အပိုင်း ၈၅
Viewers 15k

Chapter 85


ကျွင်းဟွိုင်လန်ခေါင်းမော့ပြီး သူ့ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။


အေးစက်၍ တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းများထဲတွင် မရှောင်လွှဲနိုင်သည့် ရန်လိုမှုများ ရှိနေသည်။

    

ဤရနံ့က ဘုရားကျောင်းများတွင် ရတတ်သည့်ရနံ့မျိုးဖြစ်သော်လည်း ရွှယ်ယန်၏ခန္ဓာကိုယ်မှ ရနေသည့်အခါတွင်လည်း စည်းချက်မညီ မဖြစ်နေပေ။

   

ထိုအချိန်တွင် ရွှယ်ယန်က လက်မြှောက်၍ သူ့ပခုံးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ သူ့ဘက်ရောက်အောင် ဆွဲလိုက်သည်။


စန္ဒကူးရနံ့ဖျော့ဖျော့လေးက သူ့ကိုလွှမ်းခြုံသွားသည်။


" ဂရုစိုက်ပါ ထီးအောက်က မထွက်နဲ့..."

ရွှယ်ယန်က ပြောလိုက်သည်။


ကျွင်းဟွိုင်လန်လည်း ထိုအခါမှ သူ ငေးငိုင်နေမိကြောင်း သဘောပေါက်သွားသည်။


အနည်းငယ် နေရခက်သွား၍ ချောင်းဟန့်ကာ မေးလိုက်သည်။


" အရှင် ဒီနေ့ဘာလို့ ဒီနေရာကို ရောက်လာတာလဲ..."


ရွှယ်ယန်က သူ့ရှေ့မှလမ်းကိုသာကြည့်နေပြီး မျက်လုံးများမလှုပ်ရှားပဲ ဖြေလိုက်သည်။


" ဒီတိုင်း လမ်းကြုံလို့ဝင်လာတာ..."


ဒါ...


ဆည်ကနေ အိမ်ကို သူအကြိမ်ပေါင်းများစွာ ပြန်လာခဲ့ဖူးပါတယ်... ဘယ်လမ်းကနေဖြစ်ဖြစ် လင်းကျန်း‌ကျောင်းတော်နဲ့တော့ ဘယ်နေရာကမှ လမ်းမကြုံဘူးလေ...

    

သူ ရွှယ်ယန့်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သော်လည်း ရွှယ်ယန်က တိတ်ဆိတ်နေသည်။


ကျွင်းဟွိုင်လန် အကြည့်ပြန်လွှဲလိုက်သည်။


အနောက်မှလျှောက်လာသည့်ကျင်းပေါင်က သက်ပြင်းခပ်ဖွဖွချလိုက်သည်။


" ဘာဖြစ်လို့လဲ..."

သူ့ဘေးမှ ဖုရိက အသံတိုးတိုးဖြင့် မေးလိုက်သည်။


ကျင်းပေါင် ခေါင်းခါလိုက်ပြီး ဘာမှ ပြန်မဖြေပေ။ 


သူ့သခင်က ကောင်းကောင်းဖုံးကွယ်ထားတယ်လို့ ထင်နေပေမယ့် နောက်ကနေကြည့်မယ်ဆိုရင် သူ့ကျောက တောင့်တောင့်ကြီးဖြစ်နေတာ သူ မသိဘူးထင်တယ်...


ရန်သူတစ်ယောက်ကို ရင်ဆိုင်လိုက်ရသကဲ့သို့ ပခုံးများကလည်း ခပ်မတ်မတ်ဖြစ်နေကာ တစ်ဖက်လူ၏ပခုံးကို လှမ်းဆွဲလိုက်သည့်လက်များကလည်း မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်သည့်ပုံပေါ်နေသည်။

 

သူ့ရင်ခွင်ထဲတွင် တန်းဖိုးကြီးလှသည့် ရတနာလေးကို ဖွက်ထားသည်နှင့်ပင် တူနေသည်။

    

   ——


 

မြင်းလှည်းပေါ်သို့ ရောက်ပြီးချိန်တွင် ပြတင်းပေါက်ကို လိုက်ကာဖြင့်ပိတ်ထား၍ အပြင်ဘက်တွင် ဆူညံစွာရွာသွန်းနေသော မိုးသံများက တဖြည်းဖြည်းတိတ်ဆိတ်သွားသည်။


သက်ပြင်းခပ်ဖွဖွချလိုက်ပြီးနောက် သူ့အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။


