အပိုင်း ၈၄
Viewers 15k

Chapter 84


ရွှယ်ယန် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်လိုက်မိသော်လည်း အနည်းငယ်အေးစက်စက်ဖြစ်နေသော လက်တစ်ဖက်က သူ့နဖူးပေါ် ကျရောက်လာသည်။


ရွှယ်ယန်မော့ကြည့်လိုက်သည့်အခါ ကျွင်းဟွိုင်လန်က သူ့ရှေ့တွင်ရပ်‌နေပြီး သူ့ကို ငုံ့ကြည့်နေသည်။


အခန်းထဲမှမီးရောင်က အလွန်ဖျော့တော့နေပြီး သူ့အကြည့်များကလည်း  နူးညံ့နေသည်။


" ကျွန်တော် နန်းတော်ထဲက ထွက်လာတုန်းက အရှင့်သားကို မနှုတ်ဆက်ခဲ့ရဘူး... ဒါပေမဲ့ အဲဒါတကယ်နောက်ဆုံးပါ... ဒါပေမဲ့ ကျန်းနန်ကို လာမယ်ဆိုတုန်းကလည်း အရှင့်သားကို အရင်မပြောပြခဲ့မိတာ ကျွန်တော့်အမှားပါ..."


ရွှယ်ယန်က သူ့ကို အသက်မဲ့စွာကြည့်နေပြီး အချိန်အတန်ကြာသည်အထိ ဘာမှပြန်မဖြေနိုင်ဖြစ်သွားသည်။


အချိန်အတန်ကြာမှသာ အက်ရှရှအသံဖြင့် ပြန်ဖြေသည်။

" မင်းပြောတာမှန်ပါတယ်..."


သို့ရာတွင် ကျွင်းဟွိုင်လန်က ခေါင်းခါပြလိုက်ပြီး နူးညံ့ညင်သာပြီး ရှင်းလင်းပြတ်သားစွာပြောလိုက်ကာ သူ့လေသံကလည်း အနည်းငယ်လေးနက်နေသည်။

" ကျွန်တော် အရှင့်သားကို မပြောပြခဲ့ရတာပါ... ကျန်းနန်ကိုလာဖို့ကိစ္စက ကြိုတင်စီစဉ်ထားပြီးသားလည်း ဖြစ်နေခဲ့လို့... ကျွန်တော် ဒီမှာ မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခု ရှိနေတယ်... အရှင့်သားနဲ့တူတူ နွေဦးအထိ နန်းတွင်းထဲမှာ အချိန်ကုန်ချင်ခဲ့ပြီး စကားများများပြောခဲ့ချင်ပေမယ့် တိုက်ဆိုင်တဲ့ကိစ္စတွေ ရှိလာမယ် မထင်ထားခဲ့ဘူး..."

 

" မင်း ဘာလုပ်ချင်တာလဲ ငါကူညီပေးပါ့မယ်..."


ရွှယ်ယန်၏အသံက အက်ရှရှဖြစ်နေပြီး တွန့်ဆုတ်ခြင်း မရှိပဲ ပြောလိုက်သည်။


ကျွင်းဟွိုင်လန် အံ့အားသင့်သွားမိပြီး မဖော်ပြတတ်သော နွေးထွေးမှုတစ်မျိုးက သူ့ရင်ထဲတွင် ပြည့်နှက်လာခဲ့သည်။


သူက အမြဲတမ် ဒီလိုလူပါပဲ... 

သူ့ရည်ရွယ်ချက်ကို ထိုလူအား ရှင်းပြနေသော်လည်း ရွှယ်ယန့်မျက်လုံးထဲတွင် အကြည့်တစ်ခုသာ ရှိနေသည်။


'သူ ဘာကိစ္စလုပ်လုပ် အရေးမကြီးဘူး ငါ သူ့ကိုယ်စားလုပ်ပေးနိုင်တယ်' ဟူသော အကြည့်‌မျိုးပင်။


နန်းတွင်းထဲတွင် နေထိုင်ခဲ့စဉ်ကလည်း ထိုသို့သာဖြစ်သည်။ ရွှယ်ယန်က စကားတစ်ခွန်းမှ မပြောပဲ သူ့ကို ကူညီပေးခဲ့သည်များရှိသည်။ အချိန်တစ်နှစ်ကြာသွားသော်လည်း မည်သည့်အရာမှ မပြောင်းလဲသွားခဲ့ပေ။


ကျွင်းဟွိုင်လန်၏မျက်နှာထက်တွင် ကူကယ်ရာမဲ့သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ရွှယ်ယန်၏ နဖူးကို ခပ်ဖွဖွပုတ်ကာ ကလေးတစ်ယောက်ကို ချောမော့နေသကဲ့သို့ ညင်သာသည့်အသံဖြင့် ပြောလိုက်သည်။


" ဒါဆိုရင်တော့ အရှင့်ကို ကျေးဇူးတင်ပါတယ်..."

