အပိုင်း ၈၆
Viewers 15k

Chapter 86


ရွှယ်ယန် အခန်းထဲ ပြန်ရောက်သည့်အခါ စာကြည့်ခန်းကိုသွားပြီး ယနေ့ ရေကာတာကိုထိန်းသိမ်းရန်အတွက် စုံစမ်းရရှိခဲ့သည့် အချက်များကို ပြန်လည်ကြည့်ရှု့နေသည်။ ထို့အပြင် သူ့စားပွဲရောက်နေသည့် စာရွက်စာတမ်းအချို့လည်း ရှိနေသည်။ ဤနေရာသို့ သူ မရောက်ရှိလာမီက ရာထူးအမြင့်ဆုံးလူက မြို့စားမင်းယုံနင်ဖြစ်ပြီး ယခု သူရောက်ရှိလာချိန်တွင် အရေးကြီးစာရွက်စာတမ်းများကို သူ့ထံပို့ရသည်မှာ သဘာဝဖြစ်သည်။


ရွှယ်ယန်က ထိုကိစ္စများနှင့် အသားကျနေပြီဖြစ်၍ ထိုကိစ္စ အသေးအဖွဲ့များကသူ့အတွက် လွယ်ကူလွန်းလှသည်။


အပြင်ဘက်တွင်လည်း မိုးက ဖြည်းဖြည်းမှန်မှန်ရွာနေဆဲဖြစ်ပြီး ညအချိန်ရောက်သည်အထိ မရပ်တန့်ခဲ့ပေ။ 


ထိုအချိန်တွင် သူ့စာကြည့်ခန်းထဲ၌ ကြောင်အော်သံတစ်သံ ကြားလိုက်ရသည်။

    

ရွှယ်ယန် လှမ်းကြည့်လိုက်သည့်အခါ ထိုကြောင်ပေါက်လေးက သူ့အခန်းထဲသို့ တစ်နေရာမှ ခိုးဝင်လာပုံရသည်။ သူအလုပ်လုပ်နေချိန်တွင် မည်သူမျှ အသံမထွက်ရဲသော်လည်း ယနေ့မှရောက်လာသည့် အကောင်ပေါက်စလေးက ဘာမှမဟုတ်သကဲ့သို့ တမြောင်မြောင် အော်ဟစ်နေသည်။


ရွှယ်ယန် ထိုကြောင်လေးကို ကြည့်နေသည်။


မိုးရေများစိုရွှဲပြီး တုန်ယင်နေခဲ့သည့်ကြောင်ပေါက်လေးက ယခုချိန်တွင် အမွေးများခြောက်သွေ့သွားပြီး သန့်ပြန့်နေပြီဖြစ်သည်။ ၎င်းက အခန်းပတ်ပတ်လည်ကို ဟိုဟိုသည်သည်လျှောက်ကြည့်နေပြီးသည့်နောက် ရွှယ်ယန်၏ စားပွဲပေါ်သို့ ခုန်တက်လာသည်။


ရွှယ်ယန်က မျက်ခုံးပင့်ထားပြီး ကြည့်ရုံသာကြည့်နေသည်။


မျက်နှာသာပေးခံရလျှင် လူသားများသာ ဘဝင်မြင့်တတ်ခြင်းမဟုတ်ပဲ ဤကဲ့သို့သော အကောင်ပေါက်လေးများပါ မာနကြီးလာတတ်သည့်ပုံပေါ်သည်။ ကျွင်းဟွိုင်လန်၏ မျက်နှာသာပေးမှုကြောင့် သူက ဤနေရာကို သူ့ပိုင်နက်ကဲ့သို့ သဘောထားလိုက်ပြီး လျှောက်သွားနေသည်။


ရွှယ်ယန် သူ့လက်ထဲမှစုတ်တံကိုချလိုက်ပြီးနောက် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ကာ‌ ထိုကြောင်လေးကို ဂုတ်မှ ဆွဲမ'လိုက်ကာ သူ့ရှေ့သို့ခေါ်လာသည်။


