Chapter 79
ထိုအစေခံများက တစ်စထက်တစ်စပို၍ အတင့်ရဲလာကြသည်။ အမိန့်ရသည်နှင့် သူတို့က ကျွင်းဟွိုင်လန်၏လှေပေါ် ခုန်တက်လာကြသည်။
ကျွင်းဟွိုင်လန်က လှေအစွန်းတစ်ဖက်ကို လက်ဖြင့်ဆွဲထားပြီး အံကြိတ်လျက် သူတို့ကိုကြည့်နေသည်။
ထိုအချိန်တွင် မနီးမဝေးမှ အနက်ရောင်အရိပ်များ ပျံသန်းလာသည်။
ထိုအရိပ်များက ကန်ရေပြင်ပေါ်မှ လျင်မြန်ဖျတ်လတ်သည့်သိမ်းငှက်များကဲ့သို့ဖြစ်သည်။ တဝီဝီလေချွန်သံများ ကြားလိုက်ရပြီးသည့်နောက်တွက် အရိပ်တစ်ခုက လှေပေါင်းမိုးပေါ် ရောက်လာသည်။ သူက ပေါ့ပေါ့ပါးပါးသာ ဆင်းသက်လာခဲ့သည့်အတွက် လှေက လှုပ်ခါသွားခြင်း မရှိပေ။
ချက်ချင်းပင် နောက်ထပ်အရိပ်နှစ်ခုက ရေထဲခုန်ချသွားပြီး ရှန်းလျှိုဖုန်းနှင့် လှေသမားကိုကယ်ကာ တစ်ချက်ခုန်လိုက်ရုံဖြင့် လှေပေါ် ပြန်ရောက်လာသည်။
ထို့နောက် ကျွင်းဟွိုင်လန်၏ခေါင်းထက်ဝက်ခန့်သာအရပ်နှင့် လူငယ်လေးတစ်ယောက်က သူ့ကိုကျောပေးထားလျက် လှေပေါ်ရောက်လာပြီး ကျွင်းဟွိုင်လန်၏ရှေ့မှလူများကို မျက်နှာချင်းဆိုင်လိုက်သည်။
တစ်ခဏတာခန့် လေထုက တိတ်ဆိတ်ငြိမ်သက်သွားသည်။
သခင်လေးက အံ့အားသင့်သွားပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" မင်းတို့ ဘာတွေလုပ်နေကြတာလဲ ဝင်နှောင့်ယှက်တဲ့လူတွေကို ကြိုးနဲ့ချည်ကြလေ..."
အစေခံများထဲမှတစ်ယောက်က ရဲတင်းစွာဖြင့် ရှေ့တိုးလာသည်။
ချက်ချင်းပင် ချွန်ထက်လှသည့်ဓားတစ်ချောင်းက သူ့ပခုံးပေါ် ရောက်လာပြီး သူ့လည်ပင်းနှင့် ထိသွားသည်။
" ရှေ့တိုးလာတဲ့သူမှန်သမျှ သတ်ပစ်ဖို့ ငါ့သခင်က အမိန့်ပေးလိုက်တယ်... "
ထိုလူငယ်လေးက လက်တစ်ဖက်တွင် ဓားကိုင်ထားလျက်နှင့် ပြောလိုက်သည်။ သူ့အသံက အနည်းငယ်အက်ရှရှဖြစ်နေသော်လည်း ကြားရသည်မှာ နားဝင်မချိုလှသည့်အပြင် လေသံက အတက်အကျလည်းမရှိပေ။
အစေခံက ခဏတာခန့် မလှုပ်ရှားရဲဖြစ်သွားသည်။
သခင်လေးက အလင်းရောင်၏ အကူအညီကြောင့် ထိုလူများကိုရှင်းလင်းစွာ မြင်လိုက်ရသည်။
သူတို့အားလုံးက ဆင်တူဝတ်စုံနက်များ ဝတ်ဆင်ထားပြီး ခါးတွင်လည်းဓားများချိတ်ဆွဲထားကြသည်။
ကျင်းယီဝေ့တွေပဲ...
သခင်လေးမှာ အံ့အားသင့်သွား၍ စကားမပြောနိုင်ဖြစ်သွားသည်။
ကျင်းယီဝေ့များကို အမိန့်ပေးနိုင်သူက ချန်အန်းမှသူ့အဖိုးနှင့် ဖခင်ပင် မစော်ကားဝံ့သည့်လူများဖြစ်သည်။
" ပြန်ကြမယ်..."