 

ရွှယ်ယန်၏ နားရွက်များက နီရဲနေပြီး လည်ပင်းတစ်ဝိုက်တွင်လည်း ပူလာသည်။ ကျွင်းဟွိုင်လန်၏လက်က မူလက သူ့ကို အပူလျော့ကျအောင် လုပ်ပေးရန် ဖြစ်သော်လည်း သက်ရောက်မှုမရှိပေ။ ထိုအစား သူ့အသားနှင့် ထိထားသည့်နေရာတိုင်းတွင် ပို၍ ပူနွေးလာသည်။


ရွှယ်ယန် သူ့လက်ကိုမြှောက်၍ ကျွင်းဟွိုင်လန်၏လက်ကို ကိုင်လိုက်ချင်သော်လည်း မိမိကိုယ်ကို မနည်းထိန်းချုပ်ထားရ၍ သူ့လှုပ်ရှားမှုများက အနည်းငယ် တောင့်တင်းလာသည်။


သူ မျက်လွှာချ၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ကျေးဇူးတင်စရာမလိုပါဘူး..."

သူ တီးတိုးပြောလိုက်သည်။


  ——

    

နောက်နေ့မနက်စောစောတွင် ရွှယ်ယန်နှင့် မြို့စားမင်းယုံနင် အပြင်ထွက်သွားခဲ့သည်။


ရာသီဥတုကောင်းမွန်နေ၍ ကျွင်းဟွိုင်လန်က လင်းကျန်းကျောင်းတော်သို့ ထွက်လာခဲ့သည်။


မနက်ပိုင်းတွင် စာလေ့လာပြီးနောက် နေ့ခင်းတွင် ဆည်ဘက်သို့သွားမည်ဟု တွေးလိုက်မိသည်။ မမျှော်လင့်ထားသည်မှာ ယန်ဇီမြစ်တောင်ပိုင်ရှိ ကောင်းကင်ထက်မှ ရာသီဥတုက စတင်ပြောင်းလဲလာသည်။ နေ့လယ်ခင်းအချိန်သို့ရောက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းတော့သည်။


မနက်ပိုင်းမှ ရာသီဥတုအခြေအနေကြောင့် ဖုရိကို ထီးမယူခိုင်းခဲမိပဲ ဘုရင်ခံအိမ်တော်နှင့် ကျောင်းတော်ကလည်း အလှမ်းမဝေးလှ၍ မြင်းလှည်းလည်း မခေါ်လာခဲ့မိပေ။ ယခုအခါတွင် ကျောင်းထဲ၌ ပိတ်မိနေပြီး မိုးတိတ်သည့်အချိန်မှသာ ပြန်ရတော့မည်ဖြစ်သည်။


မမျှော်လင့်ထားသည်မှာ နေ့လယ်ခင်းအချိန်ထိ မိုးမစဲသွားခဲ့ပေ။ 


ဤတစ်ကြိမ်တွင်မူ ကျောင်းတော်ထဲမှ ကျောင်းသားများပါ အထဲတွင် ပိတ်မိနေကြသည်။


ထီးယူလာသည့် ကျောင်းသားများက ဦးစွာထွက်သွားကြပြီး ကျန်ရှိနေသည့်လူများက မိုးတိတ်မည့်အချိန်ကိုသာ ကျောင်းတော်ထဲတွင် စောင့်ဆိုင်းနေကြသည်။ အချိန်အတန်ကြာသည်အထိ မိုးမတိတ်၍ အချို့ကျောင်းသားများက မိုးရေထဲ လမ်းလျှောက်ပြန်သွားကြသည်။


ရှန်းလျှိုဖုန်းမှာ မူလက ကျွင်းဟွိုင်လန်နှင့်အတူတူ မိုးတိတ်အောင် စောင့်နေသော်လည်း ခဏအကြာတွင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။


" ငါတို့ မိုးရေထဲ ပြေးသွားကြမလား... ငါ့မိသားစုဝေါယာဉ်ကို ကျောင်းအပြင်ဘက်မှာ ရပ်ထားတယ် မင်းကို အရင်လိုက်ပို့ပေးမယ်လေ..."


