အပိုင်း ၈၃
Viewers 15k

Chapter 83


ကျွင်းဟွိုင်လန် တံခါးဝတွင်ရပ်လိုက်သည်နှင့် ကျင်းပေါင်၏ စူးရှသောမျက်လုံးများက သူ့ကို ချက်ချင်း တန်းမြင်လိုက်သည်။


တကယ်ရောက်လာတာပဲ... နှလုံးသားနူးညံ့ပျော့ပျောင်းတဲ့ သခင်လေးက ဒီနေ့ သေချာပေါက် လက်ဦးမှုယူပြီး အရှင့်သားကို လာတွေ့တယ်ပေါ့လေ...


ကျင်းပေါင်က ယနေ့တွင် ကျွင်းဟွိုင်လန်ပြုလုပ်ခဲ့သော အပြုအမူအတွက် ရင်ထဲတွင် ပျော်ရွှင်စွာငိုကြွေးနေမိသည်။


သူ့ဘေးမှ ဝိုင်မူးနေသည့် ငရဲမင်းကြီးမှာ ဗျောက်အိုးများပေါ်သို့ ဆီပူလောင်းချလိုက်သကဲ့သို့ဖြစ်နေ၍ ကျင်းပေါင်မှာ ကျားလည်ဆံမွေးကို ဆွဲမိမည်စိုး၍ လန့်နေရသော်လည်း ကျွင်းဟွိုင်လန်က ရောက်လာခဲ့သည်။


ငါ့ကို ဘုရားကကောင်းချီးပေးတာပဲ...


ကျင်းပေါင် အလျင်အမြန်ပင် ပြောလိုက်သည်။

" သခင်လေး ရောက်လာတာပဲ..."

    

သူ့ဘေး၌ ခုံကိုမှီ၍ လှဲလျောင်နေသည့် ကျားကြီးက အရောင်ဖျော့ဖျော့မျက်လုံးများကို ရုတ်တရက်ပွင့်လိုက်ပြီး တံခါးဝကို လှမ်းကြည့်လိုက်သည်။


ကျွင်းဟွိုင်လန်ကြားသည့်အခါ သူ့မျက်နှာထက်တွင် နူးညံ့ညင်သာသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ဖုရိနှင့်အတူ အထဲဝင်လာသည်။


အရက်မူးနေသောငရဲမင်းကြီးက ခုံပေါ်တင်ထားသည့် ခြေထောက်တစ်ဖက်ကို အောက်သို့အသာချလိုက်သည်ကို ကျင်းပေါင် မြင်ဖြစ်အောင် မြင်သွားသည်။


" အရှင်က ဒီနေ့မှရောက်လာတာဆိုတော့ တစ်ခုခုလိုအပ်တာများ ရှိမလားလို့ ကျွန်တော်လာကြည့်တာပါ..."


သူ ရွှယ်ယန့်ဆီသို့ရောက်လာပြီး သယ်လာသည့်ပစ္စည်းများကို စားပွဲပေါ်တင်ထားရန် ဖုရိကို လက်ကာပြလိုက်သည်။

   

" အရှင် လှိုင်းမူးလာတယ်ကြားလို့  အသီးဝါတွေနဲ့ ချဉ်တဲ့တရုတ်ဆီးသီး‌တချို့နဲ့ မှုံ့ပဲရည်အေး ယူလာပေးပါတယ်... ကျွန်တော် အရင်နှစ်က ကျန်းနန်ကိုရောက်တုန်းကလည်း အတူတူပါလာတဲ့လူတွေထဲကတချို့ လှိုင်းမူးကြတယ်... သမားတော်ရှာပြီးကုတာလည်းအဆင်မပြေခဲ့ပေမယ့် ဒီအသီးတွေ စားပြီးရင်တော့ သက်သာလာပါလိမ့်မယ်..."


ဖုရိက သူ့လက်ထဲမှဗန်းကို စားပွဲပေါ်တင်လိုက်သည်။ ဗန်းထဲတွင် ရေဆေးထားသည့် သစ်သီးများက ရေစက်လေးများ ကျန်ရှိနေသေးသည်။ ထို့အပြင် အရောင်ကြည်လင်လှသည့် မှုံ့ပဲရည်အေးတစ်ပန်းကန်လည်း ရှိနေသည်။


ရွှယ်ယန် ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်သည်။ သူ က အရက်မူးနေခြင်းဖြစ်၍ အကြည့်များက ရီဝေနေသော်လည်း ကျွင်းဟွိုင်လန်ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေကာ လုံးဝအကြည့်မလွှဲပေ။ 


သူ့အသိစိတ်ပြန်ကပ်လာအောင် ကျင်းပေါင်က ချောင်းဟန့်လိုက်ချင်သော်လည်း မလုပ်ရဲပေ။


ကျွင်းဟွိုင်လန် အံ့အားသင့်သွားပြီးနောက် မေးလိုက်သည်။


" အရှင် အရက်မူးနေတာလား..."


