အပိုင်း ၇၇
Viewers 15k

Chapter 77


လွန်ခဲ့သောတစ်နှစ်အတွင်း ဧကရာဇ်မှာ သူ့ကိုပို၍ ပို၍ယုံကြည်လာပြီဖြစ်သည်။ ထပ်ပေါင်းရမည်ဆိုလျှင် အမှားတစ်စုံတစ်ရာပင်မရှိခဲ့ဘဲ သတ်ဖြတ်ခြင်းကြယ်ကို ခိုင်ခိုင်မာမာအနိုင်ယူသွားနိုင်ခြင်းကြောင့် ဧကရာဇ်ချင်းဖျင်မှ သူနှင့်နီးကပ်လာခဲ့သည်။


လုံလုံလောက်လောက်ပင် ဧကရာဇ်မှ သူ၏အစီအစဉ်ကိုပြောပြလာသည်။


" ကိုယ်တော်ထင်တာတော့ အဲ့ဒီကိုစုံစမ်းဖို့လူတော့လွှတ်သင့်တယ်ထင်တယ် အဲ့ဒါမှ ကျန်းလည်းစိတ်အေးရလိမ့်မယ်…"


" တော်ဝင်ဖခင်က ဘယ်အမတ်ကိုများ လျို့ဝှက်အမိန့်ကိုလက်ခံဖို့ယုံကြည်လို့ရတယ်လို့ ဆုံးဖြတ်ထားပါသလဲ…" ရွှယ်ယန်မှ ဆက်ပြောလာခဲ့သည်


 " အကယ်၍သာ မင်းမျိုးနွယ်ထဲကဆိုရင်တော့ သေချာပေါက်ကိုပေကျင်းရဲ့အပြင်ဘက်ကိုသတင်းထွက်သွားပါလိမ့်မယ်… မင်းမျိုးမင်းနွယ်မဟုတ်ပြန်တော့လည်း ရာထူးအဆင့်ကမလုံလောက်ပြန်ဘူး…ပြီးတော့ ဒီအရေးကိုဖြေရှင်းဖို့ရာခက်ခဲပါလိမ့်မယ်…"


ဧကရာဇ်ချင်းဖျင်မှ ထိုစကားကိုကြားလိုက်ရသောအခါ အတွေးနစ်သွားရသည်။


ရွှယ်ယန်မှ ထပ်ပေါင်း၍ " အကယ်၍သာ ဖခမည်းတော်က ယုံနင်မြို့စားကိုစစ်ဆေးပြီးတော့ သူ့ကိုသတိပေးနိုင်မယ်ဆိုရင် ဖခမည်းတော်ရဲ့စိတ်ကိုသေချာပေါက်ငြိမ်းအေးစေမှာပါ.. ဒ့ါအပြင် စေလွှတ်မဲ့သူကလည်း ရိုးသားပွင့်လင်းပြီးတော့ဖြောင့်မတ်တဲ့သူဖြစ်ရပါလိမ့်မယ်… အဲ့ဒါမှသာ ယုံနင်မြို့စားလည်း တစ်ခုခုလုပ်ချင်တယ်ဆိုရင်တောင်မှ မဝံ့ရဲဘဲဖြစ်နေမှာပါ…"


ဧကရာဇ်မှ သဘောတူသည့်အမူအယာဖြင့် ခေါင်းကိုငြိမ့်လျက် " ယုံနင်မြို့စားကလည်း မြင့်မားတဲ့ရာထူးအနေအထားရှိတယ်ဆိုတော့ ကျန်းတို့ဘယ်သူကိုပို့ကြရင်ကောင်းမလဲ…"


ထိုစကားကိုကြားလိုက်ချိန်တွင် ရွှယ်ယန်၏နှုတ်ခမ်းများ အနည်းငယ်ကွေးတက်သွားကာ " ဒီသားတော်ပဲသွားလိုက်ပါ့မယ်…"


ဤသို့ဖြင့် တော်ဝင်နန်းတော်မှ တောင်ဘက်အရပ်သို့စုံစမ်းစစ်ဆေးရန်အတွက် ရွှယ်ယန်ကိုစေလွှတ်လိုက်သည်။ ၎င်းမှာ တုန်းချန်အတွက် သတင်းရရန်အချိန်မကြာလိုက်သည်ဖြစ်ရာ မထွက်ခွာခင် ရက်အနည်းငယ်အလိုတွင် စာတစ်စောင်ရောက်ရှိလာသည်။


