အပိုင်း ၈၇
Viewers 15k

Chapter 87


အရှေ့ဘက်ခြံမှ ကျွင်းဟွိုင်လန်မှာ ဘုရင်ခံအိမ်တော်၏ခေါင်မိုးက မိုးယိုလာလိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။


ဘုရင်ခံအိမ်တော်ကို ဆောက်လုပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြှင့်ခဲ့ပြီဖြစ်သည်။ ဘုရင်ခံအဆက်ဆက်က ဤနေရာတွင် နေခဲ့ပြီး တစ်ယောက်ပြောင်းသွားချိန်တွင် နောက်တစ်ယောက်က ဆက်တိုက်လာနေခြင်းဖြစ်၍ အထူးတလည်ပြင်ဆင်မှုများ မလုပ်ဖြစ်တော့ပေ။


ဤ‌နှစ်တွင်မူ နွေဦးအစတည်းက မိုးများခဲ့ခြင်းဖြစ်၍ရေညှိများက ခေါင်မိုးများအကြားတွင် ပြည့်နေသည်။ ယနေ့တွင်လည်း မိုးသည်းထန်စွာရွာ၍ ‌ခေါင်မိုးပေါ်မှ အုတ်ကြွပ်တစ်ချပ် ပျက်စီးသွားကာ မိုးရေများက အိမ်ထဲစိမ့်ဝင်လာသည်။


ထိုအခန်းထဲတွင် နေထိုင်ကြသည့် ချန်အန်းမှ အစေခံများအားလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်သည်။


အားလုံးက အမိုးကိုပြန်ဖာပြီး ပစ္စည်းများရွှေ့နေစဉ်တွင် ဖုရိက အလျင်အမြန်ဝင်လာသည်။


" သခင်လေး အရှင့်သား ရောက်လာပါတယ်..."

  

ကျွင်းဟွိုင်လန်က ခေါင်မိုးပြင်နေသည့်လူများကို ဘေးနားမှ ရပ်ကြည့်နေသည်။ သူ့စကားကိုကြား၍ ကျွင်းဟွိုင်လန်ရပ်ကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့ထီးကို ဆင်ဝင်အောက်တွင်ချထားခဲ့ပြီး ညအလင်းရောင်မှိန်ဖျဖျအောက်တွင် အိမ်ထဲဝင်လာသည်။

  

ရွှယ်ယန်က   ကျွင်းဟွိုင်လန်တို့၏ခေါင်မိုးကို မော့ကြည့်လိုက်သည်။


ခေါင်မိုးက နေရာအနှံ့တွင် ပျက်စီးနေပြီး မိုးရေများက ဆံစက်မြိတ်ပေါ်မှတစ်ဆင့် အောက်သို့ တတောက်တောက်စီးကျနေ၍ အိမ်ထဲမှ စားပွဲများ၊ ထိုင်ခုံများ၊ ကောဇောနှင့် အိပ်ရာခင်းများပါ စိုရွှဲကုန်သည်။ အခန်းထဲမှ အစေခံများမှာ အတွေ့အကြုံ မရှိကြသူများဖြစ်၍ ဖရိုဖရဲဖြစ်နေကြသည်။


သူ့ဘေးနားတွင် ရပ်နေသည့် ကျွင်းဟွိုင်လန်က ငြိမ်သက်နေသော်လည်း အနည်းငယ် ကူကယ်ရာမဲ့နေသည့်ပုံပေါ်သည်။


သူက ငယ်စဉ်ကတည်းက အခြားလူများ၏ ခစားခံခဲ့ရသည့် သခင်လေးဖြစ်၍ ထိုသို့သောအသေးအဖွဲကိစ္စမျိုးကို မည်သို့ကိုင်တွယ်ရမည်မသိ ဖြစ်နေသည်။


ရွှယ်ယန် လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေမှု အနည်းငယ်ကို မြင်လိုက်ရသည်။


ရွှယ်ယန်၏နှလုံးသားထဲ အနည်းငယ်ရိုက်ခတ်သွားပြီး သူ့နောက်မှလိုက်လာသည့် စုရှောင်ချမ့်ကို တစ်ချက်ကြည့်လိုက်သည်။


စုရှောင်ချမ့်က ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလာသည်။

" သခင်လေး ဒီအစေခံကိုင်တွယ်လိုက်ပါ့မယ်... ဒီနေ့ည အဲ့အမိုးကိုပြင်လိုက်ပြီး နောက်နေ့မနက် ရာသီဥတုကောင်းလာမှ သေချာအချောသပ်ပြီး ထပ်ပြင်ပေးပါ့မယ်..."