ရွှယ်ယန်က အက်ရှရှအသံဖြင့် "အင်း" ဟု ပြောလိုက်ပြီးသည့်နောက် သူ့ဘေးနားမှခုံကို လက်ညှိုးထိုးပြလိုက်သည်။


" ထိုင်လေ..."


ကျွင်းဟွိုင်လန်က လျှောက်လာပြီး ထိုနေရာတွင် ထိုင်လိုက်သည်။


ရွှယ်ယန်က သူ့နဖူးကို လက်တစ်ဖက်ဖြင့်ဖိနေပြီး လက်မြှောက်၍ ဗန်းထဲမှ တစ်ခုခုကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။


၎င်းက တရုတ်ဆီးသီးဖြစ်သည်။


ကျင်းပေါင်၏နှလုံးသားက လည်မျိုအထိရောက်လာသည်။


အခြားလူများက မသိသော်လည်း ရွှယ်ယန်ကို နေ့တိုင်းခစားနေရသော ကျင်းပေါင်က သူ အချဥ်မကြိုက်သည့်အကြောင်းကို သိသည်။


သို့သော်လည်း သူ့သခင်၏မျက်နှာက လုံးဝမပြောင်းလဲသွားပဲ အစိမ်းရောင်တရုတ်ဆီးသီးကိုဝါးကာ မျိုချလိုက်သည်။


" နေလို့ကောင်းသွားပြီလား..."

ကျွင်းဟွိုင်လန်က သူ့ကို မျှော်လင့်တကြီးနှင့် စိုးရိမ်ပူပန်သောမျက်လုံးများဖြင့် ကြည့်နေသည်။


ကျွင်းဟွိုင်လန်ကိုလည်း သူတစ်ချက်ပြန်ကြည့်လိုက်ပြီး နာခံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" အင်း တော်တော်နေလို့ကောင်းသွားပြီ..."

    


သူ့စကားကြောင့် ကျင်းပေါင်၏သွားများ ကျိန်းလာသည်။


ရွှယ်ယန်၏ နန်းဆောင်အသစ်ကို ဆောက်လုပ်ပြီးချိန်က ထိုနန်းဆောင်တွင် အစေခံအသစ်များကို ထည့်ထားပေးခဲ့သည်။ ထိုအချိန်က ဝေယျာဝစ္စများကို ကျွမ်းကျင်စွာ မလုပ်တတ်သည့် နန်းတွင်းသူတစ်ယောက်ရှိသည်။ သူမက ရွှယ်ယန့်အတွက်ညစာကို သစ်သီးချဉ်နှင့် ငါးဟင်း ပြင်ဆင်ပေးခဲ့မိသည်။ ထိုအချိန်တွင် ရွှယ်ယန်က ယာမန်မှ ပြန်လာချိန်ဖြစ်ပြီး ရှာလကာရည်အနံ့ ရလိုက်သည်နှင့် သူ့မျက်နှာက ပုပ်သိုးသွားခဲ့သည်။


ထိုနောက်ပိုင်းတွင် နန်းတွင်းသူက ကွမ်းလင်နန်းဆောင်တွင် နောက်ထပ် မပေါ်လာတော့ပေ။


ဒါပေမဲ့ အခုတော့ သူ့သခင်က ဒီလောက်ချဉ်တဲ့ တရုတ်ဆီးသီးကို မျက်မှောင်တစ်ချက်မကြုတ်ပဲ စားလိုက်တယ်ပေါ့လေ...


ကျင်းပေါင် လှမ်းကြည့်လိုက်အခါ ကျွင်းဟွိုင်လန်ပြုံးနေသည်ကို မြင်လိုက်ရသည်။ သူ့အပြုံးကြောင့် ခြံဝင်းထဲမှ မက်မွန်ပွင့်များပင် ပွင့်လန်းလာသည်ဟု ထင်ရသည်။


" အလုပ်ဖြစ်သားပဲ... ငါ လှိုင်းမူးတာ သက်သာသွားပြီဆိုပေမယ့် နေလို့မကောင်းဖြစ်နေတာ... ဒီနေ့ ဝိုင်အသောက်များသွားပြီး မအီမသာဖြစ်နေခဲ့တာ..."


