Chapter 78
ညဘက်တွင် အရှေ့ဘက်ရေကန်မျက်နှာပြင်၌ ညနေခင်းလေပြည်များတိုက်ခတ်နေ၍ တောက်ပနေသောမီးရောင်များနှင့်အတူ ကန်မျက်နှာပြင်တွင် လှိုင်းဂယက်များထနေသည်။
ရေကန်စပ်ရှိ လှေပေါ်မှ သီချင်းဆိုသံသဲ့သဲ့က ရေကန်ထဲမှပါ ကြားနေရသည်။ ရေကန်စပ်တစ်ဝိုက်တွင် မီးထွန်းထားသော ဈေးဆိုင်ငယ်လေးများမှ မုန့်ပဲသရေစာနှင့် အထူးအဆန်းပစ္စည်းလေးများ ရောင်းချနေသည်။ ညကောင်းကင်ယံတွင် လပြည့်ဝန်းကြီးရှိပြီး ပျားပန်းခတ်မျှ စည်ကားသက်ဝင်နေသော လှုပ်ရှားမှုများ ရောင်ပြန်ဟပ်နေသကဲ့သို့ထင်ရသည်။
ကျွင်းဟွိုင်လန်နှင့် ရှန်းလျှိုဖုန်းက သူတို့နှင့်အတူ မည်သူ့ကိုမှ မခေါ်ပဲ နှစ်ယောက်တည်းထွက်လာကာ ရေကန်ဘေးရှိ ညဈေးတန်းကိုကျော်၍ ကန်စပ်သို့ ရောက်လာသည်။
ရှန်းလျှိုဖုန်း၏ အပျော်စီးလှေက ထိုနေရာတွင် စောင့်ဆိုင်းနေသည်။
လှေက မကြီးမားသော်လည်း ကုန်းပတ်ငယ်လေးပေါ်တွင် စားပွဲများ၊ ကုလားထိုင်များနှင့် မီးအိမ်များ ပါရှိသည်။ လှေအတွင်းပိုင်းတွင်မူ စားဖိုမှူးတစ်ယောက်က လတ်လတ်ဆတ်ဆတ်ဖမ်းမိလာသောငါးပုစွန်ဂဏန်းများကို ချက်ပြုတ်ရန် ပြင်နေသည်။ လှေသမားက သူတို့နှစ်ယောက်ကို ပြုံး၍လက်လှမ်းပြလိုက်ပြီ လှေပေါ်တက်ရန် ခေါ်နေသည်။
" စားဖိုမှူးကို ငါဒီနေ့အတွက် အိမ်ကနေခေါ်လာခဲ့တာ..."
ရှန်းလျှိုဖုန်းက ပြောပြောဆိုဆိုနှင့်ပင် လှေပေါ်တက်သွားသည်။ သူက သိုင်းပညာမလေ့လာထားသူဖြစ်၍ စကားတပြောပြောနှင့် အာရုံလွင့်နေသောကြောင့် လှေပေါ်အတက်တွင် ဒယိမ်းဒယိုင်ဖြစ်သွားသည်။ ကျွင်းဟွိုင်လန်က သူ့ကိုနောက်မှ အမြန်ထိန်းထားလိုက်၍ ရေကန်ထဲ မကျသွားခြင်းဖြစ်သည်။
ကျွင်းဟွိုင်လန်က သူ့နောက်မှ လှေပေါ် တက်လာစဉ်တွင် သူဆက်ပြောသည်ကို ကြားလိုက်ရသည်။
" ငါက စုကျိုးကအစားအစာတွေကိုပဲ စားနေရတာ ဆယ်နှစ်လောက်ရှိပြီလေ ... ငါမင်းကို ညနေစာအတွက်ဖိတ်မယ်လို့ ဦးလေးကို ပြောလိုက်တော့ ဒီစားဖိုမှူးကို ခေါ်သွားခိုင်းလိုက်တာ... ဒီဟင်းတွေကို မင်း မြည်းကြည့်မှဖြစ်မယ်.."