သူမ ငယ်စဉ်ကတည်းက မိသားစုက အလွန်ဆင်းရဲခဲ့ပြီး ကျင်းလင်ကလည်း မိုးများသည့်နေရာဖြစ်သည်။ ခေါင်းမိုးပြင်သည့်ကိစ္စတွင် သူမက အတော်အတန် အတွေ့အကြုံရှိသူဖြစ်သည်။


ရွှယ်ယန်က တုံ့ပြန်လိုက်ပြီး ကျွင်းဟွိုင်လန်ကို ပြောလိုက်သည်။


" ငါ နေတဲ့အိမ်ဘက်ကို သွားကြမယ်လေ..."


ကျွင်းဟွိုင်လန် ထိတ်လန့်သွားမိသည်။

" ဟင်..."

  

အခြားလူများကို အထပ်ထပ်အခါခါ ရှင်းပြရခြင်းကို မနှစ်သက်သည့်အပြင် စကားကိုတစ်ကြိမ်ထက် ပိုမပြောတတ်သည့် ဘုရင်ခံကွမ်းလင်က စိတ်ရှည်စွာဖြင့် ပြောလာသည်။


" မင်း ဒီည ဒီအိမ်တော်မှာ နေလို့မရဘူးလေ... မနက်ဖြန် စီစဉ်စရာရှိတာတွေ စီစဉ်ပြီးမှ ပြန်လာလို့ရတာပဲ..."


ကျွင်းဟွိုင်လန် တွန့်ဆုတ်နေမိသည်။


သူ ဤနေရာတွင် နေ၍မရသည်က အမှန်ပင်ဖြစ်သော်လည်း အရှေ့ဘက်ခြံဝင်းကို ရှင်းလင်းခဲ့စဉ်က ထိုအိမ်တော်တွင် အိပ်ရာတစ်ခုသာရှိကြောင်း သူသိခဲ့သည်။


မူလက ဖုရိကို အခန်းလွတ်တစ်ခုကိုရှာခိုင်းပြီး ထိုနေရာတွင်သာ တစ်ညတာ အိပ်ရာခင်းအိပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

သူ အဲဒီမှာ လာအိပ်မယ်ဆိုရင် ရွှယ်ယန်က ဘယ်မှာအိပ်နေတော့မှာလဲ...


ကျွင်းဟွိုင်လန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ နောက်မှလိုက်လာသည့်ကျင်းပေါင်က ချက်ချင်းသဘောပေါက်သွားသည်။


သူ့သခင်၏ သစ္စာရှိခွေးတစ်ယောက်အနေဖြင့် သခင်ဖြစ်သူ၏ စိတ်နေသဘောထားကို မှန်းဆနိုင်ရုံသာမက သခင်က ပြောချင်သော်လည်း ပြောမထွက်သည့်စကားများကိုပါ သူသိနေသည်။


" သခင်လေး... အရှင့်ရဲ့ ခြံဝင်းထဲမှာ ခဏသွားနားပါလား ဒီနေရာက အရမ်းရှုပ်ပွနေတာ ထိုင်စရာနေရာတောင်မရှိဘူး... အခုလောလောဆယ်လည်း ရှင်းလို့ပြီးဦးမယ်မထင်ဘူး... သခင်လေး ဒီနေ့ မိုးမိလာလို့ ဒီအစေခံက လက်ဖက်ရည်ကြမ်းလေး လာပို့မလို့ပါ သခင်လေး ဟိုဘက်ခြံဝင်းကိုရောက်လာတော့ လာမပို့ရတော့ဘူးပေါ့..."


