Chapter 81
——
ထိုညတွင် ကျင်းပေါင်က ရွှယ်ယန်၏အခန်းတံခါးကို ဂရုတစိုက်ဖွင့်လိုက်သည်။
သင်္ဘောကကြီးမားသော်လည်း ပစ္စည်းပေါင်းများစွာနှင့် လူများကို သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ရွှယ်ယန်၏ အိပ်ဆောင်နှင့် စာကြည့်ခန်းကိုလည်း သီးခြားမခွဲထားပေ။ ရွှယ်ယန်အိပ်ပျော်နေသည်ဟုတ်မဟုတ်ကို အခန်းထဲမှ မီးအိမ်အရောင်ကိုကြည့်ရုံဖြင့် ခန့်မှန်းနိုင်သည်။
သူ အမှန်တကယ်ပင် မအိပ်သေးပေ။
တံခါးဖွင့်ပြီး အထဲသို့ဝင်လာသည့်အခါရွှယ်ယန်က စာကြည့်စားပွဲတွင်ထိုင်နေပြီး တုန်းချန်က စာပို့ခိုဖြင့်ပို့လိုက်သည့် လျှို့ဝှက်စာကို ဖတ်နေသည်။
စာထဲတွင် အရေးကြီးသည့်အကြောင်းအရာ မပါဝင်ပဲ မြို့တော်မှ မှူးမတ်အချို့၏လှုပ်ရှားမှုများကိုသာရေးထားခြင်းဖြစ်၍ ညနက်သည့်အထိ ဂရုတစိုက်ဖတ်နေရန် မလိုအပ်ပေ။
သို့သော်လည်း ရွှယ်ယန် အိပ်မပျော်နိုင်သေးသောကြောင့် ထိုစာထဲတွင် ပြဿနာတစ်ခုခုတက်ရန်သာ မျှော်လင့်နေမိသည်။ သို့မှသာ သူ မအိပ်သေးပဲ ထိုင်တွေးတောနေ၍ရမည်ဖြစ်သည်။
" ဘာကိစ္စရှိလို့လဲ..."
ကျင်းပေါင် အခန်းထဲဝင်လာသည့်အခါ သူက မော့မကြည့်ပဲမေးလိုက်သည်။
ကျင်းပေါင် သတိထား၍ ရှေ့တိုးလာပြီးနောက် သူ့အတွက် မီးအိမ်ကို နေရာရွှေ့ပေးလိုက်ကာလက်ဖက်ရည်ကြမ်းငှဲ့ပေး၍ ပြောလိုက်သည်။
" သခင့်ကို လျှောက်တင်ပါတယ် ဒီနေ့ သခင်လေးနဲ့တူတူပါလာတဲ့ မိန်းကလေးရဲ့ကိစ္စကို ဆောင်ရွက်ပေးပြီးသွားပါပြီ သူ့မိသားစုကိုလည်း ခေါ်ထားလိုက်ပါပြီ..."
ရွှယ်ယန်က အေးစက်စက်ဖြင့်သာပြောလိုက်သည်။
" သူ့အတွက် အလုပ်တချို့ခွဲပေးလိုက် ငါ့ဆီလာပြီး ခစားစရာမလိုဘူး..."
သူ့သခင်က ထူးဆန်းသည့်လူတစ်ယောက်ဖြစ်ကြောင်းကို ကျင်းပေါင် သိရှိထားပြီးဖြစ်သည်။ အခြားမင်းသားများမှာ ဒါဇင်နှင့်ချီသောအစေခံများ ဝန်းရံနေကြသော်လည်း ရွှယ်ယန်က ထိုသို့မဟုတ်ပေ။
သို့ရာတွင် သူ့သခင်က အခြားလူများထံမှ အထိအတွေ့နှင့် ခြယ်လှယ်ခံရသည်ကို စိတ်အနှောင့်အယှက်ဖြစ်တတ်သူဖြစ်သည်။ သူ၏တစ်နေ့တာ လုပ်ငန်းဆောင်တာများကိုလည်း ကိုယ်တိုင်လုပ်ဆောင်လေ့ရှိသည့်လူဖြစ်ပြီး အခြားလူများ၏အကူအညီကို မယူတတ်ပေ။
ကျင်းပေါင် လျင်မြန်စွာတုံ့ပြန်ပြီး ပြန်ဖြေလိုက်သည်။
" ဒီအစေခံ သိပါပြီ..."
