေအနေက ကြည်လင်သွားသည်။ အခန်းထဲဝင်လာပြီး ရွှယ်ယန် အိပ်ရာနိုးသည်ကို စောင့်နေပြီးသည့်နောက်တွင် သူတို့နှစ်ယောက်အတွက် မနက်စာကို အပြင်ဘက်တွင် စီစဉ်ပေးလိုက်သည်။


ကျင်းပေါင်က အချိန်ကောင်းကိုစောင့်နေပြီး မနက်စာစားချိန်တွင်မှ ရွှယ်ယန့်ကို ပြောပြလိုက်သည်။


" စုရှောင်ချမ့်က ခုနကပဲ လာပြီးအကြောင်းကြားသွားပါတယ်အရှင့်သား... ကံဆိုးတယ်ပဲပြောရမလား သခင်လေးရဲ့အိမ်တော်က အမိုးက တော်တော်လေးပျက်စီးသွားလို့ နှစ်ရက်လောက်‌ပြင်ရဦးပါမယ်တဲ့ သခင်လေးလည်း အကုန်လုံးပြင််ဆင်ပြီးမှ ပြန်သွားရင် ပိုကောင်းမယ်ထင်ပါတယ်..."


ကျွင်းဟွိုင်လန်မှာ ထိုကိစ္စများကို နားမလည်သူဖြစ်၍ ကျင်းပေါင်ပြောသည်ကို ကြားသောအခါ မျက်မှောင်မကြုတ်ပဲ မနေနိုင်ဖြစ်သွားသည်။

" အဲ့လောက်တောင် အခြေအနေဆိုးနေတာလား..."


ရွှယ်ယန်က ကျင်းပေါင်ကို တစ်ချက်စောင်းကြည့်လိုက်သည်။

တစ်ချက်ကြည့်ရုံနဲ့ ဒီကောင်မဟုတ်တာတွေပြောနေမှန်း သိသာတယ်...


ကျင်းပေါင်က မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်နေသည်။

 

ကျွင်းဟွိုင်လန်က ညာဘက်လက် ဒဏ်ရာရထား၍ တူကိုင်ရခက်ခဲနေသောကြောင့် ဖုရိက သူ့ပန်းကန်ထဲကို ဟင်းများထည့်ပေးနေသည်ကို ဘယ်ဘက်လက်တွင်ဇွန်းကိုင်၍ ခပ်စားနေရသည်။  


ကျွင်းဟွိုင်လန်တို့ မိသားစုတွင် ငယ်စဉ်ကတည်းက တင်းကျပ်သည့်စည်းမျဉ်းများရှိသည်။ ၎င်းမှာ ထမင်းစားနေချိန်တွင် စကားများများ မပြောရခြင်းပင်။ ထို့အပြင် ထမင်းပန်းကန်ထဲ ထည့်ပေးသမျှဟင်းကို ဂျီးမများပဲ အကုန်စားရခြင်းဖြစ်သည်။


သို့ရာတွင် ငါးပြေမပေါင်းကိုမြင်သည့်အခါ ကျွင်းဟွိုင်လန်၏မျက်လုံးများအရောင်လက်သွားသည်ကို ရွှယ်ယန်တွေ့သွားသည်။ သို့ရာတွင် ဖုရိက သတိမထားမိပဲ ဟင်းသီးဟင်းရွက်နှင့် အခြားဟင်းပွဲများကိုသာ ထည့်ပေးနေမိသည်။


ကျွင်းဟွိုင်လန်ကလည်း သူ့ကို ဘာမှမပြောပေ။


ရွှယ်ယန်က သူ့ဘေးမှတူဖြင့် ငါးပြေမပေါင်းမှ ဗိုက်သားအတုံးကြီးကြီးကို ယူကာ အရိုးများနွင်နေသည်။


" ဒါဆိုရင်လည်း ဒီမှာ နှစ်ရက်ထပ်နေလေ..."


" အရှင့်သား နေ့တိုင်းအပြင်ဘက်အခန်းမှာ အိပ်နေရမှာပေါ့..."


ရွှယ်ယန်က မျက်လွှာချပြီး ပြောလိုက်သည်။

" အဆင်ပြေပါတယ်... မင်း ဒီမှာပဲနေပါ..."

    

ထိုအချိန်တွင် စုရှောင်ချမ့်က အပြေးတစ်ပိုင်းဖြင့် ဝင်လာသည်။


ကျင်းပေါင် သူမကိုကြည့်လိုက်ချိန်တွင် သူမမျက်နှာထက်မှ ကပျာကသီဖြစ်နေသည့် အမူအရာကို မြင်တွေ့လိုက်ရသည်။ သူမကလည်း သူ့ကိုကြည့်နေပြီး စကားတစ်ခွန်းမှ ပြောမထွက်လာပေ။ 


" ဘာဖြစ်လို့လဲ..."