ထိုစာမှာ သဘာဝကျစွာပင် ရွှယ်ယန်ကို ရသည့်နည်းလမ်းဖြင့်လက်ရှိ‌နေရာတွင်သာ နေထိုင်ရန်ပြောဆိုထားခြင်းဖြစ်သည်။ ရွှယ်ယန်၏အာဏာမှာ ယခုမှပင်ပေကျင်းတွင် ဖြန့်ကျက်နိုင်ခဲ့ပြီး အခြေမကျသေးသည်ဖြစ်ရာ ယုံနင်မြို့စားမှလွဲ၍ ကျန်းနန်တွင် ဧည့်ခံထိုက်မည့်သူမရှိချေ။ ထို့အပြင် သူ၏စုံစမ်း‌စစ်ဆေးရေးမှာ မအောင်မြင်ခဲ့ပါ ယုံနင်မြို့စား၏သံသယများကို သွားရောက်နှိုးဆွပေးနိုင်သည်လည်း ဖြစ်နိုင်ပေမည်။


ရွှယ်ယန် သူ၏လက်ထဲမှ လျို့ဝှက်စာကိုကိုင်ကာ အနည်းငယ်ပြုံးနေခဲ့သည်။


တုန်းချန်မှာ အရင်အချိန်နှင့်မတူတော့ပေ။ မူလအစတုန်းက သူတို့သည်ရွှယ်ယန်အား လျို့ဝှက်စွာအနိုင်ရစေချင်ပြီး နှင်းတောထဲတွင်ထင်းပေး၍ တဖြည်းဖြည်းချင်းပြုစုပျိုးထောင်ပေးကြသည်။ သို့သော်လည်း မထင်ထားခဲ့သည့်အချက်မှာ ရွှယ်ယန်မှာ အလွန်ကံကောင်းသွားခဲ့ပြီး ချီးမြောက်မှုတစ်ခုကြောင့် ဧကရာဇ်၏မျက်နှာသာပေးခြင်းကိုခံလိုက်ရသည်။


ထိုအချိန်တွင်မူ တုန်းချန်မှာ ဤသစ်ပင်ကြီးကိုထမ်းပိုးရန်ဝန်လေးလာခဲ့ပြီး နှင်းတောထဲတွင်ထင်းပေးခဲ့သည်ဟူသောအချက်ဖြင့် ရွှယ်ယန်ကိုစတင်ချုပ်ကိုင်လာခဲ့သည်။


အဆုံးတွင်တော့ မိန်းမစိုးများမှာ မှုးမတ်များနှင့် ကွာခြားနေစမြဲပင်။ သူတို့၏တစ်ခုတည်းသောကံကောင်းခြင်းမှာ တော်ဝင်အာဏာကိုမှီခိုရန်သာဖြစ်သည်။ ရွှယ်ယန်မှာ သူတို့ကို လုံလုံလောက်လောက် မျက်နှာသာပေးပြီးခဲ့ပြီဖြစ်ပြီး ရွှယ်ယန်ထက်ပို၍သင့်တော်သည့် နောက်ခံမျိုးလည်းမရှိချေ။


" ဒီဘုရင်လည်းမသွားချင်ပါဘူး ဒါပေမယ့် ဧကရာဇ်ရဲ့အမိန့်ဆိုတော့လည်း လက်မခံလို့မရဘူးလေ.. အမိန့်ကိုဆန့်ကျင်လို့မှမရတာ…" ရွှယ်ယန်စာကိုဘေးသို့ချလိုက်ပြီး စာလာပို့သည့်တုန်းချန်မှ မိန်းမစိုးငယ်လေးကိုကြည့်ကာ ပေါ့ပေါ့ပါးပါ့ပြောလိုက်သည်


 " ဆောင်းဦးရာသီပြီးရင်တော့ ဒီဘုရင်လည်းပြန်ရောက်ပါပြီလေ.. ပေကျင်းရဲ့အရေးကိစ္စတွေအတွက်ကတော့ သွမ့်ကုန်းကုန်းကိုပဲဒုက္ခပေးရတော့မှာပဲ…"


