Chapter 80
သခင်လေး ကျွင်းဟွိုင်လန် က အရင်တည်းက ချန်အန်းက ချောမောတဲ့လူငယ်လေးတွေထဲကတစ်ယောက် ဖြစ်ပြီးသားပဲကို အခု အရပ်ပိုရှည်လာပြီး မျက်နှာက အစိတ်အပိုင်းတစ်ခုချင်းစီကလည်း သစ်ခွပင်လေးလို ပိုလှလာတာပဲ.. ဒီလို ထင်ပေါ်တဲ့ ရုပ်ရည်သွင်ပြင်လေးရှိတဲ့အပြင် အသားအရည်လေးကလည်း သာမန်လူတွေနဲ့ကိုမတူတာ... သူ့ရဲ့ အေးစက်ညင်သာတဲ့ အပြုအမူတွေကြောင့် သန့်စင်ပြီး အရောင်တင်ထားတဲ့ နီလာတုံးလေးလိုတောင် ဖြစ်လာသေးတယ်...
ကျင်းပေါင် လွန်ခဲ့သည့်ရက်အနည်းငယ်က စာလုံးများကို လေ့လာခဲ့သော်လည်း ချင်ဖုန်းမင်ယွဲ့ဟူသည့် စကားလုံးတစ်လုံးကိုသာ အမှတ်ရမိသည်။
အဲ့ဒီစကားလုံးက သက်ရှိထင်ရှားရှိနေတဲ့ နတ်သားလေးလို့ ဆိုလိုချင်တာမလား...
ကျင်းပေါင် အတွေးများနေမိသည်။
သခင်က ဘာတွေတွေးနေမှန်းကို မသိဘူး... ဒီနေရာမှာ အကြာကြီးထိုင်နေပြီး အကုန်လုံးကိုလည်း လျစ်လျူရှု့ထားတယ်... ချန်အန်းမှာဆိုရင်တော့ လူအားလုံးရှေ့မှာ အဲ့လိုကြောက်စရာပုံစံနဲ့နေတာ ဘာမှမဖြစ်ပေမယ့် နတ်သားလေးရှေ့မှာ ဘာလို့ အဲ့လိုမျိုးကြောက်စရာကြီး ဖြစ်နေရတာလဲ...
ကျင်းပေါင် နားမလည်သော်လည်း မနှောင့်ယှက်ရဲပေ။
နတ်သားလေးကသာ စကားစပြောလာခဲ့သည်။
ကျွင်းဟွိုင်လန်က သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
" အရှင့်သားကို မတွေ့ရတာ တစ်နှစ်လောက်ကြာခဲ့ပြီဆိုပေမယ့် ဘာမှ မပြောင်းလဲသေးဘူးပဲ... အရှင့်သားလာမယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး..."
ရွှယ်ယန်က သူ့စကားကို ပြန်မဖြေပဲ မေးလိုက်သည်။
" မင်းတို့ ဒီနေ့ အဲဒီမှာ ဘာလုပ်နေကြတာလဲ..."
ကျွင်းဟွိုင်လန် အံ့အားသင့်သွားသော်လည်း အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
" အာ... ရှန်းမိသားစုက သခင်လေးက ကျွန်တော့်ကို လှေပေါ်မှာ ညစာစားဖို့ဖိတ်လို့ပါ... ဒီမိန်းကလေးနဲ့ သခင်လေးရှန်းက အချင်းချင်းသိကြပါတယ်... သူ အနီးအနားလှေပေါ်ကနေ လှမ်းအော်ပြီး အကူအညီတောင်းတဲ့အသံကြားပြီးတော့ လှေပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာကို မြင်လိုက်ရလို့ သွားကူညီတာပါ..."
ရွှယ်ယန်၏ အကြည့်များက အနည်းငယ်ပြောင်းလဲသွားသည်။
" ဪ သူနဲ့သိတာလား..."