ကျင်းပေါင်က ကြားဖြတ်ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က ယနေ့မိုးရေများစိုလာသူက သူမဟုတ်ပဲ ရွှယ်ယန်သာဖြစ်ကြောင်း ပြောမည့်အချိန်တွင် သူ့ဘေးနားမှ ရွှယ်ယန်က ကျင်းပေါင်၏စကားကို ထောက်ခံလိုက်သည်။


ကျွင်းဟွိုင်လန် လှမ်းကြည့်လိုက်သည့်အခါ ရွှယ်ယန်က ကျင်းပေါင်လက်ထဲမှ ထီးကိုပင် လှမ်းယူနေပြီဖြစ်သည်။


" သွားကြမယ်လေ..."


ကျွင်းဟွိုင်လန်မှာ တွေဝေမိန်းမောနေလျက်ဖြင့် ရွှယ်ယန်နှင့်အတူ အေရှ့ဘက်ခြံဝင်းသို့ ပါသွားသည်။


 ——

    

ယခုက ညအချိန်သာဖြစ်သော်လည်း အလွန်ညမနက်နေသေးပေ။ ကျင်းပေါင်က ကျွင်းဟွိုင်လန်ကို ရွှယ်ယန်၏ ပင်မအိပ်ဆောင်ကို ခေါ်လာခဲ့ပြီး လက်ဖက်ရည်ကြမ်းတိုက်ထားကာ အပန်းပြေရန်အတွက် စာအုပ်အချို့ ယူပေးထားသည်။


ပုံမှန်ဆိုလျှင် သူ့သခင်က စာကြည့်ခန်းထဲတွင် တစ်ရှီချန်ခန့်နေပြီးမှ အိပ်ဆောင်သို့ပြန်လာပြီး အနားယူခြင်းဖြစ်သည်။ သူ မမျှော်လင့်ထားသည်မှာ သူ့သခင်က သခင်လေးကို အိပ်ဆောင်အထိ ထီးဆောင်းကာလိုက်ပို့ပေးပြီးနောက် သူနှင့်အတူ လိုက်လာသည်။ အိပ်ဆောင်ထဲမှ စားပွဲတွင်ထိုင်လိုက်ပြီး စစ်ရေးနှင့်သက်ဆိုင်သည့် စာအုပ်တစ်အုပ်ကို တိတ်ဆိတ်စွာဖတ်နေသည်။


ထိုသို့သော လုပ်ဆောင်ချက် အတွဲလိုက်ကြီးကြောင့် ကျင်းပေါင် အံ့အားသင့်နေရသည်။


ဒါ... စာကြည့်ခန်းထဲက လျှောက်တင်လွှာအထပ်လိုက်ကြီးကို ဒီနေ့ပဲစစ်မယ်လို့ စီစဉ်ထားတာ မဟုတ်ဘူးလား...


ထိုသို့မပြောရဲ၍  ကျွင်းဟွိုင်လန်၏ဘေးတွင် လက်ဖက်ရည်အိုးကိုချထားလိုက်ပြီး အခြားအစေခံများကိုခေါ်ကာ အပြင်ထွက်သွားသည်။


ခဏအကြာတွင် သူတို့နှစ်ယောက်သာ အခန်းထဲ ကျန်ခဲ့တော့သည်။


ငြိမ်သက်ခြောက်သွေ့နေသောအခန်းထဲတွင်ထိုင်လျက် လက်ဖက်ရည်ကြမ်းနှစ်ငုံခန့် သောက်ပြီးသည့်အခါ ကျွင်းဟွိုင်လန် စိတ်အေးသွားရသည်။ အပြင်ဘက်မှ မိုးသံ တဖျောက်ဖျောက်က မတိတ်ဆိတ်သေးပေ။ စာအုပ်တစ်အုပ်ကို ကိုင်လိုက်သော်လည်း စိတ်က စာအုပ်ထဲမရောက်ပဲ အတွေးနယ်ချဲ့နေမိသည်။


ဘုရင်ခံအိမ်တော်က အချိန်အတော်ကြာအထိ ပြုပြင်မှုများ မပြုလုပ်ခဲ့သော်လည်း မင်းမှုထမ်းများအတွက် ဂရုတစိုက် ဆောက်လုပ်ပေးထားသည့် အိမ်တော်ဖြစ်သည်။


ဒီနေ့ ငါ့အိမ်တော်က အုပ်ကြွပ်တစ်ချပ်လန်သွားလို့ ဖရိုဖရဲ ဖြစ်ကုန်ရတာပဲ... ဒီမြို့ထဲက ပြည်သူဘယ်နှစ်ယောက်လောက်လည်း အဲ့လိုခံစားနေရမှာပါလိမ့်...