သူထွက်ခွာရမည်ဆိုလျှင်ပင် တုန်းချန်မှာ ဤနေရာတွင်ရှိနေပြီး နာနာခံခံဖြင့် ပေကျင်း၏လှုပ်ရှားမှုများကို သူ့အတွက်စောင့်ကြည့်ပေးမည်ဖြစ်သောကြောင့် ရွှယ်ယန်စိတ်ချထားနိုင်သည်။ အဆုံး၌ သူတို့သည်လည်း သူ၏သစ်ပင်ကြီးကို မှီမခို၍ မရချေ။


ထို့အပြင် ရွှယ်ယန်၏စကားနှင့်အတူ ချန်အန်း၏အရေးကိစ္စအားလုံးကို တုန်းချန်သို့လွှဲပြောင်းပေးအပ်လိုက်ခြင်းမှာ တုန်းချန်အား ပို၍အလေးထားကာ ယုံကြည်ကြောင်း သိသာစွာဖော်ပြလိုက်သည်ဖြစ်ရာ တုန်းချန်၏မိန်းမစိုးများကိုလည်း စိတ်သက်သာရာရစေလိမ့်မည်။


ပို၍စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ကျင်းယီဝေ့မှာ မင်းမှုထမ်းရာပေါင်းများစွာကို ကိုင်တွယ်နိုင်နေသည့်တိုင် သူတို့မှာ လွတ်လပ်သောအဖွဲ့အစည်းသာဖြစ်ပြီး တော်ဝင်ရုံးတော်၏လက်အောက်ငယ်သားများဖြစ်ကြလေသည်။ တုန်းချန်တစ်ခုတည်းသည်သာ ဧကရာဇ်၏မျက်လုံးအောက်တွင်ရှိပြီး တော်ဝင်အာဏာအတွင်းတည်ရှိခြင်းဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ဧကရာဇ်မှာ သူ့ကိုခစားကြသည့်မိန်းမစိုးများကို အခိုင်အမာပင်မျက်နှာသာပေးထားသည် တုန်းချန်ကိုလူစုခွင့်ပေးပြီး သူတို့၏သခင်ကိုအမှတ်ထားရန်အတွက်သာ ဖိအားပေးလေ့ရှိသည်။


ထိုစကားများကိုကြားလိုက်ရချိန်တွင် ရွယ်ယန်ကို မသိမ်းသွင်းနိုင်သည့်အတွက်ကြောင့် မိန်းမစိုးငယ်လေးမှာ လက်သီးတင်းတင်းဆုပ်၍ ပြောလိုက်လေသည်


 " အရှင် သွမ့်ကုန်းကုန်းကမှာလိုက်ပါတယ်…အကယ်၍အရှင်သာ သွားဖို့စိတ်အားထက်သန်နေမယ်ဆိုရင် သူတားမှာမဟုတ်ပါဘူးတဲ့.. ဒါပေမယ့် တောင်တွေကမြင့်မားပြီး ခရီးကဝေးလံလွန်းတာကြောင့် သွမ့်ရှီးရှီးကိုအတူခေါ်သွားဖို့မှာလိုက်ပါတယ်.. ဒါကအရှင့်ကိုအကောင်း‌ဆုံးစောင့်ရှောက်နိုင်တဲ့နည်းလမ်းဖြစ်စေမှာပါ…"


ထိုအရာမှာ မျက်နှာသာပေးမှုအတွက် ပြိုင်ဆိုင်ခြင်းဖြစ်ကြောင်းကို ရွှယ်ယန်သိနေခဲ့သည်။


ယခုအချိန်တွင် ကျင်းယီဝေ့မှာ ရွှယ်ယန်၏လက်အောက်တွင်ရှိနေပြီဖြစ်ရာ သူသည်လည်း တောင်ဘက်သို့သွားရာတွင် အနည်းငယ်ခေါ်ဆောင်သွား၍ရလေသည်။ တုန်းချန်၏အစောင့်များမှာမူ အမြဲလိုပင်မဆုံးနိုင်အောင် တိုက်ခိုက်တတ်ကြသဖြင့် မိန်းမစိုးသွမ့်အနေဖြင့် သူနှင့်ရင်းနှီးမည့်သူတစ်ဦးဘေးတွင်ရှိနေရန်လိုအပ်ပေသည်။