ကျွင်းဟွိုင်လန်က အပြင်ဘက်တွင် သည်းထန်စွာ ရွှာသွန်းနေသည့်မိုးကိုကြည့်ကာ ယနေ့တွင် မိုးမတိတ်နိုင်တော့ဟု တွေးလိုက်သည်။ ထို့ကြောင့် ရှန်းလျှိုဖုန်းပြောသည်ကို ကြားသည့်အခါ တွန့်ဆုတ်ခြင်းမရှိပဲ ခေါင်းငြိမ့်လိုက်သည်။


ကောင်းကင်ယံတွင်မူ မိုးတိမ်တိုက်များက ထူထပ်နေသည်။ ကျောင်းသားအများစုက တံစက်မြိတ်အောက်တွင် မိုးတိတ်မည့်အချိန်ကို ဝမ်းနည်းစွာဖြင့် စောင့်စားနေကြသည်။


ရှန်းလျှိုဖုန်းက အံကြိတ်ထားပြီး မိုးရေထဲသို့ ဦးစွာပြေးထွက်သွားသည်။


" ဟွိုင်လန် သွားရအောင်... မြန်မြန်သွားလေ မိုးနည်းနည်းပဲ စိုလေပဲ..."


ကျွင်းဟွိုင်လန်ကလည်း အလျင်အမြန် တုံ့ပြန်လိုက်ပြီး သူ့နောက်မှ လိုက်သွားမည်အပြုတွင် ဖုရိက သူ့အဝတ်စကို ဆွဲထားလိုက်သည်။


" သခင်လေး ဟိုကို ကြည့်လိုက်ပါဦး..."


သူက ကျောင်းတော်ဂိတ်တံခါးဝကို လက်ညှိုးထိုးပြနေသည်။

  

  ကျွင်းဟွိုင်လန်က သူလက်ညှိုးထိုးပြသည့်နေရာကို ကြည့်လိုက်သည်။


လူတစ်ယောက်က ထီးကိုင်ဆောင်ထားပြီး လူအုပ်ကြီးနှင့် ဆန့်ကျင်လျက် ကျောင်းထဲကို ဝင်လာသည်။


ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်လူတစ်ယောက်ဖြစ်ကာ ရာထူးကြီးလူတစ်ယောက်၏ အရှိန်အဝါနှင့်ပြည့်နေသည်။ ယန်ဇီမြစ်တောင်ပိုင်းမှ သည်းထန်စွာရွာသွန်းနေသောမိုးများအကြားတွင် သူ့ပုံစံက ဤနေရာနှင့် မလိုက်မဖက်ဖြစ်နေသည်။


ကျင်းပေါင် လက်ထဲတွင် ဆီစက္ကူထီးတစ်ချောင်းကိုကိုင်ကာ သူ့နောက်မှ ခပ်သုတ်သုတ်လိုက်ခဲ့ပြီး စကားတစ်ခွန်းမှ မပြောရဲပေ။


ယနေ့တွင် မြစ်ရေထိန်းသိမ်းမှုအကြောင်းကိုလေ့လာရန် သူ့သခင်နှင့်အတူ ကျင်းလင်၏ အစွန်အဖျားပိုင်းသို့ လိုက်သွားခဲ့သော်လည်း နေ့လယ်ခင်း မရောက်မီအချိန်တွင် မိုးစတင်ရွာသွန်းလာသည်။ ကံကောင်းသည်မှာ သူတို့၏မြင်းလှည်းထဲတွင် ထီးများပါလာသောကြောင့်ပင်။ မြို့စားမင်းယုံနင်က သူ့အလုပ်တွင် အလွန်လေးနက်ပြီး ခေါင်းမာသူဖြစ်သောကြောင့် မိုးတိတ်သည်အထိမစောင့်ပဲ စစ်ဆေးစရာရှိသည်များကို စစ်ဆေးပြီးမှ မြို့ထဲပြန်လာခဲ့သည်။


မြို့ထဲသို့ဝင်လိုက်သည်နှင့် အရှေ့ဘက် နှစ်မိုင်အကွာတွင် လင်းကျန်းကျောင်းတော်ရှိသည်။ ပြတင်းပေါက်မှ ကြည့်လိုက်ချိန်တွင် လမ်းပေါ်၌ မည်သူမျှ ရှိမနေပေ။ ထိုအချိန်တွင် ကျောင်းသားလေးတစ်ယောက်က မိုးရေထဲတွင် အပြေးအလွှားအိမ်ပြန်သွားသည်ကို တွေ့လိုက်ရသည်။


မိုးရေကြောင့် ထိုကျောင်းစသားလေး၏ဝတ်ရုံက စိုရွှဲနေသည်။


" ရပ်လိုက်..."