စကားဆုံးသည်နှင့် ရွှယ်ယန်ကို ဂရုတစိုက်လှမ်းကြည့်လိုက်သည်။
ပြောစရာရှိသည်များ ပြောပြီးသော်လည်း မသွားသေး၍ ရွှယ်ယန်က သူ့ကိုတစ်ချက်ကြည့်ပြီး မျက်ခုံးပင့်ပြလိုက်သည်။
" မသွားသေးဘူးလား..."
ကျင်းပေါင်က ဖားယားသည့်ပုံစံဖြင့် ပြုံးပြလိုက်ပြီး သတိထားကာ မေးလိုက်သည်။
" သခင် ဒီနေ့စိတ်မကြည်ဘူးလား..."
သူ့စကားကြောင့် လျှို့ဝှက်စာကိုကိုင်ထားသော ရွှယ်ယန်၏လက်များ တောင့်သွားသည်။
ကျင်းပေါင်က အဓိကအချက်ကိုသာ တဲ့တိုးမေးလိုက်ခြင်းဖြစ်သည်။
ငရဲမင်းကဲ့သို့သောသူ့သခင်နှင့် အချိန်အတန်ကြာနေထိုင်ခဲ့သည်ဖြစ်၍ ထူးဆန်းသည့်အပြုအမူအားလုံးကို သတိထားမိနေသည်။ ကျင်းပေါင်က သူ့အနားတွင် တစ်နှစ်ကျော်ခန့် ခစားခဲ့သူဖြစ်၍ သူ့ကို အကြောင်းအရင်းမရှိ ကြောက်လန့်နေခြင်း မရှိတော့သည့်အပြင် တစ်ခါတစ်ရံတွင် ရွှယ်ယန်၏ ရည်ရွယ်ချက်ကိုမှန်းဆပြီး အဆင်ပြေချောမွေ့အောင် ကူညီပေးတတ်လာသည်။
သူ၏စိုးရိမ်ပူပန်မှုအားလုံးကို ပြေပျောက်အောင်လုပ်ပေးကာမှ သူ့ဘဝလည်း ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်သည်။
ခဏအကြာတွင် ရွှယ်ယန်က လျှို့ဝှက်စာကို ဘေးနားတွင်ချထားလိုက်ပြီး နားထင်ကိုပွတ်၍ ပြောလိုက်သည်။
" စိတ်အနှောင့်အယှက်ဖြစ်လိုက်တာ..."
အေးစက်စက်အသံထဲတွင် နွမ်းလျမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ပါဝင်နေသည်။
သူက သင်္ဘောစီးရခြင်းကို မနှစ်သက်သူဖြစ်၍ ရေစီးကြမ်းသည့်နေရာသို့ ရောက်လာသည့်အခါ မူးဝေလာသည်။ သူ ယနေ့ညတွင်မှ ကျင်းလင်ကိုရောက်လာခြင်းဖြစ်သည်။ ယန်ဇီမြစ်နှင့် အရှေ့ဘက်ရေကန်ကို ဆက်သွယ်ထားသောနေရာတွင် ရေစီးအကြမ်းဆုံးဖြစ်သည်။ သူက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှ လေပြင်းနှင့် မိုးရွာသွန်းမှုများကြောင့် နေထိုင်ကောင်းဖြစ်နေမိသည်။
ကျင်းပေါင်လည်း ထိုအကြောင်းကိုသိသည်။ လူတစ်ယောက်ကိုလွှတ်ပြီး အရှင်က နောက်နေ့မနက်တွင်မှ ရောက်လာမည်ဖြစ်ကြောင်းပြောပြထား၍ ယနေ့ည သင်္ဘောပေါ်တွင်သာ အနားယူရမည်ဖြစ်သည်။
သူ အိပ်ရာပေါ်လှဲပြီး အခန်းပြတင်းပေါက်ကို ဖွင့်လိုက်ချိန်တွင် ကျွင်းဟွိုင်လန်၏အသံကို ကြားလိုက်ရသည်။
မနီးမဝေးရှိလှေနှစ်စင်းပေါ်မှ ရုန်းရင်းဆန်ဖြစ်နေသည်များကိုလည်း ကြားလိုက်ရသည်။ သူက အမြင်စူးရှသူဖြစ်၍ လှေတစ်စင်းပေါ်မှ စိမ်းပြာရောင်ပုံရိပ်လေးကို မြင်လိုက်ရသည်။
ထိုအချိန်တွင် သူ့နှလုံးသားက လည်မျိုထဲအထိ ရောက်လာမတတ်ဖြစ်သွားသည်ကို ရွှယ်ယန်တစ်ယောက်တည်းသာသိသည်။