ထိုသူမှာ သူ၏မွေးစားသားဖြစ်သော သွမ့်ဆယ့်လေး သွမ့်ရှီးရှီးပင်ဖြစ်သည်။


အရင်အချိန်များတွင် သူသည် မိဘမဲ့ကလေးအယောက်နှစ်ဆယ်ကို တိတ်တဆိတ်ပျိုးထောင်ကာ အချင်းချင်းသတ်စေပြီး နောက်ဆုံးကျန်ရစ်သည့်တစ်‌ဦးကို သားအဖြစ်မွေးစားခဲ့သည်။


" သွမ့်ရှီးရှီးက အခုဆို တစ်ဆယ့်နှစ်နှစ်လောက်ရှိပြီ မဟုတ်လား…" ရွယ်ယန် မျက်လုံးကိုပင့်ကာ မေးမြန်းလိုက်သည်။


မိန်းမစိုးငယ်လေးမှ " ဟုတ်ပါတယ် ဒါပေမယ့် သွမ့်ကုန်းကုန်းမှာလိုက်တာက သူကအလွန်လျင်မြန်ပြီး အရှင့်ကိုဆွဲချမဲ့သူမဟုတ်တာကြောင့် သူရဲ့ငယ်ရွယ်တဲ့အသက်ကိုထည့်တွက်စရာမလိုပါဘူးတဲ့…"


......


ထိုညတွင် ကျွင်းဟွိုင်လန်စာလွှာများရေးသားပြီးစီးပြီးနောက် အိမ်မက်တစ်ခုမက်ခဲ့လေသည်။


တစ်နှစ်အတွင်း ၎င်းမှာ သူ၏ပထမဆုံးအကြိမ်အဖြစ် မင့်လွမ်နန်းဆောင်ကို အိမ်မက်မက်ခြင်းဖြစ်ပြီး အရင်အချိန်ကနှင့်ဆင်တူစွာ မနက်ခင်းတွင်စောစောထ၍ပြင်‌ဆင်နေသည်ဖြစ်ကာ ရွှယ်ယန်ဟွမ်မှာမူ နန်းတော်၏အရှေ့ဘက်ခန်းမတွင်သူ့ကိုစောင့်ဆိုင်းနေခဲ့သည်။


" မင်းသား၅ကော ဘယ်မလဲ…" ကျွင်းဟွိုင်လန်ထွက်လာကာ သဘာဝကျကျပင် မေးမြန်းလိုက်သည်။


ရွှယ်ယန်ဟွမ်မှာ ရှုပ်ထွေးနေသည့်အကြည့်ဖြင့် ကြည့်ကာ " ဘယ်ကမင်းသား၅လဲ…"


ထို့နောက်မှ ရုတ်တရက်ဆိုသလို သူမှတ်မိသွားကာ " အိုးး အဲ့ဒီနတ်ဆိုးကြယ်ကောင်လား သူကဘယ်လိုလုပ်ဒီမှာရှိနိုင်မှာလဲဟ… ဘယ်သူသိမှာလဲ ဖခမည်းတော်ကသူ့ကိုမောင်းထုတ်ထားရင်ထားမှာပေါ့…ဘာလို့သူ့ကိုမေးနေတာလဲ…"


ကျွင်းဟွိုင်လန် တုန့်ဆိုင်းသွားပြီးနောက် အနောက်သို့လှည့်ကြည့်ကာ လျှောက်လာလိုက်သည်။


ရွှယ်ယန်ဟွမ်မှာ အမှီပြေးလိုက်လာပြီး " မင်းဘာတွေလုပ်နေတာလဲ…"


ကျွင်းဟွိုင်လန်မှ " ငါသူ့ကိုသွားရှာမလို့…"


ထို့နောက်တွင် ရွှယ်ယန်ဟွမ်မှာ ဆက်လိုက်မလာတော့ဘဲ ကျွင်းဟွိုင်လန်တစ်ဦးတည်းသည်သာ နန်းတော်အတွင်းဟိုဟိုဒီဒီပြေးလွှားကာ ရှာဖွေနေရသော်လည်း ရွှယ်ယန်ကိုရှာမတွေ့ခဲ့ချေ။