ပြတင်းပေါက်ဘေးတွင်ထိုင်နေသည့် ရွယ်ယန် က ရုတ်တရက် ပြောလိုက်သည်။

    

သူတို့က ယနေ့တွင် ယာမန်မှမြင်းလှည်းများဖြင့် ထွက်လာခဲ့ကြခြင်းဖြစ်၍ တစ်လမ်းလုံးတွင် မြင်းလှည်းများဖြင့် ပြည့်နေသည်။ အရှေ့ဆုံးမှ ရွှယ်ယန်၏မြင်းလှည်းရပ်သွားသည်နှင့် သူ့နောက်မှ လိုက်ပါလာသည့် အမှုထမ်းများ၏ မြင်းလှည်းသည်လည်း ရပ်တန့်သွားသည်။


" သခင်..."


ကျင်းပေါင်က ရှေ့သို့ချက်ချင်းရောက်လာပြီး သူ့အမိန့်ကို စောင့်ဆိုင်းနေသည်။


" ငါ့မှာ လုပ်စရာရှိသေးလို့ ယာမန်ကို အရင်ပြန်နှင့်ကြလို့ ရှန်းကျီဖုကို သွားပြောလိုက်ပါ..."


ကျင်းပေါင်က မိုးရေထဲတွင် မြင်းလှည်းပေါ်မှဆင်းသွားပြီး ရှန်းကျီဖုကို သွားပြောသည်။


သို့ဖြစ်၍ အရှေ့ဆုံးမှ ဦးဆောင်သွားသည့်မြင်းလှည်းက လမ်းမကြီးမှပြန်လှည့်ပြီး လင်းကျန်းကျောင်းတော်ရှိရာဘက်ကို ဦးတည်သွားသည်။


" သခင် ကျောင်းတော်ကို ဘာအတွက်သွားတာလဲ..."

ကျင်းပေါင်က ပဟေဠိဖြစ်နေသည်။


ရွှယ်ယန်က သူ့မေးခွန်းကို မကြားသကဲ့သို့ ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ထားပြီး မျက်လုံးမှိတ်ထားပြီး အိပ်ချင်ယောင်ဆောင်နေသည်။


ကျင်းပေါင် မကျေမနပ်ဖြင့် ပါးစပ်ပိတ်ထားလိုက်ရသည်။


ယ‌မန်နေ့ညက သူ့သခင်မှာ အရက်မူးနေ၍ သတိကပ်လိုက် မကပ်လိုက်ဖြစ်နေခဲ့သည်ကို သူမသိခဲ့ပေ။


 သို့သော် ကျွင်းလွိုင်လန်က ဤရက်ပိုင်းများအတွင်း လင်းကျန်းကျောင်းတော်တွင် စာလေ့လာပြီး ရှန်းလျှိုဖုန်းနှင့် အတူတူရှိနေသည်ကို သတိရလိုက်သည်။

    

အချဉ်အရသာကို နှစ်သက်ခြင်းမရှိသူတို့က တစ်ကြိမ်စားလိုက်ပြီးသည်နှင့် ထိုအရသာကို အချိန်အတန်ကြာအထိ မမေ့နိုင်တော့ပေ။


လင်းကျန်းကျောင်းတော်ကို မြစ်၏အစွန်အဖျားပိုင်းတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းက ကျယ်ဝန်းသည့်နေရာဖြစ်သော်လည်း မြေပြင်အနေအထားကြောင့် ဝင်ပေါက်မှလမ်းက အနည်းငယ်ကျဉ်းမြောင်းလှသည်။ လင်းကျန်းမှ လမ်းများတွင် တစ်ဖက်တွင် မြင်းလှည်းလေးစီးခန့် အပြိုင် သွားလာ‌နိုင်သော်လည်း  လင်းကျန်းကျောင်းတော်၏ဝင်ပေါက်တွင်မူ တစ်ဖက်ကို နှစ်စီးသာပြိုင်တူသွားနိုင်သည်။