ရွှယ်ယန်က သူ့ကို ငေးငိုင်ကြည့်နေချိန်တွင် အနည်းငယ် ပူလာသကဲ့သို့ ခံစားရသည်။ ခက်ခက်ခဲခဲဖြင့် အကြည့်လွှဲလိုက်ပြီးနောက် စားပွဲပေါ်မှ မှုံ့ပဲရည်အေးပန်းကန်ကိုကိုင်ကာ မော့သောက်လိုက်သည်။


၎င်းက သူ့ခံတွင်းထဲတွင် ချဉ်တူးနေခြင်း၏  ၂၀%ကိုသာ ပျောက်သွားစေပြီး ပဲရည်အေး၏ အရသာကို သေချာပင် မရလိုက်ပေ။

 

ကျွင်းဟွိုင်လန်က သူ့အသံထဲမှ မကျေမနပ်ဖြစ်နေသံများကို ကြားနေရသည်။


ရွှယ်ယန်ကို ကြည့်လိုက်သည့်အခါ သူက ခုံရှည်တွင်မှီ၍ မျက်နှာကြီးဖြင့် မျက်ခုံးများထိလုမတတ် တွန့်ချိုးကာ ထိုင်နေ၍ သူ့ပုံစံက ကြမ်းကြုတ်သည်ဟု ထင်နေရသည်။ သို့သော်လည်း အနီးကပ်ကြည့်လိုက်ချိန်တွင် မျက်လုံးအိမ်များက နီရဲနေပြီး မူးဝေနေပုံရကာ မှုန်ကုပ်ကုပ်ဖြစ်နေခြင်းသာ။


တစ်ချက်ကြည့်လိုက်ရုံဖြင့် အရက်မူးပြီး မအီမသာဖြစ်နေသည်ကို သိနိုင်သည်။


သူ ခေါင်းမော့ပြီး ကျွင်းဟွိုင်လန်ကို ကြည့်လိုက်သည့်အချိန်တွင် ပယင်းရောင်မျက်လုံးများက ရီဝေနေပြီးပင်ပန်းနွမ်းနယ်နေသည့် ခွေးပေါက်လေးတစ်ကောင်နှင့်တူနေ၍ ကျွင်းဟွိုင်လန်၏ရင်ထဲတွင် ပျော့ပျောင်းနူးညံ့သွားမိသည်။


သူ့ပုံစံက နူးညံ့မှုများ လွှမ်းခြုံထားသကဲ့သို့ပင်။

    

ရာထူးကြီးမှူးမတ်များအကြားတွင် လူဝင်ဆံ့အောင်နေထိုင်ခြင်းက အလွန်ခက်ခဲလှသည်ဖြစ်ရာ ရွှယ်ယန်ကဲ့သို့ စကားနည်းသည့်လူဖြစ်ပါက ဆိုဖွယ်ရာပင် မရှိတော့ပေ။


ရွှယ်ယန်က မည်သူမျှ မစော်ကားရဲသည့် ငရဲမင်းကြီးဖြစ်သည်ကို သူ မတော်တဆမေ့သွားပြီး နူးညံ့စွာပြောလိုက်သည်။


" ‌ဒါဆိုရင် အရှင့်သား မနက်ဖြန် အိမ်တော်မှာပဲ နားနေလေ... အရှင့်သားကို မနက်ဖြန်မနက် မနှောင့်ယှက်ဖို့ သူတို့ကို ကျွန်တော်သေချာပြောပြထားလိုက်ပါ့မယ်..."


ကျင်းပေါင်က သူ့သခင်၏ အရက်မူးပြီး ချစ်စဖွယ်ဖြစ်နေသည့်မျက်နှာကို မမြင်တွေ့ပေ။ သူ့ဘေးနားမှ အစေခံများကို အချက်ပြလိုက်ပြီးသည့်နောက် သူတို့နှင့်အတူတူနောက်ဆုတ်သွားလိုက်သည်။


ရွယ်ယန်၏အသံက အက်ရှရှဖြစ်နေသည်။


" မရဘူး မနက်ဖြန်မနက်ကျရင် မြို့စားမင်းနဲ့ တွေ့စရာရှိသေးတယ်..."