ရောင်နီလာပြီးနောက် ကျွင်းဟွိုင်လန်သည်လည်း အိပ်ရာမှာနိုးလာခဲ့သည်။


အိပ်ရာပေါ်တွင် ငြိမ်သက်စွာထိုင်နေကာ သူ၏အိမ်မက်ထဲမှနေ၍ ရုန်းထွက်နိုင်အောင်ကြိုးစားနေရသည်။


အိမ်မက်ထဲတွင် ရွှယ်ယန်မှာ ယခင်ဘဝတွင်လုပ်ဆောင်ခဲ့သည့် အမှားများကို ထပ်မံလုပ်ဆောင်တော့မည်မဟုတ်ဟု သူထင်မိခဲ့သော်လည်း မင့်လွမ်နန်းဆောင်တွင် မဟုတ်ပါက သူ့အားကာကွယ်မည့်သူမရှိဘဲ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေမိသည်။


အမှန်တကယ်ကိုပဲ သူ့ကိုယ်သူ စိတ်ပူနေသင့်သည်ပဲ။ ယခုအချိန်တွင် ရွှယ်ယန်မှာ မည်သို့မျှထပ်မံ၍ အနိုင်ကျင့်ခံရတော့မည် မဟုတ်ချေ။


သူ၏အသိစိတ်ပြန်ဝင်လာချိန်တွင် ကျွင်းဟွိုင်လန် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိသည်။


ဥပမာအားဖြင့် မင့်လွမ်နန်းဆောင်တွင် ရွှယ်ယန်မှာ လင်းဟွမ်၏အစ်ကိုကြီးဖြစ်လာပေးမည်ဟူ၍ ပြတ်သားစွာကတိပေးခဲ့ပြီဖြစ်သည်။ထို့အပြင် နှစ်သစ်ကူးတွင်လည်း ငွေအမြောက်အမြားပေးခဲ့ကာ သူ၏အိမ်ရှေ့တွင် အလွန်လှပသောမီးအိမ်တစ်ခုကိုချိတ်ဆွဲပေးခဲ့ပြီး ကျွင်းဟွိုင်လန် ရေထဲသို့ပြုတ်ကျ၍သေမလိုဖြစ်သွားချိန်တွင်လည်း ကယ်ဆယ်ပေးခဲ့လေသည်။


‌တွေးနေရင်းမှ ကျွင်းဟွိုင်လန်၏နှုတ်ခမ်းထောင့်လေးများ မသိမသာကော့တက်သွားခဲ့သည်။


ဤအရာများမှာ ပျံ့ကြဲနေသော်လည်း သူစတင်၍တွေးတောလိုက်သည်နှင့် ထင်ထင်ရှားရှားပင် မှတ်မိလာခဲ့လေသည်။


ရှားပါးစွာဖြင့် ထိုနေ့တွင် ကျွင်းဟွိုင်လန် အိပ်ရာထဲ၌ နေနေခဲ့ပြီး ဖုရိလာခေါ်သည့်အချိန်မှသာ သတိပြန်ကပ်ကာ အိပ်ရာမှ ထလာခဲ့သည်။


ထို့နောက် ကျွင်းဟွိုင်လန် လိုအပ်သည်များကိုယူဆောင်ကာ နေ့စဉ်လိုပင် လင်းကျန်းကျောင်းတော်သို့ထွက်လာခဲ့သည်။


ကံကောင်းစွာဖြင့် နွေရာသီရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ယန်ဇီမြစ်တစ်ဖက်ကမ်းမှကျောင်းသားများမှာ ကျင်းလင်သို့ တစ်ဦးပြီးတစ်ဦးလာရောက်နေကြပြီး လင်းကျန်းကျောင်းတော်၏အနားတွင်စုဝေးနေကြသည်။ နေ့စဉ်နေ့တိုင်း လင်းကျန်းကျန်းတော်သို့ ပညာသင်ကြားရန် ကျောင်းသားသစ်များလာရောက်နေကြပြီး ကျောင်းတော်မှ ကျောင်းသားလက်ခံရာတွင် လုပ်ဆောင်ရမည့် ထုံးတမ်းစဉ်လာများကို ဆောင်ရွက်နေကြသောကြောင့် ကျွင်းဟွိုင်လန်၏ပြောင်းရွှေ့လာမှုမှာ ရုတ်တရက်ဆန်မနေခဲ့ပေ။