ကျွင်းဟွိုင်လန်က သူ၏စိတ်အခြေအနေ အနည်းငယ်ပြောင်းလဲသွားသည်ကို သတိမပြုမိလိုက်ပေ။ ထိုစကားများကိုကြားသည့်အခါ ခေါင်းငြိမ့်ပြပြီး သူ့ဘေးနားမှ စုရှောင်ချမ့်ကို ပြုံးပြလိုက်သည်။
" မိန်းကလေးကတော့ မသိလောက်ပေမယ့် သခင်လေးက မိန်းကလေးရဲ့ဖျင်တန်တွေကိုနားထောင်ခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီတဲ့... ပြီးတော့ ကျွန်တော်လည်း မိန်းကလေးကို ချီးကျူးချင်ပါတယ်..."
ကျွင်းဟွိုင်လန်က အေးအေးဆေးဆေးသာနေလေ့ရှိသော်လည်း သူပြုံးလိုက်ချိန်တွင်မူ သူ့မျက်ခုံးမျက်လုံးများက နူးညံ့ညင်သာသည့်ပုံစံဖြစ်သွားသည်။
ရွှယ်ယန်၏လက်များက ထိုင်ခုံလက်တင်ပေါ်ရောက်သွားပြီး လက်ညှိိုးဖြင့် ၎င်းတို့ကိုခေါက်နေသည်။
သူ့သခင် တစ်ခုခုကို စိတ်ဆိုးနေပြီဖြစ်ကြောင်း ကျင်းပေါင်သိလိုက်သည်။
စုရှောင်ချန့်က မတ်တပ်ထလာပြီး မျက်လွှာချလျက် သူတို့နှစ်ယောက်ကို အရိုအသေပြုလိုက်သည်။
" ကျွန်တော်မျိုးမကို ကယ်ခဲ့ပေးတဲ့အတွက် အရှင်တို့ကို ကျေးဇူးတင်ပါတယ်..."
ကျွင်းဟွိုင်လန်၏အာရုံက သူမအပေါ်ရောက်သွားပြီးနောက် တစ်စုံတစ်ရာကို တွေးမိသွားရန်ဖြင့် မေးလိုက်သည်။
" ကျွန်တော် သခင်လေးရှန်းဆီက ကြားတာတော့ မင်းအိမ်မှာအဖွားလည်းရှိသေးတယ်ဆို..."
" ဟုတ်ပါတယ်သခင်လေး...မိသားစုထဲမှာ ညီမလေးနှစ်ယောက်နဲ့ အဖွားတစ်ယောက်ပဲ ရှိတာပါ..."
ထိုစကားကြောင့် ကျွင်းဟွိုင်လန်၏အတွေးက နက်နဲသွားသည်။
" ဒီနေ့တွေ့ခဲ့တဲ့လူက တော်တော်လေးတော့ အာဏာရှိတဲ့ပုံပဲ... ဘယ်မိသားစုကလည်းဆိုတာတော့ မသိပေမယ့် ဒီနေ့တောင် မင်းကို ပြန်ပေးဆွဲနိုင်တယ်ဆိုတော့ နောက်ဆိုလည်း အဲ့လိုထပ်လုပ်မှာ စိုးရိမ်ရတယ်..."
စုရှောင်ချမ့် ငြိမ်ကျသွားသည်။
သူမ ထိုအကြောင်းကိုသိသော်လည်း ဘာမှလုပ်မရပေ။ သူမက ငွေကြေးမချမ်းသာ၊ အာဏာမရှိသူတစ်ယောက်ဖြစ်သည့်အပြင် မိသားစုထဲတွင်လည်း ယောကျာ်းသားမရှိပေ။ သူမက အဖွားသူနှင့်သာ နေရခြင်းဖြစ်သည်။ ယနေ့တွင်လည်း ထိုလူ၏ အစေခံက သူမအိမ်ထဲ ကမူးရှုးထိုးဝင်ရောက်လာကာ သူမကို ပြန်ပေးဆွဲသွားခြင်းဖြစ်၍ မနက်ဖြန်တွင်လည်း ဒုတိယအကြိမ်မလုပ်ဟု အာမ မခံနိုင်ပေ။
ကျွင်းဟွိုင်လန် လေးလေးနက်နက်တွေးပြီးသည့်နောက်မှ ပြောလိုက်သည်။
" တကယ်လို့ မိန်းကလေး အဆင်ပြေမယ်ဆိုရင် အိမ်တော်မှာ အဖွားနဲ့အတူတူ လာနေပါလား... အဲဒါဆိုရင်လည်း ဒီလိုကိစ္စမျိုးတွေ မဖြစ်တော့ဘူးပေါ့..."
