Chapter 82
နေ့လယ်ခင်းအချိန်တွင် ကျွင်းဟွိုင်လန် အိမ်ပြန်ရောက်လာခဲ့သည်။
အမှန်တွင် သူက မျက်နှာချင်းဆိုင်ခြံဝင်းထဲတွင် ဖုရိသန့်ရှင်းရေးလုပ်ထားသည်ကို သွားကြည့်လိုသော်လည်း ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ဝင်လိုက်သည်နှင့် သက်ဝင်စည်ကားနေသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။
အစေခံများက သေတ္တာကြီးငယ်များကို သယ်ဆောင်ကာ စံအိမ်ဝင်ပေါက်တွင် ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်များနေသည်။ ကျင်းပေါင်က တံခါးဝတွင်ရပ်ပြီး ပစ္စည်းသယ်နေသူများကို ညွှန်ကြားနေသည်။
ကျွင်းဟွိုင်လန် ရှေ့သို့ အမြန်လျှောက်သွားလိုက်သည်။
" မိန်းမစိုးကျင်းပေါင်လား..."
သူ အံ့ဩတကြီးဖြင့် မေးလိုက်သည်။
ကျင်းပေါင်က ကွမ်းလင်ဘုရင်ခံ၏ နံပါတ်တစ်မိန်းမစိုးတစ်ယောက်ဖြစ်နေသော်လည်း ကျွင်းဟွိုင်လန်ကို အလျင်အမြန်ဦးညွတ်အရိုအသေပြုလိုက်ပြီးနောက် သဘောကျစွာဖြင့် ပါးစပ်က နားရွက်တက်ချိတ်မတတ် ရယ်လိုက်သည်။
" သခင်လေး... အရှင့်သားရဲ့လှေက ဒီနေ့ပဲ ကမ်းကပ်ပါတယ်... အဲဒါကြောင့်မို့ အခုလောလောဆယ် တခြားလူကြီးမင်းတွေနဲ့ ဝိုင်သောက်နေပါတယ်..."
ကျွင်းဟွိုင်လန် အံ့ဩသွားပြန်သည်။
" ဒါဆို မိန်းမစိုးကျင်းပေါင်က သူနဲ့အတူ အဖော်မပြုပေးနေဘူးလား..."
ထိုနေရာတွင် သွမ့်ရှီးရှီးရှိနေ၍ သူရှိရှိ မရှိရှိ ပြဿနာမရှိပေ။ မည်သူမှလည်း သူ့သခင်၏ ဆံပင်တစ်ချောင်းကိုပင် ထိနိုင်မည်မဟုတ်ဟု တွေးလိုက်မိသည်။
ကျင်းပေါင် ပြုံးပြလိုက်သည်။
" ဒီအစေခံက စားသောက်ပွဲမှာ ရှိမနေလည်း ရပါတယ်... တခြားအစေခံတွေလည်း ပစ္စည်းတွေရွှေ့နေကြတာဆိုတော့ အရှင့်သား ဒီနေ့အိမ်တော်မှာ မြန်မြန် အနားယူလို့ရအောင် လိုအပ်တာလေးတွေ ညွှန်ကြားပေးနေတာပါ..."
ကျင်းပေါင် ဤထက်ပို၍ ဘာမှရှင်းမပြနိုင်တော့ပေ။
သူ့သခင်က သခင်လေးရဲ့အိမ်တော်ကို အရမ်းလာချင်နေပြီး လှေပေါ်မှာ တစ်ရက်ထပ်နေရင်ရူးသွားတော့မှာစိုးလို့ ဒီလောက်မြန်မြန်ကြီး ရောက်လာတာလို့ ပြောလို့လည်း မရဘူးလေ...
သူ့သခင်စိတ်ဆိုးသွားရင် သန်းနဲ့ချီတဲ့ အလောင်းကောင်တွေ မျက်စိရှေ့မှာပုံသွားမှာ ...