ခဏအကြာတွင် သခင်လေးဖြစ်သူက အံ့ကြိတ်လိုက်ပြီး သူ့လူများကို အမိန့်ပေးလိုက်သည်။
တစ်ဖက်လှေက တဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။ လေပေါ်မှ ငှက်ကဲ့သို့လူများက ကျွင်းဟွိုင်လန်တို့ဘက် ကူးလာကာ လှေသမားပြုတ်ကျကျန်ခဲ့သည့် လှော်တက်ကိုပါ ယူလာပေးကြသည်။
လှေငယ်လေးပေါ်တွင် လူများစွာရှိနေသော်လည်း မည်သူမျှ စကားမပြောကြပေ။ သူတို့အားလုံးက ရုပ်တုကဲ့သို့သာ ရပ်နေသည်။
ကျွင်းဟွိုင်လန်၏ရှေ့မှ လူငယ်လေးက ဓားကို ကျွမ်းကျင်စွာဖြင့် ပြန်သိမ်းလိုက်စဉ်တွင် အနားမှအလင်းရောင်၏ ရောင်ပြန်ဟပ်မှုကြောင့် ငွေရောင်လင်းလက်သွား၍ သူ၏ဘယ်ဘက်မျက်ခုံးပေါ်မှ အမာရွတ်ကို မြင်လိုက်ရသည်။
ထိုအမာရွတ်က မျက်ခုံးပေါ်မှတစ်ဆင့် မျက်လုံးကိုကျော်ပြီး မျက်လုံးအောက်နားအထိ ကန့်လန့်ဖြတ်ထားသောအရာကြီးဖြစ်သည်။
" ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ..."
ကျွင်းဟွိုင်လန် မမေးပဲ မနေနိုင်တော့ပေ။
ထိုလူငယ်လေးက တစ်ဖက်သို့လှည့်လာကာ သူ့ကိုမကြည့်ပဲ အရိုအသေပြုလိုက်သည်။
" ကွမ်းလင်ဘုရင်ခံက သခင်လေးကို ဖိတ်ကြားခိုင်းလိုက်လို့ပါ..."
ကျွင်းဟွိုင်လန် တစ်ခဏခန့်အထိ မတုံ့ပြန်နိုင်ပေ။
" ကွမ်းလင်ဘုရင်ခံက ဘယ်သူလဲ..."
ထိုလူငယ်လေးက သူ့ကို ပြန်မဖြေတော့သော်လည်း ရှန်းလျှိုဖုန်းကို ကယ်ထားသည့် ကျင်းယီဝေ့က ပြောလိုက်သည်။
" သခင်လေး အဲဒါ မင်းသား၅ပါ... အရှင့်သားက အဝေးကနေပြီး သခင်လေးရဲ့အသံကိုကြားလိုက်လို့ ကယ်ခိုင်းဖို့ ကျွန်တော်မျိုးတို့ကို လွှတ်လိုက်တာပါ..."
ရွှယ်ယန်လား...
ကျွင်းဟွိုင်လန် စိတ်နှင့်လူနှင့်မကပ်ဖြစ်သွားသည်။
သူ့စိတ်ထဲတွင် ကွဲပြားခြားနားသည့် ကမ္ဘာတစ်ခုကို ရောက်သွားပြီး အိမ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ရွှယ်ယန်က ဘာလို့ ရောက်လာတာလဲ...
သူ ပြောစရာစကားမဲ့သွားမိသည်။
" မင်းသား၅တဲ့လား... ချန်အန်းက မင်းသားက ဒီအထိ ရောက်လာတာလား..."
ကျွင်းဟွိုင်လန် သူ့ကိုလှမ်းကြည့်လိုက်သော်လည်း ခေါင်းငြိမ့်ပြရမည်လား ခေါင်းခါပြရမည်လားပင် မသိတော့ချေ။
အရာအားလုံးကို အစစ်အမှန်မဟုတ်ဟုသာ ခံစားနေရသည်။
ထိုအချိန်တွင် ခေါင်းမော့ကြည့်လိုက်သည့်အခါ မနီးမဝေးမှ သင်္ဘောကြီးတစ်စင်းကို မြင်လိုက်ရသည်။
ထိုသင်္ဘောတွင် အထပ်သုံးထပ်ပါပြီး အဝေးမှကြည့်လျှင်ပင် အလွန်ကြီးမားလွန်း၍ ရေထဲတွင် ငြိမ်သက်နေသည့် သားရဲကြီးတစ်ကောင်နှင့်ပင်တူနေသည်။
လူတစ်ယောက်က သူတို့ကို မျက်နှာချင်းဆိုကးင်ထားလျက် ကုန်းပတ်ပေါ်တွင်ရပ်ကာ စောင့်ဆိုင်းနေသည်။ အနည်းငယ် အလှမ်းဝေးနေသော်လည်း မည်သူဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်မှတ်မိသည်။
အဲဒါ ရွှယ်ယန်ပဲ...