ထိုအချိန်တွင် သူ့စကားများကို ဖြတ်ပြောခံလိုက်ရသည်။
" သွမ့်ရှီးရှီး..."
ရွှယ်ယန်က ခုံတွင်ထိုင်နေရာမှ ရုတ်တရက် အမိန့်ပေးလိုက်သည်။
သွမ့်ရှီးရှီးက ချက်ချင်းပင် အမှောင်ထဲမှ ထွက်လာပြီး ဒူးတစ်ဖက်ထောက်၍ထိုင်ကာ အမိန့်ကို လိုက်နာရန်အသင့်ဖြစ်နေသည်။
" ခုနက ပြဿနာရှာခဲ့တဲ့လှေပေါ်မှာ ဘယ်သူပါတယ်ဆိုတာ သွားစုံစမ်းလိုက်..."
သွမ့်ရှီးရှီးက ဓားကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီး အမိန့်ကိုနာခံကာ နောက်ဆုတ်သွားသည်။
ကျွင်းဟွိုင်လန် ရွှယ်ယန်ကို ကြည့်လိုက်သည့်အချိန်တွင် ရွှယ်ယန်ကလည်း သူ့ကိုပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။ မီးအိမ်အလင်းရောင်အောက်တွင် ပယင်းရောင်မျက်ဝန်းတစ်စုံထဲမှ စိတ်အလိုမကျမှုကို မြင်တွေ့လိုက်ရသည်။
" ငါ ဒီတစ်ခေါက် တောင်ပိုင်းကို အလျင်စလိုလာခဲ့ရတော့ အစေခံမိန်းကလေး မခေါ်ခဲ့ရဘူး..."
သူ ကျွင်းဟွိုင်လန်ကိုကြည့်ပြီး ပြောလိုက်သည်။
ဘာကို ဆိုလိုချင်တာပါလိမ့်...
ကျွင်းဟွိုင်လန် ခေတ္တခဏ မတုံ့ပြန်နိုင်ဖြစ်သွားပြီး အံ့အားသင့်သွားပြီးသည့်နောက်မှသာ စုရှောင်ချမ့်ကို သူနှင့် ခေါ်ထားမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသို့စီစဉ်လိုက်ခြင်းထက် ပိုမိုကောင်းမွန်သည့်ကိစ္စ မရှိတော့ပေ။ သစ်ပင်ကြီးသဖွယ်ဖြစ်သည့် ရွှယ်ယန်ကိုမှီလိုလိုက်ပါက မည်သူမျှ စိတ်ဘိုက်မာန်ပါလုပ်ရဲမည်မဟုတ်တော့ပေ။
ဒါပေမဲ့ ရွှယ်ယန်က တစ်ခါမှ အဲ့လိုစပ်စုတတ်တဲ့လူမဟုတ်ပါဘူး... ဘာလို့ ရုတ်တရက်ကြီး ဒီကိစ္စကို ဂရုစိုက်နေရတာလဲ...
သူ စုရှောင်ချမ့်ကို လှမ်းမကြည့်ပဲ မနေနိုင်တော့ပေ။
ကျန်းနန်မှ မိန်းမပျိုလေးများက ဉာဏ်ကောင်းကြပြီး ရေပြင်ကဲ့သို့ ကြည်လင်သည့်စိတ်ထားရှိသူများဖြစ်ကြသည်။
ရွှယ်ယန်ကလည်း အဲ့လိုအတွေးကြောင့် စိတ်လှုပ်ရှားသွားတာများလား...