သူတို့နှစ်ယောက် စကားစမြည်ပြောနေစဉ်တွင် လှေသမားက ကန်စပ်မှခွာလိုက်ပြီးနောက် လေကိုရေကန်ထဲ တဖြည်းဖြည်းလှော်သွားသည်။ စားဖိုမှူးက သူတို့အတွင် ဝိုင်ကိုချပေးပြီး လှေဝမ်းထဲ ပြန်ဝင်သွားကာ မီးမွှေးနေသည်။
လှေက ရေလယ်ကောင်ရောက်သွားပြီး ဖြည်းညင်းစွာလှော်နေချိန်တွင် ရေကန်ပေါ်သို့ နွေရာသီလေပြည်လေညင်းများ တိုက်ခတ်လာသည်။ ကန်းစပ်တွင် မိုးမခပင်များ စိုက်ပျိုးထားပြီး မဓအိမ်များထွန်းထားကာ လှေပေါ်မှ မီးအိမ်ကလည်း အရောင်တလက်လက်ဖြစ်နေပြီး ခွက်ထဲမှဝိုင်ကလည်း ပင်လုံးကြိုင်ပန်း၏ ချိုမြသောရနံ့မျိုး ထုတ်လွှတ်နေသည်။
လှေသမားက ရှန်းမိသားစုသခင်လေး စိတ်ပျော်ရွှင်နေသည်ကိုသိ၍ လှေကို တဖြည်းဖြည်းလှော်လာသည်မှာ တုန်းဟူရေကန်၏မြောက်ဘက်ကို ရောက်လာသည်။
ယခုအချိန်တွင် ရေကန်ထဲ၌ လှေတစ်စင်းမှ မရှိကြပေ။ လှေအားလုံးက ရေကန်စပ်တွင်သာရပ်ထားကာ အပျော်စီးလှေများလည်း အနားတစ်ဝိုက်တွင်မရှိ၍ တောင်ဘက်မှ မီးအိမ်အရောင်များကလည်း အဝေးတွင် ကျန်ရစ်နေခဲ့သည်။
ဘေးပတ်ဝန်းကျင်က တစ်ခဏတာခန့် တိတ်ဆိတ်သွားသည်။
စားဖိုမှူးက စားပွဲပေါ်သို့ ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲယူလာသည်။
ထိုက်ဟူရေကန်မှ ငါးသုံးကောင်ဟင်း၊ မန်ဒရင်းငါးဟင်း၊ ဂဏန်းကြာဇံဂေါ်ဖီထုပ်နှင့် ငွေရောင်ငါးစွပ်ပြုတ်ဟင်းရည်တို့မှ စုကျိုးမှ ရာသီပေါ်ဟင်းပွဲများဖြစ်သည်။ ငါးကို ဝိုင်ဖြင့်စိမ်ထားပြီးမှ ကြော်ထားသည့် ဟင်းပွဲတစ်မျိူလည်းပါဝင်၍ ဝိုင်ရနံ့သင်းနေသည်။
ရှန်းလျှိုဖုန်းက ကျွင်းဟွိုင်လန်ကို မြည်းကြည့်ခိုင်းလိုက်သည်။
ကျွင်းဟွိုင်လန်က မရယ်ပဲ မနေနိုင်ဖြစ်ကာ ပြောလိုက်သည်။
" ငါ အရင်တုန်းကတော့ ကျန်းနန်ကို နေရာကောင်းတစ်ခုလို့ ကြားဖူးခဲ့တာ အခုလာကြည့်လိုက်တော့လည်း ထင်တဲ့အတိုင်း နေရာကောင်းလေးပါပဲ..."
ရှန်းလျှိုဖုန်းက ပြုံးပြုံးနှင့် ပြန်ပြောလိုက်သည်။
" ဒါဆိုလည်း ချန်အန်းကို မပြန်နဲ့တော့လေ...ဒီလိုသူငယ်ချင်းမျိုး ရှာတွေ့ဖို့တော်တော်ခက်တယ် ငါ ပြန်မလွှတ်ချင်တော့ဘူး..."