မည်မျှဂရုစိုက်၍ လမ်းလျှောက်လာခဲ့သည်ဖြစ်စေ ‌ဖိနပ်နှင့် ခြေအိတ်များ မိုးစိုလာခဲ့သည်။‌ ယခုချိန်တွက် ၎င်းတို့က ရေစိုပြီး ခန္ဓာကိုယ်နှင့်ကပ်နေ၍ နေရထိုင်ရ စိတ်မသက်မသာဖြစ်နေသည်။


ထိုအချိန်တွင် ရွှယ်ယန်၏အဝတ်အစားများကို သူ့မျက်လုံးထောင့်မှ‌ မြင်လိုက်ရသည်။


၎င်းက အနက်ရောင်ပိုးထည်ဖြစ်၍ သာမန်ဝတ်စုံများကဲ့သို့ ရှင်းလင်းစွာ မမြင်ရသော်လည်း သူ့အဝတ်အစားများက လုံးဝပင် ရွှဲရွှဲစိုနေသည်။


ရွှယ်ယန်ကိုလှမ်းကြည့်လိုက်သည့်အခါ သူက ပြတင်းပေါက်ဘေးတွင် တိတ်ဆိတ်စွာထိုင်နေပြီး အပြင်ဘက်ကိုသာကြည့်နေသည်။


သူ့ဝတ်ရုံက ပခုံးမှ ရင်ဘတ်နားအထိ စိုရွှဲနေပြီး အောက်အနားမှ နေရာလေးသာ ခြောက်နေသည်။


ကျွင်းဟွိုင်လန် ထိတ်လန့်သွားရသည်။


ဤမျှသည်းထန်စွာ ရွာသွန်းနေသည့် မိုးရေထဲတွင် သူ့အဝတ်အစားများ မစိုရွှဲလာခြင်းကို သတိရလိုက်သည်။


ရွှယ်ယန်က သူလှမ်းကြည့်နေသည်ကိုသိ၍ တစ်ဖက်သို့လှည့်ကာ မေးလိုက်သည်။


" ဘာဖြစ်လို့လဲ..."


ကျွင်းဟွိုင်လန်က မမျှော်လင့်ထားပဲ သူ၏ရေစိုနေသောပခုံးများကို ထိလိုက်သည်။


သူ ထင်သည့်အတိုင်းပင် အဝတ်အစားများက အေးစက်စိုရွှဲနေပြီး အသားနှင့်ကပ်နေသည်။ ရေစို နေသည့် အဝတ်အစားများမှတစ်ဆင့် သူ၏တောင့်တင်းနေသောခန္ဓာကိုယ်မှ အပူငွေ့များထုတ်နေသည်ကို ခံစားမိလာသည်။


ကျွင်းဟွိုင်လန်က အပူလောင်သွားသကဲ့သို့ သူ့လက်ကို ပြန်ရုတ်လိုက်သည်။


ထိုအခါမှ ရွှယ်ယန်က အသိစိတ်ပြန်ကပ်သွားပြီး သူကြည့်နေသည့်အရာကို မြင်သွားသည်။

  

၎င်းကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။ သူ ယနေ့ရောက်လာရခြင်းမှာ  ကျွင်းဟွိုင်လန်မိုးမိသွားမည်ကိုစိုးရိမ်၍ဖြစ်ပြီး တစ်လမ်းလုံးလည်း သူ့ကိုသာ ထီးမိုးပေးခဲ့သည်။


ထို့အပြင် လမ်းလျှောက်လာစဉ်အချိန်ကလည်း။သူတို့နှစ်ယောက်က အလွန်နီးကပ်နေခဲ့၍ မိုးရွာသည်မဆိုနှင့် ကောင်းကင်ပေါ်မှ ဓားမိုးများရွာချလိုက်သည်ပင်  သူ နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။


" အဆင်ပြေပါတယ်..."


ရွှယ်ယန် အကြည့်လွှဲလိုက်သည်။ သူ့ပခုံးကိုလာထိသော လက်တစ်ဖက်ကြောင့် သူ့ရင်ခုန်သံက ထိန်းမနိုင်သိမ်းမရဖြစ်သွားခဲ့မိသည်။


" မိုးရွာနေတာဆိုတော့ အဝတ်ရေမစိုပဲ ရှိပါ့မလား..."


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် တွေးနေမိသည်။

ငါကျတော့ မစိုလာဘူးလေ...