တမြောင်မြောင်အသံဖြင့် ကြောင်လေးက ရွှယ်ယန့်လက်ထဲ ရောက်လာသည်။


ရွှယ်ယန့်အိမ်တော်မှ အစေခံများက ဤအမွေးတဖွားဖွားနှင့် ရက်ကွန်းကဲ့သို့သော သတ္တဝါလေးကို ချစ်ကြသည်။ အိမ်တော်သို့ ခေါ်ဆောင်လာချိန်တည်းကာအားလုံးက ဂရုတစိုက်နှင့် ပွတ်သပ်ကိုင်တွယ်ကြသည်။ ရွှယ်ယန်တစ်ယောက်တည်းကသာ သူ့ကိုချစ်ခင်ကြင်နာခြင်းမရှိပဲ ဂုတ်မှဆွဲနေခြင်းဖြစ်သည်။

    

ကြောင်ပေါက်စလေးက နေရခက်လာ၍ တမြောင်မြောင် အော်ဟစ်နေသည်။


ရွှယ်ယန်က သူ့ကိုလက်တစ်ဖက်တည်းဖြင့်ကိုင်ထားပြီး အေးစက်စွာဖြင့် ခြေဆုံးခေါင်းဆုံးကြည့်နေသည်။


ဒီဟာလေးက ဘာမှလည်း မထူးဆန်းပါဘူး...

ရွှယ်ယန်က သူ့ကို မတုန်မလှုပ်ဖြင့်ကြည့်နေလျက် စိတ်ထဲတွင် တွေးနေမိသည်။ ကျွင်းဟွိုင်လန်က စိတ်ထားကောင်းလွန်း၍ ထိုသတ္တဝါလေး မိုးရေစိုနေမည်ကို မကြည့်ရက်ခြင်းဟုသာ တွေးလိုက်သည်။


ထိုအကြောင်းကို တွေးမိသည့်အခါ ရွှယ်ယန် ပြုံးလိုက်မိသည်။


ထိုအချိန်တွင် ကျင်းပေါင်က တံခါးဖွင့်ပြီး အမောတကောဖြင့် ပြေးဝင်လာချိန်တွင် ထိုကဲ့သို့သောမြင်ကွင်းကို တွေ့လိုက်ရသည်။


သူ့သခင်က စားပွဲတွင်ထိုင်နေသော်လည်း အလုပ်တွင်အာရုံစိုက်နေခြင်းမဟုတ်ပဲ ကြောင်လေးကိုကိုင်ထားပြီး အထင်အမြင်သေးသည့် အပြုံးဖြင့် ပြုံးနေသည်။


ကြောင်လေးမှာ အန္တရာယ်ကို အာရုံခံမိ၍ အဆက်မပြတ်အော်ဟစ်နေသည်။ သို့ရာတွင် ဤကြောင်လေးမည်မျှအော်ဟစ်နေပါစေ တစ်ဖက်က သနားခြင်းမရှိ၍ မြင်ကွင်းက ထူးဆန်းနေသည်။


ကျင်းပေါင် တံတွေးမျိုချလိုက်မိသည်။


" ဘာဖြစ်လို့လဲ..."


ရွှယ်ယန်က ခေါင်းမော့ကြည့်လိုက်ပြီး သူ့မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားပြီဖြစ်သည်။


ထိုအခါမှသာ ကျင်းပေါင်က အသိစိတ်ပြန်ဝင်လာပြီး သူ့လက်ထဲမှစာကို ရွှယ်ယန့်စားပွဲပေါ် တင်လိုက်သည်။


" သခင့်ကို လျှောက်တင်ပါတယ်... သွမ့်ရှီးရှီး ပြန်ရောက်လာပါပြီ..."