ကျင်းပေါင် အလျင်စလို မေးလိုက်ရသည်။


စုရှောင်ချမ့်က ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်ကို တစ်လှည့်စီကြည့်နေလိုက်သည်။ သူတို့နှစ်ယောက်လုံး ခေါင်းမော့လာသည့်အခါမှ သူမ၏ အမူအရာကို ထိန်းထားလိုက်သည်။


" ဟို... ရှန်းမိသားစုက သခင်လေးရောက်လာတာပါ... "


သူမ ကျင်းပေါင်ကို တစ်ချက်ကြည့်ပြီးနောက် ကျွင်းဟွိုင်လန်ဘက်လှည့်ကာ ဆက်ပြောလိုက်သည်။


" သခင်လေးရဲ့အိမ်တော်က အိမ်ခေါင်မိုးပျက်စီးသွားတယ်ကြားလို့ သူက လက်သမားဆရာအုပ်လိုက်ကြီးကို ခေါ်လာပြီး ပြင်ပေးဖို့ ရောက်လာတာပါ..."


ထို့နောက် သူမ စကားဆက်မပြောတော့ပေ။


သူမစကားကြောင့် ငါ့အရိုးများနွင်ပေးနေသည့် ရွှယ်ယန့်၏လက်က ခဏတာ အေးခဲတောင့်တင်းသွားသည်။


ကျင်းပေါင်လည်း ရွှယ်ယန့်မျက်နှာကို စေ့စေ့မကြည့်ရဲတော့ပေ။


ရှန်းမိသားစုက ငတုံးကောင်လေးကတော့ ကိစ္စတွေကို ကမောက်ကမဖြစ်အောင် လုပ်ပစ်လိုက်တာပဲ...


အခန်းထဲတွင် ရှိနေသူများအနက် ကျွင်းဟွိုင်လန်တစ်ယောက်တည်းသာ ဤအခြေအနေကို သဘောမပေါက်သူဖြစ်သည်။ ရှန်းလျှိုဖုန်း၏ စိတ်အားထက်သန်မှုကြောင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


" လျှိုဖုန်းရောက်လာတာလား... ငါ သွားကြည့်လိုက်ဦးမယ်..."


ထို့နောက် သူ့လက်ထဲမှဇွန်းကိုချကာ အပြင်ထွက်ရန် ပြင်လိုက်သည်။


အခြားလူများက မိမိအိမ်သို့ ခေါင်မိုးလာပြင်ပေးသည့်အခါ ထိုင်ကြည့်နေ၍မရပေ။ သူတို့ကို လက်ဖက်ရည်ကြမ်း ပြင်ဆင်ပေးရခြင်း၊ ကျေးဇူးတင်ရခြင်း အစရှိသည့် ကိစ္စများ ပြုလုပ်ပေးရဦးမည်ဖြစ်သည်။


ရုတ်တရက် ဖြူဖွေးနေသည့် ငါးအသားလွှာတစ်ဖတ်က ကျွင်းဟွိုင်လန်၏ ပန်းကန်ထဲ ရောက်လာသည်။


တစ်စုံတစ်ယောက်က အရိုးများဖယ်ပေးထား၍ ငါးဗိုက်သားက ဖြူဖွေးနေပြီး အဆင်သင့်စားရုံသာဖြစ်သည်။


ကျွင်းဟွိုင်လန် ရွှယ်ယန့်ကို လှည့်ကြည့်လိုက်သည့်အခါ သူက ထိုနေရာတွင်ပင် ထိုင်နေပြီး ငါ့အသားတစ်ဖက်ကို သူ့ပန်းကန်ထဲထပ်ထည့်ပြီး အရိုးများနွင်နေသည်။

 

ကျွင်းဟွိုင်လန်၏အကြည့်ကို ခံစားမိ၍ ရွှယ်ယန်က ခေါင်းမော့၍ သူ့ကိုပြန်ကြည့်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။


" အရင်စားလိုက်ဦးလေ..."   

