Chapter 88
ရွှယ်ယန်က သူ့စကားများကြောင့် အကြောင်းပြချက်မရှိပဲ နားရွက်များ နီရဲလာသည်။
"အင်း" ဟု တုံ့ပြန်လိုက်ပြီးနောက် လက်ထဲမှ စာအုပ်ကို ပြန်ကိုင်၍ ဖတ်နေလိုက်သည်။ သို့သော်လည်း စာနှစ်ကြောင်းခန့်အထိ ဖတ်ပြီးသည့်အချိန်တွင် စာလုံးများက ခုန်ဆွခုန်ဆွဖြစ်သွားပြီး တူညီသောစာကြောင်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားသည်။
" အရှင် ဒီမှာရှိနေတော့ စိတ်အေးရပါတယ်..."
ရွှယ်ယန်၏ နှလုံးသားက ထိန်းချုပ်မရလောက်အောင်အထိ တဒိန်းဒိန်းခုန်လာသည်။ ခဏအကြာတွင် လက်ထဲမှစာအုပ်ကို စားပွဲပေါ်တွင် ချထားလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။
" ဒီအခန်းထဲမှာပဲ နားလိုက်တော့လေ... ငါအပြင်ထွက်လိုက်ဦးမယ်..."
ရွှယ်ယန်က အချိန်ခဏခန့် တစ်ယောက်တည်းနေရန် လိုအပ်နေသည်။ အကယ်၍ ကျွင်းဟွိုင်လန်နှင့် တစ်ခန်းတည်းတွင် ကြာကြာနေရမည်ဆိုပါက သူ့နားရွက်တစ်ခုလုံး မီးထတောက်တော့မည်ဖြစ်သည်။
ကျွင်းဟွိုင်လန်ကလည်း အမြန်ထရပ်လိုက်သည်။
" အရှင် ဒီည ဘယ်မှာအိပ်မှာလဲ..."
" အပြင်ဘက်မှာ ခုံတန်းရှည်တစ်ခုရှိတယ်..."
ထိုသို့သော အသေးအဖွဲ့ကိစ္စများကို သူ ဂရုမစိုက်ပေ။ ယန်ဒေသတွင် နေစဉ်က မအိပ်ခဲ့ရသည့်ညများရှိသကဲ့သို့ အေးစက်နေသည့် နှင်းထုထဲတွင် သံချပ်ကာအေးအေးကြီးနှင့် အိပ်ခဲ့ရချိန်များဖြစ်၍ မည်သည့်နေရာတွင်မဆို အိပ်ပျော်နိုင်ပေသည်။
သို့ရာတွင် သူ့ရှေ့မှ သခင်ငယ်လေးက သူနှင့်မတူပေ။ ဤဒေါင်းပေါက်လေးက အိမ်တော်တွင် အလိုလိုက်ခံရပြီး ကြီးပြင်းလာသူဖြစ်၍ ပေါင်းပင်နှင့်တူသည့် သူ့ကဲ့သို့လူမျိုးနှင့် ကွဲပြားပေသည်။
ကျွင်းဟွိုင်လန် သူ့ကိုမတားမြစ်မီအချိန်တွင် သူမတ်တပ်ထရပ်ပြီး ထွက်သွားလိုက်သည်။
မကြာမီအချိန်တွင် ဖုရိက အခန်းထဲဝင်လာသည်။
" သခင်လေး... ဒီအစေခံတွေအားလုံးက သခင်လေးလိုအပ်တဲ့ ပစ္စည်းတွေ ယူလာပေးပါတယ်... အေးအေးချမ်းချမ်းအိပ်ပါလို့လည်း ဘုရင်ခံက မှာလိုက်ပါတယ်..."