ရွှယ်ယန်က ကြောင်လေးကို စားပွဲပေါ် ပြန်တင်ထားလိုက်သည်။


ကြောင်လေးက ဒယိမ်းဒယိုင်ဖြင့် မှင်တုံးပေါ်တက်နင်းလိုက်မိသည်။ ၎င်းက ကြောက်လန့်တကြားခုန်သွား၍ ရွှယ်ယန်၏ စားပွဲပေါ်မှ လျှို့ဝှက်စာ အသစ်စက်စက်ပေါ်တွင် ခြေဖဝါးရာများထင်ကုန်သည်။


ရွှယ်ယန် ခေါင်းမော့ပြီး ကျင်းပေါင်ကိုကြည့်လိုက်သည်။


ကျင်းပေါင်က သဘောပေါက်သွားပြီး ရှေ့သို့အမြန်ရောက်လာကာ ကြောင်လေးကို ဖက်ထားလိုက်သည်။


" ငါ့ စာကြည့်ခန်းထဲကို မဝင်စေနဲ့တော့..."

ရွှယ်ယန်က မျက်လွှာချလျက် လျှို့ဝှက်စာကိုယူပြီး ပြောလိုက်သည်။    


" အပြင်ထွက်တော့..."


ကျင်းပေါင်က ကြောင်ပေါက်လေးကိုခေါ်ပြီး အမြန်ထွက်သွားသည်။


ရွှယ်ယန်က စာအိတ်ထဲမှစာကို ထုတ်ယူလိုက်သည်။ သူ ဤနေရာသို့မရောက်ခင်တစ်ရက်တွင် သွမ့်ရှီးရှီးက ကျင်းလင်မှ လက်ရှိအခြေအနေများကို စုံစမ်းစစ်ဆေးခိုင်းခဲ့သည်။ ထိုကောင်လေးက တုန်းချန်မှရောက်ရှိလာသူ ပီသပေသည်။ သူ့ကို ကျင်းယီဝေ့များထက် ပိုအသုံးပြုနိုင်၍ နှစ်ရက်အတွင်းမှာပင် သတင်းပြန်ရောက်လာသည်။


စာက အပိုအလိုမရှိ လိုရင်တိုရှင်းသာ ရေးထားခြင်းဖြစ်သည်။ ကျင်းလင်မှ အရေးကြီးသောအမှုထမ်းများ၏ နာမည်စာရင်းသာ ပါရှိသည်။


စုံစမ်းစစ်ဆေးပြီးနောက် ရရှိလာသည့်သတင်းများက လွန်ခဲ့သည့်နှစ်ရက် သူစုံစမ်းခဲ့စဉ်က အကြောင်းအရာများနှင့် ဆင်‌တူနေသည်။ ကျင်းလင်မှ ကျောင်းသားခေါင်းဆောင်များတွင်လည်း ပြဿနာမရှိသကဲ့သို့ မြို့စားမင်းယုံနင်၏ နောက်လိုက်အများစုမှ နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြသည့်လူများဖြစ်သည်။


သူ့မျက်လုံးများက နာမည်တစ်ခုအပေါ် ကျရောက်သွားသည်။


ကောရုန်ဝမ်...


ထိုလူကလည်း နန်းတွင်းစာမေးပွဲမှတစ်ဆင့် အမှုထမ်းဖြစ်လာခဲ့သူဖြစ်ပြီး မြို့စားမင်းယုံနင်နှင့် နာမည်စာရင်းတစ်ခုထဲတွင် ပါဝင်နေကာ ယခုချိန်၌ ပြည်တွင်းရေးဌာနတွင် အမှုထမ်းလုပ်ကိုင်နေသူဖြစ်သည်။