ကျွင်းဟွိုင်လန်က ကုန်းပတ်ပေါ်တွင်ရပ်နေပြီး တဖြည်းဖြည်းနီးကပ်လာသည့် ရွှယ်ယန်ကိုကြည့်နေသည်။
သင်္ဘောကြီးက မီးရောင်များတောက်ပစွာထွန်းထား၍ ကုန်းပတ်ပေါ်တွင် ရပ်နေသည့်လူကို အဝေးမှပင် ရှင်းလင်းစွာတွေ့နိုင်သည်။
သူက ယခုချိန်တွင် အသက်၁၇နှစ်ရှိနေပြီဖြစ်၍ သူ၏အရပ်အမောင်းက သူတို့ခွဲခွာခဲ့စဉ်အချိန်ကထက် ပိုမြင့်လာပြီဖြစ်ပြီး အရပ်ရှည်ရှည်ခန္ဓာကိုယ်တောင့်တောင့်လူတစ်ယောက် ဖြစ်လာခဲ့သည်။ မျက်နှာအစိတ်အပိုင်းများကလည်း အရွယ်ရောက်ပြီးသားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီး သူ ယခင်ဘဝကတွေ့ခဲ့ဖူးသည့် ရွှယ်ယန်၏သွင်ပြင်နှင့် အလွန်မကွာခြားတော့ပေ။
ဖြောင့်တန်းသောမျက်ခုံးများ၏အောက်တွင် စူးရှသော ပယင်းရောင်မျက်ဝန်းတစ်စုံရှိနေသည်။ သွေးနှောတစ်ယောက်ဖြစ်သည့်အတွက် သူ၏မျက်နှာအမူအရာက တစ်မူထူးခြားနေပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်မျိုးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
သူက လက်နောက်ပစ်ထားပြီး အမူအရာမဲ့စွာဖြင့် ရပ်နေသော်လည်း ထိုလူကလည်း သူ့ကို ကြည့်နေသည်ကို ကျွင်းဟွိုင်လန်ခံစားမိသည်။
ရွှယ်ယန်က ကျန်းနန်ကို ဘာကိစ္စနဲ့ရောက်လာတာပါလိမ့်...
ရုတ်တရက်ဆန်လွန်းသောကြောင့် ကျွင်းဟွိုင်လန်က သူ့ကိုမြင်သော်လည်း စိတ်နှင့်လူနှင့်မကပ်ဖြစ်သွားကာ အသက်မဲ့စွာဖြင့်သာ စိုက်ကြည့်နေမိသည်။
တစ်ဖက်တွင်မူ သူ၏ဘေးနားတွင်ရပ်နေသာ ရှန်းလျှိုဖုန်းက သူငေးငိုင်နေသည်ကိုမြင်၍ ရှေ့တိုးလာပြီး ပခုံးကိုတိုက်လိုက်သည်။
" ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ... မင်း အရှင့်သားကို တစ်ခုခုစော်ကားမိထားလို့လား..."
ထိုစကားများကိုကြားသည့်အခါမှသာ ကျွင်းဟွိုင်လန်က အကြည့်ပြန်လွှဲပြီး ခေါင်းခါလိုက်သည်။
" အဲ့လိုမဟုတ်ပါဘူး... ငါ ချန်အန်းမှာနေတုန်းက အရှင်သားနဲ့ ရင်းနှီးခဲ့လို့ပါ..."
ထိုစကားများကိုကြားသည့်အခါ ရှန်းလျှိုဖုန်းက ဝမ်းသာအားရ ပြောလိုက်သည်။
" အဲဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား..."
ကျွင်းဟွိုင်လန်က သူ့ကိုပြုံးပြလိုက်သည်။
" အင်း နည်းနည်း ရုတ်တရက်ဆန်သွားလို့ပါ..."
ထိုစကားများကြောင့် ရှန်းလျှိုဖုန်းက ဟာသတစ်ခုကို ကြားရသကဲ့သို့ ဖြစ်သွားသည်။
" တစ်ယောက်ယောက်က မင်းဆီလာမယ်ဆိုရင် စာကြိုပို့ထားပါ့မလား... ရုတ်တရက်ရောက်လာမှာပုံမှန်ပဲလေ..."