ကျွင်းဟွိုင်လန်က ခပ်ဖျော့ဖျော့ပြုံး၍ ခေါင်းခါလိုက်ပြီး ရေကန်၏တောင်ဘက်ပိုင်းမှ မီးရောင်များကို ကြည့်လိုက်သည်။
ကန်စပ်က ရေကန်မျက်နှာပြင်နှင့် ထိစပ်နေ၍ မီးအိမ်မှအလင်းများက ရောင်ပြန်ဟပ်နေသည်။
အကယ်၍ သူက ဘဝသစ်တွင်နေထိုင်နေရသည့်လူ မဟုတ်ပါက ဤကဲ့သို့သော ငြိမ်းချမ်းမှုနှင့် အလှတရားများက အချိန်တိုအတွင်း လှိုင်းပုတ်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားမည်ဟု ထင်ထားခဲ့မည်မဟုတ်ပေ။
သူ့အကြည့်များ ပြန်ရုတ်သိမ်းလိုက်ပြီးနောက် မျက်ဝန်းများက တစ်မျိုးဖြစ်သွားသည်။
ရှန်းလျှိုဖုန်းက သတိမပြုမိပဲ ဝိုင်သောက်လိုက် ဟင်းပွဲများ စားလိုက်ဖြင့် သူနှင့်စကားစမြည်ပြောနေသည်။ ငါးဟင်းပွဲမှ ဝိုင်ရနံ့ပြင်းပြင်းကို ကျွင်းဟွိုင်လန် သဘောကျနှစ်သက်နေမိသည်။ ငါး၏ တစ်ဖက်ခြမ်းကို စား၍ကုန်သွားသည့်အခါ တူဖြင့် အောက်ဘက်မှ အသားကို နှိုက်လိုက်သည်။
" တစ်ဖက်ကို လှန်လိုက်တာ ပိုမကောင်းဘူးလား... ဒါပေမဲ့ ငါ့ဦးလေးအမြဲပြောနေကျစကားတစ်ခွန်းရှိတယ်... လှေပေါ်မှာ ငါးဟင်းစားရင် ငါးကို လှန်ပစ်ရင် လှေမှောက်တတ်တယ်တဲ့... ငါကတော့ ဘာကိုပြောချင်တာလဲ သဘောမပေါက်ဘူး..."
ထိုအချိန်တွင် တိတ်ဆိတ်နေသောရေကန်ထဲမှ အော်ဟစ်အကူအညီတောင်းသံတစ်သံကို ကြားလိုက်ရသည်။
" ကယ်ကြပါဦး..."
သို့ရာတွင် ထိုအသံသာကြားလိုက်ရပြီးနောက် နောက်ထပ်အော်တော့မည့်အချိန်တွင် ပါးစပ်ကို တစ်ခုခုဖြင့် အပိတ်ခံထားလိုက်ရသကဲ့သို့ဖြစ်သွားပြီး အသံထွက်မလာတော့ပေ။
ကျွင်းဟွိုင်လန်က ရေကန်ဘက်သို့ အလျင်အမြန်ကြည့်လိုက်သည်။
မနီးမဝေးတွင် လှေငယ်တစ်စင်းကို တွေ့လိုက်ရပြီး ပဲ့ကိုင်သူမရှိသောကြောင့် အစတည်းက ဤနေရာတွင် ရပ်ထားပုံပေါ်သည်။ သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ တစ်ယောက်ယောက်က အတွင်းထဲတွင် ရုန်းကန်နေသကဲ့သို့ လှေက ပုံမှန်မဟုတ်ပဲ ရွေ့လျားနေသည်။
ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့ဘေးမှ ရှန်းလျှိုဖုန်းကလည်း ခဏတာ အံ့အားသင့်သွားပြီးသည့်နောက် အခိုင်အမာပြောလိုက်သည်။
" ငါ ဒီအသံကို ကြားဖူးသလိုပဲ မိန်းကလေး စုရှောင်ချမ့်လား..."