ကျွင်းဟွိုင်လန် သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေမိသည်။
ရွှယ်ယန်ကလည်း သူ့အကြည့်ကို သတိပြုမိသည်။
ရွှယ်ယန်က ထိုင်ခုံလက်တင်ပေါ်ကို လက်ညှိိုးဖြင့်ခေါက်နေသည့်အရှိန်က ပိုမြန်လာသည်ကို ကျင်းပေါင် သတိပြုမိသည်။
တစ်ယောက်ယောက်က ကံဆိုးတော့မည်ဟူသည့် လက္ခဏာပင်။
ကျင်းပေါင် ကျွင်းဟွိုင်လန်ကို လှည့်မကြည့်ပဲ မနေနိုင်တော့ပေ။
ကျွင်းဟွိုင်လန်က သူ့ထံမှ အကြည့်လွှဲပြီး စုရှောင်ချမ့်ကိုကြည့်ကာ မေးလိုက်သည်။
"မိန်းကလေး မင်းသား၅ရဲ့အနားမှာပဲ အစေခံအဖြစ် နေချင်လား..."
စုရှောင်ချမ့်က ဒူးထောက်လျက်နှင့် ပြောလိုက်သည်။
" နေစရာနေရာတစ်ခုရရင်ကို ကျွန်တော်မျိုးမ ကျေနပ်ပါတယ်..."
ထို့နောက် ဦးညွှတ်ရန် ပြင်လိုက်သည်။
ကျွင်းဟွိုင်လန်က သူမကို အမြန်တားမြစ်လိုက်ပြီးနောက် ရွှယ်ယန့်ဘက်သို့လှည့်ကြည့်ကာ မေးလိုက်သည်။
" အရှင့်သား ကျင်းလင်ရဲ့ ဘယ်နေရာမှာနေမယ်ဆိုတာ ကျွန်တော်မသိသေးဘူး... သူ့မိသားစုက အသက်ကြီးတဲ့အဖွားတစ်ယောက်လည်း ရှိတာဆိုတော့ အဆင်ပြေပါ့မလား..."
ရွှယ်ယန်၏ မျက်လုံးများက ကျွင်းဟွိုင်လန်ကိုင်ထားသော ထိုမိန်းကလေး၏ လက်မောင်းများအပေါ် ကျရောက်သွားသည်။
" နေစရာနေရာတော့ မရှိသေးဘူး..."
သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
" ဘုရင်ခံရဲ့အိမ်တော်က ဘယ်နေရာလဲဆိုတာ ငါ မသိရသေးဘူး ဒါပေမဲ့ အချိန်ရှိပါသေးတယ်..."
ကျင်းပေါင် ပါးစပ်အဟောင်းသားဖြစ်သွးသည်။
သူက ဘုရင်ခံဖြစ်တာတောင်မှ နေစရာအိမ်မရှိသေးဘူးဆိုတော့ သူ့အတွက် ထားပေးထားတဲ့ အိမ်တော်နဲ့ ခြံဝင်းကြီးကို သူခိုး ခိုးသွားလို့လား..."
ဘုရင်ခံ၏အိမ်တော်ထဲတွင် အခန်းလွတ်များရှိတတ်သည်။ ကျွင်းဟွိုင်လန်က ထိုစကားများကိုကြားသည့်အခါ အံ့အားသင့်သွားသော်လည်း ချက်ချင်းသဘောတူလိုက်သည်။
ရုတ်တရက် သူ မင့်လွမ်နန်းဆောင်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့ရာတွင် ဘုရင်ခံ၏နေအိမ်သို့ ညတွင်းချင်း ကတိုက်ကရိုက် ပြောင်းနေရန်က မဖြစ်နိုင်ပေ။ ဘုရင်ခံ၏အိမ်တော်ကို သန့်ရှင်းရေးလုပ်ရန်လိုအပ်ပြီး ရွှယ်ယန့်ထံတွင်လည်း အထုတ်အပိုးပေါင်းများစွာရှိသည့်အတွက် သူယနေ့တွင် နေ၍မရသေးပေ။
" ဒါဆိုရင်တော့ အရှင့်သား မနက်ဖြန်မနက်ပြောင်းလာရင် အသင့်တော်ဆုံးပါပဲ...ကျွန်တော်အဖေ့ကိုပြောပြီးတော့ အထုတ်အပိုးတွေသယ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ခိုင်းလိုက်ပါ့မယ်...အိမ်တော်မှာက လူနည်းနည်းပဲရှိပြီး အခန်းလွတ်တွေများတယ်ဆိုတော့ အရှင့်သားရဲ့ အခြွေရံတွေ နေဖို့လည်း အဆင်ပြေပါတယ်... ပြီးတော့ ကျွန်တော့်အိမ်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ခြံဝင်းကျယ်ကြီး ရှိပါသေးတယ်... အရှင့်သား အိမ်တော်ကို သဘောမကျဘူးဆိုရင် အဲဒီမှာလာနေလို့ရပါတယ်..."