ယနေ့တွင် မိုးသည်းထန်စွာရွာသွန်းထားခြင်းဖြစ်၍ မြင်းလှည်းများစွာက သွားလာ‌ထားသောကြောင့် လမ်းပေါ်တွင် လူပေါင်းများစွာသွားလာထားပြီး ရွံ့ဗွက်များလည်း ရှိနေသည်။ မြင်းလှည်းက ခဏပိတ်မိနေပြီးနောက် ရှေ့ဆက်တိုးရန် ခက်ခဲနေသည်။

    

လမ်းဆုံနေရာတွင် ရပ်လိုက်သော်လည်း လမ်းသွားလမ်းလာများကို ခက်ခက်ခဲခဲရှောင်နေရ၍ ရှေ့သို့တဖြည်းဖြည်း တိုးနေရသည်။


ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။


သူ ဤနေရာသို့ ရောက်လာရခြင်းမှာ ကျွင်းဟွိုင်လန်တွင် ထီးပါ မပါကိုမသိ၍ မိုး‌ရေထဲတွင် ရေများစိုရွှဲပြီး အိမ်ပြန်သွားရမည်စိုးသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ လင်းကျန်းကျောင်းတော်ဘက်သို့ မလာပဲ မနေနိုင်အောင်ဖြစ်သွားရသည်။


လမ်းပေါ်တွင် မိုးရေများစိုရွှဲနေသည့် ကျောင်းသားများစွာကို တွေ့သည့်အခါ နေမရ ထိုင်မရဖြစ်လာသည်။


သူ ရောက်လာတာ နောက်ကျနေလို့ ကျွင်းဟွိုင်လန်က မိုးရေထဲ အိမ်ပြန်သွားရင် ဘယ်လိုလုပ်မလဲ...


" လှည်းကိုရပ်လိုက်တော့..."


ထိုအကြောင်းကိုတွေးမိ၍ ကျယ်လောင်စွာအော်ပြောလိုက်မိသည်။


မြင်းလှည်းက လမ်းဘေးတွင် ရပ်သွားသည်။


ကျင်းပေါင် မတုံ့ပြန်နိုင်မီမှာပင် ရွှယ်ယန်က သူ့လက်ထဲတွင် ထီးတစ်ချောင်းကိုင်ထား၍ မြင်းလှည်းပေါ်မှ ဆင်းသွားသည်ကို မြင်လိုက်ရသည်။ ကျင်းပေါင်လည်း အလျင်စလိုဖြင့် မြင်းလှည်းအောက်မှ ထီးအပိုတစ်ချောင်းကိုထုတ်ကာ သုတ်ခြေတင်ပြေးလိုက်ရတော့သည်။


သူ့သခင်က ထီးတစ်ချောင်းကိုကိုင်၍ ကျောက်တုံးပြာများခင်းထားသည့်လမ်းမှတစ်ဆင့် ကျောင်းတော်ဘက်ကို လျှောက်သွားသည်ကို တွေ့လိုက်ရသည်။


ကျင်းပေါင် စိတ်ရှုပ်ထွေးစွာဖြင့် လိုက်သွားသော်လည်း ကျောင်းတော်၏ တံစက်မြိတ်အောက်တွင်ရပ်နေသည့် အပြာရောင်ပုံရိပ်လေးတစ်ခုကိုမြင်မှ  သူ့သခင် ဤနေရာသို့ ရောက်လာရသည့်အကြောင်းအရင်းကို ရုတ်ချည်းသဘောပေါက်သွားသည်။


ကျင်းပေါင် သူ့နောက်မှလိုက်နေလျက်နှင့် ခိုးပြုံးလိုက်မိသည်။


တံစက်မြိတ်အောက်တွင်ရပ်စောင့်နေသည့် ကျွင်းဟွိုင်လန်ကလည်း အံ့အားသင့်သွားပုံပေါ်သည်။ဖုရိညွှန်ပြသည့်ဘက်ကို ကြည့်လိုက်သည့်အခါ ရွှယ်ယန်က ထီးတစ်ချောင်းကိုင်၍ ရောက်လာသည်ကို မြင်လိုက်ရသည်။


မိုးသည်ထန်စွာရွာနေသည်ဖြစ်၍ ပတ်ဝန်းကျင်မှ မြင်ကွင်းနှင့် ဝင်ထွက်သွားလာနေသူများကို ဝိုးတဝါးသာမြင်ရသည်။ ရွှယ်ယန်က ထီးဆောင်း၍ သူ့ဆီသို့လာနေသည်ကို မြင်လိုက်ရသည်။


ထောင်နှင့်ချီသောမိုးရေစက်များက ကောင်းကင်ထက်မှ ကျဆင်းနေပြီး မိုးခိုနေသော ကျောင်းသားများက စကားစမြည်ပြောနေကြသည်။ ထိုဆူညံသံများအကြားတွင် ကျွင်းဟွိုင်လန်၏နှလုံးသားက ရုတ်ချည်းပူနွေးလာသည်။


ဒီလောက် မိုးတွေရွာနေတာကို သူဘာလို့ ရောက်လာပါလိမ့်...