၎င်းကလည်း ယနေ့တွင် မြို့စားမင်းယုံနင်နှင့် စကားအလွန်အကျွံပြောခဲ့မိသည့် သူ့အပြစ်သာဖြစ်သည်။ မြို့စားကိုစကားများများပြောခဲ့မိသည့်အတွက် သူနှင့်အတူ မြစ်ကမ်းပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် တူတူသွားကြည့်ရတော့မည်ဖြစ်သည်။

   

ရွှယ်ယန်ကလည်း မငြင်းဆိုခဲ့မိပေ။ 


အဲ့လောက်တောင် အလျင်လိုနေတာလား...

ကျွင်းဟွိုင်လန် အံ့ဩသွားသော်လည်း သူ့အဖေက ဤသို့သောကိစ္စရပ်များတွင် အလျင်လိုတတ်သူဖြစ်ကြောင်းကို  သတိရသွားမိသည်။ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ရွှယ်ယန့်ကို ပြုံးပြလိုက်သည်။


" ဒါဆိုရင်လည်း ဒီနေ့ညစောစောနားပါ အရှင်..."


သူ့စကားကြောင့် ရွှယ်ယန်က ထွက်သွားခါနီးဖြစ်နေသည့် ကျွင်းဟွိုင်လန်ကို မော့ကြည့်ကာ မေးလိုက်သည်။


" မင်း မနက်ဖြန် ဘယ်သွားစရာရှိလဲ..."


သူက ဝိုင်အတော်များများသောက်ထားမိ၍ သယ့မကြည်များက ယခင်ကဲ့သို့ သိုသိပ်မထားနိုင်ပဲ ကျွင်းဟွိုင်လန်ကို လောင်မြိုက်နေသည့်အကြည့်များဖြင့် ကြည့်နေသည်။ ကျွင်းဟွိုင်လန်လည်း သူ့တစ်ကိုယ်လုံး ပူလောင်လာသကဲ့သို့ ခံစားလိုက်ရပြီး မသက်မသာဖြစ်စွာဖြင့် အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။


" ဒီရက်ပိုင်းတော့ လင်းကျန်းကျောင်းတော်ကို သွားရဦးမယ်ထင်တယ်..."


ရွှယ်ယန်က ထပ်မေးလိုက်ပြန်သည်။

" ဟိုနေ့ကတွေ့ခဲ့တဲ့ ဝတ်ကောင်းစားလှဝတ်ထားတဲ့ကောင်လေးနဲ့လား..."


ရှန်းလျှိုဖုန်းကို ပြောတာထင်တယ်...


ကျွင်းဟွိုင်လန် လင်းကျန်းကျောင်းတော်သို့သွားခြင်းက ရှန်းလျှိုဖုန်းနှင့်တွေ့ရန်မဟုတ်ပေ။ ဤရက်ပိုင်းတွင် ရာသီဥတုကောင်းမွန်သည်ကို အခွင့်ကောင်းယူ၍ မြစ်ကမ်းနားမှဆည်ကို သွားရောက်ကြည့်ရှု့ခြင်းဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် သူ့ယခင်ဘဝတွင် ကျင်းလန်မြစ်မှ ဆည်အကြောင်းကို ကြုံတွေ့ခဲ့ရဖူး၍ဖြစ်သည်။ ယခင်ဘဝမှ မှတ်ဉာဏ်များကို ပေါင်းစပ်ကာ မြစ်ကမ်၏ ဆည်တမံမှ ပုန်းကွယ်နေသော အန္တရာယ်ကို ကြိုတင်ရှာဖွေရမည်ဖြစ်သည်။

    

 သို့သော်လည်း ထိုကိစ္စကား ရွှယ်ယန့်ကို တိုက်ရိုက်ပြော၍ မရပေ။


" သခင်လေးရှန်းက နည်းနည်းစိတ်ဝင်စားစရာကောင်းပြီး ပေါင်းသင်းဆက်ဆံရေးကောင်းလို့ပါ သူက မိန်းကလေးတွေကို ကစားတတ်တဲ့သူ မဟုတ်ပါဘူး... ပြီးတော့ ကျွန်တော့်မှာလည်း လုပ်စရာအလုပ်မရှိဘူးဆိုတော့ ကျင်းလင်မှာရှိတုန်း လင်းကျန်းကျောင်းတော်ကိုသွားပြီး စာလေ့လာနေတာပါ..."