ထိုစကားများကြားသည့်အခါ ရွှယ်ယန့်မျက်လုံးများ အရောင်လက်သွားပြီး အကြည့်ပြန်လွှဲလိုက်ပြီး "အင်း" ဟူသာ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ရှန်းလျှိုဖုန်းက အဝတ်အစားများလဲပြီးဖြစ်၍ ထွက်လာသည်။ သူက ကျင်းယီဝေ့များယူဆောင်လာသည့် သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားခြင်းဖြစ်သည်။ ၎င်းက သူ့အဝတ်အစားများလောက် ဈေးကြီးပြီး ခမ်းနားမှုမရှိသော်လည်း သန့်ရှင်းသပ်ရပ်ပြီး သူ့ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်သည်။
ရွှယ်ယန်က စုရှောင်ချမ့်ကို ခေါ်သွားပေးမည့်အကြောင်း ကြားသည့်အခါ ကျေးဇူးတင်စွာဖြင့် ဦးညွတ် အရိုအသေပြုလိုက်သည်။
" ကျေးဇူးတင်ပါတယ်အရှင်... ကျွန်တော့်မိသားစုက အရမ်းစည်းကမ်းကြီးတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ အရှင်ကူညီလို့ တော်ပါသေးတယ်..."
ရွှယ်ယန်က မျက်ဆံများပင် တစ်ချက်မလှုပ်ရှားပဲ ရပါတယ်' ဟုသာပြောလိုက်သည်။
ရွှယ်ယန်က အေးစက်သည့်စိတ်ထားရှိသည်ကို ကျွင်းဟွိုင်လန်သိထားပြီး ရှန်းလျှိုဖုန်းနှင့်လည်း ယခင်က သိကျွမ်းဖူးသူမဟုတ်၍ ကြာကြာနေပါက မသင့်တော်ဟု တွေးလိုက်မိသည်။
သူ အမြန်ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
" ညနက်နေပြီဆိုတော့ သခင်လေးရှန်းနဲ့ ကျွန်တော် မြို့ထဲပြန်ပါတော့မယ် အရှင့်သားကို မနှောင့်ယှက်တော့ပါဘူး..."
ရွှယ်ယန်က ခဏတာရပ်တန့်သွားပြီးနောက် "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။
ရွှယ်ယန်က သူ့ကိုမပြန်စေချင်သည့်ပုံစံဖြစ်နေသည်ဟုကျွင်းဟွိုင်လန် ဝိုးတဝါးတွေးမိသွားသော်လည်း ထင်ယောင်ထင်မှားဖြစ်နေခြင်းသည်ဟု ထင်လိုက်သည်။ ထင်ယောင်ထင်မှားပင်ဖြစ်စေ အမှန်ပင်ဖြစ်စေ သူက ပြုံးပြပြီးပြောလိုက်သည်။
" အရှင်က ရက်အနည်းငယ်အတွင်းပြောင်းလာမယ်ဆိုတော့ ကျွန်တော်အရှင့်ကို လာပြီးကြိုဆိုပါ့မယ်..."
ရွှယ်ယန်က ဤတစ်ကြိမ်တွင် မြန်မြန်သဘောတူလိုက်သည်။
" ကောင်းပြီ... မင်းကို ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ထည့်ပေးလိုက်မယ်..."
ကျွင်းဟွိုင်လန် အံ့အားသင့်သွားပြီးနောက် အလျင်အမြန်ပြောလိုက်သည်။
" ရပါတယ် မလို..."
ရွှယ်ယန်က သူ့ကိုငြင်းခွင့်မပေးပေ။
" သွမ့်ရှီးရှီး..."
ထိုလူငယ်လေးက သူ့ရှေ့တွင် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။
" သူတို့နှစ်ယောက်လုံးကို အိမ်ပြန်ပို့လိုက်ပါ..."