ကျွင်းဟွိုင်လန်က မည်သူမည်ဝါဖြစ်ကြောင်းကို မသိသော်လည်း အော်လိုက်သည့်လူက မိန်းကလေးဖြစ်ကြောင်း သေချာသည်။ ဤနေရာက လူအရောက်နည်းသည့်အပြင် ဆိပ်ခံတံတားနှင့်လည်း မနီးပေ။ ထို့အပြင် သူတို့လှေမှလွဲ၍ ပတ်ဝန်းကျင်တွင် အခြားလှေများလည်း မရှိပေ။
ကျွင်းဟွိုင်လန်က သူတို့လှေပေါ်တွင် လူများများစားစား မပါသည်ကိုသိသော်လည်း ဂရုမစိုက်နိုင်တော့ပေ။ ထိုမိန်းကလေးကို ယနေ့တွင် တစ်ယောက်ယောက်ကယ်မှ ဖြစ်လိမ့်မည်။
" လှေကို အဲ့နားကပ်ပြီးသွားကြည့်လိုက်ပါလာ... ဘာတွေဖြစ်နေတာလဲမသိဘူး..."
ကျွင်းဟွိုင်လန်က ရှန်းလျှိုဖုန်းကို ပြောလိုက်သည်။
ယခုအချိန်တွင် ထိုမိန်းကလေးက လှေဝမ်းထဲမှတံခါးကိုဖွင့်ရန် ကြိုးစားရုန်းကန်နေပြီး သူမ အဝတ်အစားများ ဖရိုရဲဖြစ်နေသည်ကိုပါ သူတို့နှစ်ယောက်လုံး မြင်လိုက်ရသည်။
" ငါ့ကို လွှတ်ကြစမ်း..."
သို့သော်လည်း ထို့နောက်တွင် သူမကို ယောက်ျားတစ်ယောက်က ဆွဲခေါ်သွားသည်။
" ခုန်ချပြီး သေချင်နေဝာာလား... အဲ့လောက် မလွယ်ဘူးလေ..."
ဘန်းခနဲအသံဖြင့် ပြတင်းပေါက်များက ပြန်ပိတ်သွား၍ သူ့အသံကို ပိတ်ဆို့လိုက်သကဲ့သို့ဖြစ်သွားသည်။
ထိုအချိန်တွင်မူ ရှန်းလျှိုဖုန်းက ထိုမိန်းကလေး၏အသံကို ပြတ်ပြတ်သားသားကြားလိုက်ရပြီး သူမ မျက်နှာကိုလည်း တွေ့လိုက်ရသည်။
" အဲဒါ မိန်းကလေးစုရှောင်ချမ့်ပဲ..."
သူ ခုံပေါ်မှ ကတိုက်ကရိုက်ထလိုက်၍ လှေပင် အနည်းငယ် လှုပ်သွားသည်။ သူ ဂရုမစိုက်နိုင်ပဲ လှေသမားကို အမြန်ပြောလိုက်သည်။
" ဟိုနားက လှေဘက်ကို မြန်မြန်သွား..."
သူ့အသံကြောင့် လှေသမားကလည်း အပျော်စီးလှေကိုတစ်ဖက်သို့လှည့်ကာ အမြန်လှော်ပြီး ထိုလှေဆီသို့ သွားတော့သည်။
" မကောင်းတဲ့ကောင်တွေ... ငါဘယ်လိုလုပ်သင့်လဲ..."
ရှန်းလျှိုဖုန်းက လှေပေါ်မှ စိတ်ပူပန်စွာဖြင့် ပြောနေသည်။
ကျွင်းဟွိုင်လန်က သူ့ပခုံးကိုပုတ်ပေးပြီး နှစ်သိမ့်နေသည်။ ထို့နောက် ထိုလှေရှိရာဘက်သို့ အော်ဟစ်လိုက်သည်။
" အဲ့ဒီလှေပေါ်က ဘယ်သူတွေလဲ... ဘာလုပ်နေကြတာလဲ..."