ထိုသို့ပြောင်းရွှေ့လာခြင်းကြောင့် ကျွင်းဟွိုင်လန်အတွက် တာတမံသို့မကြာခဏဆိုသလို သွားရောက်စစ်ဆေးရန်အတွက် အခွင့်အရေးရသွားပြီဖြစ်သည်။


တစ်ဖက်တွင်မူ ရှန်းလျိုဖုန်းမှာ အလွန်ပျော်ရွှင်နေပြီး ကျွင်းဟွိုင်လန်စာလာသင်သည့်အချိန်တိုင်း အမြဲလိုနေရာကောင်းဦးပေးထားသည်။ သို့မှသာ သူနှင့်အတူ သင်ခန်းစာများလေ့လာနိုင်မည်ဖြစ်သည်။


ကျွင်းဟွိုင်လန်သည်လည်း သူ၏ရည်ရွယ်ချက်ကောင်းများကို မငြင်းပယ်ခဲ့ပေ။ ကျောင်းဖွင့်ရက်များတွင် သူသည် ဘုရင်ခံစံအိမ်နှင့် လင်းကျန်းကျောင်းတော်ကို အပြန်ပြန်အလှန်လှန်သွားကာ သူလျို့ဝှက်သင်ယူလေ့လာခဲ့သည့် အချက်အလက်များကို စစ်ဆေးနေရပြီး သူ၏ယခင်ဘဝမှ မှတ်ဉာဏ်နှင့် အတွေ့အကြုံတို့ဖြင့် ယှဉ်ထိုးကာ အရှေ့အနောက်ပြန်လည်သုံးသပ်နေရသည်။


သို့နှင့် နွေရာသီရောက်ရှိလာခဲ့လေပြီ။


နွေရာသီတွင် ယန်ဇီမြစ်မှာ ပို၍ပင်ရေပြည့်လျှံလာကာ မိုးမှာလည်းဆက်တိုက်ရွာသွန်းနေပြီး ကျောင်းနားဝန်းကျင်တွင်ပင် ပေါင်းပင်များပေါက်ရောက်နေတော့သည်။


ထိုမိုးရွာသည့်နေ့ရက်များမှာ ရှန်းလျိုဖုန်းအတွက်မူ ခါးသီးလွန်းလှသည်။ သူသည် အဆုံးမသတ်နိုင်တော့မိုးထဲတွင် ပိတ်မိနေပြီဟုခံစားနေရပြီး အဆုံးတွင် နေသာလာသည်နှင့် အနားယူခြင်းပင်မရှိဘဲ ကျွင်းဟွိုင်လန်ကို ဆွဲခေါ်လာကာ အတန်းပြီးနောက်တွင် ထွက်လည်လေသည်။


ရှန်းလျိုဖုန်းမှ " မင်းကိုဒီနေ့တော့ဘယ်မှသွားခွင့်မပြုနိုင်ဘူး…ငါဒီနေ့ အရှေ့ဘက်ရေကန်မှာ ကြိုတင်နေရာယူထားဖို့ ပြောထားပြီးပြီ… ဒီနေ့တော့ ငါနဲ့အတူ လှေဟင်းပွဲတွေစားဖို့သာပြင်ထား…"


ကျန်းနန်မှ လူများမှာ " ရာသီအလိုက် စားသုံးသင့်သည် " ဟူသောဆိုရိုးနှင့်အညီ အချိန်နှင့်အမျှ သူတို့စားမည့်ဟင်းလျာကို ဂရုတစိုက်ရှိလှသည်။ ကျန်းနန်မှာ ရေပေါများသည့်ဒေသဖြစ်သောကြောင့် စိမ်းလန်းသောမြစ်များ များပြားလှကာ လှေပေါ်တွင် မြစ်ထဲမှဖမ်းမိလာသော သတ္တဝါများကို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်တည်ခင်းသည့် လှေဟင်းပွဲ ဟူသောအစားအစာမျိုးရှိလေသည်။