သူ ယခင်က မြို့စားမင်းယုံနင်နှင့် ဆက်နွယ်မှုရှိခဲ့သူတစ်ယောက်ဖြစ်သည်။  ယခင်က ချန်အန်းတွင် နန်းတွင်းစာမေးပွဲဖြေဆိုရန်အတွက် လင်းနန်မှ တစ်ယောက်တည်း ရောက်ရှိလာခဲ့သူဖြစ်သည်။ သူ့မိသားစုက ဆင်းရဲနွမ်းပါးလွန်းလှသည်။ ချန်အန်းကို ရောက်ရှိခဲ့စဉ်က အခြားလူများအတွက် စာရေးပေးပြီး စုတ်တံ၊ မှင်၊ စာရွက်တို့ကို လဲလှယ်ယူခဲ့ရသည်။

    

သို့ရာတွင် မြို့စားမင်းယုံနင်က သူ့ကို ထောက်ပံ့ပေးပြီး မြို့စားမင်းအိမ်တော်တွင် နေစရာပေးခဲ့သည်။ နောက်ပိုင်းတွင် သူ့နာမည်က ရွှေရောင်စာရင်းထဲပါလာကာ အမှုထမ်းဖြစ်ခွင့်ရလာခဲ့သည်။


သို့ဖြစ်၍ ကောရုန်ဝမ်နှင့် မြို့စားမင်းယုံနင်က အမြဲတစေ ဆက်ဆံရေးကောင်းမွန်လှသည်။ မြို့စားမင်းယုံနင်က ဤနှစ်ပိုင်းအတွင်းတွင် ထင်ပေါ်ကျော်ကြားခြင်းမရှိခဲ့ပဲ မည်သူကမှ သူ့ကို ဂရုမစိုက်ခဲ့သော်လည်း ကောရုန်ဝမ်နှင့်သူက မိတ်ဆွေကောင်းများ ဖြစ်နေဆဲပင်။


ဤလူက စိတ်ချရသည့်လူကောင်းတစ်ယောက်ဟု ထင်ရ‌ပေသည်။ ဤတစ်ကြိမ်တောင်ပိုင်းသို့ ရောက်လာခဲ့စဉ်ကလည်း ကျင်းလင်အိမ်တော်၏ ကိစ္စဝဝကို သူ့ထံတွင်သာ စိတ်ချလက်ချ အပ်နှံထားခဲ့သည်။


သူနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းနေခြင်းလည်း မရှိပေ။ 


သို့‌ရာတွင် ရွှယ်ယန်၏ အကြည့်များက စာကြောင်းတစ်ကြောင်းအပေါ် ကျရောက်သွားခဲ့သည်။


သူ ကျင်းလင်သို့ ရောက်မလာမီ တစ်ပတ်ကျော်အလိုတွင် ကောရုန်ဝမ်က ဝမ်အန်းစားသောက်ဆိုင်တွင် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူက ထိုလူအတွက် မတန်တဆပေးရသည့် ဝိုင်တစ်မျိုး ဝယ်ပေးခဲ့ပြီး ဂေရှားမယ်တစ်ယောက်ကိုခေါ်၍ ထိုလူ၏အိမ်တော်သို့ ပို့ဆောင်ပေးခဲ့သည်။


ထိုအိမ်တော်က ရှုမိသားစုမှ သခင်လေးနေထိုင်ရာအိမ်ဖြစ်သည်။ ထိုသခင်လေးရှုဆိုသူက အရှေ့ဘက်ရေကန်တွင် စုရှောင်ချမ့်ကိုကယ်တင်ချိန်၌ ကျွင်းဟွိုင်လန်ကို ဒုက္ခပေးခဲ့ပြီး ရှန်းလျှိုဖုန်းကို  ရေကန်ထဲပစ်ချခဲ့သည့်လူဖြစ်သည်။


ထို ရှုမိသားစုကလည်း အခြားမဟုတ်ပဲ ချန်အန်းတွင် ရာထူးကြီးအမတ်ဖြစ်သော ရှုရှန့်၏ မိသားစုဖြစ်သည်။