ထိုနေ့က ကျွင်းဟွိုင်လန် ထိုက်ယဲ့ရေကန်ထဲကျသွားသည့်ပုံရိပ်ကို သူစိတ်ထဲတွင် ပြန်လည်မြင်ယောင်လာသည်။ အခြားကိစ္စများကိုပင် ဂရုမစိုက်နိုင်တော့ပဲ သွမ့်ရှီးရှီးကိုအမိန့်ပေးကာ သူတို့ကို သွားကယ်ခိုင်းလိုက်တော့သည်။
သူကိုယ်တိုင်က အဝတ်အစားများ ပြန်လဲဝတ်၍ ထလာပြီး သင်္ဘောကုန်းပတ်ပေါ်သွားလိုက်ပြီး သွမ့်ရှီးရှီးက ကျွင်းဟွိုင်လန်ကို ကယ်လာသည်အား စောင့်ဆိုင်းနေလိုက်သည်။
မီးအိမ်များ တောက်ပစွာထွန်းထားသည့် အပျော်စီးလှေအနား ကပ်လာသည့်အခါ ရွှယ်ယန် နှလုံးခုန်ရပ်မတတ်ဖြစ်သွားသည်။
ခိုနားရာအိမ်နှင့် နီးကပ်လာသည့်ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။
ဤတစ်နှစ်ပတ်လုံးတွင် သူက အမြစ်မှဖြတ်တောက်ခြင်းခံလိုက်ရသည့် သစ်ပင်တစ်ပင်ကဲ့သို့ဖြစ်နေခဲ့ကာ သူ့ရင်ထဲတွင်လည်း ဗလာကျင်းနေခဲ့ရသည်။ ကုန်းပတ်ပေါ်တွင်ရပ်နေသည့် ပုံရိပ်လေးတစ်ခုကို မြင်တွေ့လိုက်ချိန်တွင် သူ့နှလုံးသားက ထို နူးညံ့ညင်သာသည့်လူအပေါ် ကျရောက်သွားပြီး စိတ်အေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ထံတွင် အရာအားလုံးရှိနေသော်လည်း ထိုလူသားလေးတစ်ယောက်တည်းသာ လိုအပ်နေခဲ့ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်ခဲ့သည်။
ထိုလူသားလေးကလည်း သူ့ကို ငေးငိုင်ကြည့်နေခဲ့သည်ဟု ထင်ခဲ့သည်။
သို့ရာတွင် သင်္ဘောနှစ်စင်းက တဖြည်းဖြည်းနီးကပ်လာချိန်တွင်မှ ထိုသို့ဟုတ်မနေကြောင်း သိလိုက်ရသည်။
သူက သူ့ဘေးနားမှ ရေများစိုရွှဲနေသည့်လူနှင့် စကားပြောပြီး ရယ်မောနေခဲ့၍ ထိုနှစ်ယောက်က အလွန်ရင်းနှီးသည့်လူများ ဖြစ်ကြမည်ဟု ထင်လိုက်သည်။
ထို့နောက် မည်သည့်နေရာကမှန်းမသိသော မိန်းမတစ်ယောက်က အဝတ်အစားများဖရိုဖရဲနှင့် လှေဝမ်းထဲမှထွက်လာသည့်အပြင် ထိုလူသားလေး၏ အဝတ်အစားများကိုလည်း ခြုံထားေသးသည်။
ရွှယ်ယန်၏ နှလုံးသားက အနက်ရှိုင်းဆုံးနေရာအထိ ပြုတ်ကျသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
ဤတစ်နှစ်လုံး ရွှယ်ယန်က ကျွင်းဟွိုင်လန်ကို စိတ်ထဲတွင် မတွေးနေခဲ့သည့်ရက် တစ်ရက်မှ မရှိခဲ့ပေ။
ကျွင်းဟွိုင်လန်က လူတိုင်းကို ကောင်းမွန်စွာဆက်ဆံတတ်ပြီး အားလုံးကလည်း သူ့အနားတွင် နေလိုကြကြောင်းကို သိသင့်သည်ဟု ရွှယ်ယန်ထင်လိုက်သည်။
သူ အဲ့လိုသာစိတ်ထားမကောင်းရင် အားလုံးက မုန်းတီးစက်ဆုပ်နေတဲ့ နတ်ဆိုးကြယ်ကို အရင်တည်းက ကောင်းကောင်းဆက်ဆံမယ်တဲ့လား...