ဖုရိ၏နောက်မှ အစေခံမိန်းမပျိုလေးများက ဇလုံနှင့် အဝတ်သန့်များကို ယူလာသည်။
ကျွင်းဟွိုင်လန်က သူ့ကို ပြန်ဖြေလိုက်ပြီးနောက် ကိုယ်လက်သန့်စင်ကာ အိပ်ရာပေါ် တက်လိုက်သည်။
သူ့အောက်ဘက်မှအိပ်ရာက အနည်းငယ်မာကျောပြီး ဂွမ်းစောင်မှ အစင်းများက ရိုးရှင်းလှသည်။ ကုတင်ပေါ်တွင် ရွှယ်ယန်၏ ခန္ဓာကိုယ်မှ စန္ဒကူးအနံ့များဖြင့် ပြည့်နေပြီး ခဏအကြာတွင် ကျွင်းဟွိုင်လန်ဆီသို့ပါ တဖြည်းဖြည်းလွှမ်းခြုံရစ်ပတ်လာသည်။
ရုတ်တရင် သူ့စိတ်ထဲတွင် ယနေ့မိုးရွာထဲတွင် သူက ရွှယ်ယန့်ရင်ခွင်ထဲ ရောက်လုမတတ်ဖြစ်သွားခဲ့သည့် အခြေအနေကို ပြန်တွေးမိသွားသည်။
....
ထိုညက ကျွင်းဟွိုင်လန် ရွှယ်ယန်၏အိပ်ရာတွင် အိပ်ခဲ့ရသည်။
ပတ်ဝန်းကျင်အသစ်တွင် မရင်းနှီးသောအိပ်ရာဖြင့်အိပ်ရ၍ နေသားမကျဖြစ်နေခဲ့ရသော်လည်း ရွှယ်ယန်၏အိပ်ရာပေါ်မှ စန္ဒကူးရနံ့က စိတ်တည်ငြိမ်စေသည့် သက်ရောက်မှုတစ်မျိုးရှိပုံရသည်။ သူ အိပ်ရာပေါ် လှဲလိုက်ပြီး မကြာမီအချိန်မှာပင် အိပ်ပျော်သွားတော့သည်။
ညနက်လာသည့်အခါ မိုးတိတ်သွားသည်။
တိမ်ထုများအကြားမှ လမင်းကြီးကထွက်ပြူလာပြီး နွေးထေးသောအလင်းရောင်များ ထုတ်လွှတ်ပေးနေသည်။
ကျွင်းဟွိုင်လန် တစ်ဖက်ကိုလှည့်အိပ်လိုက်ပြီး လက်ကို ခေါင်းအုံးထဲ ထည့်လိုက်မိသည်။
၎င်းက သူအိပ်နေစဉ် လုပ်လေ့လုပ်ထရှိသည့် အကျင့်တစ်မျိုးဖြစ်သည်။ သူက လက်ကို ခေါင်းအုံးအောက် ထားအိပ်ရခြင်းကို သဘောကျသည်။ ညဘက်တွင် သူ့လက်များက အေးစက်နေတတ်၍ ခေါင်းအုံးအောက်တွင်လက်ကိုဖိအိပ်ပါက နွေးထွေးလာရန် အချိန်မကြာပေ။
သို့သော် သူ့လက်ဖဝါးတွင် စူးခနဲ နာကျင်သွားရသည်။
——
ရွှယ်ယန်၏ခြံဝင်းတွင် မီးများလင်းလာသည်။
ကျွင်းဟွိုင်လန်အိပ်သည့်အခန်းထဲတွင် စောင့်နေသည့် ဖုရိက လှုပ်ရှားသံများကိုကြား၍ နိုးလာပြီးသည့်နောက် ကျွင်းဟွိုင်လန်ကြောင့် ထိတ်လန့်သွားရသည်။ ထို့နောက် အပြင်ဘက်တွင် အိပ်နေသည့်ရွှယ်ယန်ကလည်း ချက်ချင်းနိုးလာပြီး အတွင်းခန်းထဲကို ဝင်လာသည်။