( T/N - ရှုရှန့်က ယီကျဲယွီရဲ့အဖေ မင်းသား၄ရဲ့အဖိုးပါ )


သူက ရှုရှန့်၏သားအကြီးဆုံးဖြစ်ကာ ငယ်စဉ်ကတည်းက ချူချာခဲ့သူဖြစ်၍ အိမ်တော်၏အနောက်ဘက်ဆောင်တွင်သာ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး တစ်ကြိမ်တစ်ခါမှ အပြင်မထွက်ခဲ့ပေ။ ထို့နောက်တွင် လှည့်လည်သွားလာနေသည့် တာအိုပညာရှင်ဖြစ်သူတစ်ယောက်က ချန်အန်းသို့ရောက်လာပြီး သူ့အတွက် ဆေးညွှန်းတစ်ခု ရေးပေးခဲ့သည်။ ၇နှစ် ၈နှစ်ခန့် ထိုဆေးကို သောက်သုံးပြီးသည့်အခါ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့သည်။


သို့သော်လည်း ထိုတာအိုပညာရှင်က ဆေးညွှန်းရေးပေးပြီး နှစ်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့၍ သူ၏တပည့်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ဆရာဖြစ်သူ၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန်အတွက် ရှုရှန့်က ထိုတပည့်ကို ချင်ထျန်ကျန့်သို့ ပို့ဆောင်ပေးခဲ့သည်။


ထိုလူက ယီကျဲယွီနှင့် ဖောက်ပြန်ခဲ့သည့် လင်းထိုက်လန်ဖြစ်သည်။


နာမကျန်းဖြစ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးသည့်နောက်တွင် ငယ်စဥ်ကတည်းက အလိုလိုက်ခံခဲ့ရသည့် သခင်လေးကို အနောက်ဆောင်တွင် မထားတော့ပေ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထိုသခင်လေးက နေရာအနှံ့ ခရီးလှည့်လည်သွားလာခဲ့ပြီး ဤတစ်ကြိမ်တွင်မူ ကျင်းလင်သို့ရောက်ရှိလာခဲ့ပုံပေါ်သည်။

    

အဲ့တော့ ဒီမှာရောက်နေတာပေါ့...

    

ရွှယ်ယန်က ထိုစာကြောင်းများကိုကြည့်၍ ခဏတာအတွေးနက်နဲနေပြီးနောက် အပြုံးဖျော့ဖျော့ဖြင့် ပြုံးလိုက်သည်။


" သွမ့်ရှီးရှီး..."


အမှောင်ထဲမှ အရိပ်တစ်ခုထွက်ပေါ်လာသည်။

" ငယ်သား ရှိပါတယ်..."


ရွှယ်ယန် မျက်ဆံလှန်၍ မေးလိုက်သည်။

" ဟိုတစ်နေ့က ခေါ်လာတဲ့ အစေခံကောင်မလေးက အရင်တုန်းက ဘယ်မှာသီချင်းဆိုတာလဲ..."


သွမ့်ရှီးရှီးက အရိုအသေပြု၍ ပြန်ဖြေလိုက်သည်။

" ဝမ်အန်းစားသောက်ဆိုင်မှာပါ... ကောရုန်ဝမ် အဲဒီကိုသွားတဲ့တစ်ရက်မှာပဲ သူနဲ့ ရှုစုန့်အန်း ပြဿနာတက်ကြတာပါ..."


ရွှယ်ယန်၏အပြုံးက နက်နဲသွားသည်။


ဒါဆိုရင်တော့ ကျိုးကြောင်းဆီလျော်သွားပြီ...