ရွှယ်ယန် ပြောလိုက်သည်။
သွမ့်ရှီးရှီးက ဓားကိုင်ထားလျက်နှင့် အမိန့်နာခံလိုက်ပြီး ကျွင်းဟွိုင်လန်၏ရှေ့တွင် တိတ်ဆိတ်စွာသွားရပ်ကာ သူအရင်သွားရင် စောင့်ဆိုင်းနေသည်။
ကျင်းပေါင် မနေနိုင်ဖြစ်သွားမိသည်။
သွမ့်ရှီးရှီးကို ဘာတွေလုပ်ခိုင်းနေပါလိမ့်... သူက တုန်းချန်မှာ အတော်ဆုံး လုပ်ကြံသတ်ဖြတ်ရေးသမားလေ... သခင့်ရဲ့နောက်လိုက် ဒါဇင်နဲ့ချီတဲ့ ကျင်းယီဝေ့တွေက ထိပ်တန်းကျွမ်းကျင်သူတွေဆိုပေမယ့် သူတို့တွေတောင် သွမ့်ရှီးရှီးနဲ့ တစ်ယောက်ချင်းချမယ်ဆို ရှုံးမှာပဲ...
ဒီကိုလာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း သူကအမှောင်ထဲမှာနေပြီး လုပ်ကြံသူတွေကိုသတ်ပေးတယ်၊ သတင်းတွေစုံစမ်းတယ်၊ သူလျှိုလုပ်တယ် အဲ့လိုလူလေ... အခုတော့ သူ့ကို တစ်ယောက်ယောက်ရဲ့အိမ်ကို လိုက်ပို့ခိုင်းတယ်တဲ့လား... ယင်ကောင်ကို နဂါးဓားနဲ့ ခုတ်နေသလိုပဲ...
ကျွင်းဟွိုင်လန် ဤတစ်ကြိမ်တွင် မငြင်းဆန်တော့ပဲ သဘောတူလိုက်ပြီးနောက် ရွှယ်ယန်ကို နှုတ်ဆက်ပြီး ထွက်သွားသည်။
ရှန်းလျှိုဖုန်းက သူနှင့်အတူထွက်လာပြီးနောက် လမ်းလျှောက်နေစဉ်တွင် ပြောလိုက်သည်။
" နှမြောစရာကြီးပဲ... နောက်ဆို ငါအပြင်ထွက်ပြီး သောက်တဲ့အချိန်ကျရင် မိန်းကလေးရှောင်ချမ့်ရဲ့ဖျင်တန်ကို နားမထောင်ရတော့ဘူး..."
ကျွင်းဟွိုင်လန် မရယ်ပဲ မနေနိုင်တော့ပေ။
" လူတစ်ယောက်လုံး ရှိနေသေးတာပဲကို မင်းနားထောင်ချင်ရင် သူ့ကိုဆိုပြခိုင်းလို့ ရတာပဲ..."
ထိုစကားကြောင့် ရှန်းလျှိုဖုန်းက အသည်းအသန်ငြင်းဆန်လိုက်သည်။
"ဒီသီချင်းက လူအများရဲ့ကြားထဲမှာ နားထောင်မှဖြစ်မှာ... ငါတစ်ယောက်တည်းသီးသန့်နားထောင်လို့မရဘူး..."
သူတို့နှစ်ယောက်လုံး သင်္ဘောပေါ်မှဆင်းသွားသည့်အချိန်တွင် သင်္ဘောတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
ရွှယ်ယန် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ တောက်ပနေသောလရောင်အောက်တွင် အရှေ့ဘက်ရေကန်၏ မျက်နှာပြင်က လင်းလက်နေသည်။
သူ့လက်များက ထိုင်ခုံလက်တင်ပေါ်မှတစ်ဆင့် ခါးနေရာသို့ ရောက်သွားသည်။
သူ့ဝတ်ရုံဖြင့်ဖုံးကွယ်ထားသော ခါးပေါ်မှ အပြာရောင်ကျောက်စိမ်းငါးလေးကို ကိုင်လိုက်သည်။
Xxxxx