ကျွင်းဟွိုင်လန်လည်း ထိုသို့တွေးလိုက်မိသော်ငြားလည်း ယခင်ဘဝက ထိုသို့ဖြစ်ပျက်ခဲ့ခြင်းမရှိပေ။
ယခင်ဘဝက ဤသို့သောအဖြစ်အပျက်မျိုးနှင့် မကြုံတွေ့ခဲ့ရ၍ သူ ချန်အန်းသို့မပြန်မီ ရွှယ်ယန်ကိုယ်တိုင်ရောက်လာမည်ဟု မထင်မှတ်ခဲ့မိပေ။
ကျန်းနန်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သူတစ်ယောက်တည်းသာသိသည်။ ယခုအခါတွင် ကျန်းနန်က ငြိမ်းချမ်းနေပြီဖြစ်သည်။
ရွှယ်ယန်က ချန်အန်းမှာ လုပ်စရာရှိနေတဲ့ကိစ္စတွေကိုဘယ်လိုလုပ်ထားပစ်ခဲ့ပြီး မိုင်ပေါင်းထောင်ချီဝေးတဲ့ ကျန်းနန်ကို ရောက်လာရတာလဲ...
သူ့ကြောင့်တော့ မဟုတ်လောက်ပါဘူးနော်...
သူနှင့် ရွှယ်ယန်က ရင်းနှီးသည်ဟု ဆိုနိုင်သော်လည်း သူ့ထံ တကူးတကလာလည်ရန်အတွက် မိုင်ပေါင်းထောင်ချီဝေးသောကျန်းနန်သို့ ရောက်လာလိမ့်မည်မဟုတ်ပေ။
ကျွင်းဟွိုင်လန် အတွေးများထဲ နစ်မျောမိသွားပြန်သည်။
ထိုအချိန်တွင် သင်္ဘောကချဉ်းကပ်လာပြီး ကိုယ်ထည်နှစ်ခုက အနည်းငယ်ထိသွားသည်။
တိုက်မိသွားသောအသံကြောင့် ကျွင်းဟွိုင်လန် သတိပြန်ကပ်သွားပြီး သင်္ဘောပေါ်မှရွှယ်ယန်ကို မော့ကြည့်လိုက်မိသည်။
ဤတစ်ကြိမ်တွင်မူ သူ့မျက်နှာကိုမြင်ရန်အတွက် ခေါင်းကိုခက်ခက်ခဲခဲမော့လိုက်ရသည်။
ရွှယ်ယန်ကလည်း သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်နေပြီး သူ့ကိုငုံ့ကြည့်နေသည်။
ကျွင်းဟွိုင်လန် သူနှင့် အကြည့်ချင်းဆုံသွားသည်။
ညအချိန်ဖြစ်၍ ရှင်းလင်းစွာမြင်ရန် မလွယ်ကူသော်လည်း သူ့အကြည့်များက အလွန်စူးရှပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျွင်းဟွိုင်လန်ကို အံ့အားသင့်သွားစေသည်။
သူ့နှုတ်ခမ်းများလှုပ်ပြီး တစ်ခုခုပြောရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် လေတိုက်ခတ်သံကြားလိုက်ရပြီးနောက် သူ့ဘေးတွင်ရပ်နေသည့်လူငယ်လေးက ညအချိန်တွင်ပစ်ခတ်လိုက်သော မြှားတစ်စင်းကဲ့သို့ သင်္ဘောပေါ်တက်သွားသည်။
သူက ရွှယ်ယန်၏နောက်တွင် တိတ်တဆိတ်ရပ်နေသည်။
ရှန်းလျှိုဖုန်းကိုကယ်လိုက်သည့် အစောင့်အပါအဝင် မြောက်များစွာသော ကျင်းယီဝေ့များက ထိုသင်္ဘောပေါ် တက်သွားကြသည်။ သူတို့ တက်သွားမီတွင် ရှန်းလျှိုဖုန်းကို ဆွဲခေါ်သွားရန်လည်း မမေ့ကြပေ။ ယခုအခါ ကုန်းပတ်ပေါ်၍ ကျွင်းဟွိုင်လန်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအချိန်တွင် သူ အကြည့်ပြန်လွှဲလိုက်သည်။ ထိုသင်္ဘောပေါ် သူတစ်ယောက်တည်းတက်ရန် အခက်အခဲဖြစ်နေ၍ အနည်းငယ်ရှက်သွားမိသည်။
သင်္ဘောကြီး၏ကုန်းပတ်က သူတို့၏အပျော်စီးလှေထက်များစွာမြင့်နေသည်။ သင်္ဘောနှစ်စင်းကို ဘေးချင်းယှဉ်ရပ်ထားလိုက်ချိန်တွင် သင်္ဘောကြီး၏ အတိုဆုံးအပိုင်းက ကျွင်းဟွိုင်လန်၏ရင်ဘတ်နှင့် တစ်တန်းတည်းဖြစ်နေသည်။
ကျွင်းဟွိုင်လန် မည်သို့တက်သွားရမည်မသိဖြစ်ပြီး ခုန်တက်ရန်အတွက်လည်း အဆင်မပြေဖြစ်နေသညိ။
မင်း မတက်နိုင်ဘူးမလား...