ညဘက်တွင် သခင်ဖြစ်သူအိပ်သည့်နေရာဘေးတွင် စောင့်နေသည့်ကျင်းပေါင်ကလည်း ရွှယ်ယန်၏အမိန့်ကြောင့် အခန်းထဲ အမြန်ဝင်သွားချိန်တွင် သူ့ရှေ့မှမြင်ကွင်းကို တွေ့လိုက်ရသည်။
သူ့သခင်က ညအိပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များကလည်း ပြေလျော့နေကာ အင်္ကျီရင်ဘတ်ကလည်း ဟနေ၍ ကျစ်လျစ်တောင့်တင်းနေသည့် ရင်အုပ်နှင့် ဝမ်းဗိုက်သားများကိုပါ မြင်နေရသည်။ ယခုချိန်တွင် သူ့သခင်က သခင်လေး၏လက်တစ်ဖက်ကိုကိုင်ထားလျက် မျက်နှာပျက်နေသည်။
ဖြူဖွေးသွယ်လျသောလက်ချောင်းလေးများက ယခုအခါတွင် သွေးများဖြင့်နီရဲနေ၍ ကျင်းပေါင် ထိုနေရာတွင်ပင် ငုတ်တုတ်မေ့မတတ်ဖြစ်သွားသည်။
ထိုအချိန်တွင် ရွှယ်ယန် သူ့ကိုမြင်သွားသည်။
" မင်း ဘာရပ်လုပ်နေတာလဲ...ပတ်တီးနဲ့ ဆေးတွေသွားယူလေ..."
သူ့သခင်၏ မျက်ခုံးများက ထိလုမတတ် တွန့်ချိုးနေပြီး အမူအရာကလည်း အေးစက်နေသည်။
ကျင်းပေါင် သုတ်ခြေတင်၍ အပြင်ထွက်သွားသည်။
ရွှယ်ယန်က အမိန့်ပေးပြီးသွားသည်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာစကားမှ မပြောတော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် နာကျင်မှုကြောင့် အိပ်ရာပေါ်တွင် ဖြူဖျော့သည့်မျက်နှာဖြင့်ထိုင်နေသော ကျွင်းဟွိုင်လန်က သူ့ကို နွေးထွေးသောအသံဖြင့် ဖျောင်းဖျပေးနေသည်။
" ကျွန်တော် အဆင်ပြေပါတယ်... ဒဏ်ရာက သိပ်မနက်ပါဘူး... ဆေးနည်းနည်းထည့်ပြီး ပတ်တီးစည်းလိုက်ရင် ကောင်းသွားမှာပါ..."
ရွှယ်ယန့်၏ခေါင်းအုံးအောက်တွင် ချွန်ထက်သည့်ဓားမြှောင်တစ်ချောင်း ဖွက်ထားလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
သူအိပ်နေစဉ် လက်ကို ခေါင်းအုံးအောက်ထည့်လိုက်မိသည်။ ထိုအချိန်တွင် ဓားမြှောင်မှ ဓားဖျားက သူ့လက်ဖဝါးကို ကန့်လန့်ဖြတ် ပိုင်းဖြတ်လိုက်သကဲ့သို့ဖြစ်သွားပြီး ဓားရာတစ်ခု ဖြစ်သွားခဲ့သည်။
ကျွင်းဟွိုင်လန်၏လက်ဖဝါးက သွေးအဆက်မပြတ်ထွက်နေပြီး ခေါင်းအုံးနှင့် စောင်များပင် သွေးများဖြင့် ရဲရဲနီနေသည်။ သူက ထိုကဲ့သို့ဓားဒဏ်ရာမျိုးမဆိုနှင့် ပုံမှန်အခြေအနေတွင်ပင် ဒဏ်ရာရခဲလှသည်။ ယခုချိန်တွင် သူ့နဖူးပြင်၌ ချွေးစေးများပြန်နေပြီး နှုတ်ခမ်းများကလည်း သွေးဆုတ်ဖြူရော်နေသည်။