ဤကိစ္စက အစပိုင်းသာရှိသေးကြောင်းကို သူသိသည်။


ယခုအခါတွင် နွေရာသီရောက်လာပြီဖြစ်၍ မိုးပိုသည်းလာပြီဖြစ်သည်။ ခြောက်လမြောက်တွင် မြစ်ရေကြောင့် ဆည်ကျိုးသွားပြီး ကျင်းလင်တစ်မြို့လုံးကို။ရေဖုံးလွှမ်းသွားမည်ဖြစ်သည်။


သူ ယခင်ဘဝက ဖတ်ရှု့ခဲ့ဖူးသည့် မှတ်တမ်းတစ်ခုကို သတိရသွားမိသည်။ ဆည်က ရုတ်တရက် ရေလျှံလာပြီး ကျင်းလင်မြောက်ပိုင်းမှ လယ်ယာမြေများနှင့် မြောက်ပိုင်းရှိမြို့ငယ်အချို့ကို ရေဖုံးလွှမ်းသွားခဲ့၍ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။


ထို့နောက်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် မြို့ထဲမှအလောင်းများကိုလည်း အချိန်မီ မကောက်နိုင်ခဲ့ပေ။ မကြာမီအချိန်၌ပင် ကျင်းလင်မြို့၌ ပုလိပ်ရောဂါပိုး ပျံ့နှံ့လာပြန်သည်။


ရေကြီးမှုနှင့် ‌ကူးစက်ရောဂါများ ဖြစ်ပွားပြီးသည့်နောက်တွင် ကျင်းလင်မြို့ထဲမှ လူဆိုးသူခိုးများစွာ ပေါ်လာသည်။ ထိုလူများက အင်အားစုစည်းပြီး ပုန်ကန်ကြသည်။ ကျင်းလင်တွင် မြို့စောင့်တပ်က လူအနည်းငယ်သာရှိပြီး ပုန်ကန်သူဓားပြဦးရေက များပြားနေခဲ့သည်။ မကြာမီအချိန်အတောအတွင်းမှာပင် ပတ်ဝန်းကျင်မှ ရွာငယ်များနှင့်မြို့များကို ဓားပြများက သိမ်းပိုက်သွားကြတော့သည်။


ထိုအချိန်တွင် ကျင်းလင်မှာ တစ်သီးတစ်ခြားကျွန်းတစ်ကျွန်းကဲ့သို့ ဖြစ်သွားခဲ့ရတော့သည်။


 ကျွင်းဟွိုင်လန်၏မျက်နှာ အမူအရာက ပို၍လေးနက်လာသည်။


ယခင်ဘဝက ရေကြီးမှု‌အကြောင်း မှတ်တမ်းတင်ထားသည်များကို အကြိမ်ပေါင်းများစွာ ဖတ်ရှု့ထားခဲ့ပြီး မြစ်ရေကို ထိန်းချုပ်ရမည့် အခြေခံအချက်များကိုပါ လေ့လာမှတ်သားထားခဲ့သည်။ ယခုဘဝတွင် ရေထိန်းချုပ်မှုအတွက် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီးပြီဖြစ်၍ ယခင်ဘဝမှ အဖြစ်အပျက်များကို ပြောင်းပြန်လှန်နိုင်မည်ဟုတ်မဟုတ် သိချင်နေမိသည်။


မင်းမှုထမ်းများထဲတွင် နောက်ကွယ်မှ လျှို့ဝှက်ကြံစည်လိုသူများရှိနေသည်။ သူက ရှင်းလင်းစွာမမြင်ရသည့် မြူခိုးများကို ရင်ဆိုင်နေရပြီး သူ့အနောက်တည့်တည့်တွင်လည်း ချောက်ကမ်းပါးတစ်ခု ရှိနေပုံရသည်။


" ဘာဖြစ်လို့လဲ..."


အက်ရှရှ အသံတစ်သံက သူ့အတွေးများကို နှောင့်ယှက်လိုက်သည်။


ကျွင်းဟွိုင်လန် လှည့်ကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့မျက်မှာချင်းဆိုင်တွင် ခုံကို ပျင်းရိပျင်းတွဲမှီ၍ထိုင်နေပြီး လက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကိုင်ထားကာ သူ့ကိုကြည့်နေသည်။


ငါတစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးပဲ...