အကယ်၍ ကောရုန်ဝမ်က ဘာမှမလုပ်ရသေးလျှင်ပင် သူက မြို့စားမင်းယုံနင်အနားတွင်ရှိနေစဉ် ရှုမိသားစုက ဖားလျားနေရသည့် အကြောင်းအရင်းက တစ်ခုသာရှိသည်။


ရှုမိသားစုက သူ့ကို တစ်ခုခုလုပ်ပေးရန် လာဘ်ထိုးထားခြင်း ဖြစ်လိမ့်မည်။


မည်သည့်ကိစ္စများ ဖြစ်လာမည်ကို ရွှယ်ယန် လုံးဝဂရုမစိုက်ပေ။ သူ လုပ်စရာရှိသည်က ထိုလူအမှားအယွင်းလုပ်ပြီး သူ့သခင်လေးကို ပြဿနာရှာမိမည့်အချိန်ကို စောင့်ဆိုင်းနေရုံဖြစ်သည်။


" သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်ထား... ရှုစုန့်အန်းကို ပြဿနာနည်းနည်းပေးပြီး ငွေပြတ်အောင်လုပ်လိုက်..."


ရွှယ်ယန် အမိန့်ပေးလိုက်သည်။


ထို့နောက် သွမ့်ရှီးရှီးကိုကြည့်ကာ ဆက်ပြောလိုက်သည်။


" တကယ်လို့ သူကိုယ်တိုင် ကောရုန်ဝမ်ဆီကိုသွားတယ်ဆိုရင်လည်း မတားနဲ့... ကောရုန်ဝမ်က ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်နေတယ်ဆိုရင်လည်း လုပ်ခိုင်းလိုက်..."


စကားပြောနေစဉ်မှာပင် သူ့အကြည့်ကို ပြန်လွှဲလိုက်သည်။ 


" သူ ငွေစာရင်းထဲက ငွေတွေကို ထုတ်နေတယ်ဆိုရင် ပြည့်တန်ဆာအိမ်တစ်ခုကိုသွား... ဧည့်သည်များများလက်မခံရတဲ့ မိန်းကလေးတစ်ယောက်ကို နောက်ကနေ ငွေကြေးထောက်ပံ့ပေးပြီး အထက်တန်းစားပြည့်တန်ဆာ ဖြစ်အောင်လုပ်ပေးလိုက်... သူ ကျင်းလင်မှာ နာမည်ကြီးလာပြီဆိုရင် ရှုစုန့်အန်းရဲ့လှုပ်ရှားမှုတွေကို သူ့ဆီကနေတစ်ဆင့် စုံစမ်းလို့ရပြီ..."


သွမ့်ရှီးရှီးက အမိန့်နာခံပြီးနောက် ထွက်သွားရန်ပြင်နေသည်။


ထိုအချိန်တွင် ရွှယ်ယန်က သွမ့်ရှီးရှီးကို ရုတ်တရက်မေးလိုက်သည်။


" မင်း သွမ့်ချုံးကိုမုန်းလား..."

( T/N - သွမ့်ချုံး = တုန်းချန်၏ အုပ်ချုပ်သူ )


သွမ့်ရှီးရှီးက ပထမဆုံးအကြိမ်အဖြစ် ရွှယ်ယန်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။


အညိုရောင်မျက်ဝန်းများက တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း မျက်ဝန်း၏ အောက်ခြေတွင် ဖုံးကွယ်ထားသည့် တစ်စုံတစ်ရာရှိနေသည်။


သူ စကားမပြောပေ။


သူ၏ အမူအရာကို ရွှယ်ယန့်ထက်ပိုပြီး ကျွမ်းဝင်သူ မရှိတော့ပေ။

   

သွမ့်ချုံးက ခွေးတစ်ကောင်ကိုသာ ပျိုးထောင်ပေးချင်ခဲ့သူဖြစ်၍ သူ့ကိုလက်နက်သဖွယ်သဘောထားကာ လူသားတစ်ယောက်အဖြစ် မဆက်ဆံခဲ့ပေ။


သွမ့်ရှီးရှီးက အသုံးချရလွယ်ကူသူတစ်ယောက်ဖြစ်သော်လည်း မည်သို့အမြီးယမ်းရမည်မသိသော ခွေးတစ်ကောင်ဖြစ်သည်။ သူက နာခံတတ်သော်လည်း ဝံပုလွေရိုင်းတစ်ကောင်သာဖြစ်သည်။