ကျွင်းဟွိုင်လန်က အပြုံးလေးနှင့် ပြောလိုက်သည်။


ရွှယ်ယန်က အေးစက်စွာနှာမှုတ်လိုက်ပြီးနောက် အကြည့်လွှဲလိုက်ပြီး ဘာစကားမှ မပြောတော့ပေ။


အကယ်၍ သာမန်နေ့ရက်များတွင် ရွှယ်ယန်၏ပုံစံက ဤသို့ဖြစ်နေခဲ့ပါက သူ့ဘေးနားမှလူများက ကြောက်လန့်လွန်း၍ အသံပင်ထွက်ရဲမည်မဟုတ်ပေ။ သို့သော်လည်း ကျွင်းဟွိုင်လန်၏မျက်လုံးထဲတွင်မူ သူက အရက်မူးနေသူတစ်ယောက်ဖြစ်၍ စိတ်လွတ်နေသောကြောင့် အခြားလူများကိုပါ ကူကယ်ရာမဲ့ဖြစ်စေသည်။


" ဒါဆိုရင် ကျွန်တော်သွားရတော့မလားအရှင်... "


ရွှယ်ယန်က စောစောအနားယူချင်နေသည်ဟုတွေးနေမိဆဲဖြစ်၍ ကျွင်းဟွိုင်လန် တမင်တကာမေးလိုက်သည်။

    

သူ့စကားကိုကြားသည့်အခါ ရွှယ်ယန်က သူ့ကိုမော့ကြည့်လိုက်ပြန်သည်။


သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။


ကျွင်းဟွိုင်လန်က အလျင်မလိုနေသည့်အတွက် ထိုနေရာတွင်ရပ်ပြီး သူ့ကိုစောင့်နေသည်။


သူအဲ့လောက်မူးအောင်သောက်တာ အရင်က တစ်ခါမှ မမြင်ဖူးဘူး... ဒါပေမဲ့ ဒီကလေးက အရက်မူးတာကို အခွင့်ကောင်းယူပြီး ညစ်နေမယ်လို့ မထင်ထားမိဘူး...

ကျွင်းဟွိုင်လန် ထိုသို့မတွေးပဲ မနေနိုင်တော့ပေ။


ထို့နောက် ရွှယ်ယန့်ဘက်မှ စကားပြောလာသည်။


" မင်း ထပ်ပြီးတော့ ထွက်သွားဦးမှာလား..."


"ထပ်ပြီးတော့" ဟူသည့်စကားကြောင့် ကျွင်းဟွိုင်လန် တစ်ခဏတာခန့် အံ့အားသင့်သွားမိပြီး သူပြောသည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။


လွန်ခဲ့တဲ့ တစ်နှစ်ကအကြောင်းကို ပြောနေတာများလား...


ထိုအချိန်က သူ့မိသားစုကသူ့ကို နန်းတွင်းမှခေါ်သွားခဲ့ခြင်းဖြစ်၍ သူ့ကို မနှုတ်ဆက်ခဲ့ရပေ။ ထို့နောက် ချန်အန်းမှထွက်သွားရန် တွန့်ဆုတ်နေစဉ်အချိန်၌ သူ့ကို ချန်အန်းမြို့ပြင်တွင် တွေ့ခဲ့သည့်အခါက ပြောခဲ့သည်။


နောက်ဆုံးတော့ သူက မနှုတ်ဆက်ပဲနဲ့ နှစ်ခါတောင်ထွက်သွားခဲ့တာပဲ...

  

ဤတစ်နှစ်လုံးတွင် ကျွင်းဟွိုင်လန်က ယခင်ဘဝတွင်သူ့ဖခင်သေဆုံးသွားခဲ့ရသည့်အကြောင်းကိုသာ စိတ်နှစ်ထားခဲ့မိ၍  ထိုကိစ္စအကြောင်းကို မတွေးခဲ့မိပေ။ လွန်ခဲ့သည့်ရက်က ရွှယ်ယန်နှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ရသည့်အခါမှသာ အပြစ်မကင်းသကဲ့သို့ ရုတ်တရက် ခံစားခဲ့ရသည်။


 အမှန်တွင် ထိုသို့ မခံစားနေသင့်ပေ။ သူအမြဲတစေပြုလုပ်ခဲ့သည့်ကိစ္စများနှင့် သူတွေးနေခဲ့သည်များက မှန်ကန်သောကြောငိ့ မည်သည့်အခါကမှ နောင်တမရခဲ့ဖူးပေ။