ရွှယ်ယန်က သူ့အနားသို့ချဉ်းကပ်လာသည်။

 

သူက သူ့ပတ်ဝန်းကျင်မှလူများနှင့် သက်တူရွယ်တူဖြစ်ကာ ဤနေရာတွင် စာသင်ကြားနေကြသည့် ကျောင်းသားအများစုက သူ့ထက်အသက်ကြီးကြသည်။ သို့သော်လည်း သူ၏ တည်ငြိမ်ပြီးထည်ဝါသောအရှိန်အဝါကြောင့် သူ အနားကပ်လာသည်နှင့် ပတ်ဝန်းကျင်က ခေတ္တခဏတိတ်ဆိတ်သွားသည်။


သူ့ဖိနပ်နှင့် အဝတ်အစားများက ရေစိုနေသည်ကို ကျွင်းဟွိုင်လန်တွေ့လိုက်ရသည်။ 


သူ ခဏတာခန့် ပြောစရာစကားမဲ့သွားသည်။


ရွှယ်ယန် သူ့ရှေ့တွင် ရပ်လိုက်သည်ကို မြင်လိုက်ရသည်။


သူ့နောက်မှ ပြေးလိုက်လာရသောကျင်းပေါင်မှာ လက်ထဲမှထီးကို ရှန်းလျှိုဖုန်း၏လက်ထဲထည့်ပေးလိုက်ပြီးနောက် သူ့သခင်က ကျွင်းဟွိုင်လန်ရှေ့တွင် ရပ်လိုက်သည်ကို တွေ့လိုက်သည်။


သခင်လေးက လှေကားထစ်များတွင်ရပ်နေခြင်းဖြစ်ပြီး သူ့သခင်က လှေကားအောက်တွင် ရပ်နေခြင်းဖြစ်သော်လည်း အရပ်တူတူဖြစ်နေကာ အကြည့်ချင်းဆုံသွားကြသည်။ သူတို့အနောက်တွင် ကျောင်းတော်မှစိုက်ပျိုးထားသည့် ဝါးပင်ကြီးရှိပြီ မိုးရေထဲတွင် ယိမ်းနွဲ့နေသည်။


" ထီးမယူလာဘူးလား..."

ရွှယ်ယန်က မေးလိုက်သည်။


ကျွင်းဟွိုင်လန် အံ့အားသင့်သွားပြီး နောက်မှ ပြန်ဖြေလိုက်သည်။


" မနက်တုန်းက နေသာနေတာနဲ့ ကျွန်တော်မေ့လာခဲ့တာ..."


ရွှယ်ယန်က ဘေးကိုလှမ်းကြည့်လိုက်ပြီးနောက် ဖုရိကိုပြောလိုက်သည်။


" ငါ သူ့ကိုခေါ်သွားလိုက်မယ်..."


သူ့အရှိန်အဝါက အေးစက်လွန်းနေ၍ ဖုရိမှာ ကြောပက်လန့်တကြားနှင့် ခေါင်းငြိမ့်ပြလိုက်ရသည်။


" သွားကြမယ်လေ..."


ရွှယ်ယန်က သူယူလာသည့်ထီးကို ကျွင်းဟွိုင်လန်ဘက်သို့ဆောင်းပေးလိုက်သည်။


ကျွင်းဟွိုင်လန်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး ရွှယ်ယန့်ဘေးတွင် ရပ်လိုက်သည်။


လေက အရှေ့ဘက်မှတိုက်နေခြင်းဖြစ်၍ ရွှယ်ယန်က သူ့ဘေးတွင် ရပ်နေသည့်အခါ လေကာလိုက်သကဲ့သို့ ဖြစ်သွားသည်။


တစ်ဖက်မှတိုက်ခတ်လာသည့်လေကြောင့် ရွှယ်ယန်၏ ကိုယ်သင်းနံ့က သူ့နှာသီးဖျားသို့ ဝင်ရောက်လာသည်။


၎င်းက စန္ဒကူးနံ့ သင်းသင်းလေးဖြစ်သည်။


Xxxxx