ကျင်းပေါင် ရွှယ်ယန့်ကို မစော်ကားရဲပေ။
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားသည်။
" ဘာလို့ အလျင်လိုနေကြတာလဲ
ကျွင်းဟွိုင်လန်ကလည်း ချန်အန်းမှ ကျန်းနန်သို့ သင်္ဘောဖြင့်ရောက်လာခဲ့သူဖြစ်၍ ရွှေ့ရပြောင်းရသည်က မည်မျှဒုက္ခများကြောင်းကိုသိသည်။ နေ့စဉ်ဘဝတွင် အသုံးပြုရမည့် ပစ္စည်းများကိုလည်း သယ်ဆောင်လာရသေးသည်။ ရောက်ရောက်ချင်း ပထမဆုံးနှစ်ရက်တွင် အခြေအနေက မတည်မငြိမ်ဖြစ်နေတတ်သည်။ သို့ဖြစ်၍ ပစ္စည်းများအားလုံးရွှေ့ပြီးသည်အထိ သင်္ဘောပေါ်တွင် နှစ်ရက်နေခဲ့ရသည်။
ကျင်းပေါင်က ထိုသို့ပြောမည်ကို ကြိုသိထားပြီးဖြစ်၍ ထိုစကားများကိုကြားချိန်တွင် ဟန်ဆောင်ပန်ဆောင်ဖြင့် သက်ပြင်းချလိုက်သည်။
" သခင်လေး မသိလို့ပါ... သခင်က သင်္ဘောပေါ်မှာ တစ်ရက်ထပ်နေမယ်ဆိုရင် တစ်ရက်ပိုပြီး ဝေဒနာခံစားရမှာ..."
သူတွေးထားသည့်အတိုင်းပင် ကျွင်းဟွိုင်လန်က ချက်ချင်းမေးလာသည်။
" ဘာဖြစ်လို့လဲ..."
" ကျွန်တော်မျိုးလည်း အကြောင်းရင်းကိုသေချာတော့မသိပေမယ့် သခင်က သင်္ဘောပေါ်မှာနေရင် မူးတတ်တယ်... လွန်ခဲ့တဲ့နှစ်ရက်တည်းက အခြေအနေဆိုးလာတာ ဒိီကို အမြန်လာချင်ပေမယ့် မနေ့ညကပါ တစ်ညထပ်နေလိုက်ရတော့ ပိုဆိုးသွားတာ... ဒီမနက်ကဆို ခေါင်းကိုက်လွန်းလို့ မနက်စာတောင် သေချာမစားနိုင်ဘူး..."
ကျင်းပေါင် အလွန်အကြူးချဲ့ကားပြောလိုက်ခြင်းဖြစ်သည်။ ရွှယ်ယန်က လှိုင်းမူးတတ်သော်လည်း သူတို့ သင်္ဘောက ကြီးမား၍ အခြား သင်္ဘောငယ်များနှင့် နှိုင်းစာပါက ပိုငြိမ်သည်။ လွန်ခဲ့သည့်နှစ်ရက်က နေထိုင်ရသည်မှာ သက်တောင့်သက်သာမဖြစ်သော်လည်း ယမန်နေ့ည အိပ်ပျော်သွားပြီးချိန်တည်းက လုံးဝပျောက်ကင်းသွားပြီဖြစ်သည်။
သူ့သခင်ရဲ့ မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်ကြီးက လှိုင်းမူးတာလောက်ကို စာဖွဲ့မယ်ထင်နေလား...
သို့သော်လည်း သူကြံစည်ထားသည်က အောင်မြင်သွားခဲ့သည်။ ကျွင်းဟွိုင်လန်၏မျက်နှာထက်တွင် စိုးရိမ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
" အရမ်းပြင်းထန်တာလား..."
ကျွင်းဟွိုင်လန် မေးလိုက်သည်။
လူအချို့က လှေသင်္ဘောများစီးလျှင် မူးဝေတတ်ကြောင်းကို သူသိသည်။ ယခင်နှစ်က သူတို့တောင်ပိုင်းကိုလာခဲ့စဉ်ကလည်း သူတို့နှင့်လိုက်ပါလာသည့်လူအချို့က လှိုင်းမူးခဲ့သည်။ အပြင်ထန်ဆုံးတစ်ယောက်မှာ လမ်းတစ်လျှောက်လုံး အဖျားကြီးခဲ့ပြီး အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများဖြစ်ခဲ့ပြီး ကျင်းလက်သို့ရောက်ချိန်တွင် သေလုမျောပါးဖြစ်နေခဲ့သည်။
ယမန်နေ့ညက ရွှယ်ယန် မျက်နှာမကောင်းသည်ကို သူစဉ်းစားမိသွားသည်။
ကြည့်ရတာ သူ စိတ်ဆိုးနေလို့မဟုတ်ပဲ နေမကောင်းတာကြောင့်ကိုး...