    

သို့ဖြစ်၍ ကျွင်းဟွိုင်လန်က ဇွန်းကိုင်၍ ငါးပြေမပေါင်းကို စားလိုက်သည်။


ငါးပေါင်းက ပထမတစ်ကိုက်နှင့်ပင် အလွန်အရသာရှိလှသည်။ များများစားသော်လည်း ဆီမများသည့်အပြင် ကျေနပ်အားရသည့် စိတ်ခံစားချက်ကို ပေးစွမ်းနိုင်သည်။


ကျွင်းဟွိုင်လန်စားပြီးသွားသည့်အခါ မတ်တပ်ရပ်၍ ရွှယ်ယန့်ကိုနှုတ်ဆက်ပြီး ထွက်သွားရန်ပြင်နေသည့်အချိန်မှ ရွှယ်ယန်က ပါးစပ်ဟလာသည်။


" စာလေ့လာဖို့ပဲဆိုရင် ကျောင်းတော်ကို နေ့တိုင်းသွားနေစရာမလိုပါဘူး..."

ကျွင်းဟွိုင်လန်ကို သူ မော့ကြည့်လိုက်သည်။


" ငါ့အိမ်မှာ မင်း လေ့လာလို့ရတဲ့စာအုပ်တွေ ချန်အန်းကနေ ယူလာတယ်... အဲ့စာအုပ်တွေယူပြီး အိမ်မှာဖတ်လို့ရတာပဲ... ရှန်းမိသားစုက သခင်လေးက နေ့တိုင်း လျှောက်သွားနေတာ မင်းစာလေ့လာတာ အနှောင့်အယှက်ဖြစ်လိမ့်မယ်..."


သူ စကားပြောနေလျက်နှင့် ကျင်းပေါင်ကို တစ်ချက်ကြည့်လိုက်သည်။


" မင်း အဲဒါတွေကို သယ်လာတယ်မလား ထုတ်ပိုးပြီးရင် သခင်လေးရဲ့ အခန်းကို ပို့ပေးလိုက်..."


ကျင်းပေါင် သူ့စိတ်ထဲတွင်သာ ပွစိပွစိပြောနေလိုက်မိသည်။


သယ်လာတယ်တဲ့လား... လူသတ်လိုက် အော်ဟစ်လိုက်လုပ်နေတဲ့ ငရဲမင်းကြီးက စာအုပ်ကြီးလေးအုပ်နဲ့ ဂန္ဓဝင်စာပေငါးအုပ်ကို ဒီအထိ တကူးတက သယ်လာမယ်ပေါ့လေ...


[ T/N - စာအုပ်ကြီးလေးအုပ်နှင့် ဂန္ဓဝင်စာပေငါးအုပ်က ကွန်ဖြူးရှပ်ရဲ့ အခြေခံစာအုပ်တွေဖြစ်ပြီး ရှေးခေတ်တရုတ်ပြည်က နန်းတွင်းစာမေးပွဲတွေမှာ အဓိကမေးလေ့ရှိပါတယ် ]


အရင်ရက်တွေက ငါသာ ကျင်းလင်က စာအုပ်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ကို အပြေးအလွှားသွားပြီး မဝယ်ခဲ့ရင် အဲ့စာအုပ်တွေ ဘယ်က ရမှာလဲ...


ပြီးတော့ "ယူလာတယ်" တဲ့ အဲ့လို ကျိုးကြောင်းမဆီလျော်တာကြီးနဲ့ ကြင်နာတတ်တဲ့နတ်သားလေးကို အရူးလုပ်လို့ရမယ်ထင်နေလား...


ကျင်းပေါင်က စိတ်ထဲတွင်သရော်နေသော်လည်း အပေါ်ယံတွင်မူ အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

"ယူလာခဲ့ပါတယ်အရှင်... အမိန့်အတိုင်း ကျွန်တော်မျိုးထုပ်ပိုးပြီးရင် သခင်လေးဆီကို ပို့ပေးလိုက်ပါ့မယ်..."


ရွှယ်ယန်စကားပြောနေ၍ အချိန်ကုန်သွားသောကြောင့် ကျွင်းဟွိုင်လန်ရောက်လာချိန်တွင် ခေါင်းမိုးပြင်သည်မှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။


တံစက်မြိတ်ပေါ်မှ လက်သမားများက နောက်ဆုံးအချောသပ်ခြင်းများပင် လုပ်ဆောင်နေပြီဖြစ်သည်။ ရှန်းလျှိုဖုန်းက ခြံဝင်းထဲရှိခုံတွင် တင်ပျဉ်ခွေထိုင်လျက် လက်ဖက်ရည်ကြမ်းသောက်နေပြီး သူတို့ကို ကြီးကြပ်နေသည်။


ကျွင်းဟွိုင်လန် မအံ့ဩပဲ မနေနိုင်တော့ပေ။

ရှန်းလျှိုဖုန်းတို့မိသားစုက အရမ်းချမ်းသာတာပဲလား... သူတို့အိမ်က ငှားမယ့်လက်သမားဆရာတွေက နှစ်ရက်တောင်လုပ်ရမယ့်အလုပ်ကို လျှိုဖုန်းခေါ်လာတဲ့လူတွေက ထမင်းတစ်နပ်စားတဲ့အချိန်မှာပဲ ပြီးအောင်ပြင်သွားတယ်ပေါ့လေ...