ထိုလူက လှေကို လူသူအရောက်အပေါက်နည်းသည့်ဘက်သို့ တမင်လှော်ထားပြီး ခိုးကြောင်ခိုးဝှက်ဖြင့် လူမြင်မခံနိုင်သည့်ကိစ္စများကို လုပ်နေပုံရသည်။ သူ့အော်သံကိုကြားလိုက်လျှင် သူတို့လုပ်နေသည်များ နှောင့်နှေးသွားနိုင်သည်။ အကယ်၍ ထိုမိန်းကလေးကို မကောင်းကြံနေကြပါက သူတို့၏ ယုတ်မာသောမျက်နှာများကို လူမြင်ခံနိုင်တော့မည်မဟုတ်ပေ။
လှေပေါ်တွင် ကမူးရှူးထိုးဖြစ်နေသည့်အသံများထွက်ပေါ်လာကာ လှေသမားက တံခါးကိုအမြန်ဖွင့်ကာ အတွင်းထဲမှထွက်လာပြီး လှေကို အဝေးသို့ လှော်သွားရန်ပြင်နေသည်။
သို့ရာတွင် သူတို့၏လှေငယ်လေးက အပျော်စီးလှေထက် နှေးသောကြောင့် တစ်ခဏအတွင်းတွင် လှေနှစ်စင်းက ဘေးချင်းကပ်သွားသည်။
ဖွင့်ထားသောတံခါးမှတစ်ဆင့် အတွင်းထဲတွင်ထိုင်နေသော လူငယ်ကို ကျွင်းဟွိုင်လန် တွေ့လိုက်ရသည်။ ထိုလူက စားသောက်ဆိုင်တွင် တွေ့ခဲ့စဉ်က စင်ပေါ်ကို ပိုက်ဆံများပစ်ပေးလိုက်သည့်လူဖြစ်သည်။
ဘေးနားမှ အစေခံဖြစ်ဟန်ရသောယောက်ျားများက အဝါဖျော့ဖျော့ဝတ်စုံဖြင့် မိန်းကလေးကို ချုပ်ထားကြသည်။ ထိုမိန်းကလေး၏ ဆံပင်များက ဖရိုဖရဲဖြစ်နေကာ သူမ အဝတ်အစားများကလည်း ဆွဲချွတ်ခံထားရသည်။ ယခုအချိန်တွင် သူမခန္ဓာကိုယ်ကို မနည်းဖုံးထားရပြီး အလွန်ရှက်ရွံ့စရာ အခြေအနေဖြစ်နေသည်။
" ဒီနေရာမှာ ဘယ်သူပြဿနာရှာနေတာလဲ..."
ထိုလူငယ်က နီးကပ်လာသည့်လှေကြောင့် စိတ်မရှည်လက်မရှည်ဖြင့် ကျစ်ခနဲအသံပြုလိုက်ပြီး လက်ထဲမှ ဝိုင်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။
ရှန်းလျှိုဖုန်း၏ မျက်လုံးများက နီရဲလာသည်။
" မင်းက ဘယ်နားက တိရစ္ဆာန်ကောင်မို့ ဒီနေရာကိုလာပြီး ရမ်းကားနေတာလဲ..."
သူက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်လှေပေါ်သို့ တက်သွားသည်။ လှေနှစ်စင်းက အလွန်ကပ်နေသည့်အတွက် တစ်ဖက်လှေပေါ် ခုန်သွားနိုင်သည်။
" လျှိုဖုန်း..."