ရွှယ်ယန်စိတ်ကသိကအောက်ဖြစ်လာပြီး သူ့ရင်ထဲတွင်လည်း နာကျင်လာသကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရသည်။ သူက လှောင်အိမ်ထဲတွင် ချုပ်နှောင်ခံထားရပြီး ထွက်ပေါက်ရှာမတွေ့သည့် သားရဲတစ်ကောင်နှင့်ပင် တူနေသည်။
အကယ်၍ တခြားလူတစ်ယောက်ယောက် သို့အဟုတ် တစ်ခုခုက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါက ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်မည်ဖြစ်သည်။ သို့ရာတွင် ယခုချိန်၌ သူနှင့် ရင်ဆိုင်နေရသူက ကျွင်းဟွိုင်လန်ဖြစ်၍ ထိုသို့မလုပ်နိုင် ဖြစ်နေသည်။ အခြားလူတစ်ဦးတစ်ယောက်ကိုမှ မကြည့်ပဲ သူတစ်ယောက်တည်းကိုသာကြည့်ပြီး သူ့အတွေးများကိုသာ မြင်စေခဲ့လိုသော်လည်း ရွှယ်ယန်က တောင့်ခံထားပြီး ထိုအတွေးများကို မျိုသိပ်ထားခဲ့သည်။
ရွှယ်ယန် နဖူးပြင်ကို ပွတ်လိုက်ပြီးနောက် ဘေးနားမှ လျှို့ဝှက်စာကို ပြန်ကိုင်လိုက်သည်။
သူ့ဘေးနားမှကျင်းပေါင်က သတိကြီးကြီးထား၍ မေးလိုက်သည်။
" သခင် အဲဒါက နတ်သား... အဲ သခင်လေးကြောင့်လား..."
ဘုရားရေ နတ်သားလေးလို့ ပြောမိတော့မလို့...
ရွှယ်ယန်၏လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။
" အရမ်းသိသာနေလို့လား..."
ကျင်းပေါင် ပြုံးလိုက်သည်။
" မသိသာပါဘူး... ဒါပေမဲ့ ဒီအစေခံက အရှင့်သားနောက်ကို လိုက်ခဲ့တာကြာပြီဆိုတော့ အရှင့်သားက သခင်လေးအပေါ်မှာဆို တခြားသူတွေကို ဆက်ဆံပုံနဲ့ ကွဲပြားတယ်ဆိုတာကို သိပါတယ်..."
ရွှယ်ယန် မျက်လွှာချလိုက်မိသည်။
သေချာပေါက် ကွဲပြားမှာပေါ့ ဘယ်လိုလုပ်တူနိုင်မှာလဲ... ကမ္ဘာပေါ်က လူတွေအားလုံးက သူ့အတွက်တူတူပဲဆိုပေမယ့် ကျွင်းဟွိုင်လန်ကတော့ အထူးတလည်လေ...
ခဏအကြာတွင် ခပ်ထေ့ထေ့ပြုံး၍ ပြောလိုက်သည်။
" ဒါပေမဲ့ သူက လူတိုင်းအပေါ် ကောင်းကောင်းဆက်ဆံတတ်တဲ့ သူပဲလေ..."
ကျင်းပေါင် အံ့အားသင့်သွားမိသည်။
ဘုရားရေ... သခင်က အဲ့လောက်ထိ သဝန်တိုနေတာလား...
ကျင်းပေါင် ထိုနေရာတွင်ပင် တောင့်တင်းသွားမိသည်။ သူ့ရင်ထဲမှ မှန်းဆချက်တစ်ခုက သူ့ကို ကြောက်လန့်သွားစေသည်။
ကျင်းပေါင်က ခဏကြာသည်အထိ ဘာမှပြန်မဖြေ၍ ရွှယ်ယန် မျက်ခုံးတစ်ချက်ပင့်ပြီး မေးလိုက်သည်။
" ဘာဖြစ်လို့လဲ..."