ထို့အပြင် သွမ့်ရှီးရှီး၏မိဘများကို သတ်ခဲ့သည့်ရန်သူက သွမ့်ချုံးကိုယ်တိုင်ဖြစ်သည်ကို သွမ့်ရှီးရှီးမသိဟု ထင်နေခဲ့သည်။


ရွှယ်ယန်က သွမ့်ရှီးရှီး၏ တွန့်ဆုတ်ခြင်းမရှိသည့် အကြည့်ကို မြင်တွေ့သည့်အခါ နှုတ်ခမ်းများ တွန့်ကွေးလာသည်။


" ငါ့ ကိစ္စတွေလုပ်ပေးပြီးသွားရင် သူ့ကိုသတ်ဖို့အခွင့်အရေးပေးမယ်..."


သွမ့်ရှီးရှီးက အသံတစ်သံမှမထွက်ပေ။ ရွှယ်ယန့်ကို အရိုအသေပြုပြီးသည့်နောက် အမှောင်ထဲ ဝင်ရောက်သွားသည်။


ရွှယ်ယန်က ထိုစကားများကို ပြောခဲ့သူမှာ သူမဟုတ်သကဲ့သို့ အကြည့်ပြတ်လွှဲလိုက်ပြီး လျှို့ဝှက်စာကို မီးအိမ်ပေါ်တွင် ပြာဖြစ်သည်အထိ မီးရှို့လိုက်သည်။


သွမ့်ရှီးရှီးက သူ၏‌ကမ်းလှမ်းချက်ကို လက်ခံမည်ကိုသိသည်။

    

အခန်းထဲတွင် လူနှစ်ယောက်ရှိသော်လည်း အပ်ကျသံမကြားရအောင်ပင် တိတ်ဆိတ်နေသည်။    


ထိုအချိန်တွင် တံခါးကို နောက်တစ်ကြိမ် တွန်းဖွင့်သံ ကြားလိုက်ရပြန်သည်။


ထိုလူက ကျင်းပေါင်ဖြစ်ကြောင်းသိ၍ ရွှယ်ယန်က မျက်မှောင်ကြုတ်ပြီး စိတ်မရှည် လက်မရှည်ဖြင့် မေးလိုက်သည်။


" ဘာဖြစ်ပြန်တာလဲ..."


ကျန်ရှိနေသောစာကို မီးအိမ်ထဲ အားလုံးပစ်ထည့်လိုက်သည်။


ကျင်းပေါင်က အလျင်စလိုပင် ပြန်ဖြေလိုက်သည်။


" အရှင့်ကို လျှောက်တင်ပါတယ်... အရှေ့ဘက်က သခင်လေးတို့ရဲ့ အိမ်တော်က အုတ်ကြွပ်မိုးတွေက မိုးများလွန်းတော့ အကုန်ပါသွားပါတယ်... ပင်မအိမ်တော်ကလည်း အခုချိန် မိုးရေတွေယိုကုန်တော့ နေလို့မရတော့ပါဘူး..."


ရွှယ်ယန်၏ မျက်လုံးများက မီးအိမ်မှ အကြည့်လွှဲလိုက်ပြီးနောက် ချက်ချင်းမတ်တပ်ထရပ်လာသည်။

" ငါ သွားကြည့်မယ်..."


ပြောပြောဆိုဆိုဖြင့် ကျင်းပေါင်ကိုဖြတ်‌ပြီး စာကြည့်ခန်းထဲမှ ထွက်သွားသည်။


ယခုချိန်တွင် သူ့မျက်နှာထက်မှ တည်ငြိမ်မှုနှင့် အုံ့မှိုင်းမှိုင်းအမူအရာများ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

   


Xxxxxx