ကျွင်းဟွိုင်လန်က သူ့ကို မတားလိုက်နိုင်သည့်အတွက် ဘေးမှလှေပေါ်ကို လိုက်သွားရသည်။
ရှန်းလျှိုဖုန်းက ခေါင်းငုံ့ပြီး လှေဝမ်းထဲဝင်သွားကာ စုရှောင်ချန့်ကို သူတို့ထံမှ ဆွဲခေါ်လာသည်။ ထိုအစေခံများက စုရှောင်ချမ့်ကို ပြန်ဆွဲနေသည်။
ရှန်းလျှိုဖုန်းက သူမကို အားဖြင့်ပြန်ဆွဲယူလိုက်၍ စုရှောင်ချမ့်ကို ဆွဲခေါ်နိုင်သွားသည်။
သို့ရာတွင် ရှန်းလျှိုဖုန်းကိုလည်း သူတို့က ပြန်ဆွဲထားပြန်သည်။
" အရင်ထွက်လာခဲ့..."
ကျွင်းဟွိုင်လန်က စုရှောင်ချန့်ကို သတိပေးလိုက်သည်။
စုရှောင်ချမ့်က အဝတ်အစားများ အမြန်ဝတ်ပြီး လှေအပြင်ဘက်သို့ ပြေးထွက်လာသည်။ လှေသမားက လှော်တက်ကိုပစ်ချပြီး သူမကို ဖမ်းတော့မည့်အချိန်တွင် သူမက ကျွင်းဟွိုင်လန်ကို လက်ကမ်းပေးလိုက်သည်။
ကျွင်းဟွိုင်လန်ကို သူမကို လက်မောင်းမှဆွဲယူလိုက်ပြီး အခြေအနေကို အခွင့်ကောင်းယူကာ သူတို့လှေပေါ်သို့ ဆွဲတင်ပေးလိုက်သည်။ ထို့နောက် သူ့ဝတ်ရုံကိုချွတ်၍ သူမကိုခြုံပေးလိုက်ကာ လှေဝမ်းထဲ ခေါ်သွားလိုက်သည်။
" လျှိုဖုန်း အမြန်လာ..."
ထို့နောက် တစ်ဖက်သို့လှည့်ပြီး လျှိုဖုန်းကို အော်ခေါ်လိုက်သည်။
လှေပေါ်မှ လူငယ်က အလွန်အတင့်ရဲလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ စုရှောင်ချန့် ကယ်တင်ခံလိုက်ရသည်ကို မြင်သောအခါ ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
" ဝင်ရှုပ်တဲ့ကောင်ကို ရေကန်ထဲ ပစ်ချလိုက်ကြ..."
အစေခံများက ရှန်းလျှိုဖုန်းကို ရေကန်ထဲပစ်ချရန် ပြင်လိုက်သည်။ ရှန်းလျှိုဖုန်းက သိုင်းပညာမတတ်သူဖြစ်၍ အားလုံးကို တစ်ပြိုင်နက်တိုက်ခိုက်ရမည်ကို မသိပေ။ သို့ဖြစ်၍ လှေဝမ်းထဲမှ ဆွဲထုတ်ခံလိုက်ရသည်။
ကျွင်းဟွိုင်လန်က သူ့ကို အမြန်လာခေါ်သည်။
သို့ရာတွင် လှော်တက်ကိုင်ထားသည့် အစေခံတစ်ယောက်က နောက်မှရောက်လာပြီး ရှန်းလျှိုဖုန်းကို လှော်တက်ဖြင့် ရေကန်ထဲပြုတ်ကျအောင် ရိုက်ချလိုက်သည်။
ပလုတ်ခနဲအသံဖြင့် ရှန်းလျှိုဖုန်း ရေကန်ထဲ ပြုတ်ကျသွားသည်။
ကျွင်းဟွိုင်လန် အသက်ရှုရပ်တန့်သွားသည်ဟုပင် ထင်လိုက်မိသည်။
အရှေ့ဘက်ရေကန်က သဘာဝအလျောက်ဖြစ်ပေါ်လာသည့်ရေကန်ဖြစ်ပြီး ၎င်းနှင့်ထိစပ်နေသော ယန်ဇီမြစ်ကလည်း တာ့ယုံတွင် အကြီးဆုံးမြစ်ကြီးဖြစ်သည်။ ၎င်းက နန်းတွင်းထဲမှ လူကိုယ်တိုင်တူးထားသောရေကန်များနှင့် ကွဲပြားသည်။
အကယ်၍ လူတစ်ယောက် ရေကန်ထဲပြုတ်ကျသွားပါက အလောင်းပြန်ရရန်ပင် မလွယ်ကူပေ။
" လျှိုဖုန်း..."