ကျင်းပေါင် အသိစိတ်ပြန်ကပ်သွားသည်။
တကယ်လို့ သူမှန်းထားတာ မှန်တယ်ဆိုရင်တောင်မှ သခင့်ကို ဒီတိုင်းပြောပြလို့ မဖြစ်ဘူးလေ...
ကျင်းပေါင်မှာ အသက်ရှင်လိုစိတ် ပြင်းထန်နေမှုကြောင့် ထိုစကားများကို မျိုသိပ်ထားလိုက်ပြီး ဖျောင်းဖျပေးလိုက်သည်။
" သခင်လေးက အရင်တည်းက အရမ်းကြင်နာတတ်တဲ့သူဆိုတာ သခင်လည်းသိတာပဲမလား...ဒါပေမဲ့ ဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေကိုတော့ သူပိုပြီးကြင်နာမှာပေါ့ အရမ်းစိတ်မပူပါနဲ့..."
သူပြောလိုက်သည်အားလုံးက ရွှယ်ယန်မသိမြင်နိုင်သောရှု့ထောင့်မှ ပြောလိုက်ခြင်းပင်။
ရွှယ်ယန်၏ ကမ္ဘာတွင်မူ လူအများကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခြင်းက ဆိုးကျိုးများသာ ယူဆောင်လာလေ့ရှိသည်။ ဥပမာအားဖြင့်ဆိုလျှင် သူက နတ်ဆိုးကြယ်ဖြစ်ကြောင်း အားလုံးက သိကြပြီး သူ့အပေါ် ကောင်းမွန်စွာ မဆက်ဆံကြပေ။ ရွှယ်ယန့်အတွက် ထိုကိစ္စများက မထူးဆန်းတော့ပေ။
သူ့အေပါ် ကောင်းသည့်လူမှာ...ကျွင်းဟွိုင်လန်မှလွဲ၍ အခြားမရှိပေ။
" တကယ်လား..."
ကျင်းပေါင်ခဏကြောင်အသွားပြီးမှ ပြန်ဖြေလိုက်သည်။
" ဟုတ်တာပေါ့... သခင်လေးက မိန်းကလေးရှောင်ချမ့်ကို သခင့်ဆီမှာ အလုပ်လုပ်ခိုင်းပေမယ့် သူ့နောက်မလိုက်မခိုင်းဘူးလေ... ဒါပေမဲ့ အရှင်ကကျတော့ တခြားလူတွေနဲ့မတူဘူးဆိုတော့ သူ့အိမ်တော်ကိုငှားပေးရုံမကဘူး မျက်နှာချင်းဆိုင်က ခြံဝင်းထဲမှာတောင် နေခိုင်းသေးတယ်လေ..."
အကြောင်းအရင်းမှာ ထိုခြံဝင်းက အကောင်းဆုံးဖြစ် သောကြောင့်ပင်။ သို့ရာတွင် ကျင်းပေါင်အတွက် ယခုလက်ရှိအချိန်တွင် အကြောင်းအရင်းက အဓိက မဟုတ်ပဲ မျက်စိတစ်ချက်မမှိတ်ပဲ သူ့သခင်ကို လိမ်ပြောရန်သာ ဖြစ်သည်။
သူ့ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ပဲ အေးစက်စက်စိတ်ထားက သခင်လေးနဲ့မှ ပြောင်းလဲတတ်လာပြီး သဝန်တိုတတ်လာတာလေ...