ရွှယ်ယန်က နန်းတွင်းတွင် နေထိုင်ခဲ့ရစဉ်ကကဲ့သို့ မည်သည့်အရာကိုမဆို သည်းခံရခြင်းကို အသားကျနေပုံရသည်။ သူမည်မျှ ဒဏ်ရာပြင်းပြီး နာကျင်ခံစားရနေသော်လည်း အသံတစ်သံမှမထွက်ပဲ ကိုယ်သုံးမည့်ရေကို ကိုယ်တိုင်ခပ်ခဲ့သူဖြစ်သည်။
သူ မသက်မသာဖြစ်နေရသည့်ပုံကို မည်သူ့ကိုမှ မပြချင်ခဲ့ပေ။
ကျင်းပေါင်က ဘေးနားမှ ဂရုတစိုက် ကြည့်နေစဉ်တွင် ကျွင်းဟွိုင်လန်၏မျက်နှာထက်မှ စိုးရိမ်ပူပန်သည့်အမူအရာကြောင့် မျက်ခုံးများထိစပ်လုမတတ် တွန့်ထားသည်ကို မြင်လိုက်ရသည်။ သူ၏ ကြည်လင်ချောမောလှသည့် ပုံပန်းသွင်ပြင်ကြောင့် ထိုသို့သောဝမ်းနည်းသည့် အမူအရာမျိုးဖြစ်ပေါ်လာချိန်တွင် ကျောက်စိမ်းတောင်ကြီး လဲပြိုတော့မည်ကဲ့သို့ ခံစားရပြီး မြင်ရသူတိုင်းက သူ့ကို ရင်ထဲအသည်းထဲမှ သနားသွားစေသည်။
သူ့သခင် ငရဲမင်းကြီးက သခင်လေးအတွက်နဲ့ စိတ်တွေ ကယောက်ကယက်ဖြစ်နေရတာ မထူးဆန်းတော့ပါဘူး...
ခဏအကြာတွင် ကျွင်းဟွိုင်လန်က ပြောလာသည်။
" ငါသိပြီ... မင်းတို့ ဒီမှာ ဘာတွေလိုအပ်သေးလဲ ဖုရိက ကျင်းလင်မြို့နဲ့ ရင်းနှီးနေပြီ... အရေးတကြီးလိုအပ်တာ တစ်ခုခုရှိရင် သူ့ကိုဝယ်ခိုင်းဖို့ ငါလွှတ်လိုက်မယ်..."
ကျင်းပေါင်က အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။
ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အိမ်တော်ထဲသို့ ဝင်သွားသည်။
ကျင်းပေါင် သူ့ကျောပြင်ကိုကြည့်ပြီး သက်ပြင်းမချပဲ မနေနိုင်တော့ပေ။
သခင် ဒီအစေခံက သခင့်ကို ဒီအထိပဲ ကူညီနိုင်တယ်...
——
ရွှယ်ယန်က လှိုင်းမူးရာမှ ပြန်ကောင်းသွားပြီဖြစ်သော်လည်း သူ၏ အရက်သောက်နိုင်စွမ်းက အလွန်နိမ့်လှသည်။
ချန်အန်းမှလူအချို့ပင် ဤအကြောင်းသိသူနည်းပါးလှသည်။ သူက ဧကရာဇ်၏ မျက်နှာသာအပေးခံရဆုံးသားဖြစ်သည့်အပြင် သူက အေးစက်စက်သာ နေလေ့ရှိသူဖြစ်သည်။သူက သာမန်နေ့များတွင် မျက်နှာမပျက်ရုံသာ ပေါင်းသင်းဆက်ဆံမှုကို ပြုလုပ်လေ့ရှိသူဖြစ်၍ မည်သူကမျှ သူ့ကိုဝိုင်သောက်ရန် မခေါ်ရဲကြပေ။
သို့ရာတွင် ကျန်းနန်က တစ်မူထူးခြားသည်။
ရှန်းကျီဖုက ၎င်း၏စည်းစနစ်ကြီးမှုကြောင့် နာမည်ကြီးသူဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များအကြားတွင်လည်း အလွန်ကျော်ကြားသည်။ ထိုအကြောင်းရင်းများကြောင့် ကျင်းလင်ကဲ့သို့သောနေရာကောင်းမျိုးတွင် ခိုင်မာစွာနေနိုင်ခြင်းပင်ဖြစ်သည်။
ယန်ဇီမြစ်၏တောင်ပိုင်းဖြစ်သော ကျန်းနန်ဒေသတွင် အရည်အချင်းရှိသူများသာမက ဖျော်ဖြေရေးအတွက်လည်း နေရာကောင်းတစ်ခုဖြစ်သည်။