လှေပေါ်မှ လူများကိုပင် ဂရုမစိုက်နိုင်တော့ပဲ လှေအစွန်းနားမှ ငုံ့ကြည့်လိုက်သည်။ ကံကောင်းသည်မှာ ရေကန်တွင်းမှရေများက အေးမနေ၍ ရှန်းလျှိုဖုန်းက ရေထဲတွင် ကူးခတ်နေဆဲဖြစ်သည်။
မည်းမှောင်နေသောကန်ရေပြင်ကြောင့် ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ရုတ်တရက် ကြောက်စိတ်ဖြစ်ပေါ်လာပြီး လှေအစွန်းကိုကိုင်ထားသည့် လက်များပင် အေးစက်လာသည်။ သို့သော်လည်း သူ ဂရုမပြုနိုင်တော့ပဲ သူ့ကိုလှမ်းဆွဲရန် လက်ဆန့်ထုတ်လိုက်သည်။
" လှော်တက်ယူခဲ့ သူ အဲဒါကိုဆွဲပြီး ပြန်တက်လာလို့ရတယ်..."
ကျွင်းဟွိုင်လန်က လှေသမားကို ပြောလိုက်သည်။
လှေသမားက သူ့ကို လှော်တက်ပေးလိုက်ပြီးနောက် ကယ်တင်ရန်အတွက် ရေထဲဆင်းသွားသည်။
သို့သော် မျက်နှာချင်းဆိုင်လှေပေါ်မှ လူငယ်က လှေဝမ်းထဲမှ အေးအေးလူလူထွက်လာသည်။
" သူ့တို့ကို ရိုက်ချပြီး ရေနစ်အောင်လုပ်လိုက်..."
သူက လက်ထဲမှ ယပ်တောင်က်ု ဝှေ့ယမ်းပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
လှေပေါ်မှ အစေခံများက လှော်တက်များနှင့် ဝါးလုံးများယူပြီး ရေထဲမှ လူနှစ်ယောက်ကို ရိုက်ချနေကြသည်။ လှေသမားက ရေကူးကျွမ်းကျင်သူဖြစ်သော်လည်း သူက အသက်အရွယ်ကြီးနေပြီး တုတ်ဖြင့်ရိုက်ချခံရသောကြောင့် ရေများလည်ချောင်းထဲဝင်ကုန်၍ ရှန်းလျှိုဖုန်းကို ဖမ်းမမိနိုင်ဖြစ်နေသည်။
" မင်းတို့ သူ ဘယ်သူလဲဆိုတာ သိရဲ့လား..."
ကျွင်းဟွိုင်လန် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
" သူက ..."
" သူ ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး..."
ထိုသခင်လေးက လှောင်ပြောင်သရော်ဟန်ဖြင့် ဖြတ်ပြောလိုက်သည်။
" ဒီလို စုတ်ပြတ်သတ်နေတဲ့နေရာမှာ ကောင်းကင်ဘုံရဲ့ အရှင်သခင် လောင်ဇူကပဲ ငါ့ကို စော်ကားလို့ရမယ်..."
စကားဆုံးသည်နှင့် သူညွှန်ကြားလိုက်သည်။
" လှေပေါ်မှာ နောက်တစ်ယောက်ရှိသေးတယ်မလား သူ့ကိုပါ ရေကန်ထဲ ပစ်ချလိုက်ကြ..."
Xxxxxx