သို့ရာတွင် ရွှယ်ယန့်ကိုလှည့်ကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့ထက်ပို၍ နာကျင်ခံစားနေရသည့်ပုံပေါ်သည်။
အပြင်မှ အလျင်အမြန်ဝင်လာပြီး ကျွင်းဟွိုင်လန်၏ လက်ကို တွေ့သွားချိန်တွင် သူ၏ ပယင်းရောင်မျက်ဝန်းများက လှုပ်ခတ်သွားသည့်ပုံပေါ်သည်။ ချက်ချင်းပင် ကျွင်းဟွိုင်လန်၏အနားကိုရောက်လာပြီး လက်ကိုဆုပ်ကိုင်၍ လက်ဖဝါးအောက်ကို ဖိထားပေးကာ သွေးတိတ်အောင် လုပ်ပေးလိုက်သည်။
အစမှ အဆုံးထိ စကားတစ်ခွန်းမှ မပြောသော်လည်း သူ့အမူအရာများက အေးစက်ပြီးလေးနက်နေသည်ကို ကျွင်းဟွိုင်လန်မြင်နိုင်ပေသည်။ သူ့နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ထားပြီး မျက်လုံးများကလည်းနီရဲနေသည်။
သူ့လက်ကိုဆုပ်ကိုင်ပေးထားသည့်လက်များပင် အနည်းငယ်တုန်ယင်နေသည်။
သို့ဖြစ်၍ ကျွင်းဟွိုင်လန်က နာကျင်မှုကိုတောင့်ခံပြီး သူ့ကို နှစ်သိမ့်ပေးနေမိသည်။ သူပြောနေသည်များက အလုပ်မဖြစ်ဟုထင်လိုက်မိသည်။ ရွှယ်ယန်က သူနှစ်သိမ့်ပေးနေသည်များကိုကြားသည့်အခါ သူ့ကိုကြည့်လာသည်။
သူ့မျက်လုံးအိမ်ထဲမှ နီရဲနေသည့်သွေးများက ချက်ချင်းပင် အေးစက်သောလူငယ်လေး၏မျက်နှာကို မျက်ရည်များဖြင့် ပြည့်လာသည်ဟုပင် ထင်ရသည်။
ထိုမျက်ဝန်းများထဲမှ စိတ်ဓာတ်ကျမှုနှင့် မိမိကိုယ်ကိုအပြစ်တင်မှုများက အပြင်ဘက်သို့ ပွင့်အန်ထွက်လာတော့မည်ဟုပင် ထင်ရသည်။ ကျွင်းဟွိုင်လန်က ဒဏ်ရာမရထားသည့်လက်တစ်ဖက်ကို ရွှယ်ယန်၏ကျယ်ပြန့်ပြီးကျစ်လျစ်သည့် ပခုံးပေါ်တင်ကာ ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
" အဆင်ပြေပါတယ် အရမ်းမနာပါဘူး..."
သူက ကလေးငယ်လေးတစ်ယောက်ကို ချော့မော့နေသကဲ့သို့ အားတင်း၍ပြုံးပြလိုက်သည်။
" တကယ်တော့ ကျွန်တော့်အမှားပါ... ကျွန်တော်က အိပ်နေရင်း ခေါင်းအုံးထဲလက်ထည့်တတ်တဲ့အကျင့်..."
" ဘယ်လိုလုပ် မနာပဲနေမှာလဲ..."
ရွှယ်ယန်က သူ့ကို ဖြတ်ပြောလိုက်သည်။
သူ့အသံက အလွန်တိုးညှင်းလွန်း၍ မကြားရလောက်သည်အထိ ဖြစ်နေသည်။
" ကိုယ့်အပြစ်ပါ..."