ချန်အန်းမှ မှူးမတ်များ တောင်ပိုင်းသို့ စစ်ဆေးရန် လာရောက်ကြပါက အရေးကြီးသော လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေကြသည့်အချိန်ပြီးသွားလျှင် ဤနေရာတွင် အပန်းဖြေရန် ရက်အနည်းငယ် ထပ်နေကြသည်။ ထိုသို့မဟုတ်ပါက တောင်ပိုင်းသို့ ခရီးထွက်လာရသည်က မတန်တော့ပေ။ သို့ဖြစ်၍ ဒေသခံအစိုးရက အိမ်ရှင်အဖြစ်နှင့် ထိုလူများကို ပြုစုရလေ့ရှိသည်။
ရှန်းကျီဖုက ဤနေရာမျိုးတွင် အတွေ့အကြုံရှိသူဖြစ်သည်။ အကုန်အကျအနည်းဆုံးဖြစ်အောင်စီစဉ်ပြီး မြို့တော်မှ အမတ်များကို ယန်ဇီမြစ်၏တောင်ပိုင်းမှ ခမ်းနားလှပသည့်မြင်ကွင်းကိုသာ လိုက်လံပြသလေ့ရှိသည်။ ရွှေငွေများကို အသုံးမပြုရပဲ လူအများကို ပျော်ရွှင်အောင် ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။
ဤနေရာတွင် ကွမ်းလင်ဘုရင်ခံရောက်နေသော်လည်း ချွင်းချက်မထားပေ။
သို့ဖြစ်၍ ကြိုဆိုခြင်း အခမ်းအနားကို ရေကန်ထဲမှ ကျောက်တုံးလှေပေါ်တွင် နေ့ခင်းမှ ညနေအထိ ပြုလုပ်မည်ဖြစ်သည်။ စားသောက်ပွဲမှ စားသောက်ဖွယ်ရာများနှင့် ဝိုင်များ၊ သီချင်းသီဆိုပေးသူများနှင့် အကသမားများအားလုံးကလည်း ကျန်းနန်သားများဖြစ်သည်။ ချန်အန်းမှ ကြီးကျယ်ခမ်းနားသောမြင်ကွင်းများကို တွေ့မြင်ခဲ့ရသူများမှာ ရေများဝန်းရံနေသည့် ကျန်းနန်မြို့အလှကို ရှုစားနိုင်ပေသည်။
သို့ရာတွင် ရွှယ်ယန်က ထိုကိစ္စများကို ခေါင်းထဲ မရှိပေ။
သာမန်အချိန်တွင်မူ သူက ဤကိစ္စမျိုးတွင် စိတ်မပါပဲ မည်မျှရာထူးကြီးသောမှူးမတ်များနှင့် အကြီးအကဲများရှိနေသည်ဖြစ်စေ အင်္ကျီလက်ကိုခါ၍ ထွက်သွားမည်ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်၌ ကျွင်းဟွိုင်လန်၏ဖခင်လည်း ရှိနေသည်။
ပုံမှန်အချိန်တွင်မူ ယုံနင်မြို့စား၏ အေးအေးဆေးဆေးနေလိုသော စိတ်နေစိတ်ထားကြောင့် ဤကဲ့သို့သောစားသောက်ပွဲမျိုးကို တက်ရောက်လေ့မရှိပေ။ သို့ရာတွင် ဤတစ်ကြိမ်၌ ရွှယ်ယန်ကို ကြိုဆိုရမည်သာမက သူ့မိတ်ဆွေဖြစ်သော ရှန်းကျီဖုကြောင့် လာခဲ့ရခြင်းဖြစ်သည်။
ရွှယ်ယန်သည်လည်း ရွေးချယ်စရာမရှိပဲ ဤနေရာတွင်သာ နေနေရသည်။
နေ့လည်ခင်းတစ်ချိန်လုံးတွင် စားသောက်ပွဲတွင် ဝိုင်အသောက်မပြတ်ခဲ့ကြပေ။ သူက သီချင်းများသီဆိုနေခြင်းနှင့် အကများကို ကြည့်ရခြင်းအား သဘောမကျသကဲ့သို့ ယုံနင်မြို့စားမင်းလည်း ထိုသို့ဖြစ်ပုံရသည်။ ယုံနင်မြို့စားမင်းက သူ့ဘေးနားတွင်လာထိုင်ပြီး ညီလာခံမှ ကိစ္စများကို ခဏတာပြောဆိုနေခဲ့ကြသည်။