အကြောင်းအရင်းတချို့ကြောင့် ထိုပယင်း‌မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားချိန်တွင် သူ့ရင်ထဲ၌ တည်ငြိမ်လာသည်။


ယခုဘဝတွင်မူ ရွှယ်ယန်ရှိနေခဲ့သည်။


ရွှယ်ယန်က ယခင်ဘဝတွင် နောက်ဆုံးအောင်နိုင်သူဖြစ်ခဲ့သော်လည်း ယခုဘဝတွင် သူ့အသက်ကို ထပ်ခါထပ်ခါ ကယ်တင်ခဲ့၍ ကျွင်းဟွိုင်လန်၏ရင်ထဲမှ သူ့အပေါ် သံသယများက မြေပြင်ပေါ်သို့ တဖြည်းဖြည်း ကျဆင်းသွားခဲ့ပြီဖြစ်သည်။


သူ မပြောပြပဲ မနေနိုင်တော့ပေ။


" ဒီနှစ် ရာသီဥတုအခြေအနေကြောင့် သဘာဝဘေးအန္တရယ်တစ်ခုခုဖြစ်နိုင်တယ်လို့ တွေးနေမိတာပါ..."


အားလုံးကို သူ၏ပြန်လည်မွေးဖွားလာမှုအကြောင်း မပြောပြသင့်ကြောင်းသိသော်လည်း ဤတစ်ကြိမ်တွင် သူ၏အလိုလိုသိစိတ်၏ နှိုးဆော်မှုကြောင့် ရွှယ်ယန်နှင့် ထိုအကြောင်းကို ပြောချင်စိတ် ဖြစ်နေမိသည်။


ရွှယ်ယန်က မေးလိုက်သည်။


" ဒီကိစ္စကို စိုးရိမ်နေတာလား..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။

    

ရွှယ်ယန်က တုံ့ဆိုင်းမနေပဲ ထိုကိစ္စကို အရေးတယူဖြင့်‌ ပြန်ဖြေလိုက်သည်။


" ဘာမှ မခက်ခဲပါဘူး... မနက်ဖြန်တစ်ယောက်ယောက်ကိုလွှတ်ပြီး ကြည့်ခိုင်းလိုက်မယ်... တကယ်လို့ ဘေးအန္တရာယ်တစ်ခုခုဖြစ်လာမယ်ဆိုရင်တော့ တန်ရာတန်ကြေးပေးရမှာပဲ..."


ပုံမှန်အားဖြင့်ဆိုလျှင် ရွှယ်ယန်က ထိုသို့သောကိစ္စငယ်လေးများကို ဂရုမစိုက်ပေ။ မည်သူ့အိမ် ပျက်စီးသည်ဖြစ်စေ မည်သည့်လယ်ယာမြေများ ရေကြီးသွားသည်ဖြစ်စေ သူ့အမြင်တွင် ၎င်းတို့က တစ်ခဏတာအတွင်း မေ့ပျောက်သွားမည့် အရာများဖြစ်သည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က ထိုကိစ္စများအတွက် ပူပန်နေသည်ကို မကြည့်ရက်နိုင်ပေ။


ကျွင်းဟွိုင်လန်က ထိုစကားများကို ကြားသည့်အခါ ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ့မျက်နှာထက်မှ လေးနက်သည့်အမူအရာက လျော့မသွားခဲ့ပဲ ဆက်ပြောလာသည်။


" ပြီးတော့ ဒီနှစ်မှာ မကောင်းတာတစ်ခုခု ဖြစ်လာ‌တော့မယ်လို့ ထင်နေမိတယ်..."