ထိုအချိန်တွင် ကျင်းပေါင်က ပတ်တီးနှင့် ဆေးများယူပြီး အခန်းထဲသို့ အမြန်ပြေးဝင်လာသည်။
ထိုဒဏ်ရာပျောက်ဆေးကို ယန်ဒေသတွင်နေထိုင်စဉ်က ရွှယ်ယန်ကိုယ်တိုင် အသုံးပြုခဲ့ပြီး အရေပြားပေါ်မှ ဒဏ်ရာများကို ကုသရာတွင် အကျိုးသက်ရောက်မှု ရှိလှသည်။ ယခုက သန်းခေါင်ယံအချိန်ဖြစ်နေ၍ အပြင်ဘက်မှ ဆေးပေးခန်းများကလည်း ပိတ်နေပြီးဖြစ်သောကြောင့် အသင့်ရှိသည့် ဆေးများကိုသာ အသုံးပြုရတော့မည်ဖြစ်သည်။
သို့သော်လည်း ဆေးက ဒဏ်ရာပေါ်သို့လိမ်းလိုက်သည်နှင့် မီးတောက်မတတ်နာကျင်လာမည်ဖြစ်သည်။
ပုံမှန်အချိန်တွင်ဆိုလျှင် အရိုးကွဲမတတ်နာကျင်ရသည့်ဒဏ်ရာဖြစ်နေလျှင်ပင် ရွှယ်ယန်က မျက်တောင်တစ်ချက်မခတ်ပဲ သူ့ဒဏ်ရာကို ဆေးထည့်နိုင်ပေသည်။ သို့ရာတွင် ယခုချိန်၌ ဆေးပုလင်းကိုကိုင်ထားသည့် သူ့လက်များက အနည်းငယ်တုန်ယင်နေမိသည်။
သူ ကျွင်းဟွိုင်လန်ကို တစ်ချက်ကြည့်လိုက်သည်။
" နည်းနည်းတော့နာမယ်ထင်တယ် တောင့်ခံထားလိုက်နော်..."
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် အဖြူရောင်ဆေးမှုန့်များက သူ့လက်ပေါ် ကျလာသည်။
သွေးထွက်နေခြင်းက ချက်ချင်းရပ်တန့်သွားသော်လည်း တစ်ချိန်တည်းမှာပင် စူးရှသောနာကျင်မှုတစ်ခုက ကျွင်းဟွိုင်လန်၏လက်ဖဝါးပြင်ပေါ် ပျံ့နှံ့လာသည်။ ထိုနာကျင်မှုကြောင့် သူ့လက်ကောက်ဝတ်က အနည်းငယ် တုန်ယင်လာပြီး သက်ပြင်းဖွဖွချလိုက်သည်။
ရွယ်ယန်၏ ဆေးထည့်နေသောလက်က ချက်ချင်းရပ်တန့်သွားသည်။
သူ့မျက်ဝန်းထဲမှ နာကျင်မှုများကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။ ရွှယ်ယန်က ဆေးပုလင်းကို လက်တစ်ဖက်မှ ကိုင်ထားကာ အခြားလက်တစ်ဖက်က သူ့လက်ကိုကိုင်ထားပြီး ငေးစိုက်ကြည့်နေသည်။
မျက်ဝန်းများက သွေးနီရောင်သန်းနေ၍ သူ့ပုံစံက စိတ်ကသိကအောက်ဖြစ်သွားသည့်ပုံပေါ်နေသည်။
သူက ဘယ်လိုဖြစ်ပြီး ငါ့ထက်ပိုနာနေတဲ့ပုံပေါက်နေရတာလဲ...