ရွှယ်ယန့်ကို ကြင်နာစွာဆက်ဆံပေးခဲ့ခြင်းကလည်း သူ့စိတ်ရင်းမှန်သာဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း သူ့ဖခင်အပေါ် ကျရောက်လာမည့်ကပ်ဘေးကြီးကို ဖြေရန်အတွက် တောင်ပိုင်းသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။ မူလကမူ ထိုကိစ္စနှစ်ခုက မသက်ဆိုင်သည့်အရာများဖြစ်သော်လည်း ဤကြားထဲတွင် မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပေါ်သွားခဲ့၍ ဆက်နွယ်နေသည့်ကိစ္စများ ဖြစ်သွားခဲ့သည်။


ထို မတော်တဆဖြစ်ရပ်က ရွှယ်ယန်ဖြစ်သည်။

    

မူလတည်းက ရွှယ်ယန်က အရာအားလုံးကို ပြန်ပေးဆပ်ရမည်ဟု ကြံရွယ်ထားခြင်းမဟုတ်ပဲ ယခင်ဘဝမှ အမှားများကိုသာ နောက်တစ်ကြိမ်ထပ်မလုပ်မိရန်နှင့် သူ့မိသားစုကို ကာကွယ်ရန်သာဖြစ်သည်။


သို့သော်လည်း ရွှယ်ယန်က သူ၏ကြင်နာမှုများကို ပြန်လည်တုံ့ပြန်ခဲ့သည်။


ကျွင်းဟွိုင်လန် တစ်ကြိမ်တစ်ခါမှ ထုတ်မပြောခဲ့သော်လည်း ထိုသို့ဖြစ်ကြောင်းကို ခံစားမိသည်။ စကားနည်း၍ မည်သည့်အရာကိုမှ အရေးမစိုက်တတ်သည့်လူငယ်လေးက သူ၏စိတ်ရင်းအမှန်များကို ပြန်လည်ပေးကမ်းခဲ့သည်။


သူ့ထံမှ ရယုခဲ့ရသည့်အရာများက အလွန်များလွန်းနေ၍ အကြွေးတင်နေပြီဟုပင် ကျွင်းဟွိုင်လန်ခံစားနေရသည်။


ဤတစ်ကြိမ်တွင် သူနောက်တစ်ကြိမ်ထွက်သွားပါက သူ့ရင်ထဲ အပြစ်မကင်းဖြစ်နေမိတော့မည်။


ကျွင်းဟွိုင်လန်က ထိုနေရာတွင်ရပ်၍ ရွှယ်ယန်ကိုသာစိုက်ကြည့်နေပြီး အချိန်အတန်ကြာသည်အထိ စကား‌မပြောနိုင်ပေ။


ခဏအကြာတွင် ရွှယ်ယန်က အကြည့်လွှဲလိုက်ပြီးနောက် ပြောလိုက်သည်။

" ပြန်တော့လေ..."


သူစိတ်အနှောင့်အယှက်ဖြစ်နေမိပြီး ဝိုင်အမူးလွန်ခြင်းကို အမှားတစ်ခုဟုသာ ထင်မိလာသည်။ ယနေ့ အလွန်အကြူးသောက်ခဲ့မိ၍ သူ့စိတ်ထဲတွင် ရီဝေဝေဖြစ်နေသည်။ အကယ်၍ သူဂရုမစိုက်ပါက ရင်ထဲတွင် ဖုံးကွယ်ထားရသည့် ခံစားချက်များနှင့်စကားလုံးများ ပွင့်အန်ထွက်လာတော့မည်။


ထိုသို့မပြုလုပ်သင့်ကြောင်း သူသိသည်။

    

ရွှယ်ယန် သူ့နဖူးကို ဖိကိုင်ထားပြီးနောက် မျက်လုံးများ မှိတ်ထားလိုက်သည်။

    

သူ့စိတ်ထဲတွင် တွေးနေမိသည်။

အရမ်းကို သူတော်ကောင်း‌ယောင်ဆောင်မိသွားတာပဲ... သူ့ကို ဘာလုပ်ရမယ်သွားပြောနေတာက ရှက်ဖို့ကောင်းလိုက်တာ...


ထို့နောက် ခြေသံများ ထွက်ပေါ်လာသည်။


ခြေသံက နီးရာမှ ဝေးသွားခြင်းမဟုတ်ပဲ ဝေးရာမှ  နီးလာခြင်းပင်။


Xxxxx