သို့သော်လည်း သူဘာမှမပြောလိုက်ပေ။ အချိန်အတန်ကြာပြီးနောက် 'အင်း'ဟုသာ အေးအေးဆေးဆေးပြောလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေလိုက်သည်။


ယခုချိန်တွင် တိတ်ဆိတ်နေသည့် မြင်းလှည်းပေါ်၌  သူ့နှလုံးသားထဲမှ အမည်မဖော်ပြနိုင်သည့် နွေးထွေးမှုတစ်မျိုးက ခြေလက်များမှတစ်ဆင့် အရိုးထဲသို့ စိမ့်ဝင်သွားသည်။


သူက ဘေးနားမှလူများကိုသာ အမြဲတစေ ကာကွယ်ပေးနေကျဖြစ်‌၍ သူကိုယ်တိုင်က အကာကွယ်ပေးခံရရန် လိုအပ်သည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့မိပေ။ 


သူ့အဖေက အေးစက်သည့်စိတ်သဘောထားရှိသူဖြစ်၍ သားဖြစ်သူ၏ပညာရေးကိုလည်း တင်းကြပ်ထားသည်။ ထို့အပြင် ကျွင်းဟွိုင်လန်က သားအကြီးဆုံးဖြစ်၍ သူ့ညီလေးနှင့်ညီမလေး၊ အမေ၊ အရီးတော် သူတို့အားလုံးကို သူကာကွယ်ပေးချင်သည်။


ယခင်ဘဝတွင် သူမြို့စားမဖြစ်လာမီ၌ သူ့မိဘများသေဆုံးသွားခဲ့ရသည်။ သူ ရာထူးဆက်ခံပြီးချိန်တွင် ယုံနင်မြို့စားအိမ်တော်တစ်ခုလုံး၏ ဝန်ထုပ်ဝန်ပိုးကြီးက သူ့အပေါ် ကျရောက်လာခဲ့သည်။


သူ့စိတ်ထဲတွင်လည်း မည်သည့်အရာမှ မှားယွင်းနေသည်ဟု မထင်ခဲ့ပေ။


ယခုဘဝတွင်လည်း ရွှယ်ယန်နှင့် ဆက်ဆံရေးအဆင်ပြေလာပြီးသည့်နောက်တွင် အမှတ်တမဲ့ဖြင့် သူ့ကိုကာကွယ်ပေးခဲ့မိသည်။ ထိုကိစ္စကိုလည်း မှားယွင်းနေသည်ဟု သူ့ကိုယ်သူ မထင်ခဲ့မိပေ။ ရွှယ်ယန်က မင်းသားတစ်ပါးဖြစ်သော်လည်း။သူ့ထက်အခြေအနေဆိုးခဲ့သည့်လူဖြစ်သည်။ အားလုံးက ရွှယ်ယန့်ကိုမုန်းတီးပြီး ရှောင်ဖယ်ကြသည်။ သူက သူလုပ်ပေးနိုင်သည့် အတိုင်းအတာအတွင်းမှ ကူညီပေးပြီး သူ့ကိုလက်တစ်စုံကမ်းခဲ့သူဖြစ်သည်။


သို့ရာတွင် တစ်ဖက်လူက သူ့ကိုပြန်ကာကွယ်ပေးလာမည့်အချိန်သို့ ရောက်လာလိမ့်မည်ဟု မထင်ခဲ့မိပေ။ 

 

မိုးရေစိုသွားခြင်းသာဖြစ်သော်လည်း သူ့ရင်ထဲတစ်မျိုးတစ်မည် ခံစားလိုက်ရသည်။ 


မြင်းလှည်းက ဘုရင်ခံ၏အိမ်တော်သို့ တိတ်ဆိတ်စွာဖြင့် ဦးတည်သွားသည်။


မြင်းလှည်းရပ်လိုက်ချိန်တွင် သူတို့က ထီးကို ကိုယ်တိုင်ကိုင်ထားရန် မလိုအပ်တော့ပေ။ အစေခံအချို့က ထီးများကိုင်၍ တံခါးဝတွင်ရပ်နေကာ သူတို့အတွက် လိုက်ကာစကို ဖွင့်ပေးလိုက်သည်။ ကျွင်းဟွိုင်လန် မြင်းလှည်းပေါ်မှ ဆင်းလိုက်ချိန်တွင် ထီးတစ်ချောင်းက သူ့ခေါင်းကို လာမိုးသည်။


ပတ်ဝန်းကျင်တွင် မိုးရေစက်များက မြေပြင်သို့ အဆက်မပြတ်ကျဆင်းနေသည်။

    