ကျွင်းဟွိုင်လန် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုသို့သောကူကယ်ရာမဲ့မှုများထဲမှ နူးညံ့နွေးထွေးမှုအချို့က ခြေလက်များနှင့် အရိုးထဲအထိ စိမ့်ဝင်ပျံ့နှံ့သွားသည်။
ဒီလူက သူကိုယ်တိုင်ဘယ်လောက် ဒဏ်ရာရရ စကားတစ်ခွန်းမှတောင် ဟခဲ့တာမဟုတ်ဘူး... အခုဒီတစ်ခါ ငါဒဏ်ရာရတဲ့အခါမှ သူ့ကိုယ်တိုင်နာကျင်ရတာထက်ပိုပြီး နာကျင်နေတဲ့ပုံ ပေါက်နေတာပါလိမ့်...
" အဆင်ပြေပါတယ် ဆေးဆက်ထည့်လို့ရတယ်..."
သူ ညင်ညင်သာသာဖြင့် ပြောလိုက်သည်
သူ မသိလိုက်သည်မှာ သူပို၍ ညင်သာပြီး အေးဆေးဖြစ်လေ ရွှယ်ယန်၏နှလုံးသားထဲ နာကျင်လေဖြစ်သည်။
မနာပဲ နေမယ်တဲ့လား... သူကိုယ်တိုင်တောင်မှ ဒီဆေးကို အကြိမ်ပေါင်းများစွာထည့်ပြီး ကျင့်သားရသွားတယ်ဆိုပေမယ့် ဆေးထည့်လိုက်တိုင်း နာကျင်မှုက အရိုးထဲထိစိမ့်နေတာပဲလေ...
အတိတ်တွင် သူ့ဒဏ်ရာကို ဆေးထည့်သည့်အချိန်တိုင်း သူ့ရင်ထဲတွင် ကွယ်ဝှက်ထားသည့် အတွေးနှင့် ရည်မှန်းချက်များကိုသာ တွေးတောနေလေ့ရှိသည်။ ဒဏ်ရာကို လျင်မြန်စွာ ပျောက်ကင်းသွားစေလိုခြင်းဖြစ်၍ နာကျင်မှုကို လျစ်လျူရှု့ထားခဲ့သည်။
သူ ဂရုမစိုက်သည်နှင့်ပင် မနာကျင်သည်ဟု မဆိုလိုပေ။
သို့ရာတွင် ထိုဆေးကို မဖြစ်မနေထည့်ရမည်ကို သူသိသည်။ သို့ဖြစ်၍ အံကြိတ်ထားပြီး ဆေးမှုန့်ကို ကျွင်းဟွိုင်လန်၏လက်ဖဝါးပေါ် ထည့်ပေးလိုက်သည်။
ကျွင်းဟွိုင်လန် နာကျင်မှုကြောင့် လက်ကောက်ဝတ်ပါ တုန်ယင်သွားသော်လည်း သူ့ရှေ့မှ ရွှယ်ယန်က ပိတ်လှောင်ထားသည့် သားရဲတစ်ကောင်နှင့်တူနေ၍ သူ့မျက်နှာပေါ်တွင် နာကျင်သည့်အမူအရာကို လုံးဝမပြပေ။
သူ အံကြိတ်၍ နာကျင်မှုကို လည်ချောင်းထဲတွင် တောင့်ခံထားကာ ရွှယ်ယန့်ကို အာရုံလွှဲလိုက်သည်။
" အရှင့်ရဲ့ ခေါင်းအုံးအောက်မှာ ဘာလို့ ဓားမြှောင်ထည့်ထားတာလဲ..."