ကျွင်းဟွိုင်လန်ရောက်လာသည်ကို မြင်သောအခါ ရှန်းလျှိုဖုန်းက လက်မြှောက်ပြီး နှုတ်ဆက်လိုက်သည်။" ဟွိုင်လန် ရောက်လာပြီလား..."    


ကျွင်းဟွိုင်လန် ရှေ့တိုးလာပြီး သူ့ကို ဦးစွာကျေးဇူးတင်လိုက်သည်။

" မင်း အလုပ်ရှုပ်သွားရပြီ... ခေါင်မိုးက မိုးယိုသွားတာနဲ့ တကူးတက လာလုပ်ပေးလိုက်ရတယ်..."


ရှန်းလျှိုဖုန်းက လက်ကာပြလိုက်သည်။


" ငါအစတည်းက မင်းအိမ်လာပြီး မင်းနဲ့တူတူ အပြင်ထွက်မလို့ပဲ ... မင်းတို့အိမ်တော်က အမိုးပျက်သွားတယ်ကြားတာနဲ့ လမ်းမှာလူနည်းနည်းခေါ်လာပြီး  ပြင်ပေးဖို့ကြံလိုက်တာ... စကားမစပ် မင်းတို့အိမ်က လုံကျင်းလက်ဖက်ခြောက်က တော်တော်ခါးတယ်နော်... ဒီနှစ် အသစ်ထွက်တဲ့ တာ့လုံပေါင်း လက်ဖက်ခြောက်တွေ ငါယူလာခိုင်းထားတယ်..."


(T/N - တာ့လုံပေါင်းဆိုတာ တရုတ်နိုင်ငံ ဝူယီတောင်မှာပဲထွက်တဲ့ လက်ဖက်ခြောက်ပါ၊ သစ်ခွပန်းအနံ့ရှိပြီး အချိုအရသာကလည်း အချိန်တော်တော်ကြာတဲ့အထိ ခံပါတယ်၊ လက်ဖက်ခြောက်လေးတွေက ကြိုးအထုံးလေးတွေနဲ့တူပြီး အစိမ်းရောင် ဒါမှမဟုတ် အညိုရောင်ရှိပါတယ် )


ကျွင်းဟွိုင်လန် စိတ်ရှုပ်ထွေးသွားသည်။


" ဒါဆို မင်းဒီနေ့ ဘာလို့လာတာလဲ..."


ကျွင်းဟွိုင်လန်က တစ်ခုခုမှားနေသည်ဟုထင်လိုက်ပြီး သူပစ္စည်းပေါင်းများစွာ သယ်လာမည်စိုး၍ အာရုံလွှဲလိုက်ရသည်။


ထိုစကားကိုကြားသည့်အခါ ရှန်းလျှိုဖုန်းက လက်ဖက်ခြောက်များအကြောင်း ချက်ချင်းမေ့သွားသည်။


" ငါနဲ့တူတူ ယန်ကျိုးကို အပျော်ခရီးထွက်ဖို့ လိုက်မလား လာမေးတာ..."


ကျွင်းဟွိုင်လန်က သူ့စကားကြောင့် ပဟေဠိဖြစ်သွားရသည်။

" မင်းက ယန်ကျိုးကို ဘာသွားလုပ်မှာလဲ..."


" နွေရာသီဆို ယန်ကျိုးကရှုခင်းတွေက အရန်းလှတယ်လေ... ငါ အနောက်ဘက်ရေကန်ကိုသွားပြီး မိုးမခရေကန်တွေကိုကြည့်ချင်လို့... လွန်ခဲ့တဲ့ ၃ ၄ရက်တုန်းက ယန်ကျိုးရဲ့ အစွန်အဖျားကတောင်မှာ နတ်ဆေးသမားတော်တစ်ယောက်ရှိတယ် ဆိုတဲ့အကြောင်းကြားတယ်... သူ ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါသွားကြည့်ချင်လို့..."


ထိုစကားကြောင့် ကျွင်းဟွိုင်လန်က ရွှယ်ယန် အစောပိုင်းကပြောသည့်ကိစ္စကို တွေးမိသွားသည်။


Xxxx