သို့သော် အကြောင်းပြချက်မရှိပဲ ကျောင်းတော်ထဲတွင် သူ့ကို ထီးလာမိုးပေးခဲ့ခြင်းကို အမှတ်ရသွားမိသည်။


သူ တစ်ဖက်သို့လှည့်ပြီး ရွှယ်ယန့်ကို ကြည့်လိုက်သည်။


ရွှယ်ယန်က သူ့အကြည့်ကို သတိမထားမိပေ။ ကျင်းပေါင်က လိုက်ကာစကို ဖယ်ပေးလိုက်ချိန်တွင် မြင်းလှည်းပေါ်မှ ဆင်းလာလိုက်သည်။


ထိုအချိန်တွင် "မြောင်"ဟူသည့် အသံတိုးတိုးလေးကို ကျွင်းဟွိုင်လန် ကြားလိုက်ရသည်။


တစ်ဖက်သို့လှည့်ကြည့်လိုက်ချိန်တွင် ဘုရင်ခံအိမ်တော်၏အပြင်ဘက်တံခါးတွင် အနက်ရောင်အရိပ်ငယ်လေးတစ်ခုက တံခါးနားတွင် ‌တုန်ယင်နေသည်ကို မြင်လိုက်ရသည်။


၎င်းက မိုးမစိုသော နေရာဖြစ်သည်။


သူ့ကို ထီးမိုးပေးထားသည့်အစေခံက သတိမပြုမိပဲ အထဲသို့ခေါ်သွားမည်အပြုတွင် ကျွင်းဟွိုင်လန်က သူ့ကိုတားလိုက်သည်။


"နေဦး..."


ထို့နောက် ထီးကိုယူ၍ ထောင့်နေရာနားသို့ ခြေနှစ်လှမ်းစာခန့် လျှောက်သွားလိုက်သည်။


အဖြူရောင်နံရံကြီး၏ ထောင့်တစ်နေရာတွင် အမွေးထူထူနှင့် ကြောင်ရိုင်းပိစိလေးတစ်ကောင်ရှိနေသည်။ ၎င်းက မီးခိုရောင်အစင်းနှင့် ကြောင်လေးဖြစ်သည်။ တစ်ယောက်ယောက်လာနေသည်ကိုမြင်၍ ကြောင်လေးက ခေါင်းထောင်ကြည့်ပြီး ကြောက်လန့်တကြားဖြင့် ထောင့်ကပ်သွားသော်လည်း ၎င်း၏သွားပိစိလေးများကို ထုတ်ပြ၍ ‌ကျားပေါက်လေးတစ်ကောင်ကဲ့သို့ မာန်ဖီရန်ကို မမေ့ပေ။


၎င်း၏ မျက်လုံးများက ပယင်းရောင်လေးဖြစ်သည်။


" ဘာဖြစ်လို့လဲ..."


ကျွင်းဟွိုင်လန် သူ့နောက်မှ ရွှယ်ယန်၏အသံကို ကြားလိုက်ရသည်။ သူ လှမ်းကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့ဘက်ကိုလျှောက်လာနေသည်။


အရောင်တစ်မျိုးတည်းကိုကြည့်မည်ဆိုလျှင် ထိုမျက်လုံးနှစ်စုံက တူညီနေသည်။


" ဒီမှာ ကြောင်လေးတစ်ကောင်ရှိလို့..."


ကျွင်းဟွိုင်လန် ရွှယ်ယန့်ကိုမော့ကြည့်လိုက်ပြီး ပြုံးလျက်နှင့် ပြောလိုက်သည်။


သူ့မျက်လုံးထဲမှ နူးညံ့လှသည့်အပြုံးကြောင့် ရွှယ်ယန်၏နှလုံးသားက အရည်ပျော်ကျမတတ်ဖြစ်သွားသည်။


ထို့နောက် ထောင့်တွင်ကုပ်နေသည့် မီးခိုရောင်အစင်းကျားကြောင်လေးကို ကြည့်လိုက်သည်။


၎င်း၏အမွေးများက စိုစွတ်နေသော်လည်း သူ့ကိုယ်သူ ကြမ်းကြုတ်သည့်ပုံပေါက်အောင် မာန်ဖီနေသည်။


သို့ရာတွင် ‌တမြောင်မြောင်အသံပိစိလေးက နူးညံ့လွန်းနေသောကြောင့် ကြောက်စရာမကောင်းပဲ ဆန့်ကျင်ဘက်ဖြစ်နေသည်။