ကျွင်းဟွိုင်လန် တွန့်ဆုတ်နေစဉ်မှာပင် အနက်ရောင်ပိုးထည်ဖိနပ်တစ်ရံက သူ့ရှေ့မှ ကုန်းပတ်ပေါ်တွင် ပေါ်လာသည်။
မော့ကြည့်လိုက်ချိန်တွင် ရွှယ်ယန်ကို တွေ့လိုက်ရသည်။
သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခြေထောက်တစ်ဖက်က ကြမ်းပြင်ကို ထောက်ထားလျက် ကျွင်းဟွိုင်လန်ကို လက်ကမ်းပေးလိုက်ချိန်တွင် သူ၏ဝတ်ရုံစက မြေပေါ်ကျနေသည်။
" အပေါ်တက်လာခဲ့လေ..."
သူ့လေသံက ဩရှရှဖြစ်နေသည်။
သူတို့နီးကပ်လာချိန်တွင် ရွှယ်ယန်၏ မျက်နှာကို ပို၍ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ရင်းနှီးနေမှုများထဲတွင် အနည်းငယ်ရောယှက်နေသည့် မရင်းနှီးမှု တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး ရုတ်တရက် ခံစားလိုက်ရသည့် ဖိနှိပ်ချုပ်ခြယ်မှုကြောင့် ကျွင်းဟွိုင်လန် အသက်ရှုရ အနည်းငယ် ခက်ခဲသွားသည်။
ထိုအချိန်တွင် ကျွင်းဟွိုင်လန်၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် လှေဝမ်းထဲရှိ စုရှောင်ချမ့်က မည်သည့်နေရာသို့သွားရမည်မသိဖြစ်နေပုံဖြင့် သတိကြီးကြီးထားပြီး ခေါင်းပြူကြည့်နေသည်။
" မိန်းကလေးရှောင်ချမ့် ဟိုဘက်သင်္ဘောပေါ်တက်လိုက်ပါ..."
ကျွင်းဟွိုင်လန်က သူမကို အပျော်စီးလှေပေါ်တွင် တစ်ယောက်တည်းထားခဲ့ရမည်ကို စိုးရိမ်၍ပြောလိုက်သည်။
စုရှောင်ချမ့်က သူပြောနေသည်ကို တုံ့ပြန်ပြီး လှေဝမ်းထဲမှာ ထွက်လာသည်။ အဝါဖျော့ရောင်ဝတ်စုံက အနည်းငယ်စုတ်ပြဲကာ ဖရိုဖရဲဖြစ်နေသည်။ ဆံပင်များကလည်း ရှုပ်ပွနေသောကြောင့် ပုံမှန်အချိန်ကဲ့သို့ အေးစက်၍ သိမ်မွေ့သောပုံစံပျောက်ဆုံးနေကာ အားနွဲ့၍ နှိပ်စက်ခံထားရသော မိန်းမလှလေးတစ်ယောက်ပုံစံဖြစ်နေသည်။
သူမဝတ်စုံက စုတ်ပြဲနေသော်လည်း အပြာနုရောင်ဝတ်ရုံတစ်ထည်က သူမကို လွှမ်းခြုံထားသည်။ ထိုဝတ်ရုံက သူမနှင့်ကြီးနေ၍ ယောက်ျားလေးတစ်ယောက်၏ ဝတ်ရုံဖြစ်ကြောင်း သိသာသည်။
သူ့အနောက်တွက်ရပ်နေသောရွှယ်ယန်၏ အကြည့်က တစ်မျိုးဖြစ်သွားသည်ကို ကျွင်းဟွိုင်လန် သတိမပြုမိလိုက်ပေ။
ကျွင်းဟွိုင်လန် ပြန်လှည့်လာသည်ကို မစောင့်တော့ပဲ သန်မာသောအင်အားတစ်ခုက သူ့လက်မောင်းကို ရုတ်တရက် ဆွဲလိုက်သည်။