စကားအနည်းငယ်ပြောပြီးသည့်အခါ ယုံနင်မြို့စားမင်းက သူ့ကိုပို၍ လေးစားလာပုံရသည်။ ခဏအကြာတွင် ရွှယ်ယန်နှင့် ခွက်ချင်းတိုက်သည့် အကြိမ်အရေအတွက် ပိုများလာသည်။
သူတို့က ကျန်းနန်တွင်နာမည်ကြီးသည့် မက်မွန်ဝိုင်ကို သောက်နေကြခြင်းဖြစ်ပြီး ၎င်း၏အရသာက စွဲမက်ဖွယ်ကောင်းလှသည်။
နေဝင်သွားပြီး ရှု့ခင်းကြည့်နေခြင်း ပြီးဆုံးသွားသည့်အခါ ရွှယ်ယန် ဒယိမ်းဒယိုင်ဖြစ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း ပူနေ၍ အလွန်အမင်း စိတ်ကသိကအောက်ဖြစ်လာစေသည်။
သို့ဖြစ်၍ ထိုနေ့ညတွင် ကျွင်းဟွိုင်လန် ရွှယ်ယန့်ဆီသို့ ရောက်လာသောအခါတွင် ဤမြင်ကွင်းကို တွေ့လိုက်ရသည်။
ရွှယ်ယန်က ပြတင်းပေါက်နားမှ ခုံရှည်ပေါ်တွင် ဖိနပ်မချွတ်ပဲ ခြေတစ်ဖက်တင်ထားကာ နဖူးကိုလက်တစ်ဖက်ဖြင့် ဖိထားပြီး အခြားလက်တစ်ဖက်က ကွေးထားသည့်ဒူးပေါ်တင်ထား၍ ဓားပြခေါင်းဆောင်ကြီး ထိုင်နေသည်နှင့်ပင် တူနေသည်။
မျက်လုံးများမှိတ်ထားကာ မှိန်းနေသော်လည်းမျက်မှောင်ကြုတ်ထား၍ တစ်ချက်ကြည့်ရုံဖြင့် မသက်မသာဖြစ်နေကြောင်း သိနိုင်သည်။
အစေခံများက အခန်းထဲတွင် စီစဉ်စရာရှိသည်များစီစဉ်၍ အလုပ်များနေပြီး ဝင်လိုက်ထွက်လိုက်လုပ်နေသည်။ ယခုချိန်တွင် ခြံဝင်းတစ်ခုလုံး ရှုပ်ပွနေသော်လည်း သူနှင့် သုံးပေပတ်ပတ်လည်တွင် ပစ္စည်းများ အစီအရီ နေရာချထားပြီဖြစ်၍ အစေခံများက သူ့ကို ကောင်းကောင်းဂရုစိုက်ထားပုံရသည်။
သူ့လက်ထဲတွင် အမူးပြေစွပ်ပြုတ်တစ်ပန်းကန်ကိုင်ထားပြီး စားပွဲပေါ်တွင်လည်း မုန့်ပဲသရေစာအချို့ပြင်ဆင်ထားကာ ကျင်းပေါင်က သူ့ကိုယပ်ခပ်ပေးနေသည်။
ကျွင်းဟွိုင်လန်က တံခါးဝတွင်ရပ်ပြီး ချီတုံချတုံဖြစ်နေပြီးနောက် သူပြုံးလိုက်မိသည် အကျင့်ဟောင်းများကို ပြောင်းလဲရန် ခက်ခဲလှသည်ဟု ခံစားလိုက်မိသည်။ ယခုလက်ရှိရွှယ်ယန်က စွန့်ပစ်ခံထားရပြီး မည်သူမျှဂရုမစိုက်သည့် မင်းသားမဟုတ်တော့သည်ကို သူ မေ့သွားခြင်းပင်။
ကျွင်းဟွိုင်လန်က သူလှိုင်းမူးနေသည်ဆို၍ အနည်းငယ်စိတ်ပူသွားပြီး ယခုလက်ရှိဘုရင်ခံကွမ်းလင်က မှုန်ကုပ်ကုပ်နှင့်နေပြီး သူခံစားနေရသည်များကို တစ်ခွန်းမှ မပြောလျှင်ပင် အစေခံများက အလိုက်တသိလုပ်ပေးမည်ဖြစ်ကြောင်းကို ယခုအခါမှ အမှတ်ရသွားမိသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူ့ကိုယ်သူအပိုလုပ်မိသည်ဟု ခံစားလိုက်ရသည်။
Xxxxxx