ရွှယ်ယန် တစ်ချက်သာကြည့်လိုက်ပြီးနောက် စက်ဆုပ်စွာဖြင့် အကြည့်လွှဲလိုက်သည်။


ကျွင်းဟွိုင်လန်က ကြောင်လေးဆီသို့ လက်ဆန့်ထုတ်လိုက်သည်။


" မိုးက တိတ်ဦးမှာမဟုတ်ဘူး... ဒီအကောင်သေးသေးလေးကို မိုးရေထဲထားခဲမယ်ဆိုရင် အအေးမိပြီးသေသွားမှာစိုးတယ်..."


ကျွင်းဟွိုင်လန်က ကြောင်လေးကို မဝံ့မရဲဖြင့် ထိကြည့်လိုက်သည်။


ကြောင်လေးက သူ့ကိုကိုက်ရန်ကြိုးစားလိုက်သော်လည်း ကြောင်ပေါက်စအရွယ် သွားပိစ်လေးများဖြစ်သည့်အပြင် အားလည်းမရှိ၍ မကိုက်ခဲနိုင်ဖြစ်သွားသည်။


ထိုအချိန်တွင် မနီးမဝေးမှဖုရိက နှာချေလိုက်သည်။


ကျွင်းဟွိုင်လန်က တစ်ခုခုကို ရုတ်ချည်းမှတ်မိသွားပြီး ဖုရိကို လှည့်ကြည့်လိုက်သည်။


" မင်း တိရစ္ဆာန်အမွေးတွေကို ထိလို့မရဘူးမလား..."


ဖုရိငယ်ရွယ်စဉ်အချိန်က ခွေးပေါက်စလေးတစိကောင်ကို သွားကိုင်လိုက်ပြီး ခွေးမွေးများက သူ့ခန္ဓာကိုယ်တွင် ကပ်ပါလာပြီး အဆက်မပြတ်နှာချေ၍ အဖုအပိမ့်များဖြစ်ပေါ်လာကာ နှစ်ရက်သုံးရက်ခန့် ကုသလိုက်ရသည်။


ဖုရိက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

" သခင်လေး ကျွန်တော့်ကို မစိုးရိမ်ပါနဲ့..."


အစေခံတစ်ယောက်က ကြောင်မွှေးနဲ့ ဓာတ်မတည့်လို့ ကြောင်မွေးလို့မရတဲ့သခင် ရှိလို့လား...


ကျွင်းဟွိုင်လန် တုန့်ဆုတ်စွာဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။


ကြောင်တစ်ကောင်မွေးခြင်းက အသေးအဖွဲ့ကိစ္စတစ်ခုဖြစ်သော်လည်း ဖုရိက သူ့ဘေးတွင် အချိန်ပြည့်နေထိုင်ရသူဖြစ်၍ ထိုကြောင်နှင့် ဧကန်မုချ ထိတွေ့မိနိုင်သည်။


သို့ရာတွင် ကြောင်ပေါက်လေး၏ မျက်ဝန်းများကို ကြည့်လိုက်သည့်အခါ ကြည်လင်တောက်ပနေသော ပယင်းရောင်မျက်လုံးလေးများက သူ့ကို ချီတုံချတုံ ဖြစ်စေသည်။


" တံခါးစောင့်ကိုပြောပြီး ကြောင်လေးကိုအထဲ ခေါ်ခိုင်းထားလိုက်လေ..."


ကျွင်းဟွိုင်လန်က စကားပြောနေသော်လည်း ထိုနေရာမှ ထမလာပဲ ကြောင်လေးကိုသာ ကြည့်နေသည်။


" အရင်ဆုံး ကယ်ထားလိုက်ပါ... ကျန်တာကတော့..."


ထိုအချိန်တွင် စန္ဒကူးနံ့သင်းသင်းလေးက သူ့ဘေးနားတွင် ရစ်ပတ်နေရာမှ အရှေ့သို့ ရောက်လာသည်။


ရွှယ်ယန်က သူ့အနားရောက်လာပြီး မြေပြင်ပေါ်မှ ကြောင်ပေါက်လေးကို ကောက်ယူလိုက်သည်။

   

သူက လက်နှစ်ဖက်ဖြင့် ပွေ့ချီထားခြင်းမဟုတ်ပဲ ကြောင်ပေါက်လေး၏ ဂုတ်ကို လက်တစ်ဖက်ဖြင့် ဆွဲမထားခြင်းဖြစ်သည်။ ကြောင်လေးက ရုတ်ချည်းဆွဲမခံလိုက်ရ၍ လက်သည်းချွန်လေးများဖြင့် ရုန်းကန်နေသော်လည်း အသုံးမဝင်ပေ။