ထိုအကြောင်းကို တွေးမိသည့်အခါ ကျင်းပေါင် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။
သူ့အမြင်တွင် သခင်လေးက သက်ရှိထင်ရှားနတ်သားလေးတစ်ယောက်ဖြစ်ကာ အလွန်လည်း ရဲတင်းလွန်းသည်။ သူ့သခင်ကို အခြားလူများနှင့် ရင်းနှီးစေပြီး သူတို့ကိစ္စများကိုပါ ဆောင်ရွက်ခိုင်းနေသည်။
သို့ရာတွင် ကျင်းပေါင်၏လက်ရှိနေရာမှဆိုလျှင် ကိစ္စများကိုစီမံနိုင်ခြင်း မရှိပေ။
ရွှယ်ယန်က သူ့စကားများကိုနားထောင်ပြီးနောက် အတွေးထဲ နစ်မျောနေသည်။
ကျင်းပေါင်က အနိုင်ရသွားသည့်ပုံဖြင့် ဆက်ပြောသည်။
" အရှင်နဲ့ သခင်လေးတို့က တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာ အချိန်တိုလေးပဲ ဆိုပေမယ့် အရှင့်ကို သူက မိသားစုဝင်တစ်ယောက်လိုကို ဆက်ဆံတာပါ... အရှင့်ကို တကယ်ကို ခံစားချက်အစစ်အမှန်တွေနဲ့ဆက်ဆံပေးတာ ဒါပေမဲ့ အရှင်က ဒီနေ့ အေးစက်စက်ကြီးနေပြလိုက်တော့ သခင်လေးက မပျော်မရွှင်ဖြစ်သွားမှာပေါ့..."
"မပျော်မရွှင်" ဟူသည့်စကားကြောင့် လျှို့ဝှက်စာကို ရွှယ်ယန်က တင်းကြပ်စွာကိုင်ထားလိုက်မိသည်။
ခဏအကြာတွင် ထိုစာကို စားပွဲပေါ် ပြန်တင်လိုက်သည်။
" နောက်တစ်ခါ အဲ့လိုမဖြစ်တော့ပါဘူး..."
သူ့လေသံက အေးစက်နေဆဲဖြစ်သော်လည်း တည်ကြည်ခိုင်မာနေပြီး တစ်ယောက်ယောက်ကို ကတိပေးလိုက်သည်ဟုပင် ထင်ရသည်။
ရွှယ်ယန်က အိမ်တော်ကိုလာမည်ဟုပြောခဲ့သော်လည်း ဤမျှမြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု ကျွင်းဟွိုင်လန် မထင်ခဲ့မိပေ။
သူ့အဖေကို မနက်စောစောတည်းက အကြောင်းကြားထားပြီး မျက်နှာချင်းဆိုင်မှခြံဝင်းကို ရှင်းလင်းရန်အတွက် လူလွှတ်ခိုင်းထားသည်။ သူက အိမ်အလုပ်များလုပ်ကိုင်ရာတွင် ကျွမ်းကျင်သူမဟုတ်၍ ထိုကိစ္စများ မည်သို့လုပ်ရမည်ကို မသိပေ။ သူခြံဝင်းထဲတွင် လမ်းထွက်လျှောက်နေစဉ်၌ အိမ်တော်ကို မည်သူမှ လာရောက်မသန့်ရှင်းသေး၍ ထိုကိစ္စကို ဖုရိနှင့် လွှဲထားပေးခဲ့သည်။
အားလပ်ချိန်ရသောအခါ လင်းကျန်းကျောင်းတော်သို့သွားပြီး ဆည်တာတမံတစ်ဝိုက်တွင် လမ်းလျှောက်လေ့ရှိသည်။
ရှန်းလျှိုဖုန်း ပြောသကဲ့သို့ပင် ထိုဆည်ကို မြစ်လမ်းကြောင်းတောက်လျှောက် ခိုင်ခံ့စွာတည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းက မြေဩဇာကောင်းမွန်သည့် လယ်ခင်းများအတွက် ရေပေးသွင်းပေးသည့် ထွက်ပေါက်လည်းဖြစ်ပြီး ပုံမှန်ရက်များတွင် ဆည်ရေကို ဖြန့်ဝေပေးလေ့ရှိသည်။ ရှန်းကျီဖုက ၎င်းကို အမျှော်အမြင်ရှိရှိ တည်ဆောက်ထားခြင်းဖြစ်ကြောင်းကို သိနိုင်သည်။
သို့ဖြစ်၍ ဤနှစ်တွင် မိုးများခဲ့သော်လည်း မြစ်ရေပြင်က လုံခြုံသည့်အနေအထားတွင်သာရှိပြီး ဆည်ကိုကျော်လွန်၍ ရေကြီးခြင်း မရှိခဲ့ပေ။
ကျွင်းဟွိုင်လန်၏ရင်ထဲတွင် ဤဆည်တမံနှင့် ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည်ဟု ထင်မိသည်။
Xxxx