ရွှယ်ယန်၏ လုပ်ဆောင်ချက်များ ခဏတာ ရပ်တန့်သွားသည်။
သူ၏ ငယ်ရွယ်စဉ်ဘဝများက ခက်ခဲခဲ့သည့် အကြောင်းများကို သူမပြောပြနိုင်ပေ။ စစ်မြေပြင်သို့ ပထမဦးဆုံးအကြိမ်သွားရောက်ခဲ့စဉ်က အလွန်ကြောက်လန့်ခဲ့မိသည်။ သို့ဖြစ်၍ သူ့ခေါင်းအုံးအောက်တွင် ဓားမြှောင်တစ်ချောင်းထားထားပြီး ကိုယ့်ကိုကိုယ်ကာကွယ်ရန်မှလွဲ၍ ရွေးခြယ်စရာ မရှိတော့ပေ။ ထိုသို့ပြုလုပ်မှသာ အေးအေးချမ်းချမ်းဖြင့် အိပ်နိုင်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ၎င်းက အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ မည်သူကမျှသူ့ကို လာရောက်မလုပ်ကြံသည့် သာမန်အချိန်များတွင်မူ ခေါင်းအုံးအောက်တွင် ထိုဓားမရှိပါက မအိပ်နိုင်တော့ပေ။
ရွှယ်ယန် စကားမပြောနိုင်ဖြစ်သွားသည်။
ပုံမှန်လူတစ်ယောက်က ဒီလိုအေးစက်တဲ့ လူသတ်လက်နက်ကနေ လုံခြုံမှုကိုခံစားရတယ်ဆိုတာ လက်ခံနိုင်ပါ့မလား...
သို့ရာတွင် နာကျင်မှုများလျော့နည်းသွားသည့် ကျွင်းဟွိုင်လန်က သူ့မျက်နှာထက်မှ ခံစားချက်များကို တွေ့မြင်သွားသည်။
နာကျင်မှုကို ခဏတာမေ့ပျောက်သွားပြီး ရွှယ်ယန့်ကိုသာ အာရုံစိုက်နေလိုက်သည်။
ရွှယ်ယန်က ကလေးဘဝတည်းက အထီးကျန်ဆန်စွာနေခဲ့ရပြီး ဝန်ထုပ်ဝန်ပိုးများစွာကို သယ်ဆောင်ထားခဲ့ရသည်။ လုံခြုံမှုကို မခံစားရသောကြောင့် သူ့ကိုယ်သူကာကွယ်ရန် လက်နက်ကိုအားကိုးခြင်းက ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာဖြစ်သည်။ငါ့ဒဏ်ရာပေါ်ကို ထည့်ပေးတဲ့ဆေးမှုန့်တွေက သူ့ကိုယ်ပေါ်မှာ တစ်ကြိမ်ထက်ပိုပြီး သုံးခဲ့မယ်ဆိုရင်...
နာကျင်မှုကို တွေးမိ၍ စိတ်ဂနာမငြိမ်ဖြစ်သွားမိသည်။
ရွှယ်ယန်က သူကိုယ်တိုင် ဆေးထည့်တုန်းကတော့ မျက်တောင်တစ်ချက် မခတ်ခဲ့ပဲ အခု ငါ့ဒဏ်ရာပေါ်ဆေးထည့်မှ လက်တွေပါ တုန်လာပြီး မျက်လုံးတွေနီရဲနေတာလား...
ကလေးဘဝတည်းက ခက်ခက်ခဲခဲနေလာခဲ့တဲ့လူတစ်ယောက်က ဒီလိုနူးညံ့တဲ့နှလုံးသားလေးရှိတယ်ပေါ့လေ...
ကျွင်းဟွိုင်လန်မှာ သူ့လက်ပေါ်မှ နာကျင်မှုကိုပင် မေ့လျော့သွားပြီး ရင်ထဲတွင် ထိုင်းမှိုင်းလာမိသည်။
ရွှယ်ယန်၏ပခုံးပေါ်လက်တင်ပြီး ခပ်ဖွဖွပုတ်ပေးလိုက်သည်။
" အခု ကျွန်တော်တို့တွေက စစ်မြေပြင်မှာမှ မဟုတ်တာ... ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လက်နက်တွေဆောင်ထားစရာ မလိုတော့ပါဘူး..."
ကျွင်းဟွိုင်လန်က ခေါင်းအုံးဘေးနားရှိ ဝတ်ရုံထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
Xxxxx