ကျွင်းဟွိုင်လန်လှမ်းကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့ဘေးနားတွင်ရပ်နေပြီး ခါးကိုင်း၍ ကြောင်လေးကို မ'လိုက်သည်ကို တွေ့လိုက်ရသည်။


" ငါ ဂရုစိုက်ထားပေးပါ့မယ်... မင်း သူ့ကိုတွေ့ချင်တိုင်း ငါ့အိမ်တော်ကိုလာပြီး ကြည့်လို့ရတာပဲ..."


တစ်ဖက်လူ၏ တွန့်ဆုတ်နေမှုကို သူမြင်လိုက်ရသည်။အကောင်ပေါက်စလေးတစ်ကောင်ပဲလေ သူမွေးစေချင်ရင် မွေးထားလိုက်ရုံပေါ့... ‌ဒီလို အသေးအဖွဲ့ကိစ္စလေးကြောင့်နဲ့ အရှက်ရစရာ လိုလို့လား...


ကျွင်းဟွိုင်လန်၏ရှေ့တွင် သူက မည်သို့ပုံစံဖြစ်သွားသည်ကို သတိမပြုမိပေ။


အရပ်ရှည်ရှည် နှင့် လူငယ်လေးက ပခုံးကျယ်ကျယ်းများရှိပြီး ထင်းရှူးပင်တစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေကာ သူ့ခန္ဓာကိုယ်မှ အေးစက်စက် ရောင်ဝါများ ထုတ်လွှတ်နေပြီး အခြားတစ်ဖက်မှာမူ သွားပိစိလေးများနှင့် မာန်ဖီနေသည့် ကြောင်လေးတစ်ကောင်ဖြစ်သည်။


ပယင်းရောင် မျက်ဝန်းနှစ်စုံက ကျွင်းဟွိုင်လန်ကိုကြည့်နေသည်။  

  

 ——

  

ဘုရင်ခံကွမ်းလင်က မြင့်မြတ်သည့်လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ ကြောင်မွေးချင်သော်လည်း ထိုကြောင်၏ ကိစ္စအဝဝကို  သူကိုယ်တိုင်လုပ်ရန် မလိုအပ်ပေ။


ထိုကြောင်လေးကို စစ်ပွဲမှ သုံ့ပန်းကဲ့သို့ အခန်းထဲခေါ်လာပြီးနောက် ကျင်းပေါင်ဆီသို့ ပစ်ပေးလိုက်သည်။ ကျင်းပေါင်က ကြောင်လေးကို အလျင်အမြန်ခေါ်ယူထားလိုက်ပြီး သူ့အမွေးများခြောက်အောင် ဂရုတစိုက်သုတ်ပေးနေသည်။ ထို့နောက် သူ့ကို နွေးနွေးထွေးထွေးထားလိုက်ပြီး အစာရေစာများ ကျွေးမွေးကာ အိပ်တော်ထဲတွင် အိပ်ရန်နေရာတစ်ခု။ပြင်ပေးလိုက်သည်။


သူ့သခင်က ကြောင်ကို ပစ်ထားသော်လည်း အကယ်၍ ထိုကြောင်ပေါက်လေး သေသွားခဲ့ပါက ကျင်းပေါင်၏ အသက်နှင့်ရင်း၍ ပေးဆပ်ရမည်ဖြစ်သည်။


ကံကောင်းသည်မှာ ထိုကြောင်လေးက အနည်းငယ်ဉာဏ်ကောင်းပြီး မိုးများများမစိုသည့်နေရာတွင် နေခဲ့သောကြောင့် အသက်ရှင်နေခဲ့သည်။  ယခုအခါတွင် စားစရာများလည်း ရှိနေပြီဖြစ်၍ အလွန်သွက်လက်စွာ ဆော့ကစားနေသည်။ ထို့အပြင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ့ဗိုက်ကိုလှန်ထားပြီး ကျင်းပေါင်ကို ထိခွင့်ပြုထားသည်။


ကျင်းပေါင်၏စိတ်ထဲ ရေရွတ်လိုက်မိသည်။

ကြောင်က သူ့သခင်ထက်ပိုပြီး ချစ်ဖို့ကောင်းသေးတယ်...


Xxxxxx