ထိုအချိန်တွင် သူ၏ ခြေထောက်များက ကြမ်းပြင်နှင့်လွတ်ထွက်သွားပြီး ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူ့ကမ္ဘာတစ်ခုလုံး ပတ်ချာလည်နေသည်။
ထို သန်မာသောအားတစ်ခုက သူ့ကို လှေပေါ်ဆွဲတင်လိုက်ခြင်းဖြစ်သည်။ မနာကျင်သွားသော်လည်း ခဏတာ သတိလက်လွတ်ဖြစ်သွား၍ ဟန်ချက်မညီဖြစ်သွားသည်။ သူ သင်္ဘောပေါ်ရောက်လာချိန်တွင် ဒယိမ်းဒယိုင်နှင့် နောက်သို့ဆုတ်သွားသည်။ ထိုအချိန်တွင် လက်တစ်ဖက်က သူ့ခါးမှကိုင်ပြီး တည်ငြိမ်အောင် ထိန်းပေးလိုက်သည်။
တောင့်တင်းသောရင်အုပ်ကျယ်တစ်ခုထဲ ကျရောက်သွားသည်။
" သွမ့်ရှီးရှီး..."
အမိန့်ပေးသံတစ်သံကြားလိုက်ရပြီး သူရှေ့တည့်တည့်ရှိရင်ခွင်က အနည်းငယ်လှုပ်ခါသွားသည်။ ထိုလူ့အနားတွင် အလွန်နီးကပ်စွာရှိနေရခြင်းကြောင့် သူ့ခန္ဓာကိုယ်က အနည်းငယ်ထုံကျင်သွားသည်။
ထိုအချိန်တွင် လေပြည်တစ်ချက် တိုက်ခတ်သွားပြန်သည်။
သွမ့်ရှီးရှီးက အမှောင်ထဲမှ ထွက်လာပြီးသည့်နောက် အပျော်စီးလှေပေါ်ဆင်းသွားကာ စုရှောင်ချမ့်၏လက်မောင်းကို တစ်ဖက်မှကိုင်ပြီး ညင်သာခြင်းမရှိပဲ ကုန်ပစ္စည်းတစ်ခုကို ကိုင်ထားသကဲ့သို့ သူမကို သင်္ဘောပေါ်ဆွဲခေါ်လာသည်။
ကျွင်းဟွိုင်လန် မမြင်လိုက်ရသည်မှာ ရွှယ်ယန်၏ အေးစက်စက်အကြည့်များက သူမအပေါ်မှ အကြည့်လွှဲလိုက်သည်ကိုပင်။
——
ရွှယ်ယန်က စိတ်မပျော်မရွှင်ဖြစ်နေသည်ဟု ကျွင်းဟွိုင်လန်ခံစားမိသည်။ သို့သော်လည်း ရွှယ်ယန်က ယခင်တည်းကာစကားနည်းသူဖြစ်၍ ယခုချိန်တွင် ပို၍ စကားနည်းသွားခြင်းဖြစ်နိုင်သည်ဟုလည်း တွေးလိုက်မိသည်။
သူတို့နှစ်ယောက်က စုရှောင်ချမ့်နှင့်အတူ သင်္ဘောပေါ်မှ ခန်းမကျယ်ကြီးထဲတွင် ထိုင်နေစဉ် ရှန်းလျှိုဖုန်းက အဝတ်အစားများသွားလဲနေသည်။ ရွှယ်ယန်က ထိုင်ရုံသာထိုင်နေပြီး စကားတစ်ခွန်းမှ မဟပေ။
ကျင်းပေါင်က သူတို့ကို လက်ဖက်ရည်ကြမ်းတစ်ခွက်စီ ပေးလိုက်ပြီးနောက် ရွှယ်ယန်၏အနောက်တွင် ပြန်ရပ်နေသည်။ သူ့အကြည့်များက ကျွင်းဟွိုင်လန်အပေါ်ကျရောက်သွားပြီး စိတ်ထဲတွင် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။
သခင်လေးက ပိုပိုပြီး ကြည့်ကောင်းလာတာပဲ...
Xxxxxx