အရှေ့ဘက်ရေကန်မှာမူ ကျင်းလင်၏အရှေ့ဘက် ဆင်ခြေဖုံးနေရာတွင်ရှိပြီး ယန်ဇီမြစ်နှင့်ဆက်စပ်လျက်ရှိပြီး မြောက်ဘက် ဆည်မြောင်းလမ်းကြောင်းနှင့်လည်း ချိတ်ဆက်ထားသည်။ ကန်မှာကျယ်ဝန်းပြီး ရေစီးညင်သာကာ မြောက်ဘက်တွင် ဆိပ်ခံတံတားတစ်ခုကို တည်ဆောက်ထားသည်။အရှေ့နှင့်တောင်ဘက်မှ လာမည့်လှေများမှာ ကျင်းလင်တွင်ရပ်တန့်မည်ဆိုပါက သူတို့အားလုံး ‌အရှေ့ဘက်ရေကန်၏ဆိပ်ကမ်းတွင် ကမ်းကပ်ကြရမည်ဖြစ်သည်။


ထိုလမ်းကြောင်းနှင့် ဆိပ်ကမ်းနေရာတို့မှ လွဲ၍ ကျန်သည့်နေရာအားလုံးမှာ ပျော်ပါးဆော့ကစားရန်သာဖြစ်လေသည်။


ကျန်းနန်ဒေသမှာ ချမ်းသာကြွယ်ဝပြီး အထူးသဖြင့် ကျင်းလင်မှာ အကြွယ်ဝဆုံးအရပ်ပင်ဖြစ်သည်။ ညဘက်တွင် အရှေ့ဘက်ရေကန်၌ လှေများနှင့် အလှလှေများပေါများကာ မီးများထိန်လင်းနေပြီး ရေကန်ပေါ်တွင် သက်ဝင်လှုပ်ရှားစွာ ရောင်ပြန်ဟပ်နေခဲ့သည်။ အလင်းမှာ အလွန်တောက်ပပြီး ကန်ရေပြင်မှ တီးမှုတ်သီချင်းဆိုသံတို့မှာမူ ပျံ့လွင့်နေသည်။


ကျွင်းဟွိုင်လန်မှာ ယနေ့တွင် အထွေအထူးဆောင်ရွက်ရန်အရေးကိစ္စမရှိသဖြင့် ရှန်းလျိုဖုန်း၏စကားကိုမငြင်းပယ်ခဲ့ပေ။


သို့သော်လည်း သူတို့နှစ်ဦးစလုံး ယနေ့ညတွင် ချန်အန်းမှလာရောက်သည့်လှေကြီးမှာ တောင်ဘက်ဆိပ်ကမ်းတွင် တိတ်တဆိတ်ကမ်းကပ်လာမည်ကို မသိရှိကြချေ။


ထိုညတွင်ပင် လှေကြီးမှာ အရှေ့ရေကန်တွင် ရပ်နားတော့မည်ဖြစ်သည်။


(" ရာသီအလိုက် စားသုံးသင့်သည် "

ကွန်ဖြူးရှပ်၏ရှန့်ထန်ဆယ်ခုသရုပ်ပြစာအုပ်မှကောက်နှုတ်ထားပြီး ရာသီဥတုအလိုက် ရာသီစာများကိုစားသုံးသင့်သည်၊ ဟင်းလျာမှာအချိန်နှင့်အလိုက်ပြောင်းလဲရမည်ဖြစ်ပြီး အစားကောင်းအတွက် မငြီးငွေ့သင့်သလို အသားကောင်းအတွက်မငြီးငွေ့သင့်ပေ၊ ငါးစားနေလျှင်အသားကိုမမေ့သင့်၊အနံ့ဆိုးသည့်အစားအစာများကိုရှောင်ကျဉ်ရမည်၊ မ‌စားအပ်သည်ကိုရှောင်ကျဉ်ရမည်၊ မှန်မှန်ကန်ကန်မဖြတ်တောက်ထားသည်ကို မစားသင့်၊ ဟင်းအနှစ်မပါလျှင်မစားသင့်ဟူသော သဘောပင်ဖြစ်သည်။)


Xxxxxx