ရွှယ်ယန် သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။


သားအဖနှစ်ယောက်လုံးက ဤကိစ္စကိုမပြောပြရပဲ အပြန်အလှန်နားလည်နေကြပုံပေါ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်တွင် ယုံနင်မြို့စားမင်းကလည်း ဤနှစ်၏ အပျက်အစီးများက ပုံမှန်မဟုတ်၍ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ပြီး မင်းကြီးထံလျှောက်တင်ရမည်ဟု ပြောလာခဲ့သည်။


ယနေ့တွင်လည်း ကျွင်းဟွိုင်လန်က သူ့ကို အလားတူကိစ္စကိုပင် ထပ်ပြောလာခဲ့သည်။


သူ့ပုံစံက ဤကိစ္စကို အလေးအနက်တွေးတောနေပုံရသည်။ ကျွင်းဟွိုင်လန်က အမြဲတစေ တည်ကြည်သည့် အမူအရာဖြင့်သာ နေတတ်သော်လည်း ယခုချိန်တွင် မျက်မှောင်ကြုတ်နေပြီး သူ့မျက်နှာထက်တွင် အပြုံးမရှိပေ။


ရွှယ်ယန် သူ့လက်ထဲမှစာအုပ်ကို ချထားလိုက်သည်။


" စိတ်မပူပါနဲ့... သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်လာရင်တောင် ငါ ဒီနေရာမှာ ရှိနေတာပဲလေ..."


၎င်းက ရိုးစင်းသည့် စကားတစ်ခွန်းသာဖြစ်သော်လည်း ထိုစကားထဲမှ လေးနက်မှုများကို ကျွင်းဟွိုင်လန် ကြားနိုင်သည်။


သူ ချန်အန်းမှ မထွက်ခွာလာမီ နောက်ဆုံးအကြိမ်က ရွှယ်ယန်ပြောခဲ့သည့်စကားများကို ပြန်မှတ်မိလာသည်။


"အံ့အားသင့်စရာတွေ ရှိတော့မှာ မဟုတ်ပါဘူး" ဟု ထိုအချိန်က ပြောခဲ့သည်။


ထို့နောက် တစ်နှစ်အကြာတွင် ဤနေရာသို့ တိတ်တဆိတ် ရောက်လာခဲ့သည်။


ယခုဘဝတွင်မူ သူယခုချိန်ထိ သတိထားမိသည့်အရာတစ်ခုရှိသည်။ ထိုအရာမှာ ရွှယ်ယန်က စကားနည်းသူတစ်ယောက်ဖြစ်ပြီး အမြဲငြိမ်နေတတ်သူ ဖြစ်သည့်အကြောင်းပင်။ သို့ရာတွင် သူတစ်ခုခုပြောလိုက်သည်နှင့် ထိုအရာက ကတိတစ်ခု ဖြစ်နေခဲ့လျှင် ထိုကတိကို သေချာပေါက်တည်အောင်လုပ်သည်။


ကျွင်းဟွိုင်လန်၏ရင်ထဲတွင် အမျိုးအမည်ဖော်ပြ၍ မရနိုင်သည့် ခံစားချက်တစ်မျိုးဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် နှလုံးခုန်မြန်ဆန်လာသည်။


သူ ရွှယ်ယန့်ကိုသာကြည့်နေပြီး ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။


ရွှယ်ယန် အချိန်အတန်ကြာသည်အထိ စောင့်နေသော်လည်း သူ့ထံမှ တုံ့ပြန်မှုကို မရ၍ မျက်ခုံးပင့်ပြီး မေးလိုက်သည်။


" ဘာလို့လဲ ငါ့ကို မယုံလို့လား..."


ကျွင်းဟွိုင်လန် အသိစိတ်ပြန်ကပ်သွားပြီးနောက် မျက်တောင်တစ်ချက်ခတ်၍ နူးညံ့စွာပြုံးပြလိုက်သည်။


ထိုအပြုံးထဲတွင် စိတ်သက်သာရာရမှုများ ပါဝင်နေသည်။


" ကျွန်တော်ယုံပါတယ်... အရှင် ဒီမှာရှိနေတော့ စိတ်အေးရပါတယ်..." 


ကျွင်းဟွိုင်လန်က ပြုံးလျက်နှင့်ပြောလိုက်သည်။


ဤစကားကို သူ့စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။


ရွှယ်ယန်က မည်မျှထူးချွန်သူဖြစ်ပြီး အနာဂတ်တွင်လည်း အာဏာရှိမည့်လူတစ်ယောက်ဖြစ်လာကာ အဆုံးထိ အသက်ရှင်နေမည့်လူတစ်ယောက်ဖြစ်ကြောင်းကို သူသိထားသောကြောင့်